သတ်ဖြတ်ခြင်း
Vol. 8 Ch. 756
မြေကမ္ဘာ နတ်ဘုရား တစ်ရာကား သေဆုံး သွားခဲ့ချေပြီ။
ခွန်ရှု့ နယ်မြေနှင့် ဂိုဏ်းကြီး ခုနစ်ဂိုဏ်း၏ စွမ်းအား တစ်ဝက်ကို ကိုယ်စားပြုသော အင်အားကား ယွင်ထျန်း နန်းတော်၌ ကျဆုံးခဲ့ရလေပြီ ဖြစ်သည်။
“ကြောက်ဖို့ ကောင်းလိုက်တာ …”
မရေ မတွက်နိုင်သော လူများသည် အပေါ်သို့ မော့ကြည့် လိုက်ကြသည်။ သွေးမိုးများသည် ရွာသွန်းနေပြီး သရဲ တစ္ဆေများသည် ငိုကြွေးနေကြ၏။
သို့သော်လည်း ချန်းဖန်က ထိုအရာများကို ဂရုစိုက်ခြင်း မရှိချေ။ သူက တိမ်ကောင်းကင် အဘိုးအို ရှိရာသို့ တစ်လှမ်းချင်း လျှောက်လာ၏။
“မဖြစ်နိုင်ဘူး … မင်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတာလေ”
တိမ်ကောင်းကင် အဘိုးအိုက နောက်သို့ ဆုတ်ရင်း တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။ ထိုအချိန်၌ သူ၏ မောက်မာမှု၊ တည်ငြိမ်မှုများကား ဆက်လက် တည်ရှိခြင်း မရှိတော့ချေ။
“ငါ့ စွမ်းအားကို နားလည်နိုင်တဲ့ အရည်အချင်း မင်းမှာ မရှိဘူး …”
ချန်းဖန်က အေးစက်စွာ ဆိုလိုက်၏။
“ပြန်လည် မွေးဖွားခြင်း …”
ထိုအရာကား ချန်းဖန် အဇူရာ သက်ရှည် ခန္ဓာ လေ့ကျင့်ခြင်းမှ ရရှိထားသည့် နတ်ဘုရား စွမ်းအား ဖြစ်သည်။
ပြန်လည် မွေးဖွာခြင်း နတ်ဘုရား စွမ်းအားသည် “အချိန် ကုန်လွန်ခြင်း” နတ်ဘုရား စွမ်းအားခန့် အစွမ်း မထက်သည့်တိုင် အလွန်အမင်း လျှို့ဝှက် ဆန်းကျယ်၏။
စကြဝဠာ အတွင်း၌ ပြန်လည် မွေးဖွားခြင်း နတ်ဘုရား စွမ်းအားကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများသည် တိုက်ပွဲ၌ ခန္ဓာနှင့် နတ်ဘုရား စိတ်ဝိညာဉ် ပျက်စီးသွားလျှင်ပင် ဒုတိယနှင့် တတိယ အသက်များကို ပြန်လည် ဖွဲ့စည်း နိုင်ကြသည်။
သို့သော်လည်း ချန်းဖန်သည် ယခုမှ မူလ အလယ်ဆင့်သို့ ရောက်ရှိသေးရာ သူ့အနေဖြင့် အသက် အသစ်တစ်ခုအား ဖွဲ့စည်းနိုင်ဦးမည် မဟုတ်ချေ။
အချိန်တို အတွင်း အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရုံလောက်သာ စွမ်းအင်များကို စုစည်းနိုင်သည်။
“မင်းကို ဘယ်လိုမှ သတ်မရဘူး ဆိုတာ ငါ မယုံဘူး”
တိမ်ကောင်းကင် အဘိုးအိုက ဖြူရော်သော မျက်နှာဖြင့် လက်သီး တစ်ချက်အား ပစ်လွှတ် လိုက်သည်။
“ဘုန်း …”
လက်သီးမှ ထွက်ပေါ်လာသော အစစ်အမှန် အမြုတေက နဂါး တစ်ကောင်၏ အသွင်ကို ယူကာ ချန်းဖန်အား တိုက်ခိုက်၏။
“ကလန့် …”
ချန်းဖန်က လက်ညှိုးအား ဆန့်ထုတ်ရင်း ဓားသဖွယ် ခုတ်ထစ်လိုက်သည်။
“ဘုန်း …”
လက်ညှိုးက နဂါးအား ဖောက်ခွဲကာ တိမ်ကောင်းကင် အဘိုးအိုထံသို့ တိုးဝင်လေ၏။
“ဘုန်း …”
လက်ညှိုး၏ ထိုးနှက်မှု၌ တိမ်ကောင်းကင် အဘိုးအိုကား နောက်သို့ အရှိန်ပြင်းစွာ လွင့်စဉ်သည်။ အဆောက်အဦ တစ်ဒါဇင်ခန့်ကို တိုက်ဖျက် ကျော်ဖြတ်ပြီးမှ သူသည် ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းသိမ်း နိုင်တော့၏။
“ဘုန်း …”
တိမ်ကောင်းကင် အဘိုးအို ခန္ဓာ ဟန်ချက်ကို ပြန်လည် ထိန်းနိုင်ချိန်၌ ချန်းဖန်က သူ၏ နံဘေးသို့ ရောက်ရှိနေပြီး ဖြစ်သည်။ သူက သွေးများ တစ်ကိုယ်လုံး စိုရွှဲနေသော အဘိုးအိုအား ကြည့်ကာ ဆိုလိုက်၏။
“ခု အချိန်မှာ ငါ့ရဲ့ အကောင်းဆုံး စွမ်းအားက ဆုတ်ယုတ်ပြီး အားနည်းနေတာ မှန်တယ် … ဒါပေမဲ့ အဲဒီ အားနည်းတဲ့ စွမ်းအားကတင် မင်းကို သတ်ဖို့ လုံလောက်နေပြီ”
ပြန်လည် မွေးဖွားခြင်း နတ်ဘုရား စွမ်းအားသည် အမှန်တကယ်ပင် လျှို့ဝှက် ဆန်းကြယ်သော ထိပ်တန်း နတ်ဘုရား စွမ်းအား တစ်ခု ဖြစ်သည်။
သို့သော်လည်း ကံမကောင်းသည်ကား သူ၏ ကျင့်ကြံခြင်း အဆင့်မှာ အလွန်တရာ နိမ့်ကျ နေခြင်းပင် ဖြစ်သည်။
သူသည် ပြန်လည် မွေးဖွားခြင်းဖြင့် ကျင့်ကြံခြင်း စွမ်းအားကို အတင်းအကြပ် ပြန်လည် ယူဆောင်ခဲ့သည့်တိုင် ဒဏ်ရာများ ပြန်လည် ကောင်းရန် အတွက်မူ သုံးလခန့် အနားယူ ရလိမ့်မည် ဖြစ်သည်။
“ချန်းပေ့ရွှမ်း … မင်းက နိုင်ပြီလို့ ထင်နေတာလား”
တိမ်ကောင်းကင် အဘိုးအိုက အော်ဟစ် ရယ်မော လိုက်သည်။
“ခွန်ရှု့ နယ်မြေက တန်ခိုးရှင် နယ်မြေ … ယွင်ထျန်း နန်းတော်က ခွန်ရှု့ နယ်မြေရဲ့ အုပ်ချုပ်သူ … ယွင်ထျန်း နန်းတော် ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ မင်းရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို ဖျက်ဆီးပြီး ငါ သက်သေပြရမှာပေါ့”
“ဘုန်း …”
ရုတ်တရက် ပေါက်ကွဲသံနှင့် အတူ ယွင်ထျန်း နန်းတော်က တောက်ပသော ရွှေရောင် အလင်းများကို ထုတ်လွှတ်၏။ ထို့နောက် နန်းတော်အိုကြီးကား အသက်ဝင် လှုပ်ရှားလာသည်။
“ဒါက …”
လူတိုင်းသည် ဆွံ့အ သွားကြ၏။
ဒဏ္ဍာရီများ အရ ယွင်ထျန်း နန်းတော်သည် ဓမ္မရတနာ ဖြစ်ကြောင်းမှာ လူတိုင်း သိကြသည့်အရာ ဖြစ်သည်။ သို့သော်လည်း နှစ်ထောင်ချီ အတောအတွင်း၌ ထိုအရာက အနည်းငယ်ပင် လှုပ်ရှားခြင်း မရှိခဲ့ပဲ ယခုမှသာ ပထမဆုံး အကြိမ်အဖြစ် နိုးထခဲ့ခြင်း ဖြစ်သည်။
“ဘုရားရေ … ယွင်ထျန်း နန်းတော်ကလည်း တကယ့်ကို ဝိညာဉ် ရတနာ တစ်ခုပဲကိုး … ကြည့်ရတာ အဲဒါက ထျန်းရွှမ်ဓား မိုးကြိုးဗုံတို့ ထက်တောင် ပိုပြီး အစွမ်းထက်မဲ့ပုံပဲ”
တစ်စုံတစ်ယောက်က အလန့်တကြား အော်ဟစ် လိုက်သည်။
ကျင့်ကြံခြင်း လောကတွင်မူ ယွင်ထျန်း နန်းတော်ကဲ့သို့ ကြီးမားသော ဝိညာဉ်ရတနာများမှာ အဆန်း မဟုတ်ချေ။ ကျင့်ကြံသူတိုင်း လိုလို၌ ရှိတတ်သော အရာ ဖြစ်သည်။
“ဘုန်း …”
တိမ်ကောင်းကင် အဘိုးအို၏ ပတ်လည်၌ တိမ်များ၊ မီးခိုးများက ထူထပ်စွာ စုစည်း ဖြစ်ပေါ် လာသည်။
ယွင်ထျန်း နန်းတော်၏ စွမ်းအား ထောက်ပံ့မှုတွင် တိမ်ကောင်းကင် အဘိုးအို၏ ကျင့်ကြံခြင်း အဆင့်သည် ချက်ချင်းပင် အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကို ပြန်လည် ရောက်ရှိလာ၏။ သို့သော်လည်း သူက ရပ်တန့်ခြင်း မရှိဘဲ ရွှေအမြုတေ အဆင့်နှင့် နီးကပ်လာသည် ယွင်ထျန်း နန်းတော်၏ စွမ်းအားကို ဆက်လက် စုပ်ယူသည်။
“ရှုံးနိမ့်စမ်း …”
တိမ်ကောင်းကင် အဘိုးအိုက အော်ဟစ်ရာ အဆုံးမဲ့ စွမ်းအားများ ထွက်ပေါ်လာ၏။
“သွား …”
တစ်ချိန်တည်း၌ ချန်းဖန်က အော်ဟစ်ရင်း သူ၏ ခြေထောက်အား ဆောင့်ချ လိုက်သည်။
“ဘုန်း … ဘုန်း …”
သူ၏ ခန္ဓာကိုယ် အတွင်းမှ စွမ်းအားနှင့် အလင်းတန်းများ ပြင်းထန်စွာ ပေါက်ကွဲ ထွက်ပေါ်လာသည်။
ထိုအခိုက်၌ ချန်းဖန်၏ ပုံစံကား အစစ်အမှန် နတ်ဘုရား တစ်ပါးနှင့် ကွာခြားခြင်း မရှိတော့ချေ။
တိမ်ကောင်းကင် အဘိုးအိုနှင့် ယွင်ထျန်း နန်းတော်တို့ မည်မျှပင် အစွမ်းထက် စေကာမူ ထိုနတ်ဘုရားက ခြေဖနှောင့် တစ်ချက်ဖြင့် အရာရာအား ဖျက်ဆီး ချေမှုန်း နိုင်မည့်ပုံ ပေါ်၏။
“အစစ်အမှန် ခွန်အား နတ်ဘုရား စွမ်းအား”
ထိုနတ်ဘုရား စွမ်းအားကား ခွန်ပန်၏ ကျော်ကြားသော တိုက်ခိုက်ရေး စွမ်းအား တစ်ခုဖြစ်သည်။ အဆုံးမဲ့ စကြဝဠာ အတွင်း၌ ခွန်ပန်များသည် ထိုနတ်ဘုရား စွမ်းအားကို သုံးကာ ဂလက်စီများကိုပင် ဖျက်ဆီး ကြ၏။
“ဘုန်း … ဘုန်း …”
ထိုအချိန်မှာပင် ယွင်ထျန်း နန်းတော်၏ နံရံများကား ပိုမို၍ တောက်ပလာသည်။ ၎င်းက အဆုံးမဲ့ အလင်းတန်းများကို ကောင်းကင်သို့ ထုတ်လွှတ်ရာ မိုးကြိုး ထစ်ချုန်းသံများပင် ကြားရ၏။
“ဟမ့် …”
ချန်းဖန်က ယွင်ထျန်း နန်းတော်အား ကြည့်ကာ ဆိုလိုက်သည်။
“မင်းလို ဝိညာဉ် ရတနာမျိုးကို အဆင့်မြင့် ကျင့်ကြံသူကပဲ ထိန်းချုပ်သင့်တယ် … အခုလို အသုံးမကျတဲ့ လူရဲ့ ထိန်းချုပ်မှု အောက်မှာ ဆိုရင် ပေတစ်ရာလောက် ရွှေ့တာနဲ့ အထဲမှာ ရှိတဲ့ လူတွေရဲ့ အသက်ဓာတ် စွမ်းအားတွေ အကုန် ကုန်ခမ်း သွားလိမ့်မယ် … မင်းက ကိုယ်ပိုင် စွမ်းအားကို အသုံးပြုပြီး တိုက်ခိုက်မယ် ဆိုရင်တောင် ငါက မင်းရဲ့ အမြုတေကို ရှာဖွေပြီး မင်းရဲ့ မှတ်ဉာဏ်ကို ဖျက်ပစ် နိုင်သေးတယ်”
ယွင်ထျန်း နန်းတော်သည် တစ်ချက် တုန်လှုပ်ကာ တုန့်ဆိုင်း သွား၏။ ၎င်းနောက် မီးခိုးများ၊ အလင်းများက စတင်ကာ ကြဲပြန့်သည်။
“မဖြစ်နိုင်ဘူး … မဖြစ်နိုင်ဘူး … ဘာလို့ ငါ့ရဲ့ ဝိညာဉ် ရတနာက ငါ့အမိန့်ကို မနာခံတာလဲ”
ထိုမြင်ကွင်းကို ကြည့်ရင်း တိမ်ကောင်းကင် အဘိုးအိုမှာ အေးခဲသွား၏။
သူ ချန်းဖန်အား ရင်ဆိုင်ရဲခဲ့ခြင်းမှာ သူ့တွင် ယွင်ထျန်း နန်းတော် ရှိနေသောကြောင့် ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ယွင်ထျန်း နန်းတော်သည် ချန်းဖန်အား ကြောက်လန့်ကာ သူ၏ အမိန့်ကို သွေဖီ ခဲ့သည်။
“အစစ်အမှန် ဝိညာဉ် ရတနာတွေက ကိုယ်ပိုင် အသိစိတ် ရှိပြီးတော့ ဘယ်လို ရွေးချယ်မှုတွေ လုပ်ရမယ် ဆိုတာ သိကြတယ် … ထျန်းရွှမ်ဓားက အစစ်အမှန် ဝိညာဉ် ရတနာ မဟုတ်သေးဘူး … သူက အသိစိတ် ဖွံ့ဖြိုးလာဖို့ အချိန် လိုသေးတယ်”
ချန်းဖန်က အေးအေးဆေးဆေးပင် ရှင်းပြလိုက်သည်။ ထို့နောက် သူက တိမ်ကောင်းကင် အဘိုးအိုအား ကြည့်ကာ မေးလိုက်၏။
“မင်း အခု ဘာပြောချင်သေးလဲ”
“ကျင့်ကြံသူချန်း … ကျုပ် သင့်ကို နှစ်ထောင်ပေါင်း များစွာ အတွင်း ယွင်ထျန်း နန်းတော် စုထားတဲ့ ရတနာတွေ ဝိညာဉ် ကျောက်တုံးတွေ အားလုံး ပေးပါ့မယ် … ကျုပ် အသက်ကို ချမ်းသာ ပေးပါ”
တိမ်ကောင်းကင် အဘိုးအို၏ အမူအရာက ချက်ချင်းပင် အမိန့် နာခံတတ်သော လက်အောက် ငယ်သား တစ်ယောက်၏ ပုံစံသို့ ပြောင်းလဲသွားသည်။
မရေမတွက်နိုင်သော ခွန်ရှု့ နယ်မြေသားတို့မှာ ထိုမြင်ကွင်းကို ကြည့်ကာ ဝမ်းနည်းမှုအား ခံစားရ၏။
တိမ်ကောင်းကင် အဘိုးအိုကား ခွန်ရှု့ နယ်မြေကို စိုးမိုးသော ယွင်ထျန်း နန်းတော်၏ ဂိုဏ်းချုပ် ဖြစ်သည်။ သူပင်လျှင် ချန်းဖန်ထံ၌ အညံ့ခံနေရပြီ ဖြစ်ရာ မည်သူက ချန်းဖန်အား အနိုင်ယူ နိုင်တော့မည်နည်း။
“စိတ်မဝင်စားဘူး …”
ချန်းဖန်က သူ၏ ခြေထောက်အား မြှောက်ကာ တိမ်ကောင်းကင် အဘိုးအို၏ ဦးခေါင်းအား နင်းချေ ပစ်လိုက်၏။
“ … ”
မရေမတွက်နိုင်သော လူများမှာ ဆွံ့အ သွားကြသည်။ ယွင်ထျန်း နန်းတော်၏ ဂိုဏ်းချုပ်က ထိုသို့ လွယ်ကူစွာ သေဆုံးသွားသည်လား။
တိမ်ကောင်းကင် အဘိုးအိုအား သတ်ဖြတ် ပြီးနောက် ချန်းဖန်က ယွင်ထျန်း နန်းတော်ဆီသို့ ကြည့်လိုက်သည်။
“ငါမင်းရဲ့ တပည့်တွေ အားလုံးကို သတ်ဖြတ် ထားတာတောင် မင်းက အခုထိ ပုန်းနေတုန်းလား … ငါ မင်းကို တွေ့ဖို့ နန်းတော်ထဲကို ဝင်လာရမှာလား”
လူတိုင်းက နားမလည်စွာပင် နန်းတော်အား ကြည့်လိုက်ကြ၏။
“ဟင်း …”
ရုတ်တရက် ယွင်ထျန်း နန်းတော် အတွင်းမှ သက်ပြင်းချသံ သဲ့သဲ့ ပေါ်ထွက်လာ၏။
***