ငရဲကိုးထပ်၏ဆိုးယုတ်မှု
Vol. 101 Ch. 1414
အခန်း (၁၄၁၄) ငရဲကိုးထပ်၏ဆိုးယုတ်မှု
ရန်ကျောက်ကဲက...
“အဲဒါက ကောင်းကင်သန့်စင်စိတ်ဝိညာဉ် တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး”
ပြောရင်း ရန်ကျောက်ကဲနှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာသည်။
“ဆရာဦးလေး'ကောင်း' ပြောတာတော့ ဂိုဏ်းတူအစ်မယွီ ကိုယ်တိုင်ကလည်း… အင်း... သိုင်းပညာကို စွဲလမ်းသူတစ်ယောက်လို့ ပြောလို့ရတယ်”
သူက ဆက်ပြောလိုက်သည်။
“မီးလျှံထက်ယံအရှင်သခင်နဲ့ ဂိုဏ်းတူညီမလေး'စစ်ခုန်' တို့လိုပဲ ၊ သူတို့က မဟာတာအိုရဲ့ပင်လယ်ထဲမှာ အမြဲတမ်း နက်ရှိုင်းစွာနစ်မြုပ်နေပြီး ရုန်းထွက်လို့မရနိုင်ဘူး”
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“အဲဒီလိုလူမျိုးက ကောင်းကင်သန့်စင်စိတ်ဝိညာဉ် နဲ့ ပေါင်းစပ်လိုက်တော့ သတိလက်လွတ်စိတ်အခြေအနေထဲ လိုသလိုဝင်ရောက်ပြီး မဟာတာအိုကို နားလည်သဘောပေါက်နိုင်တယ် ၊ ဒါက သူ့ရဲ့ပင်ကိုယ်စရိုက်နဲ့လည်း ကိုက်ညီတယ်လေ ၊ ဆိုတော့ အကျိုးသက်ရောက်မှုလည်း ပိုထင်ရှားတာပေါ့”
ဖန်းယွင်ရှန်းက ထိုသို့ဖြစ်ချင်သွားသည့်အမူအရာဖြင့်...
“တစ်နည်းပြောရရင် ဒါလည်း ပျော်စရာတစ်ခုပါပဲ”
အသိလွတ်စိတ်အခြေအနေအတွင်းဝင်ရောက်ရန်မှာ သိုင်းကျင့်ကြံသူအတော်များများ တောင့်တလေ့ရှိသည့် အခြေအနေတစ်ခု ဖြစ်သည်။
ကနဦးကောင်းကင်အခွင့်အလမ်းများတွင် ထိုသို့သောလျှို့ဝှက်ချက် များစွာပါဝင်သည်။
ထိုသို့သောအခြေအနေတွင် စိတ်အာရုံနှစ်မြှုပ်လိုက်ခြင်းက ကမ္ဘာဦးအက်ကွဲကြောင်းဆီ ပြန်လည်ရောက်ရှိသွားသည့်ပမာဖြစ်ပြီး ဤသည်က မဟာတာအိုနှင့် အနီးစပ်ဆုံးအခြေအနေ ဖြစ်၏။
ဤသို့သောအခြေအနေတွင် ကျင့်ကြံခြင်းက သိုင်းကျင့်ကြံသူတစ်ယောက်ကို အကောင်းဆုံးအကျိုးအမြတ်များ ပေးစွမ်းသည်။
ဤသည်က အသိစိတ်ရှိနေသော စိတ်အခြေအနေတွင် အားထုတ်ခြင်းထက် အဆပေါင်းများစွာ ပိုမိုသာလွန်သည်။ သို့သော် ဤသို့သောအခြေအနေက လူအများစုအတွက် တောင့်တရုံသာတတ်နိုင်ပြီး မဖြစ်နိုင်သောကိစ္စဖြစ်သည်။
အမှန်တော့ ကျင့်ကြံသူအများစုက တစ်သက်တွင် ထိုသို့သောအခိုက်အတန့်ကို တစ်ခါပင်မကြုံတွေ့ကြရပေ။ နတ်ဘုရားအဆင့်သို့တက်လှမ်းပြီးသော ကျွမ်းကျင်သူများမှာပင် ထိုသို့သောအတွေ့အကြုံက ရှာဖွေရခက်ခဲလှသည်။
ကျင့်ကြံခြင်းအဆင့် လုံလောက်စွာမြင့်မားမှသာ လိုချင်သည့်အချိန်တိုင်း ထိုသို့သောစိတ်အခြေအနေသို့ ဝင်ရောက်နိုင်ပေမည်။
ငရဲကိုးထပ်တွင် လှည့်လည်သွားလာပြီးနောက် ဖန်းယွင်ရှန်းကိုယ်တိုင်လည်း သိစိတ်လွတ်သည့်အခြေအနေထဲသို့ ဝင်ရောက်နိုင်သောနည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော် ယွီယဲ့ကဲ့သို့ သူမလိုချင်သည့်အချိန်တိုင်း ထိုအခြေအနေထဲ ဝင်ရောက်နိုင်ခြင်းမျိုး မဟုတ်ခဲ့ပေ။
ချန်ချန်းဟွာကဲ့သို့ ခပ်ကြောင်ကြောင်လူများကိုဘေးဖယ်လိုက်လျှင် ကျင့်ကြံခြင်းတွင် အဆင့်တစ်ခုသို့ ရောက်ရှိသွားသူတိုင်း လောကနိယာမတရားများ၏ နက်နဲမှုများကို တောင့်တစူးစမ်းလိုစိတ်များ ပြည့်နက်နေတတ်သည်။
ကျင့်ကြံခြင်းအဆင့် မြင့်မားလာလေ ပိုမိုနက်နဲသည့်စူးစမ်းလိုစိတ်များ ပိုများလာလေ ဖြစ်၏။
ထိုအချက်တွင် ဖန်းယွင်ရှန်းသည်လည်း ခြွင်းချက်မဟုတ်ခဲ့ပေ။
ထို့ကြောင့် သူမက ယွီယဲ့၏အခြေအနေကို အလွန်အမင်း လေးစားအားကျခဲ့သည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“အကျိုးကျေးဇူးတွေက ဒီမှာတင် ရပ်မသွားဘူး”
သူက ဆက်ပြောလိုက်သည်။
“ဂိုဏ်းတူအစ်မယွီမှာ မဟာတာအိုရဲ့စူးရှတေးသံကို သဘာဝကျကျ ခုခံတွန်းလှန်နိုင်တဲ့ စွမ်းရည်ရှိတယ်”
ဖန်းယွင်ရှန်းက ခဏမျှစဉ်းစားလိုက်ရင်း...
“ဟုတ်တယ်... သူက သိစိတ်လွတ်တဲ့အခြေနေထဲ မကြာခဏဝင်ရောက်နေပေမယ့် အဲဒီကနေ အလွယ်တကူ ပြန်ထွက်လာနိုင်တယ် ၊ တခြားသူတွေက မဟာတာအိုရဲ့စူးရှတေးသံနဲ့ သူ့ကိုဖိနှိပ်ဖို့ကြိုးစားရင် ထိရောက်မှာမဟုတ်ဘူး”
ထိုက်ရွှီးမူလနတ်ဘုရားများက အမြဲတမ်း မဟာတာအို၏စူးရှတေးသံနှင့် အတူရှိလေသည်။
နက်ရှိုင်းနတ်ဘုရားအဆင့်မရောက်ရှိသေးဘဲ ၊ အမတစွမ်းအားရောင်ဝါကို မပိုင်ဆိုင်သေးဘဲ ၊ မဟာတာအို၏စူးရှတေးသံကိုရင်ဆိုင်ရပါက စိတ်တစ်ခုလုံး ဗလာကျင်းသွားပြီး သိစိတ်လွတ်သည့်အနေအထားသို့ ရောကရှိသွားသည်။
အလိုအလျောက် သိစိတ်လွတ်သည့်အခြေအနေသို့ ဝင်ရောက်ခြင်းနှင့် မဟာတာအို၏စူးရှတေးသံ ဖိနှိပ်မှုကြောင့် သိတ်စိတ်လွတ်သွားခြင်းက အခြေအနေကွဲပြားသည်။
တစ်ခုက ကိုယ့်သဘောအလျောက်ဖြစ်ပြီး နောက်တစ်ခုက ပြင်ပစွမ်းအားကြောင့် ဖိအားပေးခံရခြင်း ဖြစ်သည်။
သို့သော် တူညီသည့်အချက်အချို့လည်း ရှိနေသည်။
သိုင်းကျင့်ကြံသူအများစုက ဤသို့သောအခြေနေကို တောင့်တကြသည်။
ထို့ကြောင့် ရှေးခေတ်အချိန်ကတည်းက ထိုက်ရွှီးမူလနတ်ဘုရားများက မဟာတာအို၏စူးရှတေးသံကို အသုံးပြုပြီး သူတို့၏တပည့်များကို ဖိနှိပ်ခဲ့ကြသည်။
တပည့်များ သိစိတ်လွတ်သည့်အခြေအနေထဲဝင်ရောက်သွားပြီး မဟာတာအိုကို နားလည်နိုင်ခဲ့ကြသည်။ သို့သော် ဤသို့ မကြာခဏလုပ်ဆောင်ပါက ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်သည်။
ပြီးတော့ သိစိတ်လွတ်သည့်အနေအထားတိုင်းတွင် လောကနိယာမတရားများကို အာရုံခံမိသည်ဆိုခြင်းက ကျင့်ကြံသူတိုင်းနှင့် အံဝင်ခွင်ကျ မဖြစ်လှပေ။
ထို့ကြောင့် ထိုက်ရွှီးမူလနတ်ဘုရားများက အကြိမ်အနည်းငယ်သာ ထိုသို့လုပ်ဆောင်လေ့ရှိကြသည်။
အမှန်တော့ မဟာတာအို၏စူးရှတေးသံဆိုသည်က ထိုက်ရွှီးနတ်ဘုရားတစ်ပါး၏ အဆင့်အတန်းကိုကိုယ်စားပြုသော သင်္ကေတဖြစ်ပြီး နက်ရှိုင်းနတ်ဘုရားအဆင့်အောက်ရှိသူများကို ဖိနှိပ်ရန်အသုံးပြုသည့်အရာ ဖြစ်၏။
ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို အခြေခံအုတ်မြစ်အဖြစ်ပိုင်ဆိုင်ထားပြီး ထိုက်ချင်အဆက်အနွယ် 'ထိုက်ယီလက်သီးသိုင်း' နှင့် စန့်ချင်အဆက်အနွယ် 'နတ်ဘုရားသုတ်သင်ဓားသိုင်း' တို့ကိုလည်း ကျင့်ကြံထားသည်။
တကယ်တော့ သူက စန်းချင်း(၃)ပါး ပညာရပ်များကိုကျင့်ကြံထားပြီး များစွာသောထိပ်တန်းသိုင်းပညာများကိုလည်း နားလည်တတ်ကျွမ်းသည်ပင်။
ထိုသို့သောအခြေအနေနှင့်အတူ သူ၏ကျင့်ကြံခြင်းစွမ်းအားကြောင့်သာ မဟာတာအို၏စူးရှတေးသံကို တွန်းလှန်နိုင်ခဲ့ခြင်း ဖြစ်၏။
ရန်ကျောက်ကဲ၏ကျင့်ကြံခြင်းသာ အားနည်းနေဦးမည်ဆိုလျှင် သူသည်လည်း မဟာတာအို၏စူးရှတေးသံဖိနှိပ်မှုကို ခံစားရဦးမည်သာ ဖြစ်သည်။
သို့သော် ကောင်းကင်သန့်စင်စိတ်ဝိညာဉ် ပိုင်ဆိုင်ထားသော ယွီယဲ့ကတော့ ထိုသို့မဟုတ်ပေ။ သူမက မဟာတာအို၏စူးရှတေးသံကို သဘာဝကျကျ ခုခံတွန်းလှန်နိုင်စွမ်းရှိပေသည်။
ဖန်းယွင်ရှန်းက ယွီယဲ့ကိုလှမ်းကြည့်ရင်း...
“ဒါဆိုရင် သူ့ကိုမနှောက်ယှက်တော့ဘူး”
ရန်ကျောက်ကဲကလည်း ပြုံးရင်း ခေါင်းညိတ်လိုက်သည်။
သို့သော် သူတို့ အချိန်အကြာကြီး စောင့်မနေခဲ့ရပေ။
ယွီယဲ့က သိပ်မကြာခင်မှာပဲ ပြန်လည်နိုးထလာခဲ့သည်။
သူမက စကားဆက်ပြောလိုက်သည်။
“ဒီကိစ္စက မိစ္ဆာနတ်ဘုရား (၁၂)ပါးနဲ့ သက်ဆိုင်နေတယ် ၊ ဒီတော့ ငါ့အဘိုးနဲ့အဘွားကို ပြန်ပြောပြဖို့လိုတယ် ၊ တကယ်တော့ ဒီကိစ္စက ဝူတန့်မယ်တော်ကိုတောင် အံ့သြသွားစေနိုင်တယ်”
ရန်ကျောက်ကဲက...
“ဒီကိစ္စအတွက် စိတ်ပူစရာ မလိုပါဘူး ၊ ငါတို့ ကောင်းကင်ဘုံကမ္ဘာကိုပြန်ရောက်တုန်းက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုလည်း သတင်းပို့ခဲ့ပြီးပြီ ၊ အကြီးအကဲ'ကောင်း'၊ ဆရာဦးလေး'လုန်' နဲ့ တခြားသူတွေကို အသိပေးခဲ့တယ်”
သူက ဆက်ပြောလိုက်သည်။
“ငါတို့ အဲဒီကိုရောက်တော့ မင်းက ဒီကိုထွက်လာနေပြီ ၊ အဲဒါကြောင့် ဒီကိစ္စကို မသိလိုက်တာ”
ယွီယဲ့က...
“သြော်... ဟုတ်လား”
ရန်ကျောက်ကဲက...
“အကြီးအကဲ'ကောင်း' နဲ့ တခြားသူတွေက ဝူတန့်မယ်တော် ကို တတ်နိုင်သမျှ အမြန်ဆုံး ဆက်သွယ်လိမ့်မယ်”
သူက ပြုံးလိုက်ရင်း...
“အပြန်လမ်းမှာ ငါတို့ တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ မီးလျှံထက်ယံအရှင်သခင် ကိုလည်း ဆက်သွယ်ခဲ့တယ်”
“ငရဲကိုးထပ်နဲ့ တိုက်ပွဲမဖြစ်ခင် အားလုံး အကောင်းဆုံးပြင်ဆင်ထားဖို့ လိုတယ်လေ ၊ ဘာပဲဖြစ်ဖြစ် ငါတို့ရန်သူက တာအိုဝါဒရဲ့ ကောင်းကင်နတ်ဘုရားအဆင့်နဲ့ညီတဲ့နတ်ဆိုးတွေပဲ ၊ တစ်ယောက်တည်းတောင်မကဘူး ၊ တစ်လောကလုံးက ငရဲကိုးထပ်ကို ရန်သူလို့သတ်မှတ်ထားပေမယ့် ငါတို့အနေနဲ့ သတိတော့ထားရမှာပဲ”
ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်သပ်လိုက်ရင်း...
“မဟာနတ်ဆိုးတွေက သက်ရှိအားလုံးရဲ့ဘုံရန်သူတွေပဲ ၊ ဒါကြောင့် တာအိုဝါဒထွန်းကားပြီး နတ်ဆိုးတွေ ဆုတ်ယုတ်သွားတဲ့အခါ သူတို့က ငရဲကိုးထပ်မှာပုန်းအောင်းပြီး လျှို့ဝှက်လှုပ်ရှားခဲ့ကြတယ် ၊ ဒါပေမဲ့ ငရဲကိုးထပ်ကို ဘယ်တော့မှ အထင်သေးလို့ မရဘူး ၊ တစ်လောကလုံးက နှစ်ပေါင်းများစွာဖိနှိပ်ထားတာတောင် သူတို့မှာ မကျော်လွှားနိုင်တဲ့အင်အားတွေ ရှိနေဆဲပဲ”
ယွီယဲ့က...
“အမှန်ပဲ”
သူမက ဆက်ပြောသည်။
“သူတို့အင်အားတစ်ခုတည်းက အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ အဖြူရောင်ကြာပန်းသုခဘုံ ပေါင်းထားတာထက် သာလွန်နိုင်တယ်”
ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...
“နတ်ဆိုးတွေနဲ့ ဖြောင့်မတ်မှုဆိုတာ ဆန့်ကျင်ဘက်အစွန်းနှစ်ဖက်လိုပဲ ၊ ဒီအစွန်းနှစ်ဖက် မျှတမှုရှိနေရင်တောင် ဒီနတ်ဆိုးတွေရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေကို ငါတို့တွေ ကြိုတင်တွက်ဆနိုင်ပြီးသားပဲ”
ကောင်းကင်ဖွင့်လှစ်ပြီး ဖန်ဆင်းခြင်းမစတင်ခင်က တာအိုဝါဒ၏ စန်းချင်း(၃)ပါးဆရာသခင်များ၊ ရှေးဟောင်းဧကရာဇ်သုံးပါးနှင့် အနောက်ဘက်ဗုဒ္ဓဘာသာ၏ ခေါင်းဆောင်နှစ်ပါးတို့ ကမ္ဘာဦးအက်ကွဲကြောင်းထဲတွင် တိုက်ခိုက်ခဲ့ကြသည်။
သို့သော် နတ်ဆိုးများ စွမ်းအားကြီးလာသည့်အခါ ထိုပုဂ္ဂိုလ်ကြီးများအားလုံး တစ်ဖက်တည်းတွင် ရပ်တည်ခဲ့ကြသည်။
မိစ္ဆာနတ်ဘုရား (၁၂)ပါးထဲမှ ပြိုင်ဘက်ကင်း ဘိုးဘေးမဟာနတ်ဆိုး (၆)ပါး တစ်ပါးပြီးတစ်ပါး ထွက်ပေါ်လာကြသည်။
နောက်ဆုံးမှထွက်ပေါ်လာမည့် ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးက ပေါ်ထွက်လာခြင်းမရှိသေးသဖြင့် ဘိုးဘေးမဟာနတ်ဆိုး (၅)ပါးရှိသည်ဟု ဆိုနိုင်၏။
နတ်ဆိုးတစ်ယောက်ချင်း၏ အားသာချက် အားနည်းချက်များကို ထည့်မတွက်လျှင်တောင်မှ တာအိုဘိုးဘေးများ၏အရေအတွက်က အခြားအင်အားစုများထက် ပိုမိုများပြားသည်။
ရလဒ်အနေဖြင့် ဘိုးဘေးမဟာနတ်ဆိုးတစ်ပါးချင်း ထွက်ပေါ်လာသည့်အချိန်ကလည်း ကွဲပြားပြီး တစ်ယောက်ထွက်ပေါ်လာတိုင်း ထိုအားနည်းချက်ကို အသုံးချခံခဲ့ရသည်။
တာအိုဝါဒ၏ ထိုက်ချင်ဆရာဘိုးဘိုး 'တောက်တယ်ထျန်းကျွင်း' က ထိုက်စန့်ကောင်းကင်နတ်ဆိုးအဖြစ် ပေါ်ထွက်လာပြီး ဘိုးဘေးမဟာနတ်ဆိုးများ၏ တတိယနေရာကို သိမ်းပိုက်ခဲ့သည်။
တစ်ချိန်တည်းမှာပဲ အနောက်ဘက်ဗုဒ္ဓဘာသာ၏ရှေ့ဆောင်လမ်းပြ “အော်မီတော်ဖူဗုဒ္ဓ” က ဘိုးဘေးမဟာနတ်ဆိုးများ၏ စတုတ္ထနေရာကို သိမ်းပိုက်ပြီး သဏ္ဌန်မဲ့ကောင်းကင်နတ်ဆိုး အဖြစ် ပေါ်ထွက်လာခဲ့သည်။
ထိုသို့ဖြင့် နတ်ဆိုးတာအို၏ကံကြမ္မာ ဖြတ်တောက်ခံလိုက်ရသည်။
ထို့ပြင် အင်အားစုတစ်ခုချင်းစီတိုင်းကလည်း နတ်ဆိုးများကိုဖိနှိပ်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ပထမဆုံး ဘိုးဘေးမဟာနတ်ဆိုး ၊ နတ်ဆိုးများအားလုံး၏ဘိုးဘေးဖြစ်သူ “ယွမ်စီကောင်းကင်နတ်ဆိုး” ဖိနှိပ်ခံခဲ့ရသည်။
ဒုတိယမြောက် ဘိုးဘေးမဟာနတ်ဆိုး “ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုး” မှာလည်း သုတ်သင်ခံလိုက်ရပြီး သူ၏ရုပ်အလောင်းက ငရဲကိုးထပ်အဖြစ်ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်တွင် နတ်ဆိုးများအင်အားဆုတ်ယုတ်သွားပြီး တာအိုဝါဒကတော့ ထွန်းကားလာခဲ့သည်။ နတ်ဆိုးများက ဘုံရန်သူဖြစ်လေရာ သူတို့ထွက်ပေါ်လာတိုင်း တိုက်ခိုက်ခံရသည်ပင်။
သူတို့က ငရဲကိုးထပ်ကို ခြေကုပ်ယူပြီး အမြဲတမ်းလျှို့ဝှက်ကြံစည်ကြသော်လည်း ကစားပွဲကိုပြောင်းပြန်လှန်ရန် အခွင့်အရေးမရခဲ့ကြပေ။
သို့တိုင် ငရဲကိုးထပ်ကို အထင်သေး၍ မရပေ။
ပြီးတော့ ယခုတစ်ကြိမ် ပြန်လည်မွေးဖွားရန် ကြိုးစားနေသူများက ကျပန်းနတ်ဆိုးများ မဟုတ်ပေ။ မိစ္ဆာနတ်ဘုရား (၁၂)ပါးထဲမှ ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးတွင် (၂)ပါးက ပြန်လည်မွေးဖွားရန် လုပ်ဆောင်နေကြသည်။
ဤကိစ္စကို ငရဲကိုးထပ်က အထူးအာရုံစိုက်လုပ်ဆောင်မည် အမှန်ပင်။
ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...
“မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး၊ စိတ်ဝိညာဉ်နတ်ဆိုး၊ ဒါမှမဟုတ် အရိပ်နတ်ဆိုးတွေက ကူညီပေးနေရင်တောင် သူတို့အနေနဲ့ တခြားအင်အားစုတွေရဲ့ အဟန့်အတားကို သတိထားရမှာပဲ ၊ ဒါကြောင့် လှုပ်ရှားဖို့ခက်ခဲလိမ့်မယ် ၊ ဒါပေမဲ့ ငရဲကိုးထပ်မှာ အားကောင်းတဲ့ တခြားနတ်ဆိုးတွေလည်း ရှိနေသေးတယ်”
သူ့စကားကို သဘောတူစွာဖြင့် ဖန်းယွင်ရှန်းနှင့် ယွီယဲ့က ခေါင်းညိတ်လိုက်ကြလေသည်။