မကြာခင်
Vol. 101 Ch. 1410
အခန်း (၁၄၁၀) မကြာခင်
ရွှီဖေးက ရှီကျွင်းနှင့် ယင်ယွီကျန်းအတွက် အမြဲတမ်း စိုးရိမ်ပူပန်နေသည့်တိုင် သူ၏စိုးရိမ်မှုများကို မျက်နှာထက် ဘယ်သောအခါမှ မပြသခဲ့ပေ။
သူက ရိုးရှင်းဖြောင့်မတ်သည့် သူ့စရိုက်အတိုက်ပင် ဆက်လက်နေထိုင်ခဲ့သည်။
ရန်ကျောက်ကဲကလည်း ရှီကျွင်းကို ဝမ်းမြောက်ဝမ်းသာအမူအရာဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်။
“ဟုတ်တယ် ပြန်ရောက်လပြီ... ၊ ငါတို့ ထုန်းမင်ဧကရာဇ် ဟူယွဲ့ရှင်းရဲ့ရုပ်ကြွင်းကို ပြန်ယူလာခဲ့တယ်”
ရွှီဖေးနှင့် ရှီကျွင်းတို့က အမတခုံရုံး၏ တည်ရှိမှုကို မသိရှိသော်လည်း ထုန်းမင်ဧကရာဇ်’ဟူယွဲ့ရှင်း’အကြောင်းကိုတော့ ကြားဖူးထားသည်။
ဟူယွဲ့ရှင်းနှင့် ယိုးမင်ဧကရာဇ်’ယင်ထျန်းရှ’ တို့၏အကြောင်းများကို ရန်ကျောက်ကဲက သူတို့ကို အကျဉ်းချုပ်ပြောပြထားဖူးသည်။
ရွှီဖေးက တည်ငြိမ်သောမျက်နှာအမူအရာဖြင့်...
“နောက်ဆုံးတော့ ဘိုးဘေးတွေရဲ့ဝိညာဉ်တွေကို ဇာတိမြေကို ပြန်ခေါ်လာနိုင်ခဲ့ပြီပေါ့ ၊ ဒါက ကောင်းမွန်တဲ့ကိစ္စပါပဲ”
သူက ဆက်ပြောလိုက်သည်။
“မုယောက်ကြယ်စင်ထက်ယံအရှင်သခင်ရဲ့ အဆက်အနွယ်က သူရဲကောင်းတွေချည်းပဲ ၊ ငါတို့ နောက်ပိုင်းမျိုးဆက်တွေက သူတို့ကိုစိတ်ပျက်အောင်မလုပ်ဘဲ ဆက်ပြီးကြိုးစားရမယ်”
ရန်ကျောက်ကဲက တမင်သက်သက် စိတ်အေးလက်အေး စကားများလျှောက်ပြောနေပြီးမှ ရှီကျွင်းကို ပြုံးလျှက် ကြည့်လိုက်သည်။
“ရှီကျွင်းလေး... ဒီနှစ်တစ်လျှောက် မင်း အများကြီးတိုးတက်လာတယ် ၊ ဒီတစ်ခါတော့ မင်းအတွက် ပစ္စည်းကောင်းတစ်ခုယူလာတယ်”
ရှီကျွင်းက သိချင်စိတ်ဖြင့်...
“ပစ္စည်းကောင်း ဟုတ်လား”
ရန်ကျောက်ကဲက ကြိုးကြာနတ်မိစ္ဆာထံမှ ရရှိထားသော အလင်းတန်းကြိုးကို ထုတ်ပြလိုက်သည်။
“ဒီရတနာပစ္စည်းက အစ်မယွီကျန်းနဲ့ မင်းရဲ့ခန္ဓာကိုယ်ထဲမှာဖုံးကွယ်နေတဲ့ နတ်ဆိုးရဲ့ခြိမ်းခြောက်မှုတွေကို ဖယ်ရှားပေးနိုင်တယ်”
သူက ဆက်ပြောလိုက်သည်။
“ဒီပြဿနာတွေ ဖြေရှင်းပြီးသွားရင် မင်းရဲ့ကျင့်ကြံခြင်းက အတားအဆီးမရှိဘဲ သိသိသိသာသာ တိုးတက်သွားလိမ့်မယ်”
ရန်ကျောက်ကဲ၏စကားကိုကြားတော့ ရှီကျွင်းက ဝမ်းသာအားရဖြင့်...
“ဆရာဦးလေးရန် အားပေးတဲ့အတွက် ကျွန်တော်လည်း အကောင်းဆုံးကြိုးစားမှာပါ ၊ ဒါပေမဲ့ ဒီကြိုးက တစ်ခုတည်းရှိတာမလား ၊ ဒီတော့... ကျွန်တော့်အမေကိုပဲ ဦးစားပေးပြီး ကယ်တင်ပေးပါလား”
သူက အနည်းငယ် ရှက်ရွံ့သွားဟန်ဖြင့်...
“ဆရာဦးလေးရန် ၊ ဂိုဏ်းချုပ်နဲ့ ဆရာတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး စီစဉ်ထားပြီးသားဆိုတာ ကျွန်တော်သိပါတယ် ၊ ကျွန်တော့်အနေနဲ့ ထပ်ပြောနေစရာမလိုပါဘူး ၊ ဒါပေမဲ့ ကျွန်တော်လည်း အမေ့ကို အရမ်းလွမ်းနေမိလို့ပါ”
ထိုစကားကိုကြာတော့ ရန်ကျောက်ကဲနှင့်ရွှီဖေးတို့ ပြုံးလိုက်ကြသည်။
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“စိတ်မပူပါနဲ့ ၊ ဒီကြိုးက တစ်ယောက်တည်းသုံးရတာမျိုး မဟုတ်ဘူး ၊ မင်းတို့သားအမိ နှစ်ယောက်လုံးကိုကယ်တင်နိုင်တဲ့အပြစ် နက္ခတ်ဧကရာဇ်ကိုပါ ကူညီပေးနို်ငတယ်”
ထိုစကားကြားတော့ ရွှီကျွင်းက ပျော်ရွှင်စွာပြုံးလိုက်သည်။
“ဒါဆိုရင်တော့ အရမ်းကောင်းတာပေါ့”
ရန်ကျောက်ကဲက ရွှီဖေးနှင့်ရှီကျွင်းတို့နောက် လိုက်သွားပြီး နေအိမ်အနောက်ခန်းမဆီသို့ ရောက်လာသည်။
ထိုနေရာတွင် ရေခဲခေါင်းတလားတစ်ခုရှိနေပြီး ခေါင်းတလားထဲတွင် အမျိုးသမီးတစ်ယောက် အိပ်စက်နေသည်။
သူမက ရှီကျွင်း၏ မိခင် ယင်ယွီကျန်းဖြစ်၏။
ရန်ကျောက်ကဲက လက်ချောင်းများကို ဖြည်းညင်းစွာ လှုပ်ရှားလိုက်သည်။
လက်ချောင်းလှုပ်ရှားမှုနှင့်အတူ အလင်းတန်းများထွက်ပေါ်လာပြီး ရေခဲခေါင်းတလားပေါ်တွင် ရေးထွင်းထားသည့် အစီအရင် ပြေလျော့သွားသည်။
မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက သတိကြီးပြီး မဆင်မခြင်လှုပ်ရှားမည်မဟုတ်သည့်တိုင် ကြိုတင်ကာကွယ်မှုများကတော့ ပြုလုပ်ရမည်သာပင်။
စည်းတံဆိပ်ကိုဖယ်ရှားပြီးနောက် ရန်ကျောက်ကဲက ရေခဲခေါင်းတလားကို ဖွင့်လိုက်သည်။
ထို့နောက် လက်ကိုဆန့်ထုတ်လိုက်ပြီး ယင်ယွီကျန်းနဖူးထက်ရှိလေထုထဲတွင် တင်ထားလိုက်သည်။
ရန်ကျောက်ကဲ၏ အမတချီစွမ်းအား လွှမ်းမိုးမှုအောက်တွင် ယင်ယွီကျန်း၏ နဖူးထက်၌ စည်းတံဆိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုစည်းတံဆိပ်ထွက်ပေါ်လာသည်နှင့် သဏ္ဍန်မဲ့မျက်ဝန်းတစ်စုံက သူ့ကိုစူးစိုက်ကြည့်နေသည်ဟု ရန်ကျောက်ကဲ ခံစားလိုက်ရသည်။
ထိုခံစားမှုက ခဏတာမျှသာဖြစ်ပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။
အခြားတစ်ယောက်ဆိုလျှင် ထင်ယောင်ထင်မှားဖြစ်ခြင်းလားဟု သံသယဝင်ပေမည်။
သို့သော် ရန်ကျောက်ကဲ၏မျက်နှာအမူအရာကတော့ တည်ငြိမ်နေပြီး သူက လက်ချောင်းများဖြင့် အလင်းတန်းကြိုးကို ကိုင်မြှောက်လိုက်သည်။
ထို့နောက် အလင်းတန်းကြိုးကိုအနည်းငယ်ဖြတ်တောက်လိုက်ပြီး ကြိုးစက ယင်ယွီကျန်းနဖူးထက်သို့ဆင်းသက်သွားကာ စည်းတံဆိပ်ကို ဖုံးကွယ်လိုက်သည်။
ရန်ကျောက်ကဲက လက်ထဲတွင်ကျန်ရှိနေသည့်ကြိုးစကို သူ့အင်္ကျီလက်ထဲတွင် ပြန်လည်သိမ်းဆည်းထားလိုက်သည်။
ထို့နောက် လေထုထဲတွင် အင်းသင်္ကေတများစွာ ရေးဆွဲလိုက်ပြီး သင်္ကေတတိုင်းက ယင်ယွီကျန်း၏နဖူးထက်သို့ ဆင်းသက်သွားသည်။
အတန်ကြာပြီးနောက် သေးငယ်သော်လည်း ရှုပ်ထွေးနက်နဲသောအစီအရင်တစ်ခု ပေါင်းစည်းဖြစ်တည်လာသည်။
အရာအားလုံးပြီးဆုံးသွားသည့်နောက် ရန်ကျောက်ကဲက လက်ကိုပြန်ရုတ်သိမ်းလိုက်သည်။
ရေခဲခေါင်းတလားကို ပြန်ပိတ်လိုက်ပြီး စည်းတံဆိပ်တစ်ခုဖြင့် ထပ်မံချိတ်ပိတ်လိုက်လေသည်။
ရေခဲခေါင်းတလားထဲရှိ အမျိုးသမီးက သိစိတ်လုံးဝမပိုင်ဆိုင်သူပမာ လှုပ်ရှားမှုမရှိဘဲ နက်ရှိင်းစွာ အိပ်စက်နေဆဲပင်။
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ပြီး...
“သွားကြစို့...”
ထို့နောက် သူတို့(၃)ယောက် အခန်းထဲမှ ထွက်ခွာလာကြသည်။
ရန်ကျောက်ကဲက ရှီကျွင်းဘက်သို့ လှည့်ကြည့်လိုက်တော့ ရှီကျွင်းက ချက်ချင်းပင် တင်ပျဉ်ခွေထိုင်ချပြီး မျက်လုံးများကို မှေးမှိတ်ကာ သူ၏စွမ်းအားရောင်ဝါကို ထိန်းသိမ်းထားလိုက်သည်။
ရန်ကျောက်ကဲက ယင်ယွီကျန်းအပေါ် ပြုလုပ်သည့်အတိုင်း ထပ်မံလုပ်ဆောင်လိုက်သည်။
သူက အလင်းတန်းကြိုး၏ သေးငယ်သောအစိတ်အပိုင်းကို ဖြတ်တောက်လိုက်ပြီး ရှီကျွင်းနဖူးထက်မှ စည်းတံဆိပ်ကို ဖုံးကွယ်လိုက်သည်။
ရှီကျွင်းက တည်ငြိမ်စွာထိုင်နေသော်လည်း ရန်ကျောက်ကဲ၏ လှုပ်ရှားမှုအောက်တွင် သူ့ဝိညာဉ် အနည်းငယ်လှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။
သူ၏စိတ်ဝိညာဉ် ပိုမိုလင်းလက်သွားသလို ခံစားလိုက်ရသော်လည်း တစ်ချိန်တည်းမှာပင် သူ့ကိုယ်ထဲတွင် အညစ်အကြေးများ ပိုများလာသလို ထင်မှတ်လိုက်မိသည်။
ဆန့်ကျင်ဘက် ခံစားချက်နှစ်ခုက တပြိုင်တည်းဖြစ်ပေါ်လာပြီး မတိကျသော်လည်း မှားယွင်းခြင်း မရှိပေ။
ဤအခြေအနေက ရှီကျွင်းအတွက် အလွန်နက်နဲသော အတွေ့အကြုံတစ်ခု ဖြစ်သည်။
ရှီကျွင်းက သူ၏ခံစားချက်ကို ရန်ကျောက်ကဲအားပြောပြတော့ သူက ခေါင်းညိတ်လိုက်ပြီး...
“အဲဒါ ဘာမှမမှားဘူး ၊ ဒါက ငါ့ရဲ့ အရင်ခန့်မှန်းချက်တွေကိုတောင် အတည်ပြုပေးလိုက်နိုင်တာပဲ”
ရန်ကျောက်ကဲ၏စကားကိုကြားတော့ ရွှီဖေးရော ရှီကျင်းပါ စိတ်လှုပ်ရှားသွားကြသည်။
ရန်ကျောက်ကဲက...
“ရှီကျွင်းလေး... လောလောဆယ် မင်းရဲ့ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ ၊ အစ်မယွီကျန်းအတွက် အရမ်းစိတ်မပူနဲ့ ၊ အခု ငါတို့က ရန်သူတွေနဲ့ ရင်ဆိုင်မယ့်အချိန် မဟုတ်သေးဘူး”
ထို့နောက် ရန်ကျောက်ကဲ မတ်တတ်ထရပ်လိုက်ပြီး နှုတ်ဆက်စကားဆိုလိုက်သည်။
“ငါတို့ရန်သူတွေက အခွင့်အရေးတစ်ခုကို စောင့်နေကြတာ ၊ ဒါပေမဲ့ သူတို့ရဲ့အခွင့်အရေးက ငါတို့ရဲ့အခွင့်အရေးလည်းဖြစ်တယ် ၊ အချိန်တန်ရင် ဘယ်သူက ပိုသာသလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့”
သူက ရှီကျွင်းမျက်လုံးများတည့်တည့်ကို စူးစိုက်ကြည့်ရင်း...
“နတ်ဆိုးနဲ့တိုက်ခိုက်တဲ့အခါ ပြင်ပအကူအညိက မင်းကို ထောက်ပံ့ပေးရုံပဲဖြစ်မှာ ၊ တိုက်ပွဲရဲ့အဓိကအချက်က မင်းရဲ့စိတ်ဓာတ်ခိုင်မာမှုအပေါ် မူတည်တယ်”
ရှီကျွင်းက ခန္ဓာကိုယ်ကိုတည့်မတ်လိုက်ရင်း...
“သိပါပြီ... ဆရာဦးလေး’ရန်’ ရဲ့ဆုံးမစကားကို စိတ်ထဲမှတ်ထားပါ့မယ်”
ရွှီဖေးက...
“ဂိုဏ်းထဲမှာ တခြားကိစ္စတွေ ရှိသေးတယ် ၊ ငါလည်း ဂိုဏ်းတူညီလေးရန်နဲ့အတူ လိုက်သွားလိုက်မယ်”
သူက ရှီကျွင်းကိုကြည့်လိုက်ပြီး...
“ဒီနေ့တော့ ဒီလောက်ပဲ သင်ပြပေးတော့မယ် ၊ မင်း ငါပြောတာတွေကို ဖြည်းဖြည်းချင်းဆင်ခြင်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်ပါ ၊ အမှန်တရားကိုသိဖို့ အလျင်စလိုမလုပ်နဲ့ ၊ အချိန်ယူဖို့ပဲလိုတယ်”
ရှီကျွင်းက သူတို့နှစ်ယောက်ကို အိမ်အပြင်ဘက်သို့ လိုက်ပို့ပေးရင်း...
“စိတ်ချပါ ဆရာ ၊ ကျွန်တော် နားလည်ပါတယ်”
ရှီကျွင်း၏အိမ်မှထွက်လာပြီးနောက် ရန်ကျောက်ကဲက စိတ်ခံစားချက်အပြည့်ဖြင့် စကားဆိုလိုက်သည်။
“မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းများစွာ ကုန်လွန်သွားတာပဲ ၊ ရှီကျွင်းတောင် အရွယ်ရောက်လာပြီနော်”
ရွှီဖေးလည် ခဏမျှ စိတ်ပျံ့လွင့်သွားဟန်ဖြင့်...
“ဟုတ်တယ်၊ ဆယ်စုနှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ...”
ရန်ကျောက်ကဲက...
“ဂိုဏ်းတူအစ်ကိုရွှီ... လွန်ခဲ့တဲ့နှစ်တွေအတွင်း မင်းအများကြီးကြိုးစားပေးခဲ့ပါတယ်”
သူက ဆက်ပြောသည်။
“ငါ ဂိုဏ်းရဲ့ကိစ္စတွေကိုလုပ်ဖို့ အရမ်းပျင်းတာ ၊ မင်းရှိလို့သာ ငါ့အဖေ ကိစ္စတွေကို စီမံခန့်ခွဲနိုင်တာ”
ကျင့်ကြံခြင်းက အချိန်လိုအပ်သလို ဂိုဏ်း၏ကိစ္စရပ်များကို ဖြေရှင်းရာတွင်လည်း အချိန်လိုအပ်သည်။
ခေါင်းဆောင်တစ်ယောက်က အသေးစိတ်ကိစ္စရပ်များကို မကိုင်တွယ်ဘဲ လက်အောက်ငယ်သားများကို လွှဲအပ်ထားသည့်တိုင် ကိုယ်တိုင်ပါဝင်ရမည့်ကိစ္စများလည်း ရှိနေဆဲပင်။
လူငယ်မျိုးဆက်များက ဝန်ထုပ်ဝန်ပိုးများကို မထမ်းနိုင်မချင်း ဝါဒတောင်၏ မျိုးဆက်ဟောင်းများမှာလည်း အနားယူရန် မဖြစ်နိုင်ခဲ့ပေ။
ရွှီဖေးကိုယ်တိုင်က သိုင်းပညာတွင်ထူးချွန်သူဖြစ်သလို ကျင့်ကြံခြင်းအဆင့်တက်ရန်လည်း ကြိုးစားလုပ်ဆောင်နေပေသည်။
ပုံမှန်ဆိုလျှင် သူ့ကို ထူးခြားသူတစ်ယောက်ဟု ထင်ရမည် မဟုတ်ပေ။
သို့သော် သူ၏တိုးတက်မှုတစ်လျှောက် ခြေလှမ်းတိုင်းက အလွန်တည်ငြိမ်ပြီး အတားအဆီးကြောင့် ရပ်တန့်သွားရသည်မှာ အနည်းငယ်သာ ရှိသည်။
ဤကာလတစ်လျှောက်လုံး သူက ရန်တိ၊ ယွမ်ကျန်းဖုန်း၊ ဖန်ကျွင်းတို့နှင့်အတူ ဂိုဏ်းရေးရာများကို ကိုင်တွယ်ဖြေရှင်းရင်း ကူညီပေးခဲ့သည်။
သို့တိုင် သူ၏ကျင့်ကြံခြင်းအဆင့်သည်လည်း ဘယ်သောအခါမှ နောက်ကျကျန်ခဲ့ခြင်း မရှိပေ။
သူက နတ်ဘုရားသိမြင်ခြင်းနှောင်းပိုင်းအဆင့် - သိုင်းသူတော်စင်ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်တက်ခြင်းမှာတော့ ရွှီဖေးက ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်း ၊ ရန်တိ၊ ယွမ်ကျန်းဖုန်း၊ ဖန်ကျွင်းတို့ထက် အနည်းငယ်နောက်ကျသော်လည်း သူက ထူးခြားသောအရည်အချင်းနှင့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသည်။
ဂိုဏ်း၏ကိစ္စများ ဖြေရှင်းရာတွင်လည်း သူက အများအားဖြင့် သပ်ရပ်ဖြောင့်မတ်စွာ ကိုင်တွယ်တတ်သည်။
ရန်ကျောက်ကဲကဲ့သို့ ထူးခြားသာလွန်သူတစ်ယောက်မဟုတ်သော်လည်း ရွှီဖေးက ဝါဒတောင်ကိုဦးဆောင်ရန် အလားအလာရှိသူအဖြစ် သတ်မှတ်ခံရသည်။
ရန်ကျောက်ကဲစကားကြားမှ ရွှီဖေးက သတိပြန်ဝင်လာပြီး ပြုံးလိုက်ရင်း...
“ဘာတွေပြောနေတာလဲ... ဂိုဏ်းရဲ့တပည့်တစ်ယောက်အနေနဲ့ ငါတတ်နိုင်တဲ့ဘက်က တာဝန်ထမ်းဆောင်ရမှာပဲပေါ့ ၊ ပြီးတော့ မင်းလုပ်ခဲ့တဲ့အလုပ်တွေက အများကြီးပိုပြီး ကြီးကျယ်ခမ်းနားတယ် ၊ မင်းလုပ်လိုက်တဲ့အလုပ်တိုင်းက တစ်လောကလုံးကို အံ့အားသင့်စေတယ် ၊ ဂိုဏ်းရဲ့ သေးငယ်တဲ့ကိစ္စတွေနဲ့ နှိုင်းယှဉ်ရင် မင်းလုပ်ခဲ့တာတွေက အဆပေါင်းများစွာ ပိုပြီးခက်ခဲပါတယ် ၊ ဒါပေမဲ့ မင်းက ကိစ္စတိုင်းကို အောင်မြင်အောင်လုပ်နိုင်ခဲ့တယ် ၊ ဒါကိုမှ အရည်အချင်းလို့ခေါ်တာလေ”
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“ဒီအလုပ်တွေက လုပ်ရမယ့်အလုပ်တွေပဲလေ ၊ ဒီလိုကိစ္စတွေကိုဖြေရှင်းနိုင်တဲ့သူမျိုးကိုမှ ထူးချွန်တယ်လို့မပြောရင် ဘယ်သူ့ကိုသွားပြောမလဲ”
ထိုစကားကြားတော့ ရွှီဖေးက ရယ်မောလိုက်ရင်း...
“တွေ့လား... မင်းကို ချီးကျူးဖို့မလိုဘူး ၊ မင်းက ကိုယ့်ကိုယ်ကိုယ် ချီးကျူးနေပြီးသားပဲ”
ထို့နောက် သူ၏မျက်နှာအမူအရာက တည်ကြည်လေးနက်သွားပြီး တိုးလျစွာ မေးခွန်းထုတ်လိုက်သည်။
“ကျောက်ကဲ... ငါတို့နဲ့ ငရဲကိုးထပ်ကြားကပြဿနာတွေကို မကြာခင် ရင်ဆိုင်ရတော့မှာလား”