စိတ်ထဲကဝန်ထုပ်ဝန်ပိုး
Vol. 101 Ch. 1412
အခန်း (၁၄၁၂) စိတ်ထဲကဝန်ထုပ်ဝန်ပိုး
ယင်လုန်ထူ၏ ခုနစ်စဉ်ကြယ်ခန္ဓာကိုယ်အား သွေကြောဆုံချက်သုံးဆယ့်ခြောက်နဂါးစစ်မှန်ခန္ဓာကိုယ် သို့မဟုတ် ခုနစ်စဉ်ကြယ်နဂါးခန္ဓာဟုလည်း ခေါ်သည်။
သူ၏မွေးရာပါခန္ဓာကိုယ်က နဂါးတစ်ကောင်နှင့်ဆင်တူပြီး တည်ငြိမ်သောစိတ်အတွေးက နတ်ဘုရားသိမြင်ခြင်းဖြင့် ဆက်စပ်နေသည်။
ထို့ကြောင့် ဟန်လုန်အာအနေဖြင့် အသက်ဓာတ်စွမ်းအားကောင်းမွန်ရုံသာမက စိတ်စွမ်းအားကလည်း ထူးခြားထက်မြက်သည်။
ဤသို့သော်ရုပ်ခန္ဓာက ကနဦးကောင်းကင်ရုပ်ခန္ဓာအမျိုးအစားဖြစ်ပြီး ထူးခြားသည့်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်သည်။ ထိုသို့ထူးခြားချက်က ယင်လုန်ထူ၏ စရိုက်နှင့်ခံယူချက်များပင် ထင်ဟပ်နေလေသည်။
ယင်လုန်ထူက အနည်းငယ်တုံးအပြီး ဖြူစင်ရိုးသားသည့်ပုံစံရှိသော်လည်း ဤသည်က ပုံမှန်အခြေအနေမှာပဲ ဖြစ်သည်။
သိုင်းပညာသင်ယူရာမှာတော့ သူ၏နားလည်နိုင်စွမ်းက အလွန်မြင့်မားသည်။
ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်နှင့် သိုင်းပညာရှင်အဆင့် ကျင့်ကြံသူများက အတွင်းပိုင်ကြယ်တာရာချီအဆင့်နှင့် အပြင်ပိုင်းကြယ်တာရာချီအဆင့်တွင် အသက်ဓာတ်စွမ်းအားသန့်စင်ခြင်းကို ဦးစားပေးကျ့င်ကြံရသည်။
ထိုအဆင့်များတွင် ယင်လုန်ထူက လျင်မြန်စွာတိုးတက်လာခဲ့ပြီး သူ့ကိုယှဉ်နိုင်သူ တစ်ယောက်မှမရှိခဲ့ပေ။
အခြားသူများအနေဖြင့် အတားအဆီးများကိုကျော်ဖြတ်ရန် အချိန်ယူစုဆောင်းမှုများ လိုအပ်သော်လည်း ဟန်လုန်အာကတော့ ကနဦးကောင်းကင်အားသာချက်ကို ပိုင်ဆိုင်ထားသဖြင့် အတားအဆီးများကို ချက်ချင်းကျော်ဖြတ်နိုင်ခဲ့သည်။
ထို့နောက်မှာတော့ ဟန်လုန်အာအနေဖြင့် ထူးခြားသည့်အားသာချက်များဖြင့် သူ၏ကျင့်ကြံခြင်းမြန်နှုန်းက အခြားသူများထက် အဆပေါင်းများစွာကျော်လွန်နေသည့်တိုင် ဖြည်းဖြည်းနှင့်မှန်မှန်သာ သွားတော့မည် ဖြစ်သည်။
သို့သော် ထိုသို့ဖြည်းဖြည်းမှန်မှန်သွားပြီးနောက်မှာ ကောင်းကင်ထိတိုင်မြင့်တက်သည့် တိုးတက်မှုတစ်ခုနှင့် ထပ်မံရင်ဆိုင်ရမည်ဖြစ်၏။
ထိုတိုးတက်မှုကတော့ နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ ရောက်ရှိချိန်မှာ ဖြစ်သည်။
ယခင်က ယင်လုန်ထူနှင့် ဝါဒတောင်ဂိုဏ်း အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ရှိနေခဲ့စဉ်က ဤသို့သောအောင်မြင်မှုမျိုးကို မဖြစ်နိုင်သည့်အရာဟု ယူဆခဲ့ကြသည်။
ထိုစဉ်က သိုင်းကျင့်ကြံသူများထဲတွင် နတ်ဘုရားသိမြင်ခြင်း သိုင်းသူတော်စင်အဆင့်သို့ရောက်ရှိပြီး ကိုယ်ပိုင်စွမ်းအားဖြင့် အထက်ဘုံကမ္ဘာသို့တက်လှမ်းနိုင်သူ တစ်ယောက်မှမရှိခဲ့ပေ။
တစ်ခုတည်းသောခြွင်းချက်မှာ နေသူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း’ကျန်းချောင်’ ဖြစ်သည်။
နောက်ပိုင်း ကျန်းချောင်အထက်ဘုံကမ္ဘာသို့ရောက်ရှိသွားကြောင်း သက်သေပြခဲ့သည်မှာ ကွမ်းမင်ဂိုဏ်း အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။
ဟုတ်ပေ၏။
အချိန်များစွာဖြတ်သန်းပြီးသည့်နောက် လက်ရှိ ယင်လုန်ထူနှင့် ဝါဒတောင်က ယခင်အချိန်ကနှင့် ယှဉ်၍ပင်မရတော့ပေ။
ဟန်လုန်အာက သိုင်းသူတော်စင်အဆင့်သို့ တက်လှမ်းခဲ့ပြီး ဖြစ်သည်။
ထို့ပြင် သူက နတ်ဘုရားသိမြင်ခြင်းအဆင့်ကိုပင် ရောက်ရှိနေပေပြီ။
သူ၏ ပထမဆုံး သွေးကြောဆုံချက်တစ်ခုက နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ ရောက်ရှိသွားချိန် ခုနစ်စဉ်ကြယ်ခန္ဓာကိုယ်၏ ထူးခြားမှုကြောင့် ကျန်ရှိသည့် သွေးကြောဆုံချက်(၃၅)ခုလုံး တပြိုင်တည်း နတ်ဘုရားသိမြင်ခြင်းသို့ ရောက်ရှိသွားခဲ့သည်။
ကျင့်ကြံခြင်း အနည်းငယ်တည်ငြိမ်အောင်ထိန်းသိမ်းပြီးနောက် အခြေခံအုတ်မြစ်ခိုင်မာသည့်အတွက် သိုင်းသူတော်စင် ပဉ္စမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်းအလယ်ဆင့်သို့ လျှင်မြန်စွာပင် တက်လှမ်းနိုင်ခဲ့သည်။
ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်တွင် ယင်လုန်ထူက ရှကွမ်းနှင့် စစ်ခုန်ချင်းတို့ကို ကျော်လွန်သွားခဲ့လေသည်။
ထိုအဆင့်ပြီးဆုံးသည့်နောက် ယင်လုန်ထူ၏တိုးတက်မှုအမြန်နှုန်းက ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
သူက သာမန်ကျင့်ကြံသူများထက် ပိုမိုမြန်ဆန်နေဆဲဖြစ်သည့်တိုင် ရှကွမ်းနှင့် စစ်ခုန်ချင်းတို့ထက် သာလွန်သည့်အချက် မရှိတော့ပေ။
ကျင့်ကြံခြင်းအဆင့်မြင့်မားလာလေ အောင်မြင်မှုရရှိရန် အချိန်ပိုမိုလိုအပ်လေ ဖြစ်၏။
ထို့ကြောင့် ရှကွမ်းနှင့် စစ်ခုန်ချင်းတို့က တဖြည်းဖြည်း သူ့ကို လိုက်မီလာခဲ့သည်။
သိုင်းပညာကျွမ်းကျင်မှုအရ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့က ထူးခြားသူများအဖြစ် သတ်မှတ်ခံထားရပြီး ဟန်လုန်အာ ၊ ရွှီဖေး ၊ စစ်ခုန်ချင်းနှင့် ရှကွမ်းတို့ကတော့ ဝါဒတောင် ၊ တတိယမျိုးဆက်တပည့်များတွင် ထိပ်တန်းကျင့်ကြံသူများအဖြစ် သတ်မှတ်ခံရသည်။
ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာတွင်တော့ သူတို့(၄)ယောက်ကို အရှေ့တောင်တန်းမှ ပါရမီရှင်(၄)ယောက်ဟု ခေါ်ဆိုကြသည်။
သူတို့အသက်အရွယ်နှင့် ကျင့်ကြံခြင်းအဆင့်ကိုယှဉ်ကြည့်လျှင် အသက်အရွယ်က အလွန်ငယ်ရွယ်သေးသဖြင့် အလားအလာမြင့်မားကာ အနာဂတ်တောက်ပသူများအဖြစ် သတ်မှတ်ခံထားရသည်။
သို့သော် ဖန်းယွင်ရှန်း ၊ စစ်ခုန်ချင်းတို့နှင့်ယှဉ်လျှင် ဟန်လုအာက ဂိုဏ်း၏အတွင်းရေးကိစ္စများကို ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်း မရှိပေ။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“စတုတ္ထမျိုးဆက်တပည့်တွေထဲမှာလည်း တော်တဲ့သူတွေရှိတယ်မလား ၊ သူတို့ကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးသင့်တယ် ဂိုဏ်းတူအစ်ကိုရွှီ”
သူက ဆက်ပြောလိုက်သည်။
“ရှီကျွင်းလေးရဲ့စိတ်ထားက ဂိုဏ်းတူညီလေးရှနဲ့ဆင်တူတယ် ၊ ကိစ္စရပ်တွေကို ကိုယ်တိုင်စီမံနိုင်ပေမယ့် ဂိုဏ်းရဲ့တာဝန်တွေ ထမ်းဆောင်ဖို့ဆိုရင်တော့ ထပ်ပြီးလေ့ကျင့်ပေးဖို့လိုသေးတယ်”
ရွှီဖေးက ပြုံးလိုက်ရင်း...
“ဟုတ်တယ်... ထူးချွန်တဲ့ လူငယ်တွေ အများကြီးရှိတယ်”
ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာမှာပင် ဝါဒတောင်ဂိုဏ်းက ထူးချွန်သည့်ပါရမီရှင်များကို ဆွဲဆောင်နိုင်ခဲ့သော သိုင်းဂိုဏ်းတစ်ခု ဖြစ်သည်။
ယခု ဝါဒတောင်က ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာတွင်ရှိနေပြီဖြစ်ရာ အရည်အချင်းရှိသူများစွာကို စုဆောင်းနိုင်ပြီဖြစ်၏။
သို့သော် စည်းကမ်းများကိုတော့ ပုံမှန်ထက် ပိုမိုတင်းကျပ်ရန်လိုအပ်သည်။
သူတို့နှစ်ယောက် လမ်းဆက်လျှောက်နေစဉ်မှာပင် ရွှီဖေး၏တပည့်တစ်ယောက် ရောက်လာလေသည်။
“ဆရာ... ဆရာကတော် ရောက်လာပါတယ်”
ရွှီဖေး၏ဇနီးက အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ လှိုင်းနက်ဂေဟာမှတပည့်ဖြစ်သူ ‘ရှဲ့ယိုချန်’ ဖြစ်ပြီး ရန်ကျောက်ကဲနှင့်လည်း ရင်းနှီးသူ ဖြစ်သည်။
ရှဲ့ယိုချန်က အမှီအခိုကင်းသည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။
သူမ၏ပုံပန်းသွင်ပြင်ကနူးညံ့သော်လည်း သူမကို ပိုးသားအိတ်ထဲက သံလက်သီးဟု တင်စားရပေမည်။
ဝါဒတောင်ဂိုဏ်းက အထက်ဘုံကမ္ဘာ ၊ အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသတွင် ခြေကုပ်ယူနိုင်ပြီးသည့်နောက် သူတို့၏အဆက်အနွယ်များစွာကို အထက်ဘုံကမ္ဘာသို့ ခေါ်ဆောင်လာခဲ့သည်။
အထက်ဘုံကမ္ဘာတွင်နေထိုင်ခြင်းက အစွန်းရောက်ရှစ်ပါးကမ္ဘာ သို့မဟုတ် သမုဒ္ဒရာကမ္ဘာကဲ့သို့ အောက်ဘုံကမ္ဘာများတွင်နေထိုင်သည်နှင့်ယှဉ်လျှင် ကျင့်ကြံသူများထက် အကျိုးကျေးဇူးများ ပိုမိုများပြားသည်။
ထို့ကြောင့် ရွှီဖေးနှင့် ရှီကျွင်းတို့လည်း အထက်ဘုံကမ္ဘာသို့ လိုက်ပါလာခဲ့ကြ၏။
အထက်ဘုံကမ္ဘာတွင် ဝါဒတောင် အခြေအနေတည်ငြိမ်သည်နှင့် ရွှီဖေးက အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ပြန်သွားပြီး ရှဲ့ယိုချန်ကို သွားရောက်ခေါ်ဆောင်ခဲ့သည်။
သို့သော် ရှဲ့ယိုချန်က ရွှီဖေးကို အားကိုးမည့်အစား သူမ၏ကိုယ်ပိုင်အစွမ်းအစနှင့် နတ်ဘုရားသိမြင်ခြင်းအဆင့်ကိုကျော်ဖြတ်ပြီး အထက်ဘုံကမ္ဘာသို့ တက်လှမ်းနိုင်ရန် မျှော်လင့်ခဲ့သည်။
နောက်ပိုင်း ဝါဒတောင်က ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာမှ ခွဲထွက်သွားသည့်အခါ အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် အခြားအောက်ဘုံကမ္ဘာများကိုလည်း ယူဆောင်သွားခဲ့သည်။
ထိုအချိန် အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ဝါဒတောင်၏အရေးပါမှုက လုံးဝပြောင်းလဲသွားခဲ့သည်။
ဝါဒတောင်၏ဘိုးဘေးအခြေခံအုတ်မြစ်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ကျန်းရှိနေသော်လည်း သူတို့က အခြားသိုင်းဂိုဏ်းများကိုလည်း အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အတူယှဉ်တွဲနေထိုင်ခွင့် ပေးခဲ့သည်။
သို့ဖြစ်ရာ လှိုင်းနက်ဂေဟာ ၊ ကျောက်စိမ်းပင်လယ်မြို့တော်နှင့် အဆုံးမဲ့တောင်းတန်းတို့အနေဖြင့် ဝါဒတောင်အပေါ် လုံးဝ အမြင်ပြောင်းလဲသွားကြသည်။
ဝါဒတောင်က အထက်ဘုံကမ္ဘာတွင် ခြေကုပ်ရယူပြီး အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ကိုသိမ်းပိုက်ကာ ခွန်လွန်တောင်နှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နေသည့်အချိန်မှာပင် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ကျန်ရှိနေသည့် အခြားသိုင်းဂိုဏ်းများအတွက် ပြင်းထန်သည့်ခြိမ်းခြောက်မှုမျိုး မခံစားခဲ့ရပေ။
ယခုတော့ လှိုင်းနက်ဂေဟာအပါအဝင် အခြားသောသိုင်းဂိုဏ်းများ ဝါဒတောင်အပေါ် ထားရှိသည့်အမြင်မှာ မဟာကပ်ဘေးကြီးမတိုင်ခင် သေမျိုးလူသားများက ကောင်းကင်ကိုးထပ်ရှိ နတ်ဘုရားလောကကို ခေါင်းမော့ကြည့်ရသည့်ပုံစံမျိုး ဖြစ်သွားပေပြီ။
ထိုသို့ဖြင့် လှိုင်းနက်ဂေဟာနှင့် အခြားသိုင်းဂိုဏ်းများမှ တပည့်များ၏စိတ်သဘောထားများသည်လည်း ပြောင်းလဲသွားခဲ့သည်။
နှစ်ဦးနှစ်ဖက် အခြေအနေများမတူညီတော့သည့်အခါ ပြဿနာတစ်ခုကို စဉ်းစားပုံသည်လည်း သဘာဝကျစွာပင် ပြောင်းလဲသွားခဲ့သည်။
အလားတူပင် ရှဲ့ယိုချန်သည်လည်း ဆက်လက်ခေါင်းမာနေခြင်း မရှိတော့ပေ။
သူမအနေဖြင့် ရွှီဖေးထံမှ ဘာမှမမျှော်လင့်ခဲ့သလို လှိုင်းနက်ဂေဟာကို သံယောဇဉ်တန်းနေရန်လည်း မလိုအပ်တော့ပေ။
သူမ၏နောက်ခံအနေအထားက အရေးမပါတော့သည့်ကိစ္စဖြစ်လာသည့်အခါ အခြားအရာအားလုံးသည်လည်း အရေးမကြီးတော့ပေ။
မည်သို့ပင်ဖြစ်စေ သူမ၏အချစ်ရေးကိစ္စသည်လည်း သူမတစ်ဦးတည်းနှင့်သာသက်ဆိုင်သည့်ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် တစ်ယောကနှင့်တစ်ယောက် ထားရှိသည့်ချစ်ခြင်းမေတ္တာထက် မည်သည့်အရာကမှ အရေးမကြီးတော့ပေ။
တပည့်ဖြစ်သူ သတင်းပို့လာတော့ ရွှီဖေးမျက်နှာထက် နွေးထွေးသည့်အပြုံးတစ်ခုပေါ်လာသည်။
“သူ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီလား ၊ အင်း... အချိန်တွက်ကြည့်ရင် ဒီအချိန်လောက်ဆို ထွက်လာနိုင်ပြီပဲ”
လက်ရှိ ရွှီဖေး၏အဆင့်တန်းအရ ကိုယ်ပိုင်အိမ်တော်တစ်ခု ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
သူက ဝါဒတောင်၏ကိစ္စများကို ကိုင်တွယ်နေရသဖြင့် ဝါဒတောင်မှာပင် အနေများသော်လည်း ကိုယ်ပိုင်အိမ်တော်ကိုတော့ ဆက်လက်ထိန်းသိမ်းထားခဲ့သည်။
ရွှယ်ချူးချင်ကဲ့သို့ပင် ရှဲ့ယိုချန်က ဝါဒတောင်တပည့်တစ်ယောက် မဟုတ်ပေ။
ထို့ကြောင့် သူမက ရွှီဖေး၏ ကိုယ်ပိုင်အိမ်တော်မှာပင် အေးအေးဆေးဆေး ကျင့်ကြံရင်းနေထိုင်လေ့ရှိသည်။ တံခါးပိတ်ကျင့်ကြံရာမှထွက်လာလျှင် သူမက ခင်ပွန်းဖြစ်သူနှင့် ရက်အနည်းငယ် အချိန်ကုန်ဆုံးသည်။
ရန်ကျောက်ကဲကပြုံးလိုက်ရင်း...
“မင်းမှာ အလျင်စလိုလုပ်ရမယ့်ကိစ္စတွေ မရှိသေးဘူးမလား ၊ အိမ်ပြန်ပြီး မင်းမိန်းမနဲ့ စကားပြောလိုက်လေ”
သူက ဆက်ပြောလိုက်သည်။
“အခုတော့ မင်းတို့နှစ်ယောက်ကို ငါမနှောက်ယှက်တော့ဘူး ၊ နောက်မှ လာလည်တော့မယ်”
ရွှီဖေးက ရယ်မောလိုက်ရင်း...
“မင်းကတော့ အပိုစကားတွေပြောပြန်ပြီ ၊ ငါတို့နှစ်ယောက်က အသက်ကြီးနေပါပြီ ၊ တခြားကိစ္စတွေ သိပ်မရှိပါဘူး”
ထို့နေက် သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြသည်။
ရန်ကျောက်ကဲက ယွီယဲ့ကို သွားရောက်နှုတ်ဆက်ရန်ထွက်ခွာသွားပြီး ရွှီဖေးကတော့ ကိစ္စအချို့ဖြေရှင်းရန် တာဝန်ခန်းမသို့ ထွက်ခွာသွားသည်။
ကိစ္စများပြီးလျှင်တော့ အိမ်သို့စောစောပြန်ရန် ကြံရွယ်ထားလေသည်။
***
ရွှီဖေး၏အိမ်တော်...။
နေအိမ်ထဲတွင် မိန်းကလေးတစ်ယောက်ထိုင်နေပြီး အခါးရည်သောက်လျှက် ရှိသည်။
မိန်းကလေးက အရပ်မြင့်မြင့် ကိုယ်ဟန်သွယ်သွယ်ဖြင့် မျက်နှာသွင်ပြင်ကတော့ သာမန်ထက်အနည်းငယ် ပိုမိုချောမောသည်။
သို့သော် သူမထံတွင် ရိုးသားဖြောင့်မတ်သည့် အငွေ့အသက်တစ်ခု ထင်ဟပ်နေသည်။
သူမက အခြားသူမဟုတ် ၊ “ရှဲ့ယိုချန်” ပင် ဖြစ်၏။
ရွှီဖေးက သူမအနားလျှောက်လာပြီး ပြုံးလိုက်ရင်း...
“ဒီတစ်ခေါက်ကျင့်ကြံတာ ရလဒ်ကောင်းပုံရတယ် ၊ ဟုတ်လား...”
ရှဲ့ယိုချန်က အသင့်ပြင်ထားသည့် အခါးရည်ပန်းကန်ထဲသို့ ရွှီဖေးအတွက် အခါးရည်ငှဲ့ထည့်ပေးရင်း စကားပြန်ပြောရန် ဟန်ပြင်လိုက်သည်။
သို့သော် ရွှီဖေး၏မျက်နှာကိုတွေ့တော့ သူမ ရုတ်တရက် အံ့အားသင့်သွားရသည်။
သူမက ရွှီဖေးကို စူးစိုက်ကြည့်ရင်း...
“ကိစ္စတစ်ခုခုဖြစ်လို့လား”
ရွှီဖေး၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲပင်။
“ဘာမှမဖြစ်ပါဘူး ၊ ဒါပေမဲ့... ဘယ်လိုရလဒ်ပဲဖြစ်လာပါစေ ငါ့စိတ်ထဲက ဝန်ထုပ်ဝန်ပိုးတစ်ခု ပြုတ်ကျသွားသလိုပဲ”