← Chapters

အခွင့်အရေးကိုဆုပ်ကိုင်

Vol. 101 Ch. 1417

အခွင့်အရေးကိုဆုပ်ကိုင်

Vol. 101 Ch. 1417

အခန်း (၁၄၁၇) အခွင့်အရေးကိုဆုပ်ကိုင်

ရန်ကျောက်ကဲက နဖူးကိုအသာပွတ်သပ်ရင်း...

“အကြီးအကဲချူးက တစ်ယောက်တည်း ဘေးကင်းကင်းနဲ့ရှိနေနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမယ့် အဆိုးဆုံးအခြေအနေကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်တယ်။”

နျဲ့ကျင်းရှန်က ယွီယဲ့ဘက်သို့ လှည့်ကြည့်လိုက်ပြီး...

“မမျှော်လင့်ထားတာတွေ ဖြစ်လာတယ်ဆိုတော့ ငါတို့ဓားသိုင်းပြိုင်မှာကို နောက်ဆုတ်ထားလိုက်ရင် ဘယ်လိုလဲ”

ယွီယဲ့က ခေါင်းညိတ်ရင်း...

“ရတယ်လေ...”

ထို့နောက် သူမက စိတ်ပူပန်ဟန်ဖြင့်...

“ငါက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ အကြီးအကဲချူးနဲ့ တွေ့ဖူးတယ် ၊ သူ ဘေးကင်းဖို့ မျှော်လင့်ပါတယ်”

ရန်ကျောက်ကဲက...

“ဒီသဲလွန်စက နေဝန်းထက်ယံအရှင်သခင်နဲ့ ဆက်စပ်နေတာမို့ တောင်ပိုင်းချန်စန်းဧကရာဇ်လည်း သိထားဖို့လိုမယ် ၊ လောလောဆယ် အကြီးအကဲစောနဲ့ ဝူတန့်မယ်တော်ကိုလည်း ဆက်သွယ်ကြည့်ရမယ်”

ယွီယဲ့က...

“ငါ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို သတင်းပို့လိုက်မယ်”

လူတိုင်း သက်ဆိုင်ရာတာဝန်များကို လုပ်ဆောင်နေကြစဉ် ရန်ကျောက်ကဲက ရွှီဖေးထံသို့ ထွက်ခွာလာသည်။ နှစ်ယောက်တွေ့ဆုံသည်နှင့် ရန်ကျောက်ကဲက အခြေအနေများကို ရှင်းပြသည်။

ရွှီဖေးက...

“ဒါဖြင့် မင်း ဘယ်လို စီစဉ်ထားလဲ”

ရန်ကျောက်ကဲက အေးဆေးစွာဖြင့်...

“အဆိုးဆုံးအခြေအနေကတော့ ရေပလ္လင်နတ်ဆိုးနဲ့ မြေကမ္ဘာပလ္လင်နတ်ဆိုး တပြိုင်နက် လှုပ်ရှားလာပြီး ငါတို့ကို စွမ်းအားမဲ့သွားအောင်လုပ်လိုက်တာပဲ”

သူက ဆက်ပြောသည်။

“သူတို့နှစ်ယောက်လုံးကိုရင်ဆိုင်ဖို့ ငါတို့အင်အားကို ခွဲထုတ်မယ်ဆိုရင်... ရန်သူ့ဘက်က ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်နိုင်သွားလိမ့်မယ် ၊ ဒီတော့ ရန်သူ့အစီအစဉ်မှန်သမျှကို ငါတို့တားဆီးရမယ်”

ရန်ကျောက်ကဲက ပြောရင်း လက်ဟန်တစ်ချက်ပြလိုက်ပြီး အပြင်သို့ထွက်ခွာသွားသည်။ ရွှီဖေးက သူ့နောက်မှ လိုက်သွားပြီး နှစ်ယောက်သား အဂ္ဂိရတ်ခန်းမဆီသို့ ဦးတည်သွားကြသည်။

ခဏကြာတော့ ရန်ကျောက်ကဲအမိန့်ဖြင့် အားဟူနှင့် ရှီကျွင်းတို့က ယင်ယွီကျန်းအား ထည့်ထားသော ရေခဲခေါင်းတလားကို အဂ္ဂိရတ်ခန်းမသို့ ယူဆောင်လာကြသည်။

ထို့နောက် ရန်ကျောက်ကဲ၏လမ်းညွှန်မှုဖြင့် သူတို့အားလုံး အဂ္ဂိရတ်ခန်းမ၏ ဗဟိုဆေးလုံးခန်းမသို့ ဝင်ရောက်သွားကြသည်။

ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး အဂ္ဂိရတ်ခန်းမ၏ ကြမ်းပြင်အလယ်တွင် လက်ဖဝါးကို တင်ထားလိုက်သည်။

သူ၏လက်ဖဝါးမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ၊ ထိုအလင်းတန်းများက အပြင်ဘက်သို့ ပြန့်ကျဲကာ လှိုင်းများသဖွယ် အခန်းတစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။

အင်းသင်္ကေတများက ဆက်လက်မြင့်တက်လာပြီး ကြမ်းပြင်တစ်လျှောက် ပြန့်ကျဲသွားသည်။

ထို့နောက် သူက ရှီကျွင်းအား ညွှန်ကြားချက်အချို့ပေးအပ်ပြီး ယင်ယွီကျန်းနှင့် ရှီကျွင်းတို့ကို အခန်းထဲတွင် ထားခဲ့ကာ ထွက်ခွာသွားသည်။

ရွှီဖေးက...

“သူတို့ကို ဒီမှာထားလိုက်ရင် ရန်သူတွေက အဂ္ဂိရတ်ခန်းမနဲ့ ထျန်းစူးစကြာဝဠာရဲ့တည်နေရာကို အလွယ်တကူ သိသွားမှာမဟုတ်ဘူးလား ၊ ဒါဆို ‌နောက်ပိုင်းမှာ သူတို့က ငါတို့ကို အတွင်းအပြင် ဖိအားပေးလာနိုင်တယ်”

ရန်ကျောက်ကဲက ခေါင်းခါရင်း...

“မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးကိုယ်တိုင် ထွက်မလာသရွေ့ အချိန်ခဏအတွင်း ဘာမှဖြစ်မလာနိုင်ဘူး ၊ အဲဒီနတ်ဆိုး အရမ်းကာရော လှုပ်ရှားလာရင်တော့ တခြား တာအိုအဆင့် တန်ခိုးစွမ်းအားရှင်တွေလည်း  လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး”

သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး...

“ခြေတစ်လှမ်းနောက်ကျတာနဲ့ အမြဲတမ်း နောက်ကျနေရလိမ့်မယ် ၊ ရန်သူတွေက လက်ဦးမှုယူထားပြီမို့လို့ အခြေအနေကို ပြောင်းလဲချင်ရင် ငါတို့ဘက်က စွန့်စားဖို့လိုတယ်”

ရွှီဖေးက တိတ်တဆိတ် ခေါင်းညိတ်ရင်း...

“မင်းတို့လည်း သတိထားကြဦး...”

ရန်ကျောက်ကဲက...

“အေးပါ...”

သူက ဆက်ပြောသည်။

“မင်းဆီမလာခင်ကတည်းက အမေ့ကို ဒီကိုလာဖို့ အကြောင်းကြားထားပြီးပြီ ၊ နောက်ပိုင်း သူက အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်ဖို့ ကူညီပေးလိမ့်မယ် ၊ အဂ္ဂိရတ်ခန်းမရဲ့ဖိနှိပ်မှုနဲ့ဆိုရင် သူတို့ရဲ့လှုပ်ရှားမှုတွေကို အတော်ကြာအောင် အချိန်ဆွဲထားနိုင်လိမ့်မယ်”

ရွှီဖေးက ရန်ကျောက်ကဲကိုလိုက်ပို့ပေးရင်း...

“မင်းအမေရဲ့အစီအရင်ပညာက ထူးခြားတယ် ၊ ပြီးတော့ လူသားအထွတ်ထိပ်အဆင့်ကိုလည်းရောက်နေပြီဆိုတော့ အဂ္ဂိရတ်ခန်းမကိုထိန်းချုပ်ဖို့ ပြဿနာမရှိနိုင်ပါဘူး”

ရွှီဖေးနှင့်နှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲက ဖန်းယွင်ရှန်းနှင့်တွေ့ဆုံပြီး သူတို့နှစ်ယောက် ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာမှထွက်ခွာကာ အဆုံးမရှိသော ပြင်ပဗလာနယ်ထဲသို့ ဝင်ရောက်သွားကြသည်။

နှစ်ယောက်သား ဗလာနယ်အလွှာများကို ဖြတ်သန်းခရီးနှင်ရင်း ရန်တိနှင့် ချန်ရွှမ်ကျုန်းတို့ထားခဲ့သော သဲလွန်စများကို လိုက်လံရှာဖွေကြသည်။

ဗလာနယ်ထဲတွင် အချိန်စီးဆင်းမှုက မရေရာလှပေ။ သူတို့နှစ်ယောက် အချိန်တန်ကြာခရီးနှင်ပြီးနောက် စိတ်ထဲတွင် တစ်စုံတစ်ခု အာရုံခံမိကြသည်။

ထို့နောက် ဗလာနယ်အလွှာနှစ်ခုကြားတွင် ဖြစ်ပေါ်နေသော အက်ကွဲကြောင်းတစ်ခုအား တွေ့လိုက်ရသည်။

သူတို့ရောက်လာသည်နှင့် မှောင်မိုက်သောဗလာနယ်ထဲတွင် ပုံရိပ်တစ်ခု တဖြည်းဖြည်းထင်ဟပ်လာသည်။

ထိုသူက ရေစင်ထက်ယံအရှင်သခင်’ချန်ရွှမ်ကျုန်း’ ပင် ဖြစ်၏။

ချန်ရွှမ်ကျုန်းက အချိန်မဖြုန်းဘဲ စကားဆိုလိုက်သည်။

“မင်းအဖေက လီလီကိုရှာဖို့ အရင်ထွက်သွားပြီ”

သူက ဆက်ပြောလိုက်သည်။

“မင်းအဖေနဲ့ သွားတွေ့လိုက် ၊ ငါက စီစဉ်ထားတဲ့အတိုင်း အကြေးခွံတစ်ထောင်နယ်မြေကိုသွားမယ်”

ရန်ကျောက်ကဲက တည်ကြည်စွာဖြင့်...

“စိတ်ချပါ အကြီးအကဲ... ကျွန်တော်တို့ အကြီးအကဲချူးကို ကာကွယ်ပြီး အကြီးအကဲနဲ့ ဆုံတွေ့ခွင့်ရအောင် လုပ်ပေးပါ့မယ်”

ချန်ရွှမ်ကျုန်းက ကျဲ့မင်ခုန်နှင့် ချူးလီလီတို့ကို ပြင်းပြစွာ ရှာဖွေချင်နေခဲ့သည်။

သို့သော် ယခု ချူးလီလီ၏ တည်နေရာကို သိရှိထားပြီဖြစ်သော်လည်း ချန်ရွှမ်ကျုန်းက သူ၏စိတ်ခံစားချက်များကို ထိန်းချုပ်ကာ တည်ငြိမ်အောင်ကြိုးစားထားသည်။

အကြောင်းမှာ ဤသည်က ငရဲကိုးထပ်မှထောင်ချောက်တစ်ခု ဖြစ်နိုင်သောကြောင့်ပင်။

ယခု သူတို့က ချူးလီလီကို လွှတ်‌ပေးလိုက်ခြင်းမှာ သူတို့၏ပြင်ဆင်မှုများ ပြီးဆုံးသွားကြောင်း ညွှန်ပြနေသည်။

ချူးလီလီနှင့် ချန်ရွှမ်ကျုန်းတို့ တွေ့ဆုံလိုက်သည့်အခါ ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး လှုပ်ရှားလာမည့် အခိုက်အတန့် ဖြစ်လာနိုင်သည်။

ထို့ကြောင့် ချန်ရွှမ်ကျုန်းမှာ စိုးရိမ်မှုများဖြင့် ပြည့်နေသည့်တိုင် တည်ငြိမ်အောင်ထိန်းထားခဲ့သည်။ ရန်တိ၊ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ချူးလီလီကို ရှာဖွေနေစဉ် သူက အခြားတစ်နေရာသို့ ထွက်ခွာသွားမည်ဖြစ်၏။

ချန်ရွှမ်ကျုန်းဖြစ်စေ ၊ ရန်ကျောက်ကဲဖြစ်စေ ၊ သို့မဟုတ် အခြားမည်သူမဆို ဖြစ်စေ အားလုံးတွင် တူညီသော အတွေးတစ်ခုကို ဆုပ်ကိုင်ထားကြသည်။

“ငရဲကိုးထပ်၏လှုပ်ရှားမှုကို အလျှော့မပေးဘဲ လက်ဦးမှုရယူရန်” ဆိုသောအတွေးသာပင်။

ချန်ရွှမ်ကျုန်းနှင့် ရန်တိတို့ ချူးလီလီနှင့် ကျဲ့မင်ခုန်ကို ရှာဖွေနေစဉ် ရန်ကျောက်ကဲကလည်း သူတို့နှင့်အတူ လျှို့ဝှက်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။

ချန်ရွှမ်ကျုန်း အဆုံးမရှိသော ပြင်ပဗလာနယ်ထဲ ခရီးထွက်လာစဉ် ထူးဆန်းသောကြယ်များဖြင့် ဖုံးလွှမ်းထားသည့် နယ်မြေတစ်ခုဖြစ်သော “အကြေးခွံတစ်ထောင်နယ်မြေ” ကို မတော်တဆ တွေ့ရှိခဲ့သည်။

ထိုအချိန်မှစပြီး သူတို့အားလုံး ထိုနေရာတွင် ပြင်ဆင်မှုများ စတင်လုပ်ဆောင်ခဲ့ကြသည်။

ယခု အကြေးခွံတစ်ထောင်နယ်မြေက ရန်ကျောက်ကဲနှင့် အခြားသူများအတွက် အတိုင်းအတာတစ်ခုအထိ စင်မြင့်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

ချန်ရွှမ်ကျုန်းက ကြယ်စင်များဖြင့်ဖုံးကွယ်နေသော ဝေးလံသည့်ကောင်းကင်ပြင်သို့ လှမ်းကြည့်လိုက်သည်။

“မင်ခုန်ရဲ့တည်နေရာကို ယခုထိ မသိရသေးဘူး…”

ထို့နောက် သူက သက်ပြင်းတစ်ချက်ချလိုက်ရင်း...

“နောက်မှတွေ့ကြတာပေါ့...”

ချန်ရွှမ်ကျုန်း၏ပုံရိပ် ဝေးကွာသွားသည်ကို ကြည့်ရင်း ရန်ကျောက်ကဲလည်း သက်ပြင်းတစ်ချက်ချလိုက်သည်။

“နက္ခတ်ဧကရာဇ် မျှော်လင့်ထားသလို ဖြစ်ခဲ့မယ်ဆိုရင်… မိန်းမပျိုဧကရာဇ်က အကြီးအကဲချူးကို တစ်ယောက်တည်း ရှာဖွေနေခဲ့တာ ဖြစ်ရမယ်”

“တကယ်လို့ အကြီးအကဲချူးသာ ငရဲကိုးထပ်ရဲ့လက်ထဲ ကျရောက်သွားပြီဆိုရင် မိန်းမပျိုဧကရာဇ်ရဲ့ အခြေအနေလည်း သိပ်မကောင်းလောက်ဘူး ၊ ငါတို့ သတိထားရမယ်...”

ရန်ကျောက်ကဲက ခေါင်းခါယမ်းလိုက်ရင်း...

“ဒါက အဆိုးဆုံးအခြေနေကို စဉ်းစားတာပါ ၊ ဒီလိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်”

ဖန်းယွင်ရှန်းက တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး...

“သွားရအောင်... ဆရာဦးလေးနဲ့ အကြီးအကဲချူးကို သွားတော့ကြမယ်”

ချန်ရွှမ်ကျုန်းထံမှ နောက်ထပ်ညွှန်ကြားချက်များ ရရှိပြီးနောက် သူတို့နှစ်ယောက် ရန်တိကိုရှာဖွေရန် အခြားတစ်နေရာသို့ ထွက်ခွာခဲ့ကြသည်။

ရန်ကျောက်ကဲက ဖခင်ဖြစ်သူနှင့် တစ်ခါမှအဆက်အသွယ် မပြတ်ခဲ့ပေ။  သို့သော် အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် တစ်ယောက်နှင့်တစ်ယောက်ဆက်သွယ်ရန်မှာ မလွယ်ကူလှပေ။

ခဏမျှ လှည့်ပတ်ရှာဖွေပြီးနောက် သူတို့နှစ်ယောက် ရန်တိကို ရှာတွေ့ခဲ့ကြသည်။

ယခု ရန်တိက ကျောက်တုံးအပိုင်းအစများဖြင့်ပြည့်နေသော ကြယ်ပင်အပြင်ဘက်တွင် မတ်တတ်ရပ်နေသည်။

“သူ အထဲမှာ ရှိတယ်”

သူတို့နှစ်ယောက်ရောက်လာသည်ကို အာရုံခံမိသည်နှင့် ရန်တိက နောက်လှည့်မကြည့်ဘဲ ပြောလိုက်သည်။

ရန်ကျောက်ကဲက ဖန်းယွင်ရှန်းဘက်သို့ လှည့်ကြည့်တော့ သူမ၏မျက်လုံးများမှ နက်ပြာရောင်နတ်ဆိုးမီးလျှံများ ထွက်ပေါ်လာသည်။

ခဏကြာတော့ ဖန်းယွင်ရှန်းက ဖြည်းညင်းစွာ ခေါင်းခါလိုက်ပြီး...

“အနီးပတ်ဝန်းကျင်မှာ နတ်ဆိုးတွေမရှိဘူး”

ထို့နောက် သူတို့(၃)ယောက် ကျောက်တုံးအပိုင်းအစများဖြင့်ပြင့်နေသည့်နယ်မြေအတွင်းဝင်ရောက်ကာ ထိုနယ်မြေ အလယ်ဗဟိုသို့ ဆက်သွားကြသည်။

စတုရန်ဧကတစ်ရာအရွယ်ရှိ ဥက္ကာခဲတစ်ခုပေါ်တွင် ကျောက်တောင်ကြီးတစ်ခု ရှိနေလေသည်။ ထိုကျောက်တောင်အောက်ခြေတွင် ကျောက်ဂူတစ်ခုရှိနေသည်။

သူတို့ (၃)ယောက် ဂူထဲဝင်လိုက်သည်နှင့် ကြာပန်းသဏ္ဌန်ထိုင်နေသည့် မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

ထိုမိန်းကလေးက တိတ်ဆိတ်စွာ ထိုင်နေပြီး မျက်လုံးများကို တင်းကျပ်စွာ မှေးမှိတ်ထားလေရာ အိပ်မောကျနေသယောင် ထင်မှတ်ရသည်။

သူမ၏နဖူးထက်တွင် နတ်ဆိုးသင်္ကေတအက်ကွဲကြောင်းတစ်ခုရှိနေပြီး ရေခဲပြာရောင် အလင်းတန်းများ ထွက်ပေါ်နေသည်။

ထိုမိန်းကလေးက ချူးလီလီပင် ဖြစ်၏။

သူမ၏ပုံစံက ဆယ်ကျော်သက်အရွယ်ကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ငယ်ရွယ်နုပျိုနေဆဲပင်။ သို့သော် ယခင်ကလိုမျိုး တက်ကြွလန်းဆန်းနေခြင်းမရှိဘဲ နတ်ဆိးကိုတွန်းလှန်ရန် အာရုံစိုက်ထားပုံရသည်။

အပြင်လောကတွင် ဖြစ်ပျက်နေသမျှ ၊ သူမကိုယ်တိုင်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို လုံးဝ တုံ့ပြန်ခြင်းမပြုတော့ပေ။

All Chapters