ဆယ်နှစ်တစ်ကြိမ်တိုက်ပွဲ
Vol. 101 Ch. 1415
အခန်း (၁၄၁၅) ဆယ်နှစ်တစ်ကြိမ်တိုက်ပွဲ
ယွီယဲ့က သိချင်စိတ်ဖြင့်...
“မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးထွက်ပေါ်မလာတာ အချိန်အရမ်းကြာနေပြီ ၊ သူ ဒီလောကမှာ ရှိသေးရဲ့လား မသိဘူး”
ထိုမေးခွန်းကြားတော့ ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို လှည့်ကြည့်လိုက်သည်။
ဖန်းယွင်ရှန်းက တိုးလျသည့်လေသံဖြင့်...
“အင်း... မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက တာအိုအဆင့်ကိုမရောက်သေးသလို သေဆုံးသွားတာလဲမဟုတ်ဘူး ၊ သူက ဒီလောကမှာ ရှင်သန်နေဆဲပဲ ၊ ဒါပေမဲ့ သူရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲဆိုတာတော့ ငါလည်းသေချာမသိဘူး”
မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက မိစ္ဆာနတ်ဘုရား (၁၂)ပါးထဲမှ ဘိုးဘေးမဟာနတ်ဆိုး (၆)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။
သူက ကနဦးကောင်းကင်တွင် မွေးဖွားလာသူဖြစ်ပြီး နတ်ဆိုးတာအို၏ ဘိုးဘေးတစ်ယောက် ဖြစ်၏။
သူက စိတ်ဝိညာဉ်နတ်ဆိုး၊ အရိပ်နတ်ဆိုး၊ ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးတို့ထက် များစွာပိုမိုသန်မာသည်။
ယွမ်စီကောင်းကင်နတ်ဆိုးက ဖိနှိပ်ခံထားရပြီး ဖန်ဆင်းခြင်းကောင်းကင်နတ်ဆိုးကတော့ သေဆုံးသွားခဲ့သည်။
ထို့ကြောင့် မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက အခြား တာအိုအတင့် ထိပ်တန်းပုဂ္ဂိုလ်များနှင့်ယှဉ်နိုင်သောနတ်ဆိုးများထဲတွင် နံပါတ်(၁) ကျွမ်းကျင်သူ ဖြစ်လာခဲ့သည်။
သူက နှစ်ပေါင်းများစွာ ထွက်ပေါ်မလာသော်လည်း ဤဘိုးဘေးနတ်ဆိုး၏တည်ရှိမှုကို မည်သူမှ လျစ်လျူရှု၍မရပေ။
ယွီယဲ့က...
“စိတ်ဝိညာဉ်နတ်ဆိုး နဲ့ သစ်သားနတ်ဆိုးလည်း ရှိနေသေးတယ် ၊ ရေပလ္လင်နတ်ဆိုးက နက္ခတ်ဧကရာဇ်ကို ဒုက္ခပေးနေပြီး မြေကမ္ဘာပလ္လင်နတ်ဆိုးက မင်းတို့ဝါဒတောင်က တပည့်တွေကို ဒုက္ခပေးနေတယ်”
သူမက ဆက်ပြီးမေးမြန်းလိုက်သည်။
“ဒါဆိုရင် သတ္တုပလ္လင်နတ်ဆိုးနဲ့ မီးပလ္လင်နတ်ဆိုးကရော ဘယ်လိုလဲ”
ရန်ကျောက်ကဲက...
“မီးပလ္လင်နတ်ဆိုး အကြောင်းတော့ ငါလည်း သေချာမသိဘူး ၊ သတ္တုပလ္လင်နတ်ဆိုးကတော့ သေဆုံးသွားပြီးတဲ့နောက် ပြန်လည်မွေးဖွားဖို့ လက္ခဏာမပြသေးဘူး။”
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကိုရှာဖွေရန် ငရဲကိုးထပ်သို့ဝင်ရောက်စဉ်က သူ့အဘိုး’ရန်ရှင်းထန်’ နှင့် သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားလာသူ ဓားနတ်ဆိုး'ယင်းရှီယန်' တို့ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲမြေပြင်ကို ဖြတ်သန်းခဲ့ရသည်။
ထိုနေရာတွင် ဓားနတ်ဆိုး'ယင်းရှီယန်' ၏အနှစ်သာရအချို့ ကျန်ရှိနေသေးသည်။
သို့သော် ထိုအနှစ်သာရအများစုက ညှိုးနွမ်းနေပြီဖြစ်ပြီး အရာအားလုံးက သမိုင်းအဖြစ်သာ ကျန်ရှိခဲ့သည်။
သတ္တုပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက လူသစ်တစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာမည်ဆိုလျှင် ထိုနေရာတွင်ရှိနေသော အကြွင်းအကျန်များတွင် အသွင်ပြောင်းမှုအချို့ ဖြစ်ပေါ်လာနိုင်သည်။
မည်သို့ပင်ဖြစ်စေ ထိုနေရာက ငရဲကိုးထပ်နယ်မြေထဲတွင် ရှိနေသည် မဟုတ်လား။
သို့သော် အထက်ဘုံကမ္ဘာမှထွက်ခွာလာပြီးနောက် ရန်ကျောက်ကဲက သူ၏တည်နေရာပေါက်ကြားမည်စိုးသဖြင့် ငရဲကိုးထပ်သို့ ထပ်မံဝင်ရောက်ခြင်း မရှိတော့ပေ။ ထို့ကြောင့် နောက်ပိုင်းကိစ္စများကို မသိရှိပေ။
ရန်ကျောက်ကဲက အားမရဟန်ဖြင့်...
“မဟာနတ်ဆိုးတွေ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကတစ်ဆင့် ပြန်လည်မွေးဖွာလာတာကို သဲလွန်စတွေကတစ်ဆင့် သတိပြုမိနိုင်တယ် ၊ ဒါပေမဲ့ သတိပြုမိဖို့ ခက်ခဲတာတွေလည်းရှိတယ်”
သူက ဆက်ပြောလိုက်သည်။
“ငါတို့သတိမပြုခဲ့မိရင်တော့... အဲဒါကိုကိုင်တွယ်ဖို့ အချိန်ရှိမှာမဟုတ်ဘူး ၊ သေချာတာကတော့ နတ်ဆိုးတွေ ရွေးချယ်လိုက်တဲ့ရုပ်ခန္ဓာက ပြတ်သားတဲ့စိတ်ဓာတ်ရှိပြီး သူ့ရဲ့စိတ်အခြေအနေကို အချိန်ကြာရှည် ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ အခြေအနေတွေက ပြောင်းလဲသွားနိုင်တယ်”
ဥပမာအားဖြင့် နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ နှင့် သူ၏စောင့်ရှောက်မှုအောက်တွင်ရှိနေသော ချူးလီလီတို့ကဲ့သို့ ဖြစ်သည်။
ယင်ယွီကျန်းနှင့် ရှီကျွင်းတို့၏ရုပ်ခန္ဓာကတော့ ကျန်းမာရေးနှင့် အားနည်းချက်များကြောင့် နတ်ဆိုးများပြန်လည်မွေးဖွားမှုကို နှောင့်နှေးစေခဲ့သည်။
သို့သော် အချို့မဟာနတ်ဆိုးများကတော့ တိုတောင်းသည့်အချိန်အတွင်း ပြန်လည်မွေးဖွားလာကြပြီး ၊ ဤသည်က အခြားသူများကို အံ့အားသင့်စေသည် အမှန်ပင်။
ဓားနတ်ဆိုး'ယင်းရှီယန်' နှင့် ချူးလီလီ၏ဖခင် ရေခဲနတ်ဆိုး'ချူးဟွမ်' တို့တွင် ဖြစ်ပွားခဲ့သည့်ကိစ္စမျိုး ဖြစ်သည်။
ထို့ကြောင့်ပင် ထိပ်တန်းမဟာနတ်ဆိုးတစ်ပါး လူတစ်ယောက်၏ခန္ဓာကိုယ်မှတဆင့် ပြန်လည်မွေးဖွားပြီး နတ်ဘုရားဝိညာဉ်စီးဆင်းပညာရပ်ကို လုပ်ဆောင်သည့်အခါ လူအများ အံ့အားသင့်ရခြင်း ဖြစ်၏။
သို့မဟုတ် အချို့နတ်ဆိုးများက ပိုမိုကြာရှည်သည့် ဖုံးကွယ်ကာလများကို ရယူကြပြီး သူတို့ဖုံးကွယ်ထားသည့်အချိန်တွင် လက္ခဏာပြသည်ဆိုခြင်းမှာ ခပ်ရှားရှား ဖြစ်သည်။
သူတို့ စတင်လှုပ်ရှားချိန်မှာတော့ ရှောင်လွှဲမရသည့် ဘေးအန္တရယ်များ ဖြစ်ပေါ်လာတတ်သည်။
မဟုတ်ပါက နတ်ဆိုးများမွေးဖွားလာတိုင်း ကြိုတင်သိရှိခံရပါက ပြန်လည်မွေးဖွားရန် ရည်မှန်းချက်က ရပ်တန့်ခံရပြီး အောင်မြင်ရန် အခွင့်အလမ်း နည်းပါးပေမည်။
အနည်းငယ်ရက်စက်ကြမ်းတမ်းသလိုထင်ရသော်လည်း နတ်ဆိုးများရွေချယ်ထားသည့်ရုပ်ခန္ဓာများကို အခြားသူများသိရှိသွားပြီး ချက်ချင်းသုတ်သင်ခံရခြင်းမျိုးလည်း ရှိသည်။ ထိုသို့ဆိုလျှင်တော့ နတ်ဆိုး၏ကြိုးပမ်းမှု အလကားဖြစ်သွာပေမည်။
သို့သော် ရန်ကျောက်ကဲနှင့် အခြားသူများကတော့ ထိုသို့ပြုလုပ်ရန် ဘယ်တုန်းကမှ မစဉ်းစားခဲ့ပေ။
“အခု ငါတို့အတွက် အလျင်စလိုလုပ်ရမယ့်အနေအထားရောက်နေပေမယ့် အရမ်းအလျင်စလိုလုပ်လို့တော့ မရဘူး ၊ မဟုတ်ရင် ရန်သူတွေက ငါတို့ရဲ့အားနည်းချက်တစ်ခုခုကို အသုံးချသွားနိုင်တယ်”
ရန်ကျောက်ကဲက ဆက်ပြောလိုက်သည်။
“အခုတော့ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ဖို့လိုတယ်”
ဖန်းယွင်ရှန်းနှင့် ယွီယဲ့တို့ ခေါင်းညိတ်လိုက်ကြသည်။
ရန်ကျောက်ကဲက ယွီယဲ့ကိုကြည့်ပြီး ပြုံးလိုက်ရင်း...
“ဂိုဏ်းတူအစ်ကိုနျဲ့ ပြန်လာတဲ့အထိ ဒီမှာစောင့်မှာလား ၊ ဒါမှမဟုတ် ကျောက်စိမ်းကျောက်ဆောင်မှာ သွားပြီးစောင့်မှာလား”
ယွီယဲ့က သိစိတ်လွင့်မျောနေရင်း...
“ငါ့အတွက်တော့ နှစ်နေရာလုံး အဆင်ပြေပါတယ်”
ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...
“ဒါဖြင့် ငါတို့နဲ့အတူ ဒီမှာပဲစောင့်လိုက်လေ ၊ ဂိုဏ်းတူအစ်ကိုနျဲ့ ပြန်လာရင် သူ့ကို ဒီကိုလာခိုင်းလိုက်မယ် ၊ သူလည်း မကြာခင် ရောက်လာတော့မှာပါ”
ယွီယဲ့က ခေါင်းညိတ်ရင်း...
“သိပါတယ် ၊ ဒီကိုမလာခင် ငါ ဆရာဦးလေး’လုန်’ ကို ကျောက်စိမ်းကျောက်ဆောင်အကြောင်း မေးခဲ့ပြီးပြီ ၊ သူက ဂိုဏ်းတူအစ်ကိုနျဲ့ မကြာခင် ပြန်လာတော့မယ်လို့ ပြောတယ် ၊ အဲဒါကြောင့် ငါလည်း ဒီကိုထွက်လာခဲ့တာ”
ရန်ကျောက်ကဲက အနည်းငယ် စိတ်ဝင်စားသွားဟန်ဖြင့်...
“ဒါနဲ့... မင်းတို့တွေ တတိယအကြိမ် တိုက်ခိုက်ကြမှာမလား ၊ အရင်နှစ်ကြိမ်တိုက်ခိုက်တုန်းက သရေကျခဲ့တာဆိုတော့ အခုရော အသစ်တစ်ခုခုပြင်ဆင်ထားလား”
ယွီယဲ့က...
“အဲဒီလိုမျိုးပဲပေါ့”
စကားပြောရင်း ယွီယဲ့မျက်ဝန်းများတောက်ပသွားပြီး အနည်းငယ်ဂုဏ်ယူသည့်အမူအရာ ပြလိုက်သည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“ဒါဆိုရင် မင်း အနိုင်ရပါစေလို့ ဆုတောင်းပေးပါတယ်”
ယွီယဲ့က ပါးစပ်ဟပြီး တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည်။
သို့သော် သူမ၏စိတ်ခံစားချက်များက ဘောလုံးတစ်လုံးပမ ပေါက်ကွဲသွားလေသည်။
“အနိုင်ရဖို့ကတော့... သိပ်မသေချာဘူး ၊ ငါတို့တိုက်ခိုက်တဲ့အချိန်တိုင်း ဂိုဏ်းတူအစ်ကိုနျဲ့က အသစ်တစ်ခုခု ထပ်သုံးလာတတ်တယ်”
ပြောရင်း သူမမျက်နှာထက် အပြုံးတစ်ပွင့်ထွက်ပေါ်လာပြီး တိုက်ခိုက်ရန် မျှော်လင့်နေဟန်ရှိသည်။
“ငါတို့တိုက်ခိုက်တဲ့အချိန်တိုင်း သူ့ဆီက နည်းပညာအသစ်တွေနဲ့ နက်နဲတဲ့အသိပညာတွေ အများကြီးရခဲ့တယ် ၊ အဲဒီလိုအံ့သြစရာတွေကနေ ရုန်းထွက်ဖို့ ခက်လွန်းတယ်”
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“ဓားသိုင်းပြိုင်တာက ပျော်စရာကောင်းတယ်မလား ၊ အရင်တုန်းက ဆရာဘိုးဘိုးလုန်ရဲ့စကားတွေက နည်းနည်းပြင်းထန်ပေမယ့်... သူ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုသွားခဲ့တာက စန့်ချင်အဆက်အနွယ်ကျင့်ကြံသူတွေနဲ့ ဓားသိုင်းယှဉ်ပြိုင်ဖို့ပဲ ၊ သူ့စကားအရဆိုရင်တော့ အကြီးအကဲ’ကောင်း’ ရော အဘွားနဲ့ပါ ယှဉ်ပြိုင်ပြီးတဲ့နောက် မဆုံးမရှိတဲ့အတွေ့အကြုံတွေ ရခဲ့တယ်တဲ့”
သူက ရိုးရှင်းစွာပင် ဆက်ပြောလိုက်သည်။
“ကံမကောင်းတာက နောက်ပိုင်းမှာ အခြေအနေတွေ ပိုဆိုးလာခဲ့တယ် ၊ နှစ်ဖက်လုံးမှာ ခံစားခဲ့ရတဲ့ ရန်ငြိုးတွေက ပိုပြီး ဆိုးရွားလာတယ်၊ အဲဒါကြောင့် အခုလက်ရှိ ဆက်ဆံရေးမျိုးဖြစ်လာတာပဲ ၊ ဒီရန်ငြိုးတွေ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားရင် အကောင်းဆုံးဖြစ်မှာပဲ”
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ထျန်းစူးခန်းမအတွင်း ပြောင်းရွှေ့လာချိန်တွင် ကျောက်စိမ်းကျောက်ဆောင်နှင့် အကြီးမားဆုံး ရန်ငြိုးထားရှိသူ နွယ်ပင်ဧကရီ’လီယင်း’ က ထွက်ခွာသွားခဲ့သည်။
ထိုသို့ဖြင့် အပြာရောင်ခရီးရှည်ကောာင်းကင်ဘုံက ကျောက်စိမ်းကျောက်ဆောင်နှင့် တဖြည်းဖြည်း ပြန်လည်သင့်မြတ်လာခဲ့သည်။
နှစ်ဖက် ရင်းနှီးမှုမရှိဘဲ အနည်းငယ်ရန်လိုသည့်ခံစားချက်များရှိနေသေးသော်လည်း သိပ်ပြီးပြင်းထန်ခြင်းများ မရှိတော့ပေ။
သို့ပေသိ အရင်က တစ်ဖက်နှင့်တစ်ဖက် ရန်ငြိုးများကို လုံးဝစွန့်လွှတ်လိုက်ရန်ကတော့ မဖြစ်နိုင်သလောက်ပင်။
မည်သို့ပင်ဖြစ်စေ နှစ်ဖက်လုံး ရန်ဆောင်နေခဲ့ကြသောအအခြေအနေတွင်ရှိခဲ့စဉ်က ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။
စန့်ချင်အဆက်အနွယ်မှ ကောင်းချင်းရွှမ်က ကျောက်စိမ်းကျောက်ဆောင်နှင့် အရင်းနှီးဆုံးသူဖြစ်သော်လည်း ရန်ရှင်းထန်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို သူ့ဓားဖြင့်ဖိနှိပ်ခဲ့ခြင်းအား ဘယ်သောအခါမှ မမေ့ခဲ့ပေ။
သူမ၏ဘဝတွင် အကြီးမားဆုံးနောင်တမှာ ရန်ရှင်းထန်နှင့် ထပ်မံယှဉ်ပြိုင်ပြီး သူမဘဝ၏အစွန်းအထင်းဖြစ်သော ရှုံးနိမ့်မှုကို ဆေးကြောဖယ်ရှားနိုင်ခြင်း မရှိခဲ့ခြင်းပင်။
သူမ၏သားဖြစ်သူ လုန်ရွှယ်ကျီးက ထူးချွန်ထက်မြက်သည့်ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း သူကြီးပြင်းလာစဉ်တွင် ယွိချင်အဆက်အနွယ်ဓားသိုင်း သွန်သင်မှုများက သူ့ကို များစွာလွှမ်းမိုးထားခဲ့သည်။
ထို့ကြောင့် လုန်ရွှယ်ကျီးက ယွိချင်အဆက်အနွယ် ဓားသိုင်းကျင့်ကြံသူတစ်ယောက်ကို အနိုင်ရသည်ဖြစ်စေ ၊ ရှုံးနိမ့်သည်ဖြစ်စေ ယွိချင်အဆက်အနွယ်ဓားသိုင်းနှင့် စန့်ချင်အဆက်အနွယ်ဓားသိုင်း၏ အားသာချက် ၊ အားနည်းချက်များကို ဆုံးဖြတ်နိုင်မည် မဟုတ်ပေ။
ကံကောင်းစွာပင် နှစ်ဖက်လုံးတွင် ပါရမီရှင်လူငယ် အများအပြားပေါ်ထွက်လာခဲ့သည်။ ပြီးတော့ သူတို့၏ အသက်အရွယ်နှင့် ကျင့်ကြံခြင်းအဆင့်များကလည်း တူညီကြသည်။
စန့်ချင်အဆက်အနွယ်မှ ယွီယဲ့နှင့် ဟယ်မြန်တို့က ရန်ရှင်းထန်၏အဆက်အနွယ်ဖြစ်သော နျဲ့ကျင်းရှန်ကိုအနိုင်ယူပြီး အတိတ်မှ အရှက်တရားကို ဆေးကြောဖယ်ရှားနိုင်ရန် မျှော်လင့်ခဲ့ကြသည်။
သို့သော် ဟယ်မြန်က နျဲ့ကျင်းရှန်နှင့်ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံး နျဲ့ကျင်းရှန်ဓားအောက်တွင် ရှုံးနိမ့်ခဲ့သည်။ ယွီယဲ့နှင့် နျဲ့ကျင်းရှန် တို့ကတော့ ဆယ်စုနှစ်တစ်ခုကြာတိုင်း တစ်ကြိမ် ယှဉ်ပြိုင်လေ့ရှိကြသည်။
လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း သူတို့နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး နှစ်ကြိမ်လုံး သရေကျခဲ့သည်။
ယခု ဆယ်စုနှစ်အသစ်တစ်ခု ထပ်မံရောက်ရှိလာချိန် ယွီယဲ့က သူမ၏ကတိကိုဖြည့်ဆည်းရန် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းပင်။
နျဲ့ကျင်းရှန်က ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာမှထွက်ခွာပြီး ထျန်းစူးခန်းမတစ်ခွင် လှည့်လည်သွားလာနေခဲ့သည်။
သို့သော် မကြာခင်ပြန်လာပြီး နှစ်ဖက်ကြား တိုက်ပွဲကတိကို တည်စေမည် ဖြစ်၏။
ယွီယဲ့က ရန်ကျောက်ကဲကိုကြည့်ရင်း...
“အနိုင်အရှုံးဆိုတာက ငါတို့ကြားကကိစ္စ မဟုတ်ပါဘူး ၊ အရင်မျိုးဆက်က ရန်ငြိုးတွေက အခုထိ ရှိနေသေးလို့ပဲ”
သူမက ဆက်ပြောသည်။
“ဘာပဲဖြစ်ဖြစ် ငါရော ဟယ်မြန်ရော မင်းကိုတော့ မနိုင်ပါဘူး ၊ မင်းက စင်ထက်ယံအရှင်သခင်ရဲ့ စစ်မှန်တဲ့မျိုးဆက်ပဲလေ”
ရန်ကျောက်ကဲက လက်ကာပြလိုက်ပြီး...
“ဒါပေမဲ့ ငါက ဓားသိုင်းကျင့်ကြံသူမှမဟုတ်တာ ၊ ပြီးတော့ ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားသိုင်းနဲ့ပတ်သက်ရင် ငါက နည်းနည်းပဲနားလည်တာ ၊ ဒီတော့ ငါ့အဘိုး’ရန်ရှင်းထန်’ ရဲ့ ဓားသိုင်းက ငါ့ကိုကိုယ်စားမပြုနိုင်ဘူး ၊ ငါက သာမန်အဆင့်လောက်မှာပဲရှိတယ် ၊ ဂိုဏ်းတူအစ်ကိုနျဲ့တောင် ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားသိုင်းနဲ့ မင်းကိုမနိုင်ဘူးဆိုရင်... ငါဆိုရင်တော့ မင်းကို လုံးဝနိုင်မှာမဟုတ်ဘူး”
သူက ပြုံးရင်းဆက်ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်လည်း သတ်မှတ်ထားတဲ့အချိန်ကိုစောင့်ပြီး ယှဉ်ပြိုင်နေစရာမလိုပါဘူး ၊ စိတ်ဝင်စားတယ်ဆိုရင် လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ကြပေါ့ ၊ ဒါက မင်းတို့နှစ်ယောက်လုံးရဲ့ တိုးတက်မှုအတွက် အကျိုးရှိမှာပဲလေ”