ခွန်ရှု့၏ ဧကရာဇ်
Vol. 8 Ch. 760
“ဝှစ် ... ဝှစ် …”
ကောင်းကင် မြို့တော်သို့ များစွာသော အလင်းများ ဆင်းသက်လာ၏။
ထိုအလင်းများကား ဂိုဏ်းများ၌ အစောင့်အဖြစ် ကျန်နေခဲ့သော မြေကမ္ဘာ နတ်ဘုရားများ ဖြစ်ပြီး ပြင်းထန်သော တိုက်ပွဲ အရှိန်အဝါကြောင့် အပြင်း ရောက်ရှိ လာကြခြင်း ဖြစ်သည်။
“တိုက်ပွဲက ပြီးသွားပြီလား …”
မြေကမ္ဘာ နတ်ဘုရားများမှာ ရောက်ရောက်ချင်းပင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အ သွားကြ၏။
ကောင်းကင် တန်ခိုးရှင် ဘိုးဘေး ယွင်ရှောင်က သေဆုံးသွားပြီလား။ ထိုအရာက အဘယ် အဓိပ္ပာယ်နည်း။
ထိုအချိန်၌ ချန်းဖန်သည် ဆံပင်များ မီးခိုးရောင် သန်းကာ အသက် သုံးဆယ်ခန့် ပိုမို အိုစာနေပြီ ဖြစ်သည့်တိုင် မည်သူကမျှ သူ့အား မဆန့်ကျင် ရဲကြတော့ချေ။
ပြိုင်ဘက်ကင်းခြင်း၏ အဓိပ္ပာယ်က အဘယ်နည်း။ ထိုအရာကသာလျှင် ပြိုင်ဘက်ကင်းခြင်း၏ အစစ်အမှန် အဓိပ္ပာယ် ဖြစ်၏။
“ဟူး ... ဟူး …”
ချန်းဖန်သည် ကောင်းကင်မှ မြေပြင်သို့ ဖြည်းညင်းစွာ ဆင်းသက်လာသည်။ တစ်ချိန်တည်း၌ မိုင်ရာပေါင်း များစွာ အတွင်းရှိ သစ်ပင်များ၊ ပန်းမန်များသည် သန့်စင်သော စွမ်းအား အသွင် ပြောင်းလဲ၍ သူ၏ ခန္ဓာကိုယ်သို့ တိုးဝင်ကာ ဒဏ်ရာများအား ကုသ၏။
ထိုအရာက ချန်းဖန်သည် “ပြန်လည် မွေးဖွားခြင်း” နတ်ဘုရား စွမ်းအားကို ခြောက်ကြိမ်မြောက် အဖြစ် အသုံးပြုခြင်းလည်း ဖြစ်သည်။
“သူရဲ့ ဒဏ်ရာတွေက ချက်ချင်းကို ပြန်ကောင်းလာတာပဲ”
တရိပ်ရိပ် ပြန်လည် တိုးတက်လာသော ချန်းဖန်၏ အရှိန်အဝါကို ကြည့်၍ မရေ မတွက်နိုင်သော မြေကမ္ဘာ နတ်ဘုရားများမှာ တွန့်ဆုတ် သွားကြ၏။
“ဟူး ... ဟူး …”
ချန်းဖန် စွမ်းအား တစ်ဝက်ခန့်ကို ပြန်လည် စုစည်းပြီးနောက် မီတာတစ်ရာခန့် အကွာအဝေး သင်္ဘောပျံကြီး အတွင်းမှ မီးတောက် တစ်ခု ပေါ်လာခဲ့သည်။
“နှုတ်ဆက်ပါတယ် ... ဝမ်ရှင်း တန်ခိုးရှင် ... ကျုပ်က မီးဝိညာဉ် ဧကရာဇ်ပါ”
မြို့ပေါင်း သုံးဆယ့် ခြောက်မြို့ကို အစိုးရသော မြေကမ္ဘာ အလယ်ဆင့် နတ်ဘုရား မီးဝိညာဉ် ဧကရာဇ်က ချန်းဖန်အား ဒူးထောက်ကာ နှုတ်ဆက်၏။
ဝမ်ရှင်း တန်ခိုးရှင် (အလုံးစုံ ပြီးပြည့်စုံသော ကျင့်ကြံသူ) ဆိုသည်မှာ ကောင်းကင် တန်ခိုးရှင်အား ဂုဏ်ပြု ခေါ်ဝေါ်သော အသုံးအနှုန်း ဖြစ်သည်။
ချန်းဖန်သည် ရွှေအမြုတေ အဆင့်သို့ မဝင်ရောက် ရသေးသည့်တိုင် ကောင်းကင် တန်ခိုးရှင် တစ်ယောက်ကိုပင် သတ်နိုင်သည်အထိ အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် မီးဝိညာဉ် ဧကရာဇ်က သူ့အား “ဝမ်ရှင်း တန်ခိုးရှင်” ဟူသော နာမည်ကို သုံး၍ ခေါ်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် …
“ဝှစ် ... ဝှစ် ... ဝှစ် …”
ဒုတိယ၊ တတိယနှင့် စတုတ္ထ မြေကမ္ဘာ နတ်ဘုရားများသည် တစ်ယောက်ပြီး တစ်ယောက် ချန်းဖန်၏ အရှေ့၌ ဒူးထောက် ကြ၏။
“ကျုပ်က မိန်ချင်းဂိုဏ်းရဲ့ နတ်ဘုရားသတ်သူပါ ... နှုတ်ဆက်ပါတယ် ဝမ်ရှင်း တန်ခိုးရှင် ချန်းပေ့ရွှမ်း”
“ကျုပ်က အနီရောင် ဖုန်မှုန့်ဂိုဏ်းရဲ့ မိစ္ဆာ သခင် လျူယုပါ ... နှုတ်ဆက်ပါတယ် ဝမ်ရှင်း တန်ခိုးရှင် ချန်းပေ့ရွှမ်း”
“ ... ”
ထိုမြင်ကွင်းကို ကြည့်ရင်း ခွန်ရှု့နယ်မြေ၏ များစွာသော မြေကမ္ဘာ နတ်ဘုရားများမှာ ဖြူရော်စွာ ပြုံးမိကြ၏။
နောက်ဆုံး၌ သူတို့သည်လည်း တိုက်ခိုက်ခြင်း အတွက် လက်လျှော့ကာ ချန်းဖန်၏ အရှေ့၌ တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်ကြရ တော့သည်။
မရေမတွက်နိုင်သော လူများကား ဒူးထောက်နေသည့် မြေကမ္ဘာ နတ်ဘုရားများကို ကြည့်ရင်း ခွန်ရှု့ နယ်မြေ၏ အရှင်သခင် နေရာမှာ အပြောင်းအလဲ ဖြစ်သွားပြီ ဖြစ်ကြောင်း နားလည် လိုက်ကြသည်။ ယခု အချိန်၌ စ၍ ခွန်ရှု့ နယ်မြေအား လွှမ်းမိုးခဲ့သော ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှာ သမိုင်းအဖြစ်ဖြင့် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
“သူက ခွန်ရှု့ နယ်မြေ တစ်ခုလုံးကို တစ်ယောက်တည်းနဲ့ သိမ်းပိုက် ခဲ့တာလား”
ချီချင်းဝေ့မှာ နေရာတွင်ပင် ရပ်ရင်း မယုံကြည်နိုင်မှုကို ခံစားနေရသည်။ သူမ၏ စိတ်အတွင်းတွင်မူ ချန်းဖန်နှင့် တွေ့ဆုံခဲ့သော မှတ်ဉာဏ်များက ပြန်လည် ပေါ်နေခဲ့၏။
ထိုစဉ်က သူမ အမြင်ကတ်ခဲ့သော ကောင်လေးမှာ ခွန်ရှု့ နယ်မြေ၏ ဧကရာဇ် ဖြစ်လာမည်ဟု မည်သူက ထင်မိမည်နည်း။
ချီရှို့အာမှာမူ ပျော်ရွှင်မှုဖြင့် မျက်ရည်များပင် စီးကျနေခဲ့ပြီ ဖြစ်သည်။
“ဆရာနိုင်ပြီ ... နောက်ဆုံးတော့ ဆရာနိုင်ပြီ ... အရမ်း ကောင်းတာပဲ”
ထိုအချိန်၌ ပိုင်စုရှင်းနှင့် တောင်ပိုင်းနိုင်ငံ မင်းသမီးလေးတို့သည်လည်း ချီချင်းဝေ့ ကဲ့သို့ပင် ဆွံ့အ နေကြဆဲ ဖြစ်၏။
ထို့နောက် …
ချန်းဖန်က သူ၏ အရှေ့၌ ဒူးထောက် နေသော မြေကမ္ဘာ နတ်ဘုရားများကို ခြုံငုံကာ လိုက်၏။
“ခုအချိန်က စပြီး ငါက ခွန်ရှု့ရဲ့ ဧကရာဇ်ပဲ ... မင်းတို့ ဘာပြောချင်လဲ”
“ဘာမှ ပြောစရာ မရှိပါဘူး …”
လူတိုင်းက သူတို့၏ ခေါင်းများအား ငုံ့ထားကြသည်။
“ခွန်ရှု့နဲ့ ကမ္ဘာက ဂြိုဟ်တစ်ခု အပေါ်မှာပဲ ရှိနေတာ ... ကမ္ဘာ မရှိရင် ခွန်ရှု့ နယ်မြေ ဆိုတာ ရှိလာမှာ မဟုတ်ဘူး ... ဒီနေ့က စပြီး ကမ္ဘာကို ဆန့်ကျင်ဖို့ ကြိုးစားတဲ့ ဘယ်သူမဆို အသတ်ခံရမယ် ... ဒါ ငါ့ရဲ့ အမိန့်ပဲ”
ခွန်ရှု့ နယ်မြေ၏ ဧကရာဇ်သည် သူ၏ အမိန့်ကို ပထမဆုံး အကြိမ်အဖြစ် ထုတ်ပြန်၏။
“နောက်ပြီး ... ဂိုဏ်းကြီး ခုနစ်ဂိုဏ်းကို ငါ့ဆီ လာတွေ့ဖို့ ပြောလိုက် ... မဟုတ်ရင် ငါ ထွက်လာတာနဲ့ သူတို့တွေ အားလုံးကို သတ်ပစ်မယ်”
ချန်းဖန်က ပြောပြီးသည်နှင့် ယွင်ထျန်း နန်းတော် အတွင်းသို့ ပျံသန်းကာ ဝင်ရောက် သွားသည်။
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
“သူက ဂိုဏ်းကြီး ခုနစ်ဂိုဏ်းနဲ့ စာရင်းရှင်း တော့မယ် ထင်တယ် …”
မိန်ချင်း ဂိုဏ်းချုပ်က သက်ပြင်း တစ်ချက် ချရင်း ဆိုလိုက်၏။
“ဟားဟား ... ဂိုဏ်းကြီး ခုနစ်ဂိုဏ်းက ခွန်ရှု့ နယ်မြေမှာ ထင်ရာစိုင်းနေတာ နှစ်ထောင်ချီအောင် ကြာနေပြီ ... အခုတော့ သူတို့ ပြန်ပြီး ခံရမယ့် အလှည့် ရောက်ပြီ”
မီးဝိညာဉ် ဧကရာဇ်က ရယ်မောရင်း ဆိုလိုက်သည်။
များစွာသော မြေကမ္ဘာ နတ်ဘုရားများမှာ ဝမ်းနည်းမှုကို ခံစားကြရသော်လည်း အမှန်တရားကို လက်ခံရုံမှ လွဲ၍ မည်သို့မျှ မတတ်နိုင်ကြချေ။
“ချန်းပေ့ရွှမ်း နိုင်သွားတယ် …”
ထိုသတင်း အပိုင်းအစက ကောင်းကင် မြို့တော်မှ နေ၍ ခွန်ရှု့ နယ်မြေ တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့၍ သွားသည်။
ပထမ၌ မရေမတွက်နိုင်သော ခွန်ရှု့ နယ်မြေသားတို့မှာ ထိုသတင်း အပိုင်းအစအား ကောလဟာလဟုသာ ထင်မြင်ခဲ့ကြသည်။ သို့သော်လည်း မကြာခင်မှာပင် ပိုမို များပြားသော သတင်းများက ပျံ့နှံ့ လာပြန်သည်။
“ဂိုဏ်းချုပ် ဆယ်ယောက် သေတယ် …”
“မြေကမ္ဘာ နတ်ဘုရား အယောက် တစ်ရာ အသတ်ခံရတယ် …”
“တိမ်ကောင်းကင် အဘိုးအိုပါ သေသွားပြီ”
“ဝမ်ရှင်း တန်ခိုးရှင် ဘိုးဘေး ယွင်ရှောင် ပေါ်လာပေမဲ့ သူလည်း အသတ်ခံလိုက်ရ ပြန်ပြီ”
သတင်း အပိုင်းအစ တစ်ခုချင်းစီက ခွန်ရှု့ နယ်မြေတွင် နေထိုင်သော လူတိုင်းအား ကြီးစွာ ရိုက်ခတ်၏။
“ဒါက ... ခွန်ရှု့ နယ်မြေရဲ့ အဆုံးသတ်လား”
များစွာသော ကျင့်ကြံခြင်း မိသားစုများ၊ ဂိုဏ်းများမှာ ဝမ်းနည်းစွာဖြင့် တအုံ့နွေးနွေး ငိုကြွေး ကြ၏။
သူတို့သည် ခွန်ရှု့ နယ်မြေ၌ နှစ်ပေါင်း ထောင်ချီတိုင် နေထိုင်ကြပြီး သူတို့ အတွက် ထိုနယ်မြေသာလျှင် မြင့်မြတ်သော တန်ခိုးရှင် နယ်မြေ ဖြစ်သည်။ ကောင်းကင်တံခါး တစ်ဖက်မှ လူများကား အရိုင်းအစိုင်း သေမျိုးများသာ ဖြစ်သည်။
သို့သော်လည်း ယခုတွင်မူ သေမျိုးကမ္ဘာမှ အရိုင်းအစိုင်း တစ်ယောက်သည် ခွန်ရှု့ နယ်မြေသားတို့အား ဒူးထောက်စေလျက် အရှင်သခင် ဧကရာဇ် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ထိုအရာက ခွန်ရှု့သားတို့ အတွက် လက်ခံရန် ခက်ခဲလွန်းလှ၏။
“စစ်သားတွေနဲ့ ကျင့်ကြံသူတွေ အားလုံးကို စုစည်းကြဟေ့ ... ငါတို့ ယွင်ထျန်း နန်းတော်ကို သွားပြီး ချန်းပေ့ရွှမ်းကို တိုက်ခိုက်ကြမယ် ... ခွန်ရှု့ နယ်မြေက ဘယ်တော့မှ အညံ့မခံဘူး ဆိုတာ သူ့ကို ငါတို့ ပြရမယ်”
လူအချို့က ကြွေးကြော်ကြသည်။
သို့သော်လည်း လူအများစုမှာမူ တိတ်ဆိတ်၍သာ နေကြ၏။
ဂိုဏ်းကြီးခုနစ်ဂိုဏ်းကား ခွန်ရှု့ နယ်မြေကို နှစ်ထောင်ချီအောင် လွှမ်းမိုးခဲ့သူများ ဖြစ်သည်။ ထိုလူများပင်လျှင် ချန်းပေ့ရွှမ်းထံ၌ ဒူးထောက်ခဲ့ရရာ သူတို့က ဘာတတ်နိုင် မည်နည်း။
တစ်ချိန်တည်း၌ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှာ တိတ်ဆိတ်နေကြ၏။
သူတို့သည် တိုက်ပွဲ၌ ဝိညာဉ် ရတနာအားလုံးနှင့် တစ်ရာကျော်သော မြေကမ္ဘာ နတ်ဘုရားများကို ဆုံးရှုံးခဲ့ရ၏။ ယခုဆိုလျှင် သူတို့၌ မြေကမ္ဘာ အဆင့် နှစ်ဆယ်ကျော်သာ ရှိတော့ပြီး ထိုအထဲမှ တစ်ဝက်ခန့်မှာ နှင်းနတ်ဘုရား နန်းတော်မှ ဖြစ်သည်။
“ဝမ်ရှင်း တန်ခိုးရှင်ချန်းက ငါတို့ကို ယွင်ထျန်း နန်းတော်မှာ လာတွေ့ဖို့ အမိန့်ပေး ထုတ်ထားတယ် ... မဟုတ်ရင် သူက အားလုံးကို သတ်ပစ်မယ်တဲ့ ... ငါတို့ သွားသင့်လား”
အကြီးအကဲ တစ်ယောက်က ဖြူရော်စွာ မေးသည်။ အခြားသော သူများမှာ ငြိမ်သက် တိတ်ဆိတ် နေကြ၏။
အကယ်၍ သူတို့သာ ချန်းပေ့ရွှမ်းအား သွားရောက် တွေ့ဆုံပါက ထိုအရာမှာ ချန်းပေ့ရွှမ်းထံ၌ အညံခံလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ အခြား တစ်ဖက်၌ သူတို့ မသွားခဲ့လျှင်လည်း ချန်းပေ့ရွှမ်းက သူတို့ အားလုံးအား သတ်ပစ် ပေလိမ့်မည်။
များစွာသော လူများသည် နှင်းနတ်ဘုရား နန်းတော်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်း နေကြ၏။
ယခုအချိန်၌ နှင်းနတ်ဘုရား နန်းတော်မှာ ဂိုဏ်းကြီး ခုနစ်ဂိုဏ်း၌ အင်အား အကြီးဆုံး ဖြစ်နေသည့် အပြင် သူတို့၏ ဂိုဏ်းချုပ်မှာလည်း ခွန်ရှု့ နယ်မြေ၏ အစွမ်း အထက်ဆုံး အရှင်သခင် တစ်ယောက် ဖြစ်သည် မဟုတ်ပါလား။
“နှင်းနတ်ဘုရား နန်းတော်က ဝမ်ရှင်း တန်ခိုးရှင်ကို သွားတွေ့မယ် …”
နှင်းနတ်ဘုရား နန်းတော် သခင်မက သူတို့၏ သဘောထားကို ကြေညာချက် ထုတ်သည်။
၁၂ လပိုင်း၊ ၂၃ ရက် …
နှင်းနတ်ဘုရား နန်းတော် သခင်မ၏ ဦးဆောင်မှု အောက်၌ ဂိုဏ်းကြီး ခုနစ်ဂိုဏ်း၏ လက်ကျန် မြေကမ္ဘာ နတ်ဘုရားများသည် ယွင်ထျန်း နန်းတော်သို့ သွားကာ ချန်းဖန်အား တွေ့ဆုံခဲ့၏။
***
ယွင်ထျန်း နန်းတော်၊ လမ့်ရှောင် ခန်းမ အတွင်း၌ …
“နှုတ်ဆက်ပါတယ် ... ဝမ်ရှင်း တန်ခိုးရှင်”
နှင်းနတ်ဘုရား နန်းတော် သခင်မသည် ရိုသေစွာ ဒူးထောက်ကာ ချန်းဖန်အား ဂါရဝ ပြု၏။
“နှုတ်ဆက်ပါတယ် ... ဝမ်ရှင်း တန်ခိုးရှင်”
ဂိုဏ်းကြီး ခုနစ်ဂိုဏ်း၏ မြေကမ္ဘာ နတ်ဘုရားများကလည်း တညီတညွတ်တည်း ဒူးထောက် ကြသည်။
ခွန်ရှု့ နယ်မြေ စတင် တည်ထောင်ချိန်မှ စ၍ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းသည် ခွန်ရှု့ နယ်မြေ၏ အုပ်ချုပ်သူ ဖြစ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင်မူ နှစ်ထောင်ချီ သမိုင်းကြောင်း အတွင်း၌ ပထမဆုံး အကြိမ် အဖြစ် သူတို့သည် သေမျိုး တစ်ယောက်၏ အရှေ့၌ အညံ့ခံ ခဲ့ရပြီ ဖြစ်သည်။
ယနေ့မှ စ၍ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းသည် ခွန်ရှု့ နယ်မြေ၏ အုပ်ချုပ်သူ မဟုတ်တော့ချေ။ သူတို့ နေရာ၌ ချန်းပေ့ရွှမ်း ဆိုသော သေမျိုးကမ္ဘာမှ ဝမ်ရှင်း တန်ခိုးရှင်က အစားထိုး သွားခဲ့ပြီ ဖြစ်သည်။
မြေကမ္ဘာ နတ်ဘုရားများအား လက်ခံတွေ့ဆုံပြီးနောက် ချန်းဖန်က ယွင်ထျန်း နန်းတော်ကို ချိပ်ပိတ် လိုက်၏။
“တိုက်ပွဲ အတွင်းမှာ ငါ ပြန်လည် မွေးဖွားခြင်း နတ်ဘုရားကို ခြောက်ကြိမ်အထိ သုံးခဲ့ရတယ် ... နောက်ပြီး အချိန်ဓားကို ထုတ်ဖော်ဖို့ ငါ့သက်တမ်း တစ်ရာလောက်ကိုလည်း သုံးခဲ့ရတယ် ... ဘာပဲဖြစ်ဖြစ် တန်ပါတယ်လေ”
ချန်းဖန်က ကျေနပ်စွာဖြင့် တစ်ယောက်တည်း ပြုံးလိုက်သည်။
“ဟူး ... ဟူး …”
ဝိညာဉ် ရတနာ ခုနစ်ခုသည် သူ၏ အရှေ့တွင် ပျံဝဲနေ၏။
တစ်ချိန်တည်း၌ များစွာသော အဖိုးတန် ဆေးမြစ်များ၊ အပင်များ၊ ဝိညာဉ် ကျောက်တုံးများမှာလည်း သူ ရှိနေသည့် အခန်း အတွင်းတွင် ပြည့်နှက်နေ၏။ ထိုအထဲ၌ မိုးကြိုးသစ်သီး ကဲ့သို့ ရှားပါးသော ဝိညာဉ် ဆေးဝါးများပင် ပါဝင်နေသည်။
သို့သော်လည်း ချန်းဖန်အား စိတ်အလှုပ်ရှားစေဆုံး အရာမှာ လက်ဝါးခန့် အရွယ်အစား ရှိသည့် ရွှေရောင် အလုံးလေး ဖြစ်သည်။
ထိုအရာကား ရွှေအမြုတေပင် ဖြစ်၏။
***