← Chapters

ယွင်ထျန်း နန်းတော်အား အနိုင်ယူခြင်း

Vol. 8 Ch. 754

ယွင်ထျန်း နန်းတော်အား အနိုင်ယူခြင်း

Vol. 8 Ch. 754

“ချန်းပေ့ရွှမ်း …”

“သူ အသက်ရှင် နေသေးတာလား …”

ခွန်ရှု့ နယ်မြေသားတို့၏ နှလုံးသားများကား တုကြီးဖြင့် ထုနှက် နေသကဲ့သို့ တဆတ်ဆတ်တုန် နေကြပြီ ဖြစ်သည်။

“ဟူး … ဟူး …”

လူသား သဏ္ဌာန်သို့ ပြန်လည် ပြောင်းလဲထားသော ချန်းဖန်ကား ကောင်းကင်ထက်၌ မျောလွင့် နေ၏။

သူ၏ ရှည်လျားသော အနက်ရောင် ဆံပင်များက လေမုန်တိုင်းနှင့် အတူ ယိမ်းက နေကာ သူ၏ အကာအကွယ်အလင်းက ရွှေရောင် အရေပြားနှင့် အတူ ထွန်းလင်း နေ၏။

တစ်ချိန်တည်း၌ သူ၏ ရင်ဘတ်တွင် ကြီးမားသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်နေကာ ထိုဒဏ်ရာမှ စိမ့်ထွက်နေသော ရွှေအိုရောင် သွေးများက သူ၏ ခန္ဓာကိုယ် တစ်ဝက်အား ရွှဲရွှဲစိုစေသည်။

သို့တိုင်အောင် ချန်းပေ့ရွှမ်းကား ခါးကို ဖြောင့်ဖြောင့် ဆန့်တန်းရင်း ဝင့်ကြွားစွာ ရပ်တည်နေ၏။ သူအား ကြည့်ရသည်မှာ မည်သည့် ဒဏ်ရာကမျှ သူ့ကို နာကျင်စေပုံ မရချေ။

မရေမတွက် နိုင်သော လူများက ချန်းဖန်အား မော့ကြည့်ရင်း မယုံကြည်နိုင်မှုကို ခံစား ကြရ၏။

“သူက အခုထိ ဘာလို့ အသက်ရှင် နေသေးတာလဲ … အဲဒီ တိုက်ခိုက်မှုက ကောင်းကင် တန်ခိုးရှင် တစ်ယောက်ကိုတောင် သေစေနိုင်တယ်လေ … သူက တကယ်ပဲ ကောင်းကင် တန်ခိုးရှင် တစ်ယောက်ထက် ပိုပြီး အစွမ်းထက် နေပြီလား”

မြေကမ္ဘာ နတ်ဘုရားများ၏ လက်များကား တုန်ရီ နေကြပြီ ဖြစ်လေသည်။

ထိုအရာကား ဝိညာဉ် ရတနာ သုံးခု၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု ဖြစ်သည်။ ကောင်းကင် တန်ခိုးရှင် သုံးယောက်၏ အင်အား အပြည့်နှင့် ညီမျှသော တိုက်ခိုက်မှု ဖြစ်သည်။

သူတို့ကား ထိုတိုက်ခိုက်မှုမှ ချန်းဖန် အသက်ရှင် လွတ်မြောက်လိမ့်မည်ဟု လုံးဝ မျှော်လင့် မထားကြချေ။

“ဟူး …”

အရိပ်တစ်ခု ကောင်းကင်သို့ ပျံတက်လာ၏။ ထိုအရိပ်ကား တိမ်ကောင်းကင် အဘိုးအိုပင် ဖြစ်သည်။

တိမ်ကောင်ကင် အဘိုးအို၏ အသွင်အပြင်ကား ချန်းဖန်ထက်ပင် အခြေအနေ ဆိုးနေသေးသည်။

သူ၏ ခန္ဓာကိုယ်ရှိ တိမ်ကောင်းကင် ဝတ်စုံက စုတ်ပြတ်နေပြီ ဖြစ်သလို သူ၏ ဆံပင်များမှာလည်း ရှုပ်ပွေကာ ပြန့်ကျဲ နေခဲ့သည်။ သူ၏ သွေးများဖြင့် ပေကျံနေသော မျက်နှာတွင်မူ ကြောက်လန့်ခြင်းများက ရေးခြယ်နေ၏။

“သင် … အသက်ရှင် နေသေးတာလား”

တိမ်ကောင်းကင် အဘိုးအိုက တုန်ရီစွာဖြင့် မေးလိုက်၏။

“မင်းကို မသတ်ရ မချင်း ငါ မသေသေးဘူး”

စကားဆုံးသည်နှင့် ချန်းဖန်၏ မျက်လုံးမှ  အလင်း နှစ်ခု ထွက်ပေါ်လာ၏။

“ကလန့် …”

ထိုအလင်း နှစ်ခုက ကောင်းကင်ဓား နှစ်ချောင်း အသွင်သို့ ပြောင်းလဲကာ တိမ်ကောင်းကင် အဘိုးအိုထံ တိုးဝင်သည်။

“ဟမ် …”

ကောင်းကင် ဓားနှစ်ချောင်းအား တွေ့သည်နှင့် တိမ်ကောင်းကင် အဘိုးအို၏ ခန္ဓာမှာ တုန်လှုပ် သွား၏။ သူက ချက်ချင်းပင် အလင်းတန်း အသွင်သို့ ပြောင်းကာ ယွင်ထျန်း နန်းတော်ဆီ ပြန်ပြေးသည်။

“ဘုန်း …”

သို့တိုင်အောင် ဓားနှစ်ချောင်း၏ တိုက်ခိုက်မှု၌ တိမ်ကောင်းကင် အဘိုးအို၏ လက်တစ်ချောင်း ပြတ်၏။ တိမ်ကောင်းကင် အဘိုးအိုက ထိုဒဏ်ရာအား ဂရုမစိုက်အားဘဲ ဆက်လက် ပျံသန်းရင်း အော်ဟစ် လိုက်သည်။

“ဓမ္မ အစီအရင်ကို အသက်သွင်း …”

“ဘုန်း …”

ယွင်ထျန်း နန်းတော်၏ တပည့်များစွာက စုပေါင်း၍ မဟာ အစီအရင်ကြီး တစ်ခုအား အသက်သွင်း လိုက်သည်။ တိမ်ကောင်းကင် အဘိုးအိုက ထိုအစီအရင် အတွင်း လျင်မြန်စွာ ဝင်ရောက်ရင်း ဗဟိုချက်၌ နေရာယူ၏။

“ကောင်းကင် မိုးကြိုးဓား …”

ချန်းဖန်က ကြီးမားသော ဓားကြီး တစ်ခုကို ဖန်တီးရင်း အစီအရင်အား ခုတ်ချ လိုက်သည်။

“ဘုန်း …”

အစီအရင်နှင့် အတူ ယွင်ထျန်း နန်းတော် တစ်ခုလုံးကား တုန်ရီ၍ သွား၏။ သို့သော်လည်း ထိုအရာက ပျက်စီးမည့်ပုံ မရချေ။

“အားလုံးပဲ သူ ကြာကြာ ဆက်ပြီး တိုက်ခိုက် နိုင်တော့မှာ မဟုတ်ဘူး … ဒီအတိုင်း ဆက်ပြီး တောင့်ခံထားကြ … သူ စွမ်းအင်တွေ ကုန်သွားတာနဲ့ ငါတို့ တန်ပြန် တိုက်ခိုက်လို့ ရပြီ”

တိမ်ကောင်းကင် အဘိုးအိုက အော်ဟစ် လိုက်သည်။

“သွား …”

ချန်းဖန်က ကောင်းကင် မိုးကြိုးဓားကို ဆုပ်ကိုင်ရင်း သုံးကြိမ်တိတိ ခုတ်ပိုင်း လိုက်သည်။ သို့သော်လည်း ထိုတိုက်ခိုက်မှု သုံးကြိမ်က အစီအရင်အား အနည်းငယ် တုန်လှုပ်စေရုံသာ စွမ်းဆောင် နိုင်၏။

“မဟာ မိုးကြိုး ငါးခု လာစမ်း …”

နောက်ဆုံး၌ ချန်းဖန်သည် ကောင်းကင် မိုးကြိုးဓားကို လက်လွှတ်၍ မိုးကြိုး ငါးခု ချိပ်တံဆိပ်အား ဆင့်ခေါ် လိုက်သည်။

“ဘုန်း …”

အရောင် ငါးမျိုး တောက်ပနေသည့် ချိပ်တံဆိပ်က တောက်ပသော အလင်းများကို ထုတ်လွှတ်ရင်း ချန်းဖန်၏ ဦးခေါင်း အထက်၌ ဖြစ်ပေါ်လာ၏။

“သွား …”

ချန်းဖန်က အမိန့်ပေးသည်နှင့် မိုးကြိုး ငါးခု ချိပ်တံဆိပ်က အစီအရင်ထံသို့ ပြေးဝင်ကာ တိုက်ခိုက်သည်။

“ဘုန်း …”

မိုးကြိုးငါးခု ချိပ်တံဆိပ်သည် တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာ အဆင့်သာ ရှိသေးသော်လည်း သံလိုက် အမတေတောင်၏ အားဖြည့်မှုနှင့် ချန်းဖန်၏ အသုံးပြုမှုတို့၌ အစစ်အမှန် ဝိညာဉ် ရတနာများထက်ပင် ပိုမို၍ အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် မိုးကြိုးငါးခု ချိပ်တံဆိပ်နှင့် ထိတွေ့သည်နှင့် သံလိုက် အမတေတောင်မှာ အချိန်မရွေး ပျက်စီးတော့မည့် အလား တုန်ရီ၍ လာ၏။

“စွမ်းအားရင်းမြစ် ထပ်ဖြည့်ကြ …”

တိမ်ကောင်းကင် အဘိုးအိုက အော်ဟစ် အမိန့်ပေးလိုက်၏။

တစ်ချိန်တည်း၌ သူကိုယ်တိုင်မှာလည်း အစစ်အမှန် အမြုတေများကို အစီအရင် အတွင်းသို့ ရူးသွပ်စွာ သွန်းလောင်းထည့် လိုက်သည်။

“ကလန့် …”

များစွာသော စွမ်းအား ရင်းမြစ်များ၏ အားဖြည့်မှုတွင် အစီအရင်သည် နောက်တစ်ကြိမ် ပြန်လည် တည်ငြိမ် လာ၏။

“ဒုတိယ တိုက်ခိုက်မှု …”

သို့သော်လည်း မိုးကြိုးငါးခု ချိပ်တံဆိပ်ကား ချန်းဖန်၏ ထိန်းချုပ်မှု၌ တားဆီး၍ မနိုင်အောင် ဖြစ်နေပြီ ဖြစ်သည်။ ၎င်းက မိုးကြိုးနှင့် လျှပ်စီးအလင်းများကို ထုတ်လွှတ်ရင်း အစီအရင်ထံသို့ တိုးဝင်ကာ နောက်တစ်ကြိမ် တိုက်ခိုက်၏။

“ဘုန်း …”

ဒုတိယ တိုက်ခိုက်မှုတွင်ပင် အစီအရင်၏ မျက်နှာပြင်၌ ကြီးမားသော အပေါက်ကြီး တစ်ခု ပေါ်လာသည်။ တစ်ချိန်တည်းတွင် ၎င်း၏ မျက်နှာပြင်မှာလည်း တဖြည်းဖြည်း အက်ကွဲလာသည်။

“တတိယ တိုက်ခိုက်မှု …”

ချန်းဖန်ကား အဆုံးစွန်ထိ ရူးသွပ်နေခဲ့ပြီ ဖြစ်သည်။

“ဘုန်း … ဘုန်း … ဘုန်း …”

ပတ်ဝန်းကျင် ကီလိုမီတာ ရာချီ အတွင်းရှိ မိုးကြိုးစွမ်းအားများသည် ကြောက်မက်ဖွယ် အဟုန်ဖြင့် မိုးကြိုး ငါးခု ချိပ်တံဆိပ်ထံသို့ စီးဆင်းလာသည်။

“ဟူး … ဟူး … ဟူး …”

မိုးကြိုးငါးခု ချိပ်တံဆိပ်က အရှိန်ပြင်းစွာ လည်ပတ်ရင်း ထိုစွမ်းအားများကို အကုန်အစင် စုပ်ယူကာ တတိယ တိုက်ခိုက်မှု အတွက် အသင့်ပြင်၏။

“ချန်းပေ့ရွှမ်း … မင်းရဲ့ မိန်းကလေးကိုတောင် မင်း ဂရုမစိုက်တာလား”

တိမ်ကောင်းကင် အဘိုးအိုက အော်ဟစ်ရင်း အရှေ့ ရင်ပြင်ရှိ လုယန်ရွယ်ဆီသို့ ပျံသန်းကာ ဖမ်းဆီးရန် ကြိုးစားလိုက်သည်။

“ရား …”

ရေနဂါးဖြူက ကျယ်လောင်စွာ ဟိန်းဟောက်ရင်း တိမ်ကောင်းကင် အဘိုးအိုအား တားဆီးရန် ကြိုးစားသည်။ သို့သော်လည်း အဘိုးအို၏ အင်္ကျီလက် ခါယမ်းမှုတွင်ပင် ရေနဂါးဖြူသည် ဘေးသို့ လွင့်စဉ် ရ၏။

“လာစမ်း …”

တိမ်ကောင်းကင် အဘိုးအိုက လက်အား ဆန့်ထုတ်ကာ လုယန်ရွယ်အား ဖမ်းဆီး လိုက်သည်။

“ကလန့် …”

ရုတ်တရက် အလင်းတန်း ငါးခုက လက်သဖွယ် ပေါ်ပေါက်လာကာ လုယန်ရွယ်၏ ခန္ဓာအား ကာကွယ်၏။

“ဒြပ်စင်ငါးခု ဟင်းလင်းပြင် အစီအရင် …”

ထိုအရာကား ဝိညာဉ် လက်နက်များစွာကို စုစည်း၍ ခင်းကျင်းထားသော အကာအကွယ် အစီအရင်ပင် ဖြစ်သည်။

ထိုအစီအရင်သည် အမြုတေ ဖွဲ့စည်းခြင်း အဆင့် မဆိုထားနှင့် ရွှေအမြုတေ အဆင့် တစ်ယောက်၏ တိုက်ခိုက်မှုမှပင် ကာကွယ် ပေးနိုင်သည်။

“ဘုန်း … ဘုန်း … ဘုန်း …”

တိမ်ကောင်းကင် အဘိုးအိုက အဆုံးစွန်သော ခွန်အားကို ထုတ်ကာ အစီအရင်အား ဖျက်ဆီးရန် ကြိုးစား၏။ သို့သော်လည်း အစီအရင်ကား လှုပ်ပင် မလှုပ်ချေ။

“အသုံးမဝင်ဘူး … အဲဒါက ကောင်းကင် တန်ခိုးရှင် အဆင့် ဓမ္မ ရတနာပဲ … အဲဒါကို ဖွင့်ဖို့ အတွက် ကောင်းကင် တန်ခိုးရှင်ပဲ တတ်နိုင်လိမ့်မယ်”

အခြား မြေကမ္ဘာ အဆင့် တစ်ယောက်က တုန်ရီစွာ ဆိုလိုက်သည်။

“ဒါမှမဟုတ် … ခန္ဓာကိုယ်ကို စတေးပြီး ဝိညာဉ် ရတနာ တစ်ခုကို နိုးထစေမှ …”

“နောက်ကျသွားပြီ …”

တိမ်ကောင်းကင် အဘိုးအိုက ခေါင်းခါ လိုက်သည်။ သူ၏ မျက်နှာကား သွေးမရှိသည့် အလား ဖြူရော်နေ၏။

“ဟူး … ဟူး …”

တစ်ချိန်တည်း၌ တောင်တစ်လုံး၏ အရွယ်အစား ရှိနေသော မိုးကြိုးငါးခု ချိပ်တံဆိပ်ကား တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

“သွား …”

ချန်းဖန်က လက်ညှိုးအား ညွှန်လိုက်သည်။

“ဘုန်း …”

မိုးကြိုးငါးခု ချိပ်တံဆိပ်က ကမ္ဘာ ပျက်မတတ် မိုးကြိုး စွမ်းအားကို သယ်ဆောင်ကာ အစီအရင် ပေါ်သို့ ကျ၏။ ထိုတိုက်ခိုက်မှုတွင်ပင် အစီအရင်သည် အလုံးစုံ ပျက်စီးကာ မြူနှင်းများ အသွင် ပျောက်ကွယ်သည်။

“ဘုန်း …”

အစီအရင် ပျက်စီးသည်နှင့် ချန်းဖန်က ယွင်ထျန်း နန်းတော် အထက်သို့ ပျံတက်ကာ အောက်သို့ ငုံ့ကြည့်၏။ သူ၏ အေးခဲအလား အေးစက်သော အကြည့်၌ မြေကမ္ဘာ နတ်ဘုရားများ၏ နှလုံးများကား အေးခဲ၍ပင် သွားကြတော့သည်။

***

All Chapters