မဟာ နတ်ဘုရား စွမ်းအား
Vol. 8 Ch. 758
ချန်းဖန်သည် အတိတ်ဘဝ၌ ရွှေအမြုတေ အဆင့်သို့ ရောက်ရှိခဲ့ဖူးရာ ထိုအဆင့်၏ စွမ်းအားကို ကောင်းစွာသိ၏။ ထို့ကြောင့်ပင် သူသည် မူလအဆင့်နှင့် ရွှေအမြုတေ အဆင့်နှစ်ခု မည်မျှ ကွာခြားကြောင်း နားလည်သည်။
“ကလန့် …”
ကောင်းကင် မိုးကြိုးဓားသည် ဟင်းလင်းပြင် တစ်ခုကို ဖန်တီးကာ အမှောင် စွမ်းအားများဖြင့် ပြည့်နှက်စေလျှက် ယွင်ထျန်းရွှမ်ထံသို့ တိုးဝင်၏။
ထိုတိုက်ခိုက်မှုကား မည်သည့် မူလ အဆင့်ကိုမဆို သတ်ဖြတ်နိုင်စွမ်း ရှိသည်။ ဝိညာဉ် ရတနာများမှ လွဲ၍ မည်သည့် အရာကမျှ ဟင်းလင်းပြင် စွမ်းအားကို ခုခံနိုင်မည် မဟုတ်ချေ။
သို့သော်လည်း ယွင်ထျန်းရွှမ်သည် လက်တစ်ဖက်ကိုသာ ဆန့်ထုတ်၍ ချန်းဖန်၏ တိုက်ခိုက်မှုကို အသာအယာ တားဆီး လိုက်သည်။
“ဘုန်း ... ဘုန်း ... ဘုန်း …”
ချန်းဖန်သည် ဟင်းလင်းပြင် စွမ်းအားကို သုံး၍ ဆယ်ကြိမ်တိုင်တိုင် တိုက်ခိုက်သည့်တိုင် ယွင်ထျန်းရွှမ်၏ လက်တစ်ဖက်အား ကျော်လွန်နိုင်ခြင်း မရှိချေ။
“ဟ ... ဟ …”
ယွမ်ထျန်းရွှမ်က အေးစက်စက် ရယ်ရင်း သူ၏ လက်သီးကို ဆုပ်လိုက်သည်။ ထို့နောက် သူက ထိုလက်သီး၌ အမှောင် စွမ်းအားကို ပေါင်းထည့်ကာ ထိုးနှက် လိုက်၏။
“ဘုန်း …”
လက်သီးက ကမ္ဘာ၏ အလေးချိန်ကို သယ်ဆောင်ကာ ထွက်ပေါ်လာသည်။ လက်သီး၏ အောက်၌ ကမ္ဘာလောက တစ်ခွင်ကား ရုတ်ချည်းပင် ညအလား မည်းမည်းမှောင် သွား၏။
“ကလန့် …”
အမှောင်ထု၏ စိုးမိုးမှု အောက်၌ ချန်းဖန်သည် သူ၏ ဘေးပတ်လည်ရှိ ဒြပ်စင်များမှာ သူ့အား ဆန့်ကျင် နေသည့်အလား ခံစားနေရသည်။
သူ၏ စိတ်နှလုံးတွင်မူ ယွင်ထျန်းရွှမ်သည် ကမ္ဘာလောက၏ အရှင်သခင်တစ်ပါး ဖြစ်ပြီး သူ ကိုယ်တိုင်မှာ နတ်ဆိုး တစ်ယောက်သာ ဖြစ်သည် ဟူသော အတွေးက စိုးမိုးလာ၏။
“ဒါတွေက အစစ်အမှန် မဟုတ်ဘူး …”
“ဒါတွေက အစစ်အမှန် မဟုတ်ဘူး …”
ချန်းဖန်က စိတ်ကို စုစည်းရင်း နတ်ဘုရား စိတ်ဝိညာဉ်ကို ပြန်လည် တည်ငြိမ်ရန် ကြိုးစားလိုက်သည်။
“ကလန့် …”
ရုတ်တရက် ချန်းဖန်၏ ခန္ဓာကိုယ် အတွင်းမှ အနက်ရောင် အလင်းတန်း တစ်ခု ပေါ်ထွက်လာကာ မိုးကြိုးဓား တစ်ချောင်း အသွင်ဖြင့် ဖွဲ့စည်း၏။
“ပျက်စီးစမ်း …”
ချန်းဖန်က ထိုမိုးကြိုးဓားကို ကိုင်၍ လေထုအား ခုတ်ပိုင်းရာ ယွင်ထျန်းရွှမ်၏ အမှောင် စွမ်းအားမှာလည်း ပျက်စီး၏။
“ဟီး ... ဟီး …”
ယွင်ထျန်းရွှမ်က ဂရုမစိုက်စွာပင် ဒုတိယ လက်သီးတစ်ချက်ကို ထပ်မံကာ ထိုးလိုက်သည်။
“ဘုန်း …”
ထိုလက်သီးက မိုးကြိုးဓား၊ မာကျူရီ ဝတ်စုံနှင့် ရွှေရောင် မီးတောက် အကာအကွယ်တို့အား ချိုးဖျက်ကာ ချန်းဖန်၏ ရင်ဘတ်ကို ထိသည်။
“ဘုန်း …”
လက်သီး၏ ထိုးနှက်မှုတွင် ချန်းဖန်၏ ခန္ဓာကိုယ်မှာ နောက်သို့ အရှိန်ပြင်းစွာ လွင့်စဉ် သွား၏။ သူကား တောင်စဉ်တန်း သုံးခုအား ထုတ်ချင်းပေါက် ကျော်ဖြတ်ပြီးမှ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းနိုင်ခဲ့သည်။
“ဘုန်း …”
ယွင်ထျန်းရွှမ်က ရပ်တန့်ခြင်း မရှိပဲ ချန်းဖန်၏ အပေါ်သို့ ပျံတက်ကာ ခြေထောက်ဖြင့် ဆောင့်နင်း လိုက်သည်။
“ဘုန်း …”
ရုတ်တရက် ကြီးမားသော ခြေထောက်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ထိုခြေထောက်ကြီးက သန့်စင်သော ချီစွမ်းအားကို သယ်ဆောင်ကာ ချန်းဖန်အား ကောင်းကင်မှ ကန်ချသည်။
ချန်းဖန်၏ အမူအရာကား အလွန်ပင် တည်ငြိမ်နေပြီ ဖြစ်သည်။
“ဖွင့်စမ်း …”
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အခြား ဓားအလင်းတစ်ခု ဖြစ်ပေါ်လာသည်။
“ကောင်းကင် မိုးကြိုးဓား ဒုတိယ ပုံစံ …”
“ယင်နှင့် ယန်ကို ထက်ပိုင်းပိုင်းခြင်း …”
ကောင်းကင် မိုးကြိုးဓား၏ပုံစံ ကိုးခု အနက်တွင် ဒုတိယ ပုံစံသည် အကာအကွယ်ကို အထူး ပြုသည်။ ၎င်းသည် ကမ္ဘာလောက အတွင်းရှိ “ယင်နှင့် ယန် စွမ်းအား” တိုင်းကို ထက်ပိုင်းပိုင်းနိုင်သည်။
“ဘုန်း …”
ကြီးမားသော ခြေထောက်ကြီးသည် အတားအဆီး မှန်သမျှကို နင်းခြေ၍ ချန်းဖန် အပေါ်သို့ ကျသည်။
“ဘုန်း …”
သို့သော်လည်း ချန်းဖန်သည် ဓားအလင်းနှင့်အတူ ခြေထောက်ကြီးကို ထိုးခွဲရင်း ကောင်းကင်သို့ ပျံတက်၏။ သို့တိုင်အောင် ရွှေအမြုတေ အဆင့်၏ ဖိအားအောက်၌ သူ၏ အရိုး အချို့ကား ကျိုးကြေနေခဲ့ပြီ ဖြစ်လေသည်။
ချန်းဖန်ကား သူ၏ ရန်သူကို အမှန်ပင် အထင်သေးခဲ့မိသည်။
ယွင်ထျန်းရွှမ်သည် အစွမ်းထက် နည်းစနစ်၊ ကျင့်စဉ်များစွာကို မပိုင်ဆိုင် ထားသည့်တိုင် သူ၏ ကျင့်ကြံခြင်း အဆင့်မှာမူ ရွှေအမြုတေ အစောပိုင်း အဆင့် ဖြစ်သည်။
သို့ဖြစ်ရာ သူ ထုတ်လွှတ်နိုင်သည့် အစစ်အမှန် အမြုတေ စွမ်းအားမှာ ချန်းဖန်၏ ကိုင်တွယ်နိုင်စွမ်းထက် များစွာ ကျော်လွန်နေခဲ့၏။
“မင်းက ဆက်ပြီး ခုခံရဲသေးတယ်ပေါ့”
ယွင်ထျန်းရွှမ်က ချန်းဖန်အား ဂရုမစိုက်စွာပင် ကြည့်လိုက်သည်။
ရွှေအမြုတေ အဆင့်နှင့် မူလ အဆင့်ကြားမှ ကွာခြားချက်မှာ သေမျိုး တစ်ယောက်နှင့် တန်ခိုးရှင် တစ်ယောက်၏ ကွာခြားချက်ကဲ့သို့ ကြီးမား၏။ မူလအဆင့် အယောက်တစ်ရာ ပေါင်းလျှင်ပင် ရွှေအမြုတေ အဆင့်၏ ဆံချည်တစ်မျှင်ကို ထိခိုက်အောင် လုပ်နိုင်မည် မဟုတ်ချေ။
“လာစမ်း …”
ချန်းဖန်က အော်ဟစ် အမိန့်ပေး လိုက်ရာ မိုင်ပေါင်း များစွာ အတွင်းရှိ အစိမ်းရောင် စွမ်းအားများက စုစည်းလာသည်။ ထိုစွမ်းအားများက လျင်မြန်စွာပင် ချန်းဖန်၏ ခန္ဓာကိုယ်အတွင်း တိုးဝင်ကာ ကျိုးကြေသော အရိုးနှင့် ဒဏ်ရာများအား ကုသသည်။
“ဘုန်း …”
မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်းဖန်၏ ခန္ဓာကိုယ်သည် ရွှေရောင် အလင်းများဖြင့် တောက်ပလာ၍ အကောင်း ပကတိ ပြန်လည် ဖြစ်လာ၏။
“ပြန်လည်မွေးဖွာခြင်း …”
ချန်းဖန်ကား သူ၏ နတ်ဘုရား စွမ်းအားကို ဒုတိယအကြိမ် ပြန်လည် အသုံးပြု လိုက်ရပြန်ပြီ ဖြစ်သည်။ ထိုနည်းလမ်းကို အသုံးပြုခြင်းဖြင့် ဒဏ်ရာ ကုသခြင်း ကာလတွင် ရက်အချို့ ထပ်ပေါင်းထည့်လိုက်ရပြီ ဖြစ်သော်လည်း သူ့တွင် အခြား ရွေးချယ်စရာ မရှိခဲ့ချေ။
“ရတနာ ခန္ဓာ ... မဟုတ်သေးဘူး ... အဲဒါက ကောင်းကင် ခန္ဓာပဲ ... ဒါဆို မင်းက ကောင်းကင်ခန္ဓာ ကျင့်စဉ် တစ်ခုကို လေ့ကျင့်ထားတာပေါ့”
ချန်းဖန်အား ကြည့်၍ ယွင်ထျန်းရွှမ်၏ မျက်လုံးများက ဝင်းလက် တောက်ပ သွား၏။
“ရှေးဟောင်း ဒဏ္ဍာရီတွေ အရဆို စကြဝဠာထဲမှာ ရှိတဲ့ အင်အား အကြီးဆုံး မျိုးနွယ်တွေ၊ ဂိုဏ်းကြီးတွေမှာပဲ ကောင်းကင်ခန္ဓာ ကျင့်စဉ်တွေ ရှိတယ်တဲ့ ... ငါ့အတွက် ဒီလို လက်ဆောင် ယူလာပေးတဲ့ အတွက် မင်းကို ကျေးဇူးတင်ရတော့မှာပေါ့”
ယွင်ထျန်းရွှမ်က အော်ဟစ် ရယ်မော လိုက်သည်။
ယွင်ထျန်းရွှမ်သည် ချန်းဖန်၏ ခန္ဓာမှာ ဒြပ်စင် ငါးမျိုးဂိုဏ်း၏ အဇူရာ သက်ရှည်ခန္ဓာ ဖြစ်ကြောင်း မသိသော်လည်း ထိုခန္ဓာကို ရလျှင် နောင်နှစ်ပေါင်းများစွာတိုင် ဆက်လက် နေထိုင် ရှင်သန်နိုင်မည် ဖြစ်ကြောင်းကိုမူ သူ ကောင်းစွာ သိ၏။
“ကလေး ... ငါ မင်းကို ချက်ချင်း သတ်ပစ်ဖို့ တွေးထားခဲ့တာ ... ဒါပေမဲ့ အခုတော့ မင်းရဲ့ လျှို့ဝှက်ချက်တွေကို မတွေ့မချင်း မင်းရဲ့ ဝိညာဉ်ကို ရှာဖွေရဦးမှာပေါ့”
ယွင်ထျန်းရွှမ်က ချန်းဖန်ကို ကြည့်ရင်း အေးစက်စွာ ဆိုလိုက်သည်။
“ဟမ့် ... မင်းက ငါ့ကို နိုင်မယ်လို့ ထင်နေတာလား”
ချန်းဖန်က နှာခေါင်းရှုံ့လိုက်၏။
“ဘုန်း …”
တစ်ချိန်တည်းတွင် အရောင် ငါးမျိုး လင်းလက်နေသော မိုးကြိုးငါးခု ချိပ်တံဆိပ်သည် သူ၏ ခေါင်းအထက်၌ ပေါ်လာခဲ့သည်။
“မဟာ ဒြပ်စင်ငါးခု မိုးကြိုး လာစမ်း …”
ချန်းဖန်က လက်နှစ်ဖက်ကို ဖမ်းဆုပ်ရာ အဖြူနှင့် အနက်ရောင် အလင်းတန်း တစ်ခု ပေါ်ထွက်လာ၏။
“နောက်ထပ် နတ်ဘုရား စွမ်းအား တစ်ခုပါလား …”
ယွင်ထျန်းရွှမ်၏ မျက်လုံးမှ လောဘများမှာ ပိုမို ရီဝေလာခဲ့သည်။
“ဟီးဟီး …”
သူက ရယ်မောရင်း လက်ကို ဝှေ့ယမ်း၍ ရွှေရောင် အလင်းတန်းများကို ပစ်လွှတ် လိုက်သည်။ ထိုအလင်းတန်း တစ်ခုချင်းစီက မြေကမ္ဘာ အဆင့် တစ်ယောက်ကို သတ်ပစ်နိုင်သည့် အင်အားဖြင့် ချန်းဖန်ထံသို့ တိုးဝင်ကြ၏။
ထိုအရာများကား ယွင်ထျန်းရွှမ်၏ ရွှေအမြုတေ အစစ်အမှန် အမြုတေများ ဖြစ်သည်။
“ဘုန်း ... ဘုန်း …”
အလင်းတန်းများ၏ တိုးဝင်မှုတွင် ချန်းဖန်၏ မဟာဒြပ်စင်ငါးခု မိုးကြိုးမှာ တစ်ဝက်ခန့် ပျက်စီး သွား၏။
သို့သော်လည်း ယွင်ထျန်းရွှမ်က ရပ်တန့်ခြင်း မရှိဘဲ တိုက်ခိုက်မှုကို နှစ်ဆ တိုးမြှင့်ကာ ရွှေရောင် အလင်းတန်းများကို ဆက်လက် ပစ်လွှတ်သည်။
“ဘုန်း ... ဘုန်း ... ဘုန်း …”
အဆုံး၌ ချန်းဖန်၏ မဟာဒြပ်စင်ငါးခု မိုးကြိုးမှာ ရွှေရောင် အလင်းများ၏ ဖိနှိပ်မှု၌ အဆုံးတိုင် ပျက်စီး၏။
ချန်းဖန်က မိုးကြိုးငါးခု ချိပ်တံဆိပ်ကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ မိုးကြိုးငါးခု ချိပ်တံဆိပ်မှာ ဝိညာဉ် ရတနာတစ်ခု မဟုတ်ရာ ရွှေအမြုတေ အဆင့်ကို မည်ကဲ့သို့ ယှဉ်ပြိုင် တိုက်ခိုက် နိုင်ပါမည်နည်း။
“သွား …”
ယွင်ထျန်းရွှမ်က ရွှေရောင်ဓား တစ်ချောင်းကို ဆင့်ခေါ်၍ မိုးကြိုးငါးခု ချိပ်တံဆိပ်အား ခုတ်ပိုင်း လိုက်သည်။
“ဘုန်း …”
မိုးကြိုးငါးခု ချိပ်တံဆိပ်နှင့်အတူ ချန်းဖန်၏ ခန္ဓာကိုယ်က မြေကြီး အတွင်းသို့ ပြင်းစွာ နစ်ဝင်၏။
“ဒူးထောက်ပြီး တောင်းပန် ... ငါ မင်း အသက်ကို ချမ်းသာပေးမယ်”
ယွင်ထျန်းရွှမ်က ချန်းဖန်၏ အနားသို့ ဖြည်းညင်းစွာ ချည်းကပ်လာသည်။
“ဟမ့် …”
ချန်းဖန်က နှာခေါင်းရှုံ့ရင်း အားတင်းကာ ထရပ်လိုက်၏။ ထို့နောက် သူက “ပြန်လည် ဝင်စားခြင်း” နတ်ဘုရား စွမ်းအားကို သုံးကာ ဒဏ်ရာများအား ပြန်လည် ကုစား လိုက်ပြန်သည်။
“ဘုန်း ... ဘုန်း ... ဘုန်း …”
ထို့နောက် သူက များစွာသော ကျင့်စဉ်၊ နတ်ဘုရား စွမ်းအားများကို ဖော်ထုတ်ကာ ရန်သူအား အဆက်မပြတ် တိုက်ခိုက် လိုက်ပြန်သည်။
“အစစ်အမှန် သိုင်းနတ်ဘုရား လက်သီး …”
“ခွန်ပန် အသွင်ပြောင်းလဲခြင်း …”
“ဝါးမြိုခြင်း နတ်ဘုရား စွမ်းအား …”
“ ... ”
“လီမီးတောက် ရွှေရောင် မျက်လုံး …”
သို့သော်လည်း မည်သည့် တိုက်ခိုက်မှု တစ်ခုကမျှ ယွင်ထျန်းရွှမ်အား ထိခိုက်စေခြင်း မရှိချေ။
“ဘိုးဘေး ယွင်ရှောင် နိုင်တော့မယ်ဟေ့ …”
ခွန်ရှု့ နယ်မြေသားများနှင့် ယွင်ထျန်း နန်းတော်၏ တပည့်များကား အကြီးအကျယ် အောင်ပွဲခံ နေကြပြီ ဖြစ်လေသည်။
တစ်ချိန်တည်း၌ ချီရှို့အာနှင့် လုယန်ရွယ်တို့၏ မျက်နှာမှ မျှော်လင့်ချက် များမှာလည်း တဖြည်းဖြည်း မှေးမှိန် လာနေခဲ့၏။
“တိုက်ပွဲက ပြီးသွားပြီ ... ကောင်းကင် တန်ခိုးရှင်ကို ဘယ်သူကမှ အနိုင် မယူနိုင်ဘူး”
မီးဝိညာဉ် ဧကရာဇ်က ခေါင်းကို ခါရင်း ရေရွတ် လိုက်သည်။
တောင်ပိုင်း နိုင်ငံ မင်းသမီးလေးမှာမူ ဆိတ်ငြိမ်စွာဖြင့်သာ တိုက်ပွဲကို ဆက်လက် ကြည့်နေခဲ့၏။
ချန်းဖန်၏ ရုတ်တရက် မြင့်တက်လာမှု၊ ကျဆုံးမှုတို ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ခဲ့ရပြီးနောက် သူမ၏ စိတ်များမှာ ခံစားချက် မျိုးစုံဖြင့် နောက်ကျိ ရှုပ်ထွေး နေခဲ့သည်။
“ချန်းပေ့ရွှမ်း ငါ နင့်ကို သတိ မပေးခဲ့ဘူးလား ... လောကမှာ ပိုပြီး အစွမ်းထက်တဲ့ တစ်ယောက် ဆိုတာ အမြဲတမ်း ရှိတယ်လို့”
ချီချင်းဝေ့က သက်ပြင်းတစ်ချက် ချလိုက်၏။
“ဘုန်း …”
ထိုအချိန်မှာပင် ချန်းဖန်သည် မြေပြင်သို့ ခြောက်ကြိမ်မြောက် ပြုတ်ကျ သွားပြန်သည်။
“လာစမ်း …”
ချန်းဖန်သည် “ပြန်လည် မွေးဖွာခြင်း” နတ်ဘုရား စွမ်းအားကို သုံး၍ ဒဏ်ရာများကို ကုသလိုက်ပြန်၏။
ပြန်လည် မွေးဖွားခြင်း နတ်ဘုရား စွမ်းအားသည် အလွန် အစွမ်းထက်သည့်တိုင် အကြိမ်ကြိမ် ဒဏ်ရာရရှိမှုများ၌ ပြန်လည် စုစည်းနိုင်သော စွမ်းအင် ပမာဏမှာ နည်းသထက် နည်းလာခဲ့သည်။
“ဒူးထောက်မလား သေမလား …”
ယွင်ထျန်းရွှမ်က နတ်ဘုရား တစ်ပါးအလား ကောင်းကင်မှ နေ၍ ချန်းဖန်အား ငုံ့ကြည့်၏။
“အိပ်မက် မက်နေလိုက် …”
ချန်းဖန်က ဂရုမစိုက်စွာပင် ဆိုလိုက်သည်။
“ဟမ့် …”
ယွင်ထျန်းရွှမ်က နှာခေါင်းရှုံ့ရင်း တောင်တစ်လုံး၏ အင်အားဖြင့် ချန်းဖန်အား ကန်လိုက်ပြန်သည်။
သို့သော်လည်း အံ့အားသင့်စွာပင် ချန်းဖန်သည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်၏။ သူ၏ ပုံစံက သေခြင်းတရားအတွက် ယွင်ထျန်းရွှမ်၏ တိုက်ခိုက်မှုကို ရင်ဖွင့်ကာ ဆီးကြိုနေပုံပင်။
“ဖြစ်နိုင်ရင် ဒီတိုက်ခိုက်မှုကို ငါ မသုံးချင်ဘူး ... ဒါပေမဲ့ ငါ့မှာ အခြား ရွေးချယ်စရာ တစ်ခုမှ မရှိဝောာ့ဘူး”
မျက်လုံးများကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်သည့် အချိန်၌ ချန်းဖန်၏ မျက်ဆံများက လုံးဝ အရောင်အဆင်း ကင်းမဲ့နေခဲ့ပြီ ဖြစ်သည်။
“ယွင်ထျန်းရွှမ် ... ဒီတိုက်ခိုက်မှုနဲ့ သေရတဲ့ အတွက် မင်း ဂုဏ်ယူသင့်တယ်”
ချန်းဖန်က ခပ်တိုးတိုး ရေရွတ်ရင်း လက်အား ဆန့်ထုတ်လျက် လေထုရှိ တစ်စုံတစ်ခုအား ဖမ်းဆုပ် လိုက်၏။
“ခရက် …”
ရုတ်တရက် အချိန်သည် ထိန်းချုပ် ခံရကာ ယွင်ထျန်းရွှမ် အပါအဝင် ကောင်းကင်နှင့် မြေကြီး အကြားရှိ အရာရာကား အေးခဲ ငြိမ်သက် သွား၏။
“အချိန် ကုန်လွန်ခြင်း …”
***