ချန်းဟွာသစ်ပင်နှစ်ပင်
Vol. 101 Ch. 1407
အခန်း (၁၄၀၇) ချန်းဟွာသစ်ပင်နှစ်ပင်
နောက်မှလိုက်လာသည့်ရန်သူများလက်မှလွတ်အောင်ပြေးရင်း ကြယ်စင်မြစ်လက်တက်မှထွက်ခွာလာပြီးနောက် ရန်ကျောက်ကဲ နှင့် ဖန်းယွင်ရှန်းတို့ ရောက်ရှိနေသည့် တည်နေရာကိုအတည်ပြုပြီး ထျန်းစူးစကြာဝဠာသို့ ပြန်လာခဲ့ကြသည်။
ထျန်းစူးစကြာဝဠာ ၊ ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာသို့ ဝင်ရောက်လိုက်သည်နှင့် ကျယ်ပြန့်သည့်ဝါဒတောင်တန်းကြီးက သူတို့ကို ဆီးကြိုနေသည်။
ဝါဒတောင်တန်း၏ မြောက်ဘက်တွင် ကျောက်စိမ်းရောင်အလင်းတန်းများ ကောင်းကင်ထိတိုင်ထိုးထွက်နေပြီး မိုးကုတ်စက်ဝိုင်းတစ်ခုလုံး စိမ်းဖန့်လျှက် ရှိသည်။
ထိုနေရာသို့ ဖန်းယွင်ရှန်းနှင့် ရန်ကျောက်ကဲတို့ ဦးတည်ခရီးဆက်ခဲ့ကြသည်။
ထိုနေရာက တောင်ကြားတစ်ခုဖြစ်လေသည်။
အတိတ်တစ်ချိန်က တာအိုစကြာဝဠာ ၊ ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာရှိ ခွန်လွန်တောင်မှ ထုန်းမင်တောင်ကြားကို ရန်ကျောက်ကဲက ဤနေရာသို့ ပြောင်းရွှေ့ယူဆောင်လာခြင်းဖြစ်သည်။
ယခုတော့ ထိုနေရာက ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာရှိ ဝါဒတောင်တန်းအနီးတွင် တည်ရှိနေသည်။ ထိုတောင်ကြားက အတိတ်က ထုန်းမင်ဧကရာဇ် – ဟူယွဲ့ရှင်း ၏ နေထိုင်ရာနေရာဖြစ်ခဲ့ဖူးသည်။
ထိုတောင်ကြားထဲတွင် ခန့်ညားထည်ဝါသော သစ်ပင်တစ်ပင် ရှိနေလေသည်။
သစ်ရွက်များက စိမ်းလဲစိုပြည်နေပြီး အဖြူရောင်ပန်းပွင့်များက လှုပ်ခါယိမ်းနွဲ့လျက်ရှိသည်။ အကိုင်းအခက်များမှ ကျောက်စိမ်းရောင်အလင်းတန်းများ ဖြာထွက်နေပြီး စိမ်းလဲ့ရောင်ခြည်များက ကောင်းကင်ထိတိုင် ထိုးဖောက်ဝင်ရောက်သွားသည်။
ဤသစ်ပင်က မုယောက်ကြယ်စင်ထက်ယံအရှင်သခင် – ရှောက်ကျွင်းဟွမ် မှ အမွေအနှစ်အဖြစ်ထားရှိခဲ့သော ပို၍ကြီးမားသည့် ချန်းဟွာသစ်ပင်ဖြစ်သည်။
ထိုသစ်ပင်အနီးတွင် ကမ္ဗျည်းစာတိုင်တစ်ခုရှိနေပြီး ဟူယွဲ့ရှင်း၏တပည့် ၊ ရွှယ်ချူးချင်၏ဆရာ၏ အုတ်ဂူဖြစ်သည်။
ချန်းဟွာသစ်ပင်တည်ရှိရာ တောင်ကြားထဲတွင် အမျိုးသမီးတစ်ဘောက် ရှိနေလေသည်။
ရန်ကျောက်ကဲက သူ၏တည်ရှိမှုကို ဖုံးကွယ်မထားသဖြင့် ထိုအမျိုးသမီးက သူရောက်လာသည်ကို ချက်ချင်း သတိပြုမိသွားသည်။
သူမက စံအိမ်ထဲမှထွက်လာပြီး ကောင်းကင်ယံမှဆင်းသက်လာသူနှစ်ယောက်ကို ပြုံးရွှင်စွာပြုံးရွှင်စွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“သခင်လေးနဲ့ သခင်မလေး... ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာကို ပြန်လည်ရောက်ရှိလာတာ ကြိုဆိုပါတယ်”
သူမက အတိတ်က မျောလွင့်ဝိညာဉ်ကမ္ဘာတွင် နေထိုင်ခဲ့ဖူးသော “နှင်းကြိုးကြာ” စူးယွင် ဖြစ်သည်။
သူမက သိုင်းသူတော်စင်အဆင့်သို့ မရောက်ရှိသေးသည့်တိုင် ဝါဒတောင်က ရတနာပစ္စည်းအသုံးပြုပြီး ကောင်းကင်အက်ကွဲကြောင်းမှတစ်ဆင့် နှင်းကြိုးကြာဂိုဏ်းမှလူများကို ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာသို့ ခေါ်ဆောင်ခဲ့သည်။
ဤနေရာ ပတ်ဝန်းကျင်က ထူးခြားပြီး ဝိညာဉ်စွမ်းအား ပြည့်ဝသည်ဖြစ်ရာ မျောလွင့်ဝိညာဉ်ကမ္ဘာကဲ့သို့ အောက်ဘုံကမ္ဘာများထက် များစွာသာလွန်သည်။
ထို့ပြင် ရွှယ်ချူးချင်သည်လည်း စူးယွင်တို့နှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည်။
ဤနေရာက ကောင်းကင်ဘုံကမ္ဘာတွင် ရွှယ်ချူးချင်နေထိုင်သည့် သီးသန့် ကျောက်ဂူအိမ်တော်ဟု ယူဆနိုင်ပြီး သူ၏ ဘိုးဘေးဆရာသခင်များဖြစ်သော ရှောက်ကျွင်းဟွမ် ၊ ဟူယွဲ့ရှင်းတို့၏ အမွေအနှစ်များကို ဆက်ခံထားရှိသည်။
ရွှယ်ချူးချင်က ဝါဒတောင်နှင့် ဆက်ဆံရေးကောင်းမွန်သော်လည်း သူမက ဝါဒတောင်တပည့်တစ်ယောက် မဟုတ်ပေ။
ရန်တိမရှိချိန်များတွင် သူမက ထုန်းမင်တောင်ကြားတွင်သာနေထိုင်ပြီး ရန်တိပြန်လာချိန်ကို တိတ်တဆိတ် စောင့်မျှော်နေတတ်သည်။
သို့သော် ရန်ကျောက်ကဲသည်လည်း ကောင်းကင်ဘုံကမ္ဘာမှ ထွက်ခွာသွားသည်ဖြစ်ရာ ရွှယ်ချူးချင်က အစီအရင်နှင့် အဂ္ဂိရတ်ခန်းမကို စောင့်ကြပ်ကြည့်ရှုသည့်တာဝန်ယူရသဖြင့် ဝါဒတောင်တွင် ယာယီနေထိုင်ရသည်။
စူးယွင်ကတော့ ထုန်းမင်တောင်ကြားတွင်နေထိုင်ပြီး ရှောက်ကျွင်းဟွမ်၏ချန်းဟွာသစ်ပင်နှင့် ရွှယ်ချူးချင်ဆရာ၏အုတ်ဂူကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည်။
ရွှယ်ချူးချင်နှင့် စူးယွင်၏ဆက်ဆံရေးက သခင်နှင့် အစေခံဆက်ဆံရေးထက် ညီအစ်မများပမာ ၊ ဆရာတပည့်များပမာ ဖြစ်သည်။
သို့သော် စူးယွင်က အမြဲတမ်း စည်းကမ်းလိုက်နာသူဖြစ်သည်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကိုတွေ့သည်နှင့် သူမက “သခင်လေးနဲ့ သခင်မလေး” ဟုသာ ခေါ်ဆိုနေဆဲပင်။
သူတို့နှစ်ယောက်က ကောင်းကင်ထက်မှ ဆင်းသက်လာပြီး စူးယွင်ကို နှုတ်ဆက်လိုက်ကြသည်။
“ဒေါ်လေးယွင်... ဒီကာလတွေမှာ အလုပ်ကြိုးစားပေးခဲ့တာ ကျေးဇူးပါ”
ထို့နောက် ရန်ကျောက်ကဲက ကောင်းကင်ဘုံကမ္ဘာသို့ ရောက်ရှိနေကြသော နှင်းကြိုးကြာဂိုဏ်း၏တပည့်များဖြစ်ကြသော ရှန်ရုန်နှင့် အခြားသူများကိုလည်း နှုတ်ဆက်လိုက်သည်။
“အားလုံး ကြိုးစားပေးခဲ့ကြတာ ကျေးဇူးပါ”
ရှန်ရုန်တို့ကလည်း ရန်ကျောက်ကဲကို ဂါရဝပြုနှုတ်ဆက်လိုက်ကြသည်။
စူးယွင်က ရန်ကျောက်ကဲကိုကြည့်ရင်း...
“သခင်လေး ပြန်ရောက်လာပြီဆိုတော့... ထုန်းမင်ဧကရာဇ်...”
“ဟုတ်တယ်...”
ရန်ကျောက်ကဲက တိုးလျစွာသက်ပြင်းချရင်း သူ၏လက်ဖဝါးကို ဖွင့်ပြလိုက်သည်။
သူ၏လက်ဖဝါးထဲမှ ကျောက်စိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုအလင်းတန်းများက သူတို့ရှေ့တွင်ရှိနေသော ခမ်းနားသည့်ချန်းဟွာသစ်ပင်ကြီးမှ ထွက်ပေါ်နေသော ရောင်ဝါများနှင့် အတူတူပင် ဖြစ်သည်။
ထို့နောက် ရန်ကျောက်ကဲ၏လက်ဖဝါးထဲမှ နောက်ထပ်သစ်ပင်တစ်ပင်ထွက်ပေါ်လာပြီး ချက်ချင်းပင် ခမ်းနားသောသစ်ပင်ကြီးအဖြစ် ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲက ဂရုတစိုက်စီစဉ်ပြီး ဒုတိယ ချန်းဟွာသစ်ပင်ကို ထုန်းမင်တောင်ကြားတွင် ထားရှိလိုက်သည်။
ခမ်းနားသော သစ်ပင်ကြီးနှစ်ပင်က မနီးမဝေးတွင် အတူတကွ ရပ်တည်လျှက်ရှိသည်။
ရှောက်ကျွင်းဟွမ် ထားရှိခဲ့သော ချန်းဟွာသစ်ပင်က ဟူယွဲ့ရှင်းထားရှိခဲ့သည့် သစ်ပင်ထက် နှစ်ဆနီးပါး ကြီးမားသည်။
တစ်ပင်နှင့်တစ်ပင် အပြန်အလှန် ပဲ့တင်ထပ်နေသည့်ပမာ ကျောက်စိမ်းရောင်အလင်းတန်းများက ပို၍ပင် မျက်စိကိုဖမ်းစားလျှက် ရှိသည်။
သစ်ပင်နှစ်ပင်၏ရောင်စဉ်များက တောင်ကြားတစ်ခုလုံး၏ မြေပြင်နှင့်ကောင်းကင်ယံတွင် ရောင်ပြန်ဟပ်နေပြီး နေရာတစ်ခုလုံး စိမ်းလဲ့သောအရောင်ဖြင့် ဆေးဆိုးထားသည့်ပမာ ဖြစ်သည်။
သစ်ပင်များ၏အရွက်များက လေမတိုက်ဘဲ ယိမ်းနွဲ့လှုပ်ရှားနေပြီး သစ်ရွက်လှုပ်ခတ်သံများ ခပ်သဲ့သဲ့ထွက်ပေါ်နေသည်။
ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်း၊ စူးယွင် နှင့် အခြားသူများက သစ်ပင်အောက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေကြသည်။
“ဒါပေမဲ့ ဒီနေ့တော့ ကျွန်မ ထွက်ခွာသွားရတော့မယ် ၊ ဆရာ ဆက်ပြီးအသက်ရှင်နေပါစေလို့ ကျွန်မ ဆုတောင်းပါတယ် ၊ ဒါပေမဲ့ ဆရာ အသက်ရှင်နေဦးမယ်ဆိုရင်တောင် ကံမကောင်းတာက ကျွန်မကတော့ အဲဒီမြင်ကွင်းကို မတွေ့မြင်ရတော့ပါဘူး”
ဟူယွဲ့ရှင်း၏ နောက်ဆုံးစကားများထဲတွင် ရှောက်ကျွင်းဟွမ် ဘေးကင်းစွာပြန်လည်ရောက်ရှိလာရန် မျှော်လင့်ခဲ့သည်။
သို့သော် ရှောက်ကျွင်းဟွမ်က သူမထက်စောစီးစွာ ကွယ်လွန်သွားရသည်ကို ပြန်တွေးမိလျှင် ရန်ကျောက်ကဲရော ဖန်းယွင်ရှန်းပါ ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။
ချန်းဟွာသစ်ပင်နှစ်ပင်ကို ကြည့်ရင်း ရန်ကျောက်ကဲ တိတ်တဆိတ် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
သူက လက်ကိုပင့်မြှောက်လိုက်ရာ ကြီးမားသော အနက်ရောင်သံမဏိစက်ဝန်း တစ်ခု ထွက်ပေါ်လာသည်။
သံမဏိစက်ဝန်းက လှည့်ပတ်နေပြီး မျက်နှာပြင်ထက်ရှိ အမြောင်းပေါက်များမှ အလင်းတန်းများ ထွက်ပေါ်နေသည်။
ထိုအလင်းရောင်များက တောက်ပလွန်းလှသည်လည်းမဟုတ် မှေးမှိန်လွန်းလှသည်လည်းမဟုတ်ဘဲ မြူခိုးများဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်သည်။
ထိုအလင်းရောင်က ဟူယွဲ့ရှင်း၏ချန်းဟွာသစ်ပင်နှင့် ထိတွေ့မိသည့်အခါ သတိပေးချက်မရှိဘဲ သစ်ကိုင်းများတွင် အပြာရောင်ပန်းများပွင့်လန်းလာသည်။
ပန်းပွင့်များက အကိုင်းအခက်များတွင် တွဲလဲကျလျှက် အလွန်ပင် လှပလေသည်။
တောင်ကြားထဲတွင် လေမတိုက်သည့်တိုင် ချန်းဟွာသစ်ပင်နှစ်ပင်မှ အဖြူရောင်ပန်းပွင့်များနှင့် အပြာရောင်ပန်းပွင့်တို့က တပြိုင်တည်း ယိမ်းနွဲ့လှုပ်ရှားလာကြပြီး အသံတိတ်တေးသွားတစ်ခု တီးခတ်နေသည့်အလား ဖြစ်သည်။
ရန်ကျောက်ကဲ တိတ်ဆိတ်စွာ မတ်တတ်ရပ်ရင်း ချန်းဟွာသစ်ပင်နှစ်ပင်ဆီသို့ ဦးညွှတ်လိုက်သည်။
သူ့နောက်တွင်ရှိနေသည့် ဖန်းယွင်ရှန်းနှင့် အခြားသူများသည်လည်း အလားတူ လိုက်လံဦးညွှတ်ကြသည်။
“အကြီးအကဲ’ဟူ’... ခင်ဗျားက အကြီးအကဲ’ရှောက်’ ၊ ယိုးမင်ဧကရာဇ်တို့နဲ့အတူ ကျွန်တော်တို့တာအိုဝါဒအတွက် အစွမ်းကုန်ကြိုးစားပေးခဲ့ပါတယ်”
ဟူယွဲ့ရှင်းချန်ရစ်ခဲ့သော ချန်းဟွာသစ်ပင်ကိုကြည့်ရင်း ရန်ကျောက်ကဲက တိုးလျစွာ ပြောလိုက်သည်။
“အကြီးအကဲ’ဟူ’ ဒါမှမဟုတ် ယိုးမင်ဧကရာဇ်တို့လိုလူမျိုးတွေက တွယ်တာမှုကင်းဝေးကြတဲ့သူတွေပါ”
သူက ဆက်ပြောလိုက်သည်။
“ဒါကြောင့် ဒီ ယိုးမင်ဂမ္ဘီရစက်ဝန်းကို ကျွန်တော့်ကို အသုံးပြုခွင့်ပေးပါ ၊ ဒီပစ္စည်းကပြင်ပတာအိုကျင့်ကြံသူတွေနဲ့ နတ်မိစ္ဆာတွေ အင်အားဆုတ်ယုတ်ပြီး ကျွန်တော်တို့ လမ်းမှန်တာအိုဝါဒ ထွန်းကားတိုးတက်လာတာကို ပြန်လည်မြင်တွေ့ဖို့ သက်သေထူစရာဖြစ်လာပါလိမ့်မယ်”
“ယိုးမင်ဧကရာဇ်ကို ဝိုင်းဝန်းဖမ်းဆီးတဲ့ ပြင်ပတာအိုကျင့်ကြံသူတွေကို ကျွန်တော်ကိုယ်တိုင် ဖယ်ရှားပစ်မယ် ၊ ပြီးရင် ဒီစက်ဝန်းကို ဒီနေရာကိုယူဆောင်လာပြီး အကြီးအကဲ’ဟူ’ နဲ့အတူ အမြဲမခွဲတမ်း ရှိနေစေပါ့မယ်”
ထို့နောက် ရန်ကျောက်ကဲက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ ယိုးမင်ဂမ္ဘီရစက်ဝန်းက အနည်းငယ် တုန်ခါလျက် ရန်ကျောက်ကဲ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။
ချန်းဟွာသစ်ပင်၏အရွက်များက ယိမ်းနွဲ့လှုပ်ရှားလျှက် အသံမဲ့နှုတ်ဆက်ခြင်းသင်္ကေတကို ပြသနေသယောင်ပင်။
ထို့နောက် သူက စူးယင်ဘက်သို့ လှည့်ကြည့်ရင်း...
“ဒေါ်လေးယွင်... ဒီရက်ပိုင်းတော့ ဒီနေရာမှာ တာဝန်ယူပေးထားပါဦး ၊ မကြာခင် ကျွန်တော့်အမေလည်း ဒီကိုပြန်လာတော့မှာပါ ၊ ကျွန်တော်က ဝါဒတောင်မှာ သူ့အစား ပြန်ပြီးတာဝန်ယူပေးပါ့မယ်”
စူးယွင်က...
“သခင်လေး စိတ်ချပါ”
ရန်ကျောက်ကဲကလည်း ခေါင်းညိတ်လိုက်သည်။
နှင်းကြိုးကြာဂိုဏ်းမှလူများကို နှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်း ထုန်းမင်တောင်ကြားမှ ထွက်ခွာလာခဲ့သည်။
လည်ပြန်လှည့်ကြည့်လိုက်တော့ တောင်ကြားထဲတွင် ထွန်းလင်းနေသော ချန်းဟွာသစ်ပင်နှစ်ပင်ကို တွေ့မြင်ရသည်။
မြင်ကွင်းက တိတ်ဆိတ်ပြီး အေးချမ်းလွန်းလှသည်။
ရန်ကျောက်ကဲက သစ်ပင်များကို ခဏမျှငေးကြည့်ရင်း...
“အမေ့ရဲ့ဆရာက နတ်ဘုရားတံခါးကို တွန်းမဖွင့်ခဲ့နိုင်ဘူး ၊ ဒါကြောင့် သူ သေဆုံးသွားတော့ ချန်းဟွာသစ်ပင်အဖြစ် မပြောင်းလဲနိုင်ခဲ့ဘူး ၊ ပြီးတော့ အရင်တုန်းက တာအိုဆရာထျန်းယိ လက်ချက်နဲ့ သူကွယ်လွန်သွားတော့ ရုပ်ကြွင်းတောင်မှ မကျန်ရစ်ခဲ့ဘူးလေ ၊ ဒါကြောင့် အမေက သူ့ဆရာရဲ့ အမှတ်တရပစ္စည်းတစ်ခုကိုအသုံးပြုပြီး ကမ္ဗျည်းတိုင်ပဲ လုပ်ပေးနိုင်ခဲ့တယ်”
သူက သက်ပြင်းချလိုက်ရင်း...
“မဟုတ်ရင် အဲဒီနေရာမှာ ချန်းဟွာသစ်ပင်(၃)ပင် ရှိနေရမှာ...”
သူက ဆက်ပြောလိုက်သည်။
“အမေ့ဆီသွားပြီး သတင်းပို့ရအောင်”
သူတို့နှစ်ယောက် ဝါဒတောင်သို့ ပြန်လာကြလေသည်။
ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမကို ပြန်လည်ထိန်းချုပ်လိုက်ရာ ရွှယ်ချူးချင်လည်း လွတ်လပ်သွားလေသည်။
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့၏စကားများကို နားထောင်ပြီးနောက် ရွှယ်ချူးချင်၏ မျက်နှာအမူအရာ မှိုင်းညှို့သွားသည်။
သို့သော် သူမက တည်ငြိမ်နေဆဲပင်။
“အခုတော့ တည်ထောင်သူဆရာဘွားဘွား၊ ဆရာဘွားဘွားနဲ့ ဆရာတို့ရဲ့ဆန္ဒတွေ ပြည့်စုံခဲ့ပါပြီ ၊ နောက်ဆုံးတော့ အမေလည်း မင်းတို့သားအဖနဲ့အတူ ရှိနေနိုင်ခဲ့ပါပြီ”
ရန်ကျောက်ကဲက...
“အမေ စိတ်ချပါ ၊ သူတို့ရဲ့စွန့်လွှတ်အနစ်နာခံမှုက အလကားမဖြစ်ပါဘူး ၊ သူတို့မျှော်လင့်တဲ့အနာဂတ်လည်း မကြာခင် ရောက်လာတော့မှာပါ”