မြေကမ္ဘာ နတ်ဘုရား တစ်ရာအား သတ်ခြင်း
Vol. 8 Ch. 755
“ဟူး … ဟူး …”
ချန်းဖန်က ညင်သာစွာပင် ကောင်းကင်မှ ဆင်းသက်၏။
ရွှေရောင် အလင်း၏ ကာကွယ်မှု အောက်တွင်ပင် များစွာသော ဒဏ်ရာများက သူ၏ ခန္ဓာကိုယ်၌ ဖြစ်ပေါ် နေရာယူ နေသည်။ ထိုအခိုက်၌ သူ၏ ပုံစံကား မရေ မတွက်နိုင်သော တိုက်ပွဲများကို ဆင်နွှဲခဲ့ရသည့် သံချပ်ကာ ကားတစ်စီးနှင့် ခြားနားခြင်း မရှိတော့ချေ။
“သူ ဒဏ်ရာရနေပြီ … ဒါပေမဲ့ ငါတို့မှာက မြေကမ္ဘာ နတ်ဘုရား တစ်ရာကျော် ရှိသေးတယ် … ဘာမှ ကြောက်စရာ မလိုဘူး”
တိမ်ကောင်းကင် အဘိုးအိုက ချန်းဖန်၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများအား ကြည့်ရင်း အော်ဟစ် လိုက်၏။
“ဟုတ်တယ် … သူ ဆက်ပြီး တိုက်ခိုက် နိုင်တော့မှာ မဟုတ်ဘူး …”
မြေကမ္ဘာ နတ်ဘုရား များစွာက အံကို တင်းတင်းကြိတ်ကာ ချန်းဖန်အား ကြည့်လိုက် ကြသည်။
ထိုအခိုက်၌ ချန်းဖန် အခြေအနေ ဆိုးနေသော အချက်ကား ငြင်းဆန်၍ မရချေ။ သို့သော်လည်း ထိုအရာက သူ့တွင် တိုက်ခိုက် နိုင်စွမ်း မရှိတော့ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူကား ရန်သူများထက် ပိုမို အစွမ်းထက်နေဆဲ ဖြစ်သည်။
“သတ် …”
အကဲစမ်းသည့် အနေဖြင့် ကောင်းကင် မိုးကြိုးဂိုဏ်း၏ အကြီးအကဲ တစ်ဦးက ချန်းဖန်ထံသို့ သူ၏ ဓားမြှောင်ဖြင့် ပစ်ပေါက် လိုက်၏။
“ဟမ့် …”
ချန်းဖန်က နှာခေါင်းရှုံ့ရင်း ထိုဓားမြှောင်အား အင်္ကျီလက်ဖြင့် ပြန်လည် ပုတ်ထုတ် လိုက်သည်။
“ဘုန်း …”
ဓားမြှောင်က လာရာလမ်း အတိုင်း ပြန်ကာ ပိုင်ရှင်၏ နဖူးအား ထိုးဖောက်သည်။ ထိုတန်ပြန် တိုက်ခိုက်မှုတွင်ပင် ကောင်းကင် မိုးကြိုးဂိုဏ်း၏ အကြီးအကဲကား သေဆုံးရ၏။
ချန်းဖန်ကား မြေကမ္ဘာ နတ်ဘုရား တစ်ပါးကို တစ်ကွက် အတွင်း သတ်ဖြတ် လိုက်ပြန်ပြီ ဖြစ်လေသည်။
သို့သော်လည်း တစ်ချိန်တည်း၌ သူ၏ ခန္ဓာမှ အနည်းငယ် လှုပ်ခါသွား၏။ ထိုလှုပ်ခါမှုမှာ မဆို သလောက်သာ ဖြစ်သည့်တိုင် မြေကမ္ဘာ နတ်ဘုရားများ၏ အကြည့်မှ ပြေးလွတ်ခြင်း မရှိချေ။
“သူ တကယ် ဒဏ်ရာ ရနေတာ သတ်ကြဟေ့ …”
မြေကမ္ဘာ နတ်ဘုရားများက တစ်ယောက်ကို တစ်ယောက် အော်ဟစ် ဆော်ဩရင်း ချန်းဖန်အား ဝန်းရံ လိုက်ကြသည်။
“လာကြစမ်း … ဒဏ်ရာ ရနေရင်တောင် မင်းတို့ကို လက်တစ်ဖက်တည်းနဲ့ ငါသတ်နိုင်ပါသေးတယ်”
ချန်းဖန်က တည်ငြိမ်စွာပင် ဆိုလိုက်သည်။ သူ၏ မျက်လုံးများကမူ ဆုံးဖြတ်ချက် ပြတ်သားခြင်းများဖြင့် တလက်လက် တောက်ပနေ၏။
“ဘုန်း …”
ဒုတိယ မြေကမ္ဘာ နတ်ဘုရားက ရှေ့သို့ တိုးကာ တိုက်ခိုက်လိုက်သည်။
သူကား အမတေ ပေါင်းစည်းခြင်း ဂိုဏ်း၏ အကြီးအကဲ တစ်ဦးဖြစ်သော ရှုရှင်းရီ ဖြစ်သည်။ ရှု့ရှင်းရီက လက်တစ်ဖက်အား ဝှေ့ယမ်း လိုက်ရာ အဇူရာ လှိုင်းတစ်ခု ပေါ်ထွက် လာ၏။
အမှန်တကယ်တွင်မူ ထိုအရာမှာ လှိုင်း မဟုတ်ချေ။ ရှုရှင်းရီ ရာစုနှစ်များစွာ လေ့ကျင့် ထားသည့် အမတေ ပေါင်းစည်းခြင်း ချီစွမ်းအားပင် ဖြစ်သည်။
“သွား …”
ရှုရှင်းရီက ချန်းဖန်ထံ လက်ညှိုးညွှန်လိုက်ရာ အမြုတေ ပေါင်းစည်းခြင်းချီက နဂါး တစ်ကောင် အသွင် ပြောင်းလဲ၍ ချန်းဖန်ထံ တိုးဝင်၏။
ထိုအရာကား အမြုတေ ဖွဲ့စည်းခြင်း အဆင့်၏ စွမ်းအား ဖြစ်သည်။ မထင်မှတ်စွာပင် ထင်ရှားခြင်း မရှိသည့် ကျင့်ကြံသူ တစ်ဦးသည် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ ဖြစ်နေခဲ့၏။
သို့သော်လည်း ချန်းဖန်က ဂရုမစိုက်ချေ။ သူက အင်္ကျီလက်အား ဒုတိယ အကြိမ် ဝှေ့ယမ်း လိုက်ပြန်သည်။
“ဘုန်း …”
စွမ်းအင်လှိုင်း နှစ်ခု တွေ့ဆုံရာ၌ လေထုသည် တုန်ရီကာ မိုးကြိုး ပေါက်ကွဲသည့် အသံများ ထွက်ပေါ်လာသည်။
“ဘုန်း …”
ရှုရှင်းရီ၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်စဉ်ကာ သူ၏ အသက်မှာလည်း သာမန် လူထက် အဆ တစ်ထောင်ခန့် မြန်သောနှုန်းဖြင့် အိုမင်းလာ၏။ စက္ကန့်ပိုင်း အတွင်းမှာပင် သူ၏ ပုံစံကား လမ်းပင် မလျှောက်နိုင်သော အဘိုးအို အသွင် ပြောင်းလဲ၍ သွားသည်။
“ဘုန်း …”
တစ်ချိန်တည်းမှာပင် ချန်းဖန်၏ ခန္ဓာကိုယ်သည် တုန်ရီကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရသည်။
“ငါ သင့်ကို အနိုင် မယူနိုင်တာ ရှက်စရာပဲ … ဘာပဲ ဖြစ်ဖြစ် ငါ မသေခင် သင့်လို ကျင့်ကြံသူမျိုးနဲ့ ရင်ဆိုင်ခွင့် ရတဲ့ အတွက် နောင်တ မရဘူး”
ရှုရှင်းရီသည် ပြုံးရင်းပင် သေဆုံး သွားခဲ့သည်။
ဒုတိယ မြေကမ္ဘာ နတ်ဘုရား တစ်ယောက်ကား ကျဆုံးခဲ့ရပြန်ချေပြီ ဖြစ်သည်။
မကြာခင် တတိယနှင့် စတုတ္ထ မြေကမ္ဘာ နတ်ဘုရားတို့ ရှေ့သို့ တက်လာ ကြပြန်၏။ သူတို့ကား မိုးကြိုးတောင်မှ ဘုန်းကြီးအို တစ်ယောက်နှင့် လျှို့ဝှက် အဇူရာ ဂိုဏ်းမှ ချီကျွယ် ဓားသမားတို့ ဖြစ်သည်။
“ဘုန်း … ဘုန်း …”
ချန်းဖန်က လက်သီးနှစ်ချက်ကို ဆင့်ကာ ထိုးလိုက်၏။
ပထမ လက်သီးချက်၌ ဘုန်းကြီးအိုမှာ နောက်သို့ ခြေတစ်ဆယ့် ခုနစ်လှမ်း ဆုတ်လိုက်ရသည်။
သူ၏ ခြေတစ်လှမ်းတိုင်း၌ သွေးများက တရဟော ပန်းထွက် နေ၏။ အဆုံး၌ သူ၏ ခန္ဓာကိုယ် တစ်လုံးမှာ သွေးမြူ အသွင် ပြောင်းလဲ၍ ပေါက်ကွဲသည်။
“ကလန့် …”
ချီကျွယ်ဓားသမားက သူ၏ ဓားပျံ ဆယ့်ခုနစ်လက်အား ပစ်လွှတ်ကာ ချန်းဖန်၏ ဒုတိယ လက်သီးချက်အား တားဆီး လိုက်သည်။ သို့သော်လည်း ထိုလက်သီးချက် တွင်ပင် ဓားများ ပျက်စီးကာ ချီကျွယ်၏ ဦးခေါင်းမှာလည်း ပေါက်ကွဲ၏။
ချန်းဖန်ကား မြေကမ္ဘာ နတ်ဘုရား နှစ်ယောက်ကို လက်သီး နှစ်ချက်ဖြင့် သတ်ဖြတ် လိုက်ပြန်ပြီ ဖြစ်သည်။
ယခုတစ်ကြိမ်၌ နောက်သို့ မဆုတ်လိုက်ရ သော်လည်း သူ၏ ခန္ဓာကိုယ်၌ ဒဏ်ရာ နှစ်ချက် တိုးလာခဲ့၏။
ချန်းဖန်၏ အခြေအနေကို ကြည့်ရင်း မြေကမ္ဘာ နတ်ဘုရားများမှာ ပိုမို ရဲတင်း လာကြသည်။ တိမ်ကောင်းကင် အဘိုးအိုပင်လျှင် ကျေနပ်စွာ ပြုံး၏။
ထို့နောက် များစွာသော မြေကမ္ဘာ နတ်ဘုရားများက ရှေ့သို့ တိုးကာ ချန်းဖန်အား စိန်ခေါ်ကြသည်။
ကိုးယောက်မြောက် စိန်ခေါ်သူကား မြေကမ္ဘာ နတ်ဘုရား ပိုင်ဟယ် ဖြစ်သည်။
သူသည် အရှုံးကို ကြိုတင် သိနေသည့်တိုင် ချန်းဖန်အား နောက်သို့ ခြေတစ်လှမ်း ဆုတ်သည်အထိ အားတင်းကာ တိုက်ခိုက်ခဲ့၏။
ဆယ့်သုံးယောက်မြောက် ကျင့်ကြံသူကား နေလ ဓားတန်ခိုးရှင် ဖြစ်သည်။ သူသည် မူလ အလယ်ဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး မသေဆုံးခင် ချန်းဖန်၏ ပခုံး၌ ဒဏ်ရာ တစ်ခု ချန်ရစ်ခဲ့နိုင်၏။
“တိုက်ပွဲ အစတုန်းက ချန်းပေ့ရွှမ်းရဲ့ နတ်ဘုရား ခန္ဓာက အရမ်းကို အစွမ်းထက်ခဲ့တယ် … အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတွေ ဝိညာဉ် ရတနာကို သုံးပြီး ဝိုင်းတိုက်တာတောင် ဘာမှ မဖြစ်ခဲ့ဘူ … အခု နေလ ဓားတန်ခိုးရှင်ကတောင် သူ့ကို ဒဏ်ရာ ရစေခဲ့တယ် ဆိုတော့ သူရဲ့ ခံနိုင်ရည် စွမ်းအားက လျော့လာတာ သေချာတယ်”
ယွင်ထျန်း နန်းတော်၏ မဟာ အကြီးအကဲ တစ်ဦးက ဆိုလိုက်သည်။
သူ၏ ခန့်မှန်းချက်ကား မှားယွင်ခြင်း မရှိချေ။ ဆယ့်ငါးယောက်မြောက် စိန်ခေါ်သူအား သတ်ဖြတ်ပြီးနောက် ချန်းဖန်၏ ခန္ဓာကိုယ်၌ နောက်ထပ် ဒဏ်ရာ တစ်ခု တိုးလာပြန်သည်။
“ဆယ့်ခြောက်ယောက်မြောက် …”
“ဆယ့်ခုနစ် …”
“ဆယ့်ရှစ် …”
မြေကမ္ဘာ နတ်ဘုရား တစ်ယောက်ကို သတ်ဖြတ်တိုင်း ချန်းဖန်၏ ခန္ဓာကိုယ်တွင် အနည်းဆုံး ဒဏ်ရာ တစ်ခု ပိုမို များပြား လာနေခဲ့၏။
“ဘုန်း …”
ချန်းဖန်က လက်ဝါးဖြင့် သုံးဆယ် ယောက်မြောက် ကျင့်ကြံသူအား ရိုက်သတ် လိုက်သည်။ တစ်ချိန်တည်းတွင် ချန်းဖန်၏ ရင်ဘတ်၌ နက်သော မြားဒဏ်ရာတစ်ခု ပေါ်လာခဲ့၏။
“တော်လောက်ပြီ … အဆုံးသတ် လိုက်ကြရအောင်”
တိမ်ကောင်းကင် အဘိုးအိုက ပြုံးရင်း ဆိုလိုက်သည်။
ယွင်ထျန်း နန်းတော်၏ မဟာ အကြီးအကဲ နှစ်ဦးနှင့် ခွန်ရှု့ နယ်မြေ၏ မြေကမ္ဘာ နတ်ဘုရား ခုနစ်ဆယ်ကျော်က သူ၏ အနောက်၌ ရပ်၏။
“ချန်းပေ့ရွှမ်း … မင်း ဘယ်လောက်ပဲ အစွမ်း ထက်ထက် ခွန်ရှု့ နယ်မြေရဲ့ အင်အားနဲ့ လာယှဉ်ရင်တော့ ဘယ်တော့မှ နိုင်မှာ မဟုတ်ဘူး”
တိမ်ကောင်းကောင် အဘိုးအို၏ မျက်လုံးများက မောက်မာခြင်းများနှင့် ပြည့်နှက် နေသည်။
“ငါ မင်းကို သတ်နိုင်သေးတယ်လို့ ပြောရင် ယုံမလား …”
ချန်းဖန်က ပြုံးရင်း ပြန်လည် မေးလိုက်သည်။
“ဟားဟား …”
တိမ်ကောင်းကင် အဘိုးအိုက အော်ဟစ် ရယ်မောရင်း သူ၏ အနောက်ရှိ မြေကမ္ဘာ နတ်ဘုရား များစွာကို အမိန့်ပေး လိုက်၏။
“သူ့ကို သတ် …”
“ဘုန်း …”
တိမ်ကောင်းကင် အဘိုးအို၏ အမိန့် အောက်၌ ခွန်ရှု့ နယ်မြေ၏ မြေကမ္ဘာ နတ်ဘုရားများကား တညီတညွှတ်တည်း လှုပ်ရှား လိုက်ကြသည်။
“ဟဟ …”
ချန်းဖန်က ဂရုမစိုက်စွာ ရယ်မောလိုက်သည်။
“ဘုန်း …”
ရုတ်တရက် သူ၏ ခန္ဓာကိုယ် အတွင်းမှ သစ်သား ချီများ ပေါက်ကွဲ ထွက်ပေါ်လာကာ အဇူရာ ရောင်စဉ်များ လင်းလက်လာ၏။ ထိုသစ်သားချီ အဇူရာ အလင်းများက ချန်းဖန်၏ ခန္ဓာကိုယ်အား ဖုံးအုပ်၍ ဒဏ်ရာများကို မျက်တောင် တစ်ခပ်စာ အတွင်း ကုသသည်။
“မကောင်းတော့ဘူး …”
တိမ်ကောင်းကင် အဘိုးအို၏ မျက်နှာမှ အပြုံးများကား ရုတ်ခြည်းပင် ကွယ်ပျောက် သွားသည်။
သို့သော်လည်း သူ၏ နားလည် သဘောပေါက်မှုကား နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။
“ဘုန်း …”
ချန်းဖန်၏ ခန္ဓာကိုယ်က မိုးကြိုး စွမ်းအားဖြင့် ပေါက်ကွဲကာ လူကိုယ်၊ နဂါးခေါင်း လိန်ဟူ သားရဲ ပြန်လည် ဖြစ်ပေါ်လာ၏။
“ဘုန်း …”
လိန်ဟူ သားရဲက လေထုအား ဆုပ်ကိုင် လိုက်ရာ ဓားတစ်ချောင်း ဖြစ်ပေါ်လာ၏။
“ကောင်းကင် မိုးကြိုးဓား …”
အနက်ရောင် ဓားအလင်းက လေဟာနယ်ကို ကျော်ဖြတ်ကာ ကောင်းကင်အား ထက်ပိုင်း ပိုင်း၏။
“နောက်ဆုတ် …”
များစွာသော မြေကမ္ဘာ နတ်ဘုရားများက နောက်သို့ ဆုတ်ရန် အသဲအသန် ကြိုးစား လိုက်ကြသည်။
သို့သော်လည်း နောက်ကျ သွားခဲ့ပြီ ဖြစ်၏။
“ဘုန်း …”
အနက်ရောင် ဓားအလင်း၏ ပထမခုတ်ချက်တွင်ပင် မြေကမ္ဘာ နတ်ဘုရား ဆယ့်နှစ်ယောက်၏ ခန္ဓာကိုယ်များ ထက်ပိုင်း ပြတ်သည်။
သို့သော်လည်း ချန်းဖန်ကား ညှာတာခြင်း မရှိချေ။ သူက ဓားကို ကိုင်ရင်း အဆက်မပြတ် ဆက်လက် ခုတ်ထစ်၏။
“ဒုတိယ ဓားချက် …”
“တတိယ ဓားချက် …”
“စတုတ္ထ ဓားချက် …”
ဓားချက် တစ်ခုချင်းစီတိုင်း၌ များစွာသော မြေကမ္ဘာ အဆင့်များ၏ အသက်များကား ပျက်စီးရ၏။
သူတို့ မည်မျှပင် သန်မာ စေကာမူ၊ သူတို့၏ ဓမ္မရတနာများ မည်မျှပင် အစွမ်းထက် စေကာမူ ချန်းဖန်၏ ဓားရှေ့တွင်မူ ကောက်ပင်များအလား ရိတ်လှီးခံရသည်။
“ဟူး … ဟူး …”
ချန်းဖန်၏ ဓားချက်များ ရပ်တန့်သွားသည့် အချိန်၌ ယွင်ထျန်း နန်းတော် တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သလို တစ်ရာသော မြေကမ္ဘာ နတ်ဘုရားများမှာလည်း သေဆုံး သွားခဲ့ရပြီ ဖြစ်လေသည်။
ရင်ပြင်ကျယ် တစ်ခုလုံး၌ ချန်းဖန်နှင့် လုယန်ရွယ်တို့မှ လွဲ၍ တိမ်ကောင်းကင် အဘိုးအိုသာ ကျန်ရစ်တော့သည်။
“...”
ရုတ်တရက် ခွန်ရှု့နယ်မြေ တစ်ခုလုံးကား လေတိုးသံမှ လွဲ၍ တိတ်ဆိတ် သွား၏။
***