ရှားရှင်းယွန် တံခါးပိတ်ကျင့်ကြံခြင်း
Vol. 019 Ch. 1862
ယို့အိမ်တော်အတွင်း၌ ဟန်လင်း၏အစေခံသည် ရှားရှင်းယွန်အတွက် အလောင်းကောင်တချို့ ရွေးချယ်နေသည်။ တစ်ခြားတစ်ဘက်တွင် ယင်ချင်းသည် ရီဖူရှင်း၏ခန္ဓာကိုယ်အား သယ်ထုတ်လာ၏။
ရီဖူရှင်း၏ခန္ဓာကိုယ်ကား အနက်ရောင်ဖြစ်ကာ သေဆုံးခြင်းစွမ်းအားများ ရစ်ပတ်ထားသည်။ သူ့မျက်လုံးများကား ပိတ်နေကာ အချိန်မရွေးသေဆုံးသွားတော့မည့်ပုံဟန်မြင်ရသည်။
“ယင်ချင်း...အဲဒီတစ်ယောက်က လုံးဝ မပြောင်းလဲသေးဘူး။ ဘာလို့ သူ့ကို ခေါ်ထုတ်လာတာလဲ။ ပြီးတော့ လက်ထောက်ခေါင်းဆောင်ကလည်း သူ့ကို ထိန်းချုပ်လို့မရှိသေးဘူး” လူတစ်ယောက်က ယင်ချင်းကိုမေးသည်။ သူတို့က ရီဖူရှင်းအား အတူသယ်ဆောင်လာခြင်းဖြစ်ရာ သူ့အား မှတ်မိပေသည်။
“အနည်းနဲ့အများ ရှင်လည်း သခင်လေးရဲ့အတွေးကို သိမှာပဲ” ယင်ချင်းက ပြောသည်။
“သေချာတာပေါ့။ နတ်မိမယ်ရှားက အရမ်းလှတဲ့မိန်းကလေးဖြစ်ပြီးတော့ လက်ထောက်ခေါင်းဆောင်အတွက် သင့်တော်တယ်။ သူမက နောက်ပိုင်း ကျုပ်တို့ သခင်မဖြစ်မှာပဲ” တစ်ယောက်က ရယ်မော၍ ပြောသည်။
“သခင်လေးက အလောင်းကောင်တစ်ခု နတ်မိမယ်ဆီ တမင်ယူသွားပြခဲ့တာ။ သူမက အလောင်းကောင်တွေနဲ့ပတ်သက်တာကို စိတ်ဝင်စာပုံပဲ။ ဒီတစ်ယောက်က လုံးဝမပြောင်းလဲသေးတော့ သူမအတွက် ပိုပြီး လေ့လာလို့အဆင်ပြေတာပေါ့။ မဟုတ်ရင် အများကြီးသယ်သွားတော့ရော ဘာထူးမှာလဲ” ယင်ချင်းက ပြောသည်။
တခြားလူများကလည်း သူမ၏စကားကို လက်ခံဟန်ဖြင့် ခေါင်းညိတ်ကြသည်။ ထို့နောက်တွင် သူတို့ကလည်း ရီဖူရှင်း၏အလောင်းကိုပါ သယ်ဆောင်သွားကြ၏။
မကြာမှီ အလောင်းကောင်များမှာ ရှားရှင်းယွန်၏အဆောင်နေရာသို့ ရောက်လာခဲ့သည်။ ရီဖူရှင်းတစ်ဦးတည်းသာ ထိန်းချုပ်မခံထားရသော အလောင်းကောင်ဖြစ်သည်။
ရီဖူရှင်းအားမြင်လျှင် ရှားရှင်းယွန် ကြီးစွာ စိတ်လှုပ်ရှားသွားရသည်။ ဆင့်လောခြံဝင်းမှလူများက ရီဖူရှင်းကို မသိသော်လည်း ရီဖူရှင်း မည်မျှအံ့အာသင့်ဖွယ်ကောင်းသည်ကို သူမ သိနားလည်ပေသည်။ မူလဘုံမှ အတော်ဆုံးလူတစ်ယောက်က သည်နေရာတွင် ဆိုးဝါးသောအခြေအနေ၌ ကျရောက်နေ၏။
သို့သော်လည်း ရှားရှင်းယွန်က သူမ၏စိတ်ခံစားချက်များအား ထိန်းချုပ်ထားသည်။
“သူက လုံးဝမပြောင်းလဲရသေးတာမလား” ဟန်လင်းကလည်း ရီဖူရှင်းကို သတိပြုမိသည်။ သို့သော်လည်း နောက်ပိုင်းနေ့ရက်များတွင် ရှားရှင်းယွန်အပေါ်တွင်သာ လုံးဝအာရုံရောက်နေရာ ရီဖူရှင်းအား မေ့လျော့နေခဲ့သည်။
သူက ရီဖူရှင်းကိုမြင်မှ ပြန်သတိရလာသည်။
“နတ်မိမယ်က အလောင်းကောင်တွေကို လေ့လာချင်တယ်ထင်လို့ သူ့ကိုပဲ သယ်လာခဲ့တာပါ” ယင်ချင်းက ဦးညွှတ်ကာ ဖြေသည်။
“အကြံကောင်းပဲ” ဟန်လင်းက ခေါင်းညိတ်သည်။ သူက ရှားရှင်းယွန်ကို ပြောသည် “ဒီဟာတွေကတော့ သန့်စင်ပြီး အလောင်းကောင်တွေပဲ။ ဒီတစ်ယောက်တော့ မသန့်စင်ရသေးဘူး။ ဒါကြောင့် သူ့ကို ဘယ်သူမှ မထိန်းချုပ်ထားဘူး”
“ကျေးဇူးတင်ပါတယ်” ရှားရှင်းယွန်က ဟန်လင်းကို အလွန်သတ်ဖြတ်လိုနေပြီဖြစ်သော်လည်း စိတ်ကို ချုပ်တည်းထားသည်။
သူမက အလောင်းကောင်များကို စိတ်အာရုံဖြင့် ကြည့်ရှုနေကာ စိတ်ဝင်စားဟန်ပြနေသည်။
သူမက အလွန်စိတ်ဝင်စားဟန်ပြနေသည်ကိုမြင်လျှင် ဟန်လင်းက သဘောကျစွာ ပြောသည် “ဒါဆိုလည်း အေးဆေးလေ့လာပါ။ တကယ်လို့ တစ်ခုခုသိချင်တာရှိရင် ကျုပ်ကို ခေါ်လိုက်ပါ”
“ကျေးဇူးပဲ” ရှားရှင်းယွန်က ဟန်လင်းကို ပြောသည်။
ဟန်လင်းထွက်သွားသည့်တိုင် ရှားရှင်းယွန်သည် အလောင်းကောင်များကို လေ့လာနေသည့်အလား ဟန်ဆောင်နေသည်။
ညသည် တဖြေးဖြေးနက်လာ၏။ ဆင့်လောခြံဝင်းကား သေဆုံးခြင်းစွမ်းအားကြောင့် ပိုမို၍ မသိုးမသန့်သော လေထုကို ပိုင်ဆိုင်ထားသည်။
ရှားရှင်းယွန်က နောက်ဆုံးတွင် စတင်လှုပ်ရှားသည်။ သူမက အလောင်းကောင်များအား အဆောင်အတွင်းသို့ သယ်ဆောင်ရန် သိမ်းငှက်နက်ကို စေခိုင်းသည်။ အခန်းထဲတွင် သူမက ပိတ်ဆို့ခြင်းအစီအရင်တစ်ခုအား ခင်းကျင်း၏။ ကျင့်ကြံသူများအတွက် ထိုသို့အစီအရင်လုပ်ခြင်းက သဘာဝဖြစ်ရာ မည်သူမှ သူမကို သံသယဝင်မည် မဟုတ်ပေ။
ရီဖူရှင်းက ရှားရှင်းယွန်၏အစီအရင်ကို ခံစားမိသည်တွင် မျက်လုံးအား ဖွင့်လိုက်ကာ သက်ပြင်းတစ်ချက်ရှိုက်သည်။ သူကား ယခု အလောင်းကောင်အစီအရင်ထဲမှ လွတ်မြောက်လာရာ ပို၍ သက်တောင့်သက်သာဖြစ်နေလေပြီ။
သို့တိုင်အောင် သူသည် ခွန်အားပြည့်ရန် အချိန်လိုသေးသည်။
ရီဖူရှင်းက မျက်လုံးများဖွင့်ကာ ရှားရှင်းယွန်၏လှပသော မျက်နှာလေးအား ကြည့်သည်။
“ငါ မင်းကို အင်ပါယာရှားဘုံကို ပြန်ဖို့ပြောခဲ့တယ်လေ။ ဘာလို့ ဒီကို အသက်စွန့်ပြီး လိုက်လာရတာလဲ” ရီဖူရှင်းက တိုးညင်းစွာ မေးသည်။ ရှားရှင်းယွန်အတွက် လေဟာနယ်အက်ကြောင်းထဲ ခရီးသွားခြင်းမှာ အလွန်အန္တရာယ်များလှပေသည်။ သူမက ကံကောင်း၍သာ လွတ်မြောက်လာခြင်းဖြစ်သည်။
မည်သို့ဆိုစေ သူမက သူ့အား ကယ်တင်ရန် ရောက်လာခြင်းအတွက်မူကား ကျေးဇူးတင်သလို နွေးထွေးသော ခံစားချက်ကိုလည်း ရသည်။ မဟုတ်လျှင် သူ့အနေဖြင့် သည်နေရာမှ မည်သို့ထွက်သွားရမည်ကို မသိပေ။
ရှားရှင်းယွန်က ရီဖူရှင်းအား မျက်နှာသေဖြင့် ကြည့်သည်။ သူက ဤသို့သော အခြေအနေတွင်ပင် ထိုစကားများကို ပြောနိုင်သေးသည်။
သူမက ဒူးထောက်ထိုင်ကာ ရီဖူရှင်းအား ပွေ့ဖက်လိုက်သည်။ ထို့နောက်တွင် သူမ၏သက်စောင့်ဝိညာဉ် ရတနာကြာပန်းသည် အရောင်အဆင်းများ လှပစွာဖြင့် ဖူးပွင့်လာခဲ့ကာ အဆုံးမဲ့သော အသက်ဓာတ်များသည် ရီဖူရှင်း၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး အတွင်းမှ သေဆုံးခြင်းစွမ်းအားများကို ကုစား၏။
“ဒါ...” ရီဖူရှင်း တခဏမျှဆွံ့အသွားပြီးမှ ပါးစပ်ပိတ်နေလိုက်သည်။
ကြာပန်းလွှာများသည် အဆက်မပြတ်ဖြစ်ပေါ်လာကာ မကြာခင် သူတို့အားလုံး လုံးဝရစ်ပတ်သွားပြီး နှစ်ဦးလုံးကို လိုက်လျောညီထွေဖြစ်စေသည်။
သိမ်းငှက်နက်ကား ဘေးတွင် မျက်လုံးများပြူးကျယ်ကာ ကြည့်နေသည်။
{သူတို့က နေ့ခင်းကြောင်တောင်ကြီး ဘာလုပ်နေတာလား...။ မဟုတ်ဘူး... အမှောင်ထဲမှာ...။ သူတို့က တကယ်ပဲ သိမ်းငှက်ကို လေးစားမှုမရှိဘူး။ သူတို့က ဘယ်လိုလုပ်}
သိမ်းငှက်နက်က သတိဝင်လာကာ စိတ်တွင်းမှ ကျိန်ဆဲကာ အပြင်ကို ထွက်သွား၏။
သူ့အနေဖြင့် ဆက်လက်ကြည့်ရှုလိုသော်လည်း ရီဖူရှင်း ပြန်သက်သာလာပါက သူ့အနေဖြင့် သိမ်းငှက်ကင်မဖြစ်လိုပေ။
ရီဖူရှင်းနှင့် ရှားရှင်းယွန်တို့အကြား ဘာဖြစ်နေမည်ကို သူက တွေးတောစိတ်ကူးယဉ်နေသည်။
သူက ရှားရှင်းယွန်ကို သိပ်သဘောမကျသော်လည်း မင်းသမီးကား တကယ့်အမျိုးသမီးပင်။
နောက်ဆုံးတွင် နတ်အလင်းသည် ပျက်ပြယ်သွားကာ ကြာပန်းများသည်လည်း ပျောက်ကွယ်သွား၏။ မျက်နှာများ နီမြန်းနေသော ရှားရှင်းယွန်ကား အလွန်ချစ်စဖွယ်ကောင်းနေချေသည်။
“ကျေးဇူးပဲ...” ရီဖူရှင်းက ရှားရှင်းယွန်ကို ပြောသည်။ ရှားရှင်းယွန်၏နီမြန်းနေသော ချစ်စဖွယ်မျက်နှာလေးအား ကြည့်ကာ အနည်းငယ် ငေးမိသွားသည်။ သူမ၏ဆံပင်များက အနည်းငယ်ရှုပ်ပွနေကာ မျက်လုံးများက ညို့ငင်အားပြင်းလွန်းသည်။ သူမကား သာမန်အချိန်မင်းသမီးတစ်ပါးနှင့်မတူတော့။
ရှားရှင်းယွန်က ရီဖူရှင်း၏အမူအရာကို သဘောမကျဟန်ဖြင့် ဒေါသတကြီးကြည့်သည်။
“နင် ဘယ်လိုခံစားရလဲ” သို့သော်လည်း ရီဖူရှင်း၏အားနည်းနေသော အခြေအနေကို သတိရကာ တိုးညင်းစွာ မေးသည်။
“ငါ့ ခန္ဓာကိုယ်အတွင်းက စွမ်းအားတွေကို လှည့်ပတ်နိုင်ပြီ။ ဒါပေမဲ့ ဒဏ်ရာအားလုံးပျောက်ဖို့ကတော့ နည်းနည်းအချိန်လိုတယ်” ရီဖူရှင်းက ပြောသည်။ သူကား သေခါနီးအခြေအနေမှ လက်မတင်လေး လွတ်လာခြင်းဖြစ်သည်။ ယခု ရှားရှင်းယွန်၏အကူအညီဖြင့် သူသည် ပိုမိုကောင်းမွန်လာနေပြီဖြစ်သည်။
“အင်း...” သူမက ခေါင်းညိတ်သည် “ဒါဆို ကောင်းကောင်းအနားယူတော့”
သူမက ရီဖူရှင်းအား သယ်ဆောင်ကာ အခန်းတွင်းသို့ ခေါ်လာသည်။ သူမက အခန်းပြင်ဘက်ကို ထွက်လိုက်သည်နှင့် စူးရဲသော မျက်လုံးတစ်စုံက သူမအား လှမ်းကြည့်နေသည်ကို မြင်ရ၏။ ရှားရှင်းယွန်ကား အနည်းငယ် မင်တက်သွား၏။ သိမ်းငှက်နက် မြန်ဆန်စွာ အကြည့်လွှဲလိုက်သည်။
{သိမ်းငှက်လေး ဘာမှ မမြင်ပါ။}
ရှားရှင်းယွန်က သိမ်းငှက်နက်ထံသို့ လျှောက်သွားလိုက်သည်။ ချက်ချင်းပင် သိမ်းငှက်နက်၏အမွှေးအတောင်များ ထောင်တက်လာ၏။ {မိန်းမတွေများ စိတ်အပြောင်းအလဲမြန်ချက်။ ငါက နည်းနည်းလေး ခိုးကြည့်မိတာကို...}
“ငါ့အတွက် အလောင်းကောင်တစ်ကောင် သယ်လာခဲ့” ရှားရှင်းယွန်က အမိန့်ပေးသည်။ သူမက အလောင်းကောင်များအား သုတေသနလုပ်မည်ဟု အကြောင်းပြကာ ဖျက်ဆီးပစ်လိုသည်။ ဤနည်းဖြင့် ရီဖူရှင်းလည်း ပျောက်ကွယ်သွားနိုင်၏။
အားလုံး ပြီးစီးသွားသည်တွင် ရှားရှင်းယွန်သည် အခန်းတွင်းသို့ အနားယူရန် ဝင်လာသည်။ ရီဖူရှင်းလည်း အခန်းတွင်း၌ ရှိနေသည်။ သူတို့က အခန်းတစ်ခုတည်း နေရန်ဖြစ်လာ၏။ တခြားရွေးချယ်စရာမရှိချေ။
နောက်တစ်နေ့နံနက်တွင် ရီဖူရှင်းသည် များစွာ သက်သာလာခဲ့သည်။ သူ၏အခြေအနေမှာ မကြာမှီ ပုံမှန်သို့ ရောက်လာနိုင်ဖွယ်ရှိ၏။
ဟန်လင်းက ရှားရှင်းယွန်ထံသို့ ပုံမှန်အတိုင်း လာလည်ပတ်သည်။ သို့သော်လည်း သည်တစ်ကြိမ်တွင်ကား သူမအား တွေ့ခွင့်မရပါချေ။
သိမ်းငှက်နက်က ဟန်လင်းနှင့်တွေ့ကာ သူမသည် ယမန်နေ့က အလောင်းကောင်များကိုလေ့လာရာတွင် ဉာဏ်အလင်းတချို့ရကာ ယခုကျင့်ကြံနေသည်ဟု ပြောပြသည်။
ဤတွင် ဟန်လင်းလည်း သူရောက်လာကြောင်း အသိပေးရန် ပြောဆိုကာ ပြန်ထွက်သွားသည်။
ထိုအခိုက်တွင် ရှားရှင်းယွန်က အဘယ်ကြောင့် တံခါးပိတ်ကျင့်ကြံသည်ကို သူ မသိပေ။
ရှားရှင်းယွန်က အလောင်းကောင်များအားလုံးကို ဖျက်ဆီးလိုက်သည့်ကိစ္စကို သူသိပြီးဖြစ်သည်။ သို့သော်လည်း သူက သိပ်အရေးမစိုက်ပေ။ လောလောဆယ်တွင် ရှားရှင်းယွန်စိတ်ကြေနပ်မှုရရန်သာ သူ့အတွက် အရေးကြီးပေသည်။ သူ၏ကြိုးစားမှုများ အရာထင်လာသည်ကိုတွေ့မြင်ရခြင်းက သူ့အား များစွာ စိတ်ကြေနပ်စေသည်။
***