သတ်ဖြတ်ခြင်း
Vol. 8 Ch. 752
လိန်ဟူ ကောင်းကင်သားရဲ ထွက်ပေါ်လာသည်နှင့် အရပ်ရှစ်မျက်နှာ တစ်ခွင်ကား လျှပ်စီးများဖြင့် ပြည့်နှက် သွား၏။
မရေမတွက်နိုင်သော လူများသည် ကောင်းကင်သို့ မော့ကြည့်ကြရာ အဆုံးမဲ့ လျှပ်စီးတိမ်ပင်လယ်ကိုသာ တွေ့မြင် ကြရသည်။
“ဟူး ... ဟူး …”
လိန်ဟူ ကောင်းကင် သားရဲကား လျှပ်စီးကို ထိန်းချုပ်နိုင်သော စွမ်းအားဖြင့် မွေးဖွားလာသော သားရဲ ဖြစ်သည်။
ခွန်ပန် ကောင်းကင် သားရဲနှင့် နှိုင်းယှဉ်ပါက လိန်ဟူသည် အရာ အားလုံးကို စုပ်ယူ စားသုံးနိုင်သည့် “ဝါးမြိုခြင်း နတ်ဘုရား စွမ်းအား” ကို မပိုင်ဆိုင်သော်လည်း အခြား တစ်ဖက်၌ ၎င်း၏ တိုက်ခိုက်ရေး စွမ်းအင်မှာ ခွန်ပန် သားရဲထက် အဆများစွာ ပိုမို သန်မာသည်။
အထူးသဖြင့် မိုးကြိုး ငါးခု ချိပ်တံဆိပ်၏ အားဖြည့်မှုတွင် လိန်ဟူ သားရဲ၏ စွမ်းအားကား ရွှေအမြုတေ အဆင့်များနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။
“တိုက်ခိုက်ကြဟေ့ …”
ခွန်ပန် သားရဲမှ အခြားထူဆန်းသော သားရဲ တစ်ကောင် အသွင် ပြောင်းလဲ သွားသည့်တိုင် မြေကမ္ဘာ နတ်ဘုရား ခုနစ်ယောက်ကား ကြောက်လန့်ခြင်း မရှိကြချေ။ သူတို့က ဝိညာဉ် ရတနာများကို စွဲကိုင်၍ ချန်းဖန်အား နောက်တစ်ကြိမ် ဝန်းရံ လိုက်ကြ ပြန်၏။
“သေစမ်းကွာ …”
ဆင်နတ်ဘုရားက အော်ဟစ်ရင်း ပထမဆုံး စတင် တိုက်ခိုက်လိုက်၏။
သူက ဝိညာဉ် ရတနာ ဖြစ်သော မိုးကြိုးဗုံအား အဆက်မပြတ် တီးခတ်ရာ များစွာသော ရွှေရောင် အသံလှိုင်းများ ဖြစ်ပေါ်လာသည်။
“ဘုန်း …”
တစ်ချိန်တည်းတွင် လိန်ဟူ သားရဲ၏ အထက်ရှိ မိုးကြိုး ငါးခု ချိပ်တံဆိပ်ထံမှ တောက်ပသော ရောင်စုံ အလင်းများ လင်းလက်လာ၏။
“ဘုန်း ... ဘုန်း …”
ထိုအလင်းများက မျက်စိတစ်မှိတ် အတွင်းမှာပင် အသံလှိုင်းများအား ဖျက်ဆီး၍ ဆင်နတ်ဘုရားထံသို့ တိုးဝင်သည်။
“ဖူး …”
အလင်းများ၏ တိုက်ခိုက်မှုတွင် ဆင်နတ်ဘုရားမှာ ရွှေရောင် သွေးများကို အန်ထုတ်ရင်း နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။
“ခရက် …”
တစ်ချိန်တည်းမှာပင် မိုးကြိုးဗုံ၏ မျက်နှာ၌ အက်ရာတစ်ခု ပေါ်လာခဲ့သည်။
“သူက ပိုပြီး အစွမ်းထက် လာတာပဲ …”
ထိုမြင်ကွင်းကို ကြည့်ရင်း အခြားမြေကမ္ဘာ နတ်ဘုရား ခြောက်ယောက်မှာ အနည်းငယ် ထိတ်လန့် သွားကြ၏။
“အဲဒါက ... ကောင်းကင် တန်ခိုးရှင် တစ်ယောက်ရဲ့ စွမ်းအားမလား”
တရှီဂိုဏ်းချုပ်က ထိတ်လန့်စွာဖြင့် ရေရွတ် လိုက်သည်။
“မဟုတ်ဘူး ... ဒါပေမဲ့ ကောင်းကင် တန်ခိုးရှင် အဆင့်နဲ့ နီးကပ်နေပြီ ... သေချာတာ တစ်ခုကတော့ သူ အဲဒီလို တိုက်ခိုက်မှုမျိုး များများ ဖော်ထုတ် နိုင်မှာ မဟုတ်ဘူး”
တိမ်ကောင်းကင် အဘိုးအိုက မျက်မှောင် ကြုတ်ရင်း ဆိုလိုက်၏။
“ကလန့် …”
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က ဘာမှ ဝင်မပြောပဲ သူ၏ ထျန်းရွှမ်ဓားကို ပေတစ်ရာ ရှည်သော ဓားအလင်း အသွင်သို့ ပြောင်းလဲကာ ချန်းဖန်အား ခုတ်ပိုင်းလိုက်၏။
“ဟမ့် …”
ချန်းဖန်က ဂရု မစိုက်စွာဖြင့် နှာခေါင်းရှုံ့ရင်း သူ၏ လက်တစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်၏။
“ကလန့် …”
ရုတ်ခြည်းပင် သူ၏ လက်၌ ခရမ်းရောင် လျှပ်စီးဖြင့် ဝန်းရံနေသော ဓားတစ်ချောင်း ဖြစ်ပေါ်လာသည်။
ထိုဓားကား လိန်ဟူ ကောင်းကင် သားရဲ၏ လျှပ်စီးကို ထိန်းချုပ်နိုင်သော စွမ်းအားဖြင့် ဖွဲ့စည်း ထားသော ဓား ဖြစ်သည်။ ထိုအရာသည် လျှပ်စီးဖြင့် ဖွဲ့စည်းထားသော သာမန် ဓားသာ ဖြစ်သည့်တိုင် တစ်ဝက်တစ်ပျက် ဝိညာဉ်ရတနာများနှင့် ယှဉ်နိုင်သည်အထိ အစွမ်းထက် နေခဲ့၏။
“သွား …”
ချန်းဖန်က ဓားကို ကိုင်၍ လွှဲကာ ခုတ်လိုက်သည်။
“ဘုန်း …”
ကောင်းကင်သည် ပြိုကျတော့မည့် အလား တဆတ်ဆတ် တုန်ရီလာ၏။ တစ်ချိန်တည်းမှာပင် အနက်ရောင် ဓားအလင်းတစ်ခု ဖြစ်ပေါ်လာကာ မိုးကုပ်စက်ဝိုင်းအား ဖြတ်သန်း၍ ထျန်းရွှမ် ဓားအလင်းကို ဖျက်ဆီးသည်။
“ဘုန်း …”
ထျန်းရွှမ် ဓားအလင်းအား ဖျက်ဆီးပြီးသည်နှင့် အနက်ရောင် ဓားအလင်းက လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ထံသို့ ဆက်လက် တိုးဝင်၏။
“ဘုန်း …”
အခြား တစ်ဖက်၌ တရှီဂိုဏ်းချုပ်နှင့် အမတေ ပေါင်းစည်းခြင်း ဂိုဏ်းချုပ်တို့က လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်နှင့် ပူးပေါင်းကာ အနက်ရောင် ဓားအလင်းကို ခုခံသည်။
“ဘုန်း …”
အနက်ရောင် ဓားလင်းသည် ပထမဦးစွာ အမတေ ပေါင်းစည်းခြင်း ဂိုဏ်းချုပ်၏ “ချင်းရှု့ချီ ခေါင်းလောင်း” နှင့် ထိပ်တိုက် တွေ့၏။
“ကလန့် …”
ဓားအလင်း၏ ထိုးနှက်မှုတွင် “ချင်းရှု့ချီ ခေါင်းလောင်း” ၏ ကိုယ်ထည်၌ ကြီးမားသော ချိုင့်ရာ တစ်ခု ဖြစ်ပေါ် လာသည်။
“ဖူး …”
ဝိညာဉ် ရတနာများကား ပိုင်ရှင်၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက်နေရာ ချင်းရှု့ချီ ခေါင်းလောင်း ထိခိုက်သည်နှင့် အမတေ ပေါင်းစည်းခြင်း ဂိုဏ်းချုပ်မှာလည်း သွေးတစ်လုတ် အန်လိုက်ရ၏။
သို့သော်လည်း ထိုအရာကား အစမျှသာ ဖြစ်သည်။
အနက်ရောင် ဓားအလင်းသည် တရှီဂိုဏ်းချုပ်၏ “ကောင်းကင် နှစ်ဆယ့် လေးခု” ထံ ဆက်လက်၍ တိုးဝင်၏။
“ဘုန်း ... ဘုန်း …”
ဓားအလင်း၏ ပိုင်းဖြတ်မှု၌ နှစ်ဆယ့် လေးခုသော ပုလဲလုံးများကား စက္ကူများအလား နောက်တစ်ကြိမ် ဖျက်ဆီး ခံရပြန်သည်။
“ဘုန်း …”
အဆုံး၌ အနက်ရောင် ဓားအလင်းသည် ထျန်းရွှမ်ဓားအား ရိုက်ခတ်၏။
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ကား အမှန်တကယ်ပင် ခွန်ရှု့ နယ်မြေ၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူ ပီသသည်။
သူသည် အမြုတေကို ဆုံးရှုံးထားရသည့်တိုင် အခြားကျင့်ကြံသူများထက် နှာတစ်ဖျား သာနေသေး၏။
သို့သော်လည်း လိန်ဟူ ကောင်းကင် သားရဲ၏ ကောင်းကင် မိုးကြိုးဓားကား ကောင်းကင်၌ ပြိုင်ဘက် ကင်းသည်။ ထိုအရာက အရာရာကို ဖျက်ဆီး ပစ်နိုင်သည့် အလင်းတန်း တစ်ခုအလား ဖြန့်ကြက်ရင်း လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်အား လွှမ်းမိုး၏။
“ဘုန်း ... ဘုန်း ... ဘုန်း …”
ဓား၏ တိုက်ခိုက်မှု၌ လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်သည် နောက်သို့ ခြေဆယ့်ရှစ်လှမ်းတိတိ ဆုတ်ခွာ လိုက်ရ၏။ တစ်ချိန်တည်း၌ သူ၏ ခန္ဓာကိုယ်တွင် ကြီးမားသော ဒဏ်ရာ ဆယ့်ရှစ်ခု ဖြစ်ပေါ် လာသည်။
“သူက အရမ်း အစွမ်းထက်တာပဲ …”
များစွာသော လူများကား ကောင်းကင်ရှိ တိုက်ပွဲကို ကြည့်ရင်း ဆွံ့အနေကြပြီ ဖြစ်လေသည်။
အခြား တစ်ဖက်၌ သူတို့၏ စိတ်များမှာလည်း ရှုပ်ထွေးသော မေးခွန်းများဖြင့် ပြည့်နှက် နေခဲ့၏။
ထိုနဂါးဦးခေါင်း၊ လူသား ခန္ဓာနှင့် သတ္တဝါက အဘယ်သို့သော သားရဲနည်း။ ထိုသားရဲက အဘယ်ကြောင့် ဤမျှ အစွမ်းထက် နေရ သနည်း။
“မင်းတို့မှာ အခွင့်အရေး မရှိတော့ဘူး …”
လိန်ဟူ ကောင်းကင် သားရဲက ကောင်းကင်တွင် ရပ်တည်ရင်း တည်ငြိမ်စွာပင် ဆိုလိုက်သည်။
တိုက်ခိုက်ရေး စွမ်းအား သက်သက်တွင် လိန်ဟူ ကောင်းကင် သားရဲသည် စကြဝဠာ အတွင်းရှိ အခြား သားရဲများထက် ပိုမို အစွမ်းထက်၏။
ထို့ကြောင့်ပင် လိန်ဟူ ကောင်းကင် သားရဲ၏ အသွင်ကို ယူထားသော ချန်းဖန်၏ တိုက်ခိုက်မှုများကား ရွှေအမြုတေ အဆင့် တစ်ယောက်၏ တိုက်ခိုက်မှုများအလား အစွမ်းထက် နေပြီဖြစ်သည်။
သို့ဖြစ်ရော အမြုတေ ဖွဲ့စည်းခြင်းအဆင့် ပညာရှင်များကို အနိုင်ယူရန်က သူ့အတွက် မပြောပ လောက်တော့ချေ။
“သွား …”
ကျိမိသားစု ခေါင်းဆောင်က သူ၏ လက်ထဲရှိ “နဂါးငါးကောင် ကြာပွတ်” အား မီးနဂါး ငါးကောင် အသွင်သို့ ပြန်လည် ပြောင်းလဲ လိုက်ပြန်၏။
“ဟမ့် …”
သို့သော်လည်း ချန်းဖန်က ဂရုစိုက်ခြင်း မရှိဘဲ မိုးကြိုး ဓားတစ်ချောင်းအား ထပ်မံ ဖန်တီးကာ ကျိမိသားစု ခေါင်းဆောင်အား ခုတ်ပိုင်းလိုက်သည်။
“ဘုန်း …”
မီးနဂါး ငါးကောင်၏ ကာကွယ်မှု အောက်တွင်ပင် ကျိမိသားစု ခေါင်းဆောင်၏ ပခုံး၌ ဒဏ်ရာကြီးတစ်ခု ပေါ်လာ၏။ ထိုဒဏ်ရာကြီးက ပခုံးမှ တစ်ဆင့် ညာဘက် လက်အထိ ပျံ့နှံ့ကာ သူ၏ ခန္ဓာကိုယ်ကိုပင် နှစ်ပိုင်း ပြတ်လုနီးပါး ဖြစ်သွားခဲ့သည်။
“ဘုန်း ... ဘုန်း ... ဘုန်း …”
ကျိမိသားစု ခေါင်းဆောင် အခြေအနေ မကောင်းသည်ကို မြင်သည်နှင့် မြေကမ္ဘာ နတ်ဘုရား ကျူးမင်၊ တိမ်ကောင်းကင် အဘိုးအိုနှင့် ဆင်နတ်ဘုရားတို့က ကူညီရန် ပြေးဝင်လာကြသည်။
သို့သော်လည်း လိန်ဟူ သားရဲကမူ ကြောက်လန့်ခြင်း မရှိဘဲ အဆုံးမဲ့ တည်ငြိမ် နေ၏။ သူက ဓားအား ဆွဲကိုင်ရင်း တိုးဝင်လာသော ရန်သူများအား လွှဲခုတ်လိုက်သည်။
”ဘုန်း …”
ဓား၏ ကြမ်းတမ်းသော ပိုင်းဖြတ်မှုတွင် မြေကမ္ဘာ နတ်ဘုရားများမှာ ဒဏ်ရာများ ရကာ နောက်သို့ ဆုတ်လိုက်ကြရ၏။
“ဖူး …”
တိမ်ကောင်းကင် အဘိုးအိုပင် သွေးတစ်လုတ် အန်လိုက်ရသည်။
သို့သော်လည်း လိန်ဟူ သားရဲက ရပ်တန့်ခြင်း မရှိဘဲ ဓားအား ဆုပ်ကိုင်ရင်း ဆက်လက် ခုတ်ထစ်သည်။ ခုတ်ချက်တိုင်း၌ ဓား၏ စွမ်းအားက နှစ်ဆ ပိုမို ပြင်းထန် လာကာ မိုးကြိုး စွမ်းအားကလည်း ရူးသွပ်စွာ ပျံ့နှံ့နေ၏။
“ဘုန်း ... ဘုန်း ... ဘုန်း …”
ခုနစ်ချက်မြောက် ခုတ်ချက်တွင် မြေကမ္ဘာ နတ်ဘုရား ကျူးမင်၏ လက်ထဲမှ ကောင်းကင်မိုးကြိုး ကြေးပြားမှာ အဝေးသို့ လွင့်စဉ်သွား၏။
ဝိညာဉ် ရတနာ မရှိတော့သော မြေကမ္ဘာ နတ်ဘုရား ကျူးမင်ကား ကောင်းကင် မိုးကြိုးဓား၏ ရှေ့မှောက်၌ ခွန်အား မဲ့ရ၏။
“ကျူးမင်ကို ကာကွယ်ကြ …”
မြေကမ္ဘာ နတ်ဘုရား ကျူးမင် အခြေအနေ မကောင်းတော့ကြောင်း တွေ့မြင်သည်နှင့် အခြားသော မြေကမ္ဘာ နတ်ဘုရားများက သူ့အား ကူညီရန် ပျံသန်း လာကြ၏။
သို့သော်လည်း ထိုအရာကား နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
“ဘုန်း …”
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် အနက်ရောင်ဓားက မြေကမ္ဘာ နတ်ဘုရား ကျူးမင်၏ ခန္ဓာအား ထက်ဝက် ပိုင်းဖြတ်၏။ ထိုဓားချက်တွင် မြေကမ္ဘာ နတ်ဘုရား ကျူးမင်၏ ခန္ဓာသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်နှင့်အတူ ပျက်စီး၏။
မြေကမ္ဘာ နတ်ဘုရား ကျူးမင်ကား သေဆုံး သွားခဲ့ပြီ ဖြစ်လေသည်။
“အဲဒါက …”
များစွာသော လူများကား ထိုမြင်ကွင်းကို ကြည့်ရင်း မျက်နှာများ ဖြူရော်ကာ ဆွံ့အ သွားကြသည်။
သို့သော်လည်း သူတို့၏ ဆွံ့အမှုကား အစမျှသာ ဖြစ်၏။
***