ပြိုင်ဘက်ကင်း
Vol. 8 Ch. 753
“သူ ... သူက အရမ်း အစွမ်းထက်တယ်”
တရှီ ဂိုဏ်းချုပ်၏ မျက်နှာကား ဖြူရော် နေချေပြီ ဖြစ်လေသည်။
သူသည် ချန်းဖန် ထိုမျှ အစွမ်းထက် လိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ချေ။ သူတို့ ခုနစ်ယောက်၏ ပူးပေါင်း တိုက်ခိုက်မှု၌ မုချ သေဆုံး ရလိမ့်မည် ဟုသာ ယုံကြည် ထားခဲ့သည်။
သို့သော်လည်း မထင်မှတ်စွာပင် ချန်းဖန်က လိန်ဟူ ကောင်းကင် သားရဲ အသွင်ကို ထုတ်ဖော်ကာ ကောင်းကင်မိုးကြိုးဂိုဏ်း မဟာအကြီးအကဲကိုပင် သတ်ဖြတ် ပစ်ခဲ့သည်။ ထိုသို့သော တိုက်ခိုက်ရေး စွမ်းအားက ကောင်းကင် တန်ခိုးရှင်များနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။
သူ့ကဲ့သို့ မြေကမ္ဘာ နတ်ဘုရား တစ်ယောက်က မည်ကဲ့သို့ မတုန်လှုပ်ပဲ နေပါမည်နည်း။
“အားလုံးပဲ …”
တိမ်ကောင်းကင် အဘိုးအိုက မည်းမှောင်သော မျက်နှာဖြင့် အော်ဟစ် လိုက်၏။
“ဘာမှ တုန်လှုပ် မနေကြနဲ့ ... ငါတို့မှာ နောက်ပြန်လှည့်ဖို့ လမ်းမရှိတော့ဘူး ... ငါတို့ ဆက်ပြီး အသက်ရှင်ဖို့ အတွက် တစ်ခုတည်းသော နည်းလမ်းက သူ့ကို ရအောင် သတ်ဖို့ပဲ”
တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်၌ ရွှေရောင် အလင်းတစ်ခုက တောက်ပကာ လွှမ်းခြုံ လာ၏။
ထိုအရာကား ယွင်ထျန်း နန်းတော်၏ ကျော်ကြားသော အကာအကွယ် ဝိညာဉ်ရတနာ ဖြစ်သည့် “တိမ်ကောင်းကင် ချပ်ဝတ်” ပင် ဖြစ်သည်။
“ဘုန်း ... ဘုန်း ... ဘုန်း …”
ကျိမိသားစု ခေါင်းဆောင်၊ ဆင် နတ်ဘုရားနှင့် လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ် တို့ကလည်း သူတို့၏ စွမ်းအားကို အမြင့်ဆုံးအထိ ရောက်အောင် တိုးမြှင့် လိုက်ကြ၏။ သူတို့ကား အသက် ရှင်သန်သော စိတ်ဆန္ဒ အတွက် အဆုံးစွန်ထိ တိုက်ခိုက်ကြတော့မည် ဖြစ်သည်။
“ကလန့် …”
ရုတ်တရက် တိုက်ပွဲ အတွင်းသို့ အဖြူရောင် အလင်းတန်းတစ်ခု လျှပ်တစ်ပြက် ဝင်ရောက်လာ၏။
“ဟူး …”
အားလုံး၏ အကြည့်များ အောက်တွင်ပင် အလင်းတန်းက တိုင်ယင် နတ်သမီး၏ အသွင်သို့ ပြောင်းလဲသည်။
“နင် ဒီကို ဘာလာ လုပ်တာလဲ ... ထွက်သွားစမ်း”
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်ရင်း အော်ဟစ်လိုက်၏။
ဤတိုက်ပွဲကား မြေကမ္ဘာအဆင့် အထွတ်အထိပ်များ၏ အပြင်းထန်ဆုံး တိုက်ပွဲ ဖြစ်သည်။ တိုင်ယင် နတ်သမီး ကဲ့သို့သော သာမန် မြေကမ္ဘာ နတ်ဘုရား တစ်ယောက် အနေဖြင့် ပါဝင်နိုင်သော အရာ မဟုတ်ချေ။
“ဟင့်အင်း …”
တိုင်ယင် နတ်သမီးက ပြတ်သားစွာ ခေါင်းခါ လိုက်၏။
“ချန်းပေ့ရွှမ်းက သေမျိုး ကမ္ဘာမှာ ငါ့သားကို သတ်ခဲ့တယ် ... အခု သူက ငါ့ရှေ့မှာ ရောက်နေပြီလေ ... ငါ ဘယ်လိုလုပ်ပြီး ဒီအတိုင်း ကြည့်နေနိုင်မှာလဲ ... နောက်ပြီး ငါ ဂိုဏ်းတူ အမဆီကနေ လဘီးကို ငှားခဲ့တယ် ... ဒီနေ့ ဒီနေရာမှာ ငါ သေရမယ် ဆိုရင်တောင် ငါ့သားကို အဖော်လုပ်ပေးလို့ ရတာပေါ့”
“ကလန့် …”
ရုတ်တရက် သူမ၏ ဦးခေါင်းထက်၌ လခြမ်းကွေးက တောက်ပစွာ လင်းလက် လာခဲ့၏။
၎င်းက ရေခဲအလား အေးစက်သော အရှိန်အဝါနှင့် တောက်ပသော အလင်းကို ပေါင်းစပ်၍ တိုင်ယင် နတ်သမီး၏ စွမ်းအားကို တိုးမြှင့်ပေးသည်။
“ခရက် …”
တစ်ခဏ အတွင်းမှာပင် တိုင်ယင် နတ်သမီးသည် အတားအဆီးများကို ချိုးဖျက်၍ အမြုတေ ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်၏။
မရေမတွက်နိုင်သော ပရိသတ်များကား ကောင်းကင်ရှိ တိုက်ပွဲကို ကြည့်ရင်း ချွေးစေးများ ထွက်သည်အထိ စိတ်လှုပ်ရှား နေကြ၏။
ထိုတိုက်ပွဲက ဂိုဏ်းချုပ်များ၏ အသက်ကို လောင်းကြေး ထပ်ထားသော တိုက်ပွဲ ဖြစ်သကဲ့သို့ ခွန်ရှု့ နယ်မြေ၏ ကံကြမ္မာကိုပါ ဆုံးဖြတ်ပေးမည့် တိုက်ပွဲ ဖြစ်သည် မဟုတ်ပါလား။
ထိုအချိန် မိုးကုပ်စက်ဝိုင်း၏ အထက် တိမ်ပင်လယ် အကြား၌ …
“သူက ကောင်းကင် ဓားကို ထုတ်ဖော်ဖို့ အမြုတေ စွမ်းအားတွေ အများကြီး သုံးပြီးလောက်ပြီ ... ငါတို့သာ ဒီအခြေအနေကို ဆက်ပြီး ထိန်းထားနိုင်မယ် ဆိုရင် အနှေးနဲ့အမြန် သူ့ရဲ့ အစစ်အမှန် အမတေတွေ ကုန်ခန်းသွားမှာ သေချာတယ်”
တိမ်ကောင်းပင် အဘိုးအိုက ချန်းဖန်အား အကဲခတ်ရင်း ဆိုလိုက်သည်။
သူ၏ ခန့်မှန်းချက်ကား လွဲမှားခြင်း မရှိချေ။ ကောင်းကင် မိုးကြိုးဓားသည် အလွန် အစွမ်းထက် သကဲ့သို့ ၎င်း၏ စွမ်းအင် ရင်းမြစ် တောင်းဆိုမှု ကလည်း အလွန်ပင် ကြီးမား လှသည်။
မူလ အဆင့် တစ်ယောက် အနေဖြင့် ချန်းဖန်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားဖြင့် အမတေချီကို အချိန်မရွေး ပြန်လည် ဖြည့်တင်းနိုင်သည် ဆိုသော်လည်း တိုက်ပွဲ အတွင်း၌ ထိုသို့ ပြုလုပ်ရန်က မလွယ်ကူ လှချေ။
“မင်းတို့က ငါ အားကုန်တဲ့ အချိန်အထိ စောင့်ပြီး တိုက်ခိုက် ချင်တယ်ပေါ့ ... အရင်ဆုံး မင်းတို့ ဘယ်လောက် တောင့်ခံနိုင်မလဲ ဆိုတာ ကြည့်ရအောင်”
ချန်းဖန်၏ ဂရုမစိုက်စွာ နှာခေါင်းရှုံ့ လိုက်၏။ ထို့နောက် သူက ကောင်းကင် မိုးကြိုး ဓားတစ်ချောင်းအား ဖန်တီးကာ ဆွဲကိုင်ရင်း ရန်သူများထံ တိုးဝင်၍ အဆက်မပြတ် တိုက်ခိုက် လိုက်သည်။
“ဘုန်း ... ဘုန်း ... ဘုန်း …”
သူ၏ တိုက်ခိုက်မှု တစ်ခုချင်းစီ၌ မြေကမ္ဘာ နတ်ဘုရား တစ်ယောက်ကျ သွေးအန်ကာ မြေသို့ ကျသည်။
သူတို့သည် ခွန်ရှု့ နယ်မြေကို စိုးမိုးသော နတ်ဘုရားများ ဖြစ်သည့်တိုင် လိန်ဟူ သားရဲ၏ အရှေ့တွင်မူ တီကောင်များ အလား ခွန်အားမဲ့ရ၏။
“မဟာ လဲ့ယင် ကျင့်စဉ် …”
ဆင်နတ်ဘုရားက ချန်းဖန်၏ အနားသို့ မကပ်ပဲ သူ၏ ဗုံအား တီးခတ်လိုက်သည်။
“ဘုန်း …”
ရွှေရောင် အသံလှိုင်းများက လေဟာနယ်ကို ကျော်လွန်၍ လူးလွန့်ရင်း ချန်းဖန်၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်ရန် ကြိုးစားသည်။
“မင်း တစ်ယောက်ပဲ အသံလှိုင်း တိုက်ခိုက်တတ်တယ် ထင်နေတာလား ... ဒါကို ခုခံလိုက်စမ်း …”
လိန်ဟူ ကောင်းကင် သားရဲက ဒေါသတကြီး ပြောရင်း ပါးစပ်ကို ဟကာ အော်ဟစ် လိုက်၏။
“အား …”
မိုးကြိုး တစ်သန်း ပေါက်ကွဲ သကဲ့သို့ စူးရှ ကျယ်လောင်သော အသံက ကောင်းကင်ကို ဖြတ်သန်း၍ ပေါ်ထွက်လာသည်။ ထိုအသံ၏ ဖြတ်သန်းမှုတွင် လေထုပင် ကွဲအက်ကာ လေဟာနယ်ပေါက်တစ်ခု ဖြစ်တည် လာ၏။
စကြဝဠာ အတွင်း၌ လိန်ဟူ ကောင်းကင် သားရဲများကား အသံလှိုင်း တိုက်ခိုက်မှုဖြင့် ထင်ရှားသည်။ အရွယ်ရောက်သော လိန်ဟူ သားရဲ တစ်ကောင် ဆိုလျှင် အော်ဟစ်၍ ဂြိုဟ်တစ်ခုကိုပင် ဖျက်ဆီးနိုင်၏။
“ဘုန်း ... ဘုန်း ... ဘုန်း …”
အသံလှိုင်း၏ ရိုက်ခတ်မှုတွင် တစ်ဆယ် ကီလိုမီတာ အတွင်းရှိ တိမ်များ လွင့်စဉ်သကဲ့သို့ ကြီးမားသော တောင်တန်းများမှာလည်း ပေါက်ကွဲကုန်၏။
ချန်းဖန်အား ဝန်းရံနေသော မြေကမ္ဘာ နတ်ဘုရားများပင် အလောတကြီး နောက်သို့ ဆုတ်လိုက်ကြ၏။
ဆင်နတ်ဘုရား အတွက်မူကား …
ထိုဘုန်းကြီးအိုမှာ အသံလှိုင်း တိုက်ခိုက်မှု၏ အဓိက ဦးတည်ရာ ဖြစ်သည်။ သို့ဖြစ်ရာ သူ့အနေဖြင့် မည်ကဲ့သို့ လွတ်ပါလိမ့်မည်နည်း။
“ဘုန်း …”
ဆင်နတ်ဘုရား၏ ခန္ဓာကိုယ်သည် အတွင်းမှ လှိုက်၍ ပေါက်ကွဲကာ သွေးမြူများအဖြစ် ပြောင်းလဲသွား၏။
ဒုတိယမြောက် အရှင်သခင် တစ်ယောက်ကား ကျဆုံးသွားခဲ့ရချေပြီ ဖြစ်သည်။
“သတိထားကြ …”
မြေကမ္ဘာ နတ်ဘုရား ခြောက်ယောက်က တစ်ယောက်ကို တစ်ယောက် သတိပေးရင်း ချန်းဖန်အား ထပ်မံ တိုက်ခိုက်လိုက်ကြ ပြန်၏။
သို့သော်လည်း စက္ကန့် အနည်းငယ် အကြာမှာပင် …
တရှီ ဂိုဏ်းချုပ်မှာ ကောင်းကင် မိုးကြိုးဓား၏ ထက်ပိုင်း ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ ပြန်သည်။
“ဘုန်း …”
တတိယမြောက် မြေကမ္ဘာ နတ်ဘုရား၏ အသက်မဲ့ ခန္ဓာသည် ကောင်းကင်မှ မြေပြင်သို့ ကျ၏။
မိနစ်ဝက် ကြာပြီးနောက် ...
“ဘုန်း …”
လိန်ဟူ ဟိန်းသံ တိုက်ခိုက်မှုတွင် အမြုတေ ပေါင်းစည်းခြင်း ဂိုဏ်းချုပ်၏ ခန္ဓာသည် ပေါက်ကွဲ၏။
စတုတ္တမြောက် မြေကမ္ဘာ နတ်ဘုရားကား သေဆုံးသွားပြန်ပြီ ဖြစ်သည်။
တစ်မိနစ် အကြာ၌ …
“ဘုန်း …”
မိုးကြိုးငါးခု ချိပ်တံဆိပ်၏ တိုက်ခိုက်မှုတွင် တိုင်ယင် နတ်သမီး၏ ခန္ဓာသည် မီးခိုး အသွင် ပြောင်းလဲကာ ပျောက်ကွယ်ရ ပြန်၏။
မိနစ်ပိုင်း အတွင်းမှာပင် ချန်းဖန်၏ လက်အောက်၌ ခွန်ရှု့ နယ်မြေ၏ အရှင်သခင် မြေကမ္ဘာ နတ်ဘုရား ငါးယောက်ကား သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
ဇနီးဖြစ်သူ၏ သေဆုံးမှုအား တွေ့သည်နှင့် အဇူရာ ဂိုဏ်းချုပ်၏ မျက်လုံးများမှာ ရဲရဲနီ လာ၏။
“ချန်းပေ့ရွှမ်း ... ငါ မင်းကို ရအောင် သတ်မယ်”
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က သွေးရူးသွေးတန်း အော်ဟစ်ရင်း ထျန်းရွှမ်ဓားဖြင့် သူ၏ ရင်ဘတ်ကို ထိုးစိုက် လိုက်၏။
“သူက ဘာလုပ်နေတာလဲ”
မြေပြင်ရှိ လူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အ သွားကြသည်။
“သူ ... သူက …”
လူအို ကျင့်ကြံသူ တစ်ယောက်က အထစ်ထစ် အငေါ့ငေါ့ဖြင့် အော်ဟစ် လိုက်၏။
“သူက ... သူရဲ့ အသက်ကို စတေးပြီး ဝိညာဉ် ရတနာရဲ့ စွမ်းအားကို ထုတ်ဖော်နေတာ ... အဲဒီနည်းနဲ့ သူက ကောင်းကင် တန်ခိုးရှင် တစ်ယောက်ရဲ့ စွမ်းအားကို ထုတ်သုံးနိုင်အောင် လုပ်နေတာ”
ဝိညာဉ် ရတနာများကား ကိုယ်ပိုင် ဝိညာဉ် တည်ရှိသည့် ရတနာများ ဖြစ်သည်။ ဝိညာဉ် နိုးထလာသည်နှင့် ထိုရတနာများမှာ ရွှေအမြုတေအဆင့် တစ်ယောက်၏ စွမ်းအားကို ထုတ်ဖော် နိုင်ကြ၏။
”ဘုန်း …”
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်၏ သွေးများအား စုပ်ယူပြီးသည်နှင့် ထျန်းရွှမ်ဓား၏ ဝိညာဉ်သည် အပြည့်အဝ နိုးထလာသည်။ ထို့နောက် ၎င်းက တောက်ပသော အလင်းများကို ထုတ်လွှတ်၍ ခွန်ရှု့ နယ်မြေကို တစ်ခုလုံးသို့ ဖြန့်ကြက်၏။
“ကလန့် …”
ထျန်းရွှမ်ဓားက ကောင်းကင်သို့ ပျံတက်၍ ချန်းဖန်ထံသို့ တိုးဝင်သည်။ ဓားနှင့်အတူ မီတာ သုံးရာရှည်သော ရွှေရောင် ဓားအလင်းက နေအား ကျော်ဖြတ်၍ တောက်ပကာ ချန်းဖန်အား ခုတ်ထစ်သည်။
“ကလန့် …”
ချန်းဖန်က သူ၏ ဓားကို ရင်ဘတ်သို့ ကပ်ရင်း တိုးဝင်လာသော ထျန်းရွှမ်ဓားကို ကာဆီးသည်။
သို့သော်လည်း ထျန်းရွှမ်ဓားကား ရွှေအမြုတေ အဆင့်၏ တိုက်ခိုက်မှုကို သယ်ဆောင်ထားရာ ခဏအတွင်းပင် ကောင်းကင် မိုးကြိုးဓား ဖျက်ဆီး ခံရ၏။
မိုးကြိုးဓားအား ဖျက်ဆီးပြီးသည်နှင့် ထျန်းရွှမ် ဓားက ချန်းဖန်၏ ရင်ဘတ်ကိုပါ ဆက်လက် ထိုးဖောက်သည်။
“ဘုန်း …”
ထျန်းရွှမ်ဓား၏ ထိုးထောက်မှုတွင် လိန်ဟူ သားရဲနှင့် ချန်းဖန်၏ ရင်ဘတ်၌ အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်လာ၏။ သို့သော်လည်း ကံကောင်းစွာပင် ထိုအရာမှာ သေစေနိုင်သော ဒဏ်ရာ မဟုတ်ချေ။
“ရှက်စရာပဲ ... ငါ မင်းကို မသတ်နိုင် သေးဘူး”
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်က ဖြူရော်စွာ ပြုံးလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာက အလင်းမှုန်များ အဖြစ် တဖြည်းဖြည်း ပြယ်လွင့်ကာ ပျောက်ကွယ် သွားရတော့သည်။
“သူ ... သေသွားတာလား”
မရေမတွက်နိုင်သော လူများ၏ နှလုံးသားများကား ရေခဲများအလား အေးခဲ သွားကြတော့သည်။
လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ပင် အနိုင်မယူနိုင်ရာ မည်သူက ချန်းပေ့ရွှမ်းအား အနိုင်ယူနိုင် တော့မည်နည်း။
“ငါ့ကိုလည်း ချန်မထားနဲ့ …”
ကျိမိသားစု ခေါင်းဆောင်က အော်ဟစ်ရင်း နဂါး ငါးကောင် ကြာပွတ်အား သူ၏ ခန္ဓာ၌ ရစ်ပတ်ရန် အမိန့်ပေး လိုက်သည်။
“ဘုန်း …”
ကျိမိသားစု ခေါင်းဆောင်၏ အသက်ဓာတ်အား စုပ်ယူပြီးသည်နှင့် နဂါး ငါးကောင် ကြာပွတ်က အစစ်အမှန် နဂါးများ အသွင်သို့ ပြောင်းလဲ၏။
“ငါတို့ရောပဲ …”
တစ်ချိန်တည်းမှာပင် တရှီဂိုဏ်းနှင့် လဲ့ယင်တောင်၏ အကြီးအကဲ နှစ်ဦးက ကောင်းကင်သို့ ပျံတက်လာ၏။
တရှီဂိုဏ်း၏ အကြီးအကဲက “ကောင်းကင် နှစ်ဆယ့် လေးခု” အား ထိန်းချုပ်ပြီး လဲ့ယင်တောင် အကြီးအကဲက မိုးကြိုးဗုံအား ကိုင်ဆောင်သည်။
“ဘုန်း ... ဘုန်း …”
သူတို့ နှစ်ယောက်က မဆိုင်းမတွပင် အသက်ဓာတ်အား အသုံးပြု၍ ဝိညာဉ် ရတနာများကို အသက်သွင်း လိုက်ကြပြန်သည်။
“ဘုန်း ... ဘုန်း ... ဘုန်း …”
ခဏ အတွင်းမှာပင် ကောင်းကင် တစ်ခွင်လုံးကား ကြောက်မက်ဖွယ် ဖိအားဖြင့် ပျံ့နှံ့သွား၏။ ထိုအရာက ကောင်းကင် တန်ခိုးရှင် သုံးယောက် တစ်ပြိုက်နက်တည်း ပေါ်လာခြင်းနှင့် မခြားနားချေ။
ထိုအချိန်၌ ချန်းဖန်၏ မျက်နှာကား မည်းမှောင် နေခဲ့ပြီ ဖြစ်သည်။
ဝိညာဉ် ရတနာတစ်ခု၏ တိုက်ခိုက်မှုကပင် သူ့အား ဒဏ်ရာ ရစေနိုင်ရာ ဝိညာဉ် ရတနာ သုံးခုအား တစ်ပြိုင်နက်တည်း ရင်ဆိုင်ခြင်းကား သူ့အတွက် အလွန်ပင် စိန်ခေါ်မှု ကြီးမားသောအရာ ဖြစ်၏။
“မိုးကြိုး နိုးထစမ်း …”
ချန်းဖန်က အော်ဟစ် လိုက်သည်။ တစ်ချိန်တည်းတွင် သူ၏ အစစ်အမှန် အမြုတေက မိုးကြိုးငါးခု ချိပ်တံဆိပ်နှင့် ချိတ်ဆက်၏။
“ဘုန်း …”
ပေါက်ကွဲသံ တစ်ခုနှင့် အတူ မိုးကြိုးငါးခု ချိပ်တံဆိပ်၏ အရွယ်အစားက တောင်တစ်လုံး အရွယ်အစားအထိ ကြီးမားလာသည်။ ထို့နောက် ၎င်းက ကောင်းကင်တွင်ပင် အဆက်မပြတ် လည်ပတ်ရင်း အရောင်ငါးမျိုးကို ထုတ်လွှတ်၏။
“သွား …”
ချန်းဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်း၍ အမိန့်ပေးလိုက်ရာ ထိုအလင်းများက ဝိညာဉ် ရတနာ သုံးခုထံသို့ တိုးဝင်သည်။
“ဘုန်း …”
ချက်ချင်းပင် ကောင်းကင် တစ်ခွင်လုံးကား ပေါက်ကွဲမှု အလင်းများနှင့် ပြည့်နှက် သွားတော့သည်။ ထိုပေါက်ကွဲမှုက အလွန် ပြင်းထန်ရကား ကောင်းကင် ကီလိုမီတာ ဆယ်ချီ အကွာအဝေးကိုပင် ဝါးမျို၏။
“နောက်ဆုံးတော့ ပြီးသွားပြီပဲ …”
မြေကမ္ဘာ နတ်ဘုရားများက ကောင်းကင်သို့ မော့ကြည့်ရင်း သက်ပြင်းများ ချလိုက်ကြ၏။
ထိုပေါက်ကွဲမှုကား ကောင်းကင် တန်ခိုးရှင် တစ်ယောက်ကိုပင် သေစေနိုင်အောင် ပြင်းထန်သည်။ ထို့ဖြစ်ရာ ချန်းပေ့ရွှမ်းကဲ့သို့ မြေကမ္ဘာ အဆင့် တစ်ယောက် အနေဖြင့် မည်သို့မျှ အသက်ရှင် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
“ဒီတိုက်ပွဲမှာ ငါတို့ဘက်က ဂိုဏ်းချုပ်တွေ မဟာအကြီးအကဲတွေ အပါအဝင် မြေကမ္ဘာ နတ်ဘုရား ဆယ်ယောက် ဆုံးရှုံးခဲ့ရတယ် ... နောက်တစ်ကြိမ် ကောင်းကင် တံခါးပြန်ပြီး ပွင့်တာနဲ့ သေမျိုးကမ္ဘာကို ငါတို့ စစ်ခင်းကြမယ် ... ခွန်ရှုသားတို့ရဲ့ အသက်တွေ အတွက် သူတို့ဆီမှာ ပြန်ပြီး အလျော်တောင်းရမယ်”
ယွင်ထျန်း နန်းတော်၏ အကြီးအကဲ တစ်ဦးက မဲ့ပြုံးပြုံးရင်း ဆိုလိုက်၏။ သို့သော်လည်း ထိုအပြုံးကား တစ်မိနစ်ပင် မခံဘဲ ရုတ်ခြည်းပင် ပြန်လည် ပျောက်ကွယ် သွားသည်။
အကြောင်းရင်းကား …
“ဟူး …”
ပေါက်ကွဲမှုများ အတွင်းမှ လူငယ်တစ်ယောက် ပျံသန်း ထွက်ပေါ်လာ၏။ သူ၏ ဦးခေါင်းထက်တွင်မူ မိုးကြိုး ချိပ်တံဆိပ် တစ်ခုက အလင်းများကို ဖြန့်ကြက်ရင်း မြောလွင့်နေသည်။
“သူက …”
မရေမတွက်နိုင်သော လူများမှာ ထိုမြင်ကွင်းကို မြင်သည်နှင့် ရုပ်တုများအလား အေးခဲ သွားကြ၏။
“ချန်းပေ့ရွှမ်း …”
***