← Chapters

ရွှေအမြုတေ အဆင့်ကိုးခု

Vol. 8 Ch. 761

ရွှေအမြုတေ အဆင့်ကိုးခု

Vol. 8 Ch. 761

ရွှေအမြုတေသည် ယွင်ထျန်းရွှမ် ခွန်ရှု့နယ်မြေကို နှစ်ထောင်ပေါင်း များစွာတိုင် စိုးမိုး နိုင်ခဲ့သည့် အဓိက အကြောင်းရင်း ဖြစ်၏။

ထိုရွှေအမြုတေ ကြောင့်သာလျှင် ယွင်ထျန်းရွှမ်သည် ထိပ်သီး နည်းစနစ်၊ နတ်ဘုရား စွမ်းအားများစွာကို ပိုင်ဆိုင်ထားသည့် ချန်းဖန်အား အပေါ်စီးမှ တိုက်ခိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။

“ရွှေအမြုတေ အဆင့်နဲ့ မူလ အဆင့်က လုံးဝကို ကွာခြားတယ် ... မူလ အဆင့်တွေမှာ ကျင့်ကြံသူတွေက ကျင့်ကြံခြင်း လမ်းစဥ်ကို ခြေတစ်လှမ်းပဲ လှမ်းနိုင်သေးတယ် ... သူတို့မှာ အရမ်း ကျယ်ပြောတဲ့ အာကာသကို ခြေဆန့်နိုင်တဲ့ စွမ်းအား မရှိသေးဘူး ... ဒါပေမဲ့ ရွှေအမြုတေ အဆင့်တွေကတော့ လုံးဝ ခြားနာတယ် …”

ချန်းဖန်သည် ရွှေရောင် တဖိတ်ဖိတ် တောက်ပနေသည့် အလုံးလေးကို ကြည့်ရင်း တွေးနေမိ၏။

“ကျင့်ကြံသူတွေဟာ ရွှေအမြုတေကို ဖွဲ့စည်းပြီးတာနဲ့ ကိုယ်ပိုင် စွမ်းအားတွေကို သိုလှောင်ထားနိုင်ပြီ ... နောက်ပြီး သူတို့က အာကာသထဲမှာ ခရီးသွားနိုင်တဲ့ အပြင် ဟင်းလင်းပြင် အစီအရင်တွေ ဖန်တီးပြီး ဂြိုဟ်ပေါင်း များစွာကိုလည်း သွားလာနိုင်စွမ်း ရှိကြတယ်”

“စကြဝဠာထဲမှာ ဆိုရင် ရွှေအမြုတေ အဆင့်ကို ရောက်တဲ့ ကျင့်ကြံသူကိုမှ အာကာသ ခရီးသွားဖို့ အရွယ်ရောက်တယ်လို့ သတ်မှတ်ကြတယ်”

နှစ်ဘဝစာ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသည့်တိုင် ချန်းဖန်သည် မူလ အဆင့်ဖြင့် ရွှေအမြုတေ အဆင့်တိုင်းကို တိုက်ခိုက် အနိုင်ယူရန် ယုံကြည်ချက် အပြည့်အဝ မရှိချေ။ ကောင်းကင် ပန်းချီ နှစ်ခုကို အောင်မြင် ထားသည့်တိုင် သူ၏ အင်အားမှာ စကြဝဠာ အတွင်းရှိ အစွမ်းထက် မူလ အဆင့်များနှင့် ယှဉ်လျှင် အားနည်း နေသေးသည်။

ကျင့်ကြံခြင်း ကမ္ဘာကြီးများ၌ များစွာသော ကောင်းကင် သားရဲများ၊ အစွမ်းထက် ကျင့်ကြံသူတို့၏ မျိုးဆက်များမှာ ကောင်းကင် ခန္ဓာ ကျင့်ကြံခြင်း၌ ထူခြား အောင်မြင်ခြင်း အဆင့်ဖြင့် မွေးဖွားလာကြသူများ ဖြစ်ကြသည်။ အစွမ်းထက် ဆေးဝါး၊ အဆင့်မြင့် ကျင့်စဉ် ထောက်ပံ့မှုများတွင် သူတို့သည် မူလအဆင့်ဖြင့်ပင် ရွှေအမြုတေ အဆင့်များကို အလွယ်တကူ အနိုင်ယူ နိုင်ကြသည်။

“ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ နိမ့်ကျမှုက ယာယီပါပဲလေ ... ငါ ကမ္ဘာကနေ ထွက်တာနဲ့ ကျင့်ကြံခြင်း နယ်မြေ တစ်ခုကို ဝင်ရမယ် ... အဲဒါဆို ငါ ခုထက် အများကြီး ပိုပြီး အစွမ်းထက်လာမှာ သေချာတယ် ... အတိတ်ဘဝတုန်းက ငါ့ရဲ့ အသိအကျွမ်းတွေ ဘာတွေ ပြောင်းလဲသွားမလဲ သိချင်နေပြီ”

ချန်းဖန်၏ မျက်လုံး၌ အေးစက်သော အလင်းတစ်ခု လင်းလက် သွား၏။

အတိတ်ဘဝ၌ သူသည် များစွာသော အရှင်သခင်များကို ဒူးထောက်စေခဲ့သည် ဆိုသော်လည်း အစောကတည်းက ပြိုင်ဘက်ကင်း နေခဲ့ခြင်းမျိုး မဟုတ်ချေ။

သူသည် အခြား ကျင့်ကြံသူများ ကဲ့သို့ပင် မရေမတွက်နိုင်သော အသက်လု တိုက်ပွဲများကို တိုက်ခိုက်ကာ ပြိုင်ဘက်ကင်းခြင်းထံ လျှောက်လှမ်းခဲ့ရခြင်း ဖြစ်သည်။

“မိုးကြိုးကပ်ဘေးက ရွှေအမြုတေမှာ သင်္ကေတတွေကို ထွင်းထု ပေးတယ် …”

ချန်းဖန်က လက်ဖြင့် ရွှေရောင် အလုံးလေး၏ မျက်နှာပြင်အား ပွတ်သပ်ကာ ထိုအပေါ်ရှိ အကွေ့အကောက် တိမ်သင်္ကေတများ၏ အထိ အတွေ့ကို ခံစားကြည့် လိုက်၏။

ထို့နောက် သူက လေးပင်စွာ သက်ပြင်းချ လိုက်သည်။

“ခုအချိန်မှာ ငါသာ ရွှေအမြုတေ အဆင့်ကို တက်လှမ်းမယ် ဆိုရင် ဒုတိယ အဆင့် ရွှေအမြုတေကိုပဲ ငါဖွဲ့စည်းနိုင်လိမ့်မယ် ... အကောင်းဆုံး ရွှေအမြုတေကို ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူး”

မူလအဆင့် ကျင့်ကြံသူများသည် မူလ နောက်ဆုံး အဆင့်သို့ ရောက်သည်နှင့် အမြုတေအား ဖွဲ့စည်းကာ ပိုမို သန်မာလာရန် ကြိုးစားကြရသည်။

သို့မှသာ နတ်ဘုရား ပြစ်ဒဏ် ကျရောက်ချိန်၌ မိုးကြိုးကပ်ဘေး၏ သန့်စင်မှုဖြင့် သူတို့ ဖွဲ့စည်းထားသည့် အမြုတေအား ရွှေအမြုတေ အဖြစ်သို့ ပြောင်းလဲ နိုင်ကြလိမ့်မည် ဖြစ်သည်။

ရွှေအမြုတေများကို အဆင့် ကိုးခု ခွဲခြား ထားသည်။ အဆင့်တစ် ရွှေအမြုတေသည် အနိမ့်ဆုံး အဆင့် ဖြစ်ကာ အဆင့်ကိုး ရွှေအမြုတေမှာ အမြင့်ဆုံး ရွှေအမြုတေ ဖြစ်၏။

ရွှေအမြုတေများ၏ အဆင့်နှင့်အတူ ကျင့်ကြံသူ၏ စွမ်းအားနှင့် အနာဂတ်မှာလည်း ကွာခြားကြသည်။

ကျင့်ကြံခြင်း ဂိုဏ်းကြီးများတွင်ပင် ထိပ်တန်း တပည့်များသည် အဆင့် ခုနစ်၊ အဆင့်ရှစ်နှင့် အဆင့်ကိုး ရွှေအမြုတေ များကို ဖွဲ့စည်း နိုင်ကြသည်။ ထိုအထဲမှ အချို့မှာ အနာဂတ်၌ ပိုမို မြင့်မားသော အခြား အဆင့်များကို တက်ရောက် နိုင်ကြ၏။

ချန်းဖန် သိသလောက် ဆိုလျှင် ထိုအဆင့် ကိုးခု၏ အထက်၌ “ချောင်” ဟု ခေါ်သော အဆင့် တစ်ခု ရှိသေးသည်။ ကျင့်ကြံခြင်း လောက၌ ချောင် ရွှေအမြုတေကို ဖွဲ့စည်းနိုင်သည့် တပည့်များကို တာအို ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရန် အလားအလာ ရှိသည်ဟု သတ်မှတ်ကြသည်။

“အတိတ်ဘဝတုန်းက ငါဟာ မြန်နိုင်သမျှ မြန်အောင် အဆင့်တွေကို ချိုးဖျက်ခဲ့တယ် ... ဒါကြောင့် ငါ့ရဲ့ ကျင့်ကြံခြင်းက အခြေ ခိုင်မာမှုမ မရှိဘဲ အဆင့် ခုနစ် ရွှေအမြုတေကိုပဲ ဖွဲ့စည်းနိုင်ခဲ့တယ်”

ချန်းဖန်က ရေရွတ်ရင်း သူ၏ အရှေ့ရှိ ယွင်ထျန်းရွှမ်၏ ရွှေအမြုတေအား ကြည့်လိုက်၏။

“ဒါက အဆင့်နှစ် ရွှေအမြုတေပဲ ဆိုပေမဲ့ ဘာမှ သုံးစား မရတဲ့ အရာတော့ မဟုတ်ဘူး ... ရွေအမြုတေ အဆင့်တိုင်းရဲ့ ရွှေအမြုတေက အရမ်းကို အစွမ်းထက်တယ် ... အထူးသဖြင့် ရွှေအမြုတေကို ဖောက်ခွဲပြီး တိုက်ခိုက်တာက အရမ်းကို ကြောက်ဖို့ ကောင်းတယ်”

ချန်းဖန် ယွင်ထျန်းရွှမ်ကို သတ်နိုင်ခဲ့ခြင်းမှာ အချိန် ကုန်လွန်ခြင်း နတ်ဘုရား စွမ်းအားကို အချိန်ကိုက် အသုံးပြုနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ရွှေအမြုတေများမှာ သူတို့၏ ပိုင်ရှင်များမှ လွဲ၍ အခြားလူများ အတွက် အန္တရာယ် ရှိသော အရာများ ဖြစ်ကြသည်။ ကျင့်ကြံသူ အများစုသည် နောက်ဆုံး အခြေအနေသို့ ရောက်သည်နှင့် သူတို့၏ ရွှေအမြုတေကို ဖောက်ခွဲကာ ရန်သူအား ဒဏ်ရာရအောင် ကြိုးစားကြသည်။

သို့သော်လည်း ချန်းဖန်သည် ရွှေအမြုတေ အတွင်းမှ အမတေ စွမ်းအင်များကို အန္တရာယ်ကင်းစွာ စုပ်ယူနိုင်သည့် နည်းလမ်း တစ်ခုကို သိ၏။

“အထဲမှ ရှိတဲ့ စွမ်းအားတွေကို စုပ်ယူပြီးတာနဲ့ ရွှေအမြုတေက ပျက်စီးသွားမှာ ဆိုပေမဲ့ ခုအချိန်မှာတော့ အဲဒီအထဲမှာ ငါ့အတွက် ဗိုက်ဖြည့် စရာတွေ အများကြီး ရှိနေတုန်းပဲ”

ချန်းဖန်က တွေးရင်း ရွှေအမြုတေကို ဝမ်းဗိုက် အတွင်း မြိုချလိုက်သည်။

ထို့နောက် သူက အရှေ့ရှိ ကျောက်တုံး စားပွဲကို ကြည့်ကာ အနည်းငယ် ပြုံးရင်း ဆိုလိုက်၏။

“ငါ ဒီကို ရောက်နေတာ ရက် အနည်းငယ် ရှိနေပြီ ... မင်းက အခုထိ ပုန်းနေတုန်းလား ... ဘာလဲ ... ငါ ဒီနန်းတော်ကို ဖျက်ဆီး ပစ်လိုက်ရ မလား”

“ကျင့်ကြံသူလေး ... အလျင်လိုစရာ မလိုပါဘူး”

ရုတ်တရက် နံရံများမှ တောက်ပသော အလင်းများ စီးထွက်လာကာ မထင်မရှား ပုံရိပ်တစ်ခု ဖွဲ့စည်းလာ၏။

“ငါထင်ထားတဲ့အတိုင်း ယွင်ထျန်း နန်းတော်ကို ဖန်တီးခဲ့တဲ့ အခြေတည် ဝိညာဉ် အဆင့် ကျင့်ကြံသူမှာ အစွမ်းထက် ဝိညာဉ် ရတနာတွေ ရှိနေတာပဲ ... မင်းက ပုံရိပ်ယောင်ကိုတောင် ဖွဲ့စည်းနိုင်တယ် ဆိုတော့ အဆင့်မြင့် ဝိညာဉ် ရတနာ ဖြစ်ရမယ်”

ချန်းဖန်က မထင်မရှား ပုံရိပ်ကို အကဲခတ်ရင်း ဆိုလိုက်သည်။

“ငါ့သခင်ရဲ့ နာမည်က ကောင်းကင် ညီမျှခြင်း လို့ ခေါ်ပါတယ် …”

ရတနာ ဝိညာဉ်က ဆိုလိုက်၏။

“ကျင့်ကြံသူလေး ... သင် ဘာကို သိချင်လို့လဲ ...  ငါ သင့်ကို အရာအားလုံး ပြောပြမှာ မဟုတ်ဘူးနော်”

“ငါ့မှာ မေးခွန်း နှစ်ခုပဲ ရှိတယ် …”

ချန်းဖန်က ပြုံးရင်း ပုံရိပ်ယောင်အား စူးစိုက် ကြည့်လိုက်သည်။

“ရှေးဟောင်း ကျင့်ကြံသူတွေက ဘယ်ကို သွားတာလဲ ... ကောင်းကင် လမ်းကြောင်းက ဘယ်မှာလဲ …”

“စိတ်မကောင်းပါဘူး ... ငါ့ဆရာက ငါ့ကို ကောင်းကင်တံခါးကို စောင့်ရှောက်ဖို့ အမိန့်ပေးခဲ့တယ် ... သင် ခွန်ရှု့ နယ်မြေ တစ်ခုလုံးက လူတွေကို သတ်ပစ်မယ် ဆိုရင်တောင် ငါက သင့်ကို ပြောမှာ မဟုတ်ဘူး”

ရတနာ ဝိညာဉ်က ငြင်းဆို၏။

“ငါတွေးထားတဲ့ အတိုင်းပါလား …”

ချန်းဖန်က အနည်းငယ်ပင် အံ့အားသင့်ခြင်း မရှိချေ။

သူသည် ရတနာ ဝိညာဉ်က ခွန်ရှု့ နယ်မြေ၏ လူများကို ဂရုမစိုက်ကြောင်း သူ သတိထားမိပြီး ဖြစ်သည်။ ထိုရတနာ ဝိညာဉ်သည် ချန်းဖန် ယွင်ထျန်းရွှမ်ကို သတ်သည့် အချိန်တွင်ပင် ထွက်ပေါ်လာခြင်း မရှိခဲ့ချေ။

“ငါ ယွင်ထျန်း နန်းတော် တစ်ခုလုံးကို ဖျက်ဆီးပစ်မှာ မင်း မကြောက်ဘူးလား …”

ချန်းဖန်၏ အကြည့်များက ရေခဲကဲ့သို့ အေးစက်လာ၏။

“ဟီးဟီး …”

ရတနာ ဝိညာဉ်က လှောင်ပြောင် လိုက်သည်။

“ဘုန်း …”

ရုတ်တရက် နန်းတော်၏ နံရံ၌ ရွှေရောင် ရှေးဟောင်း သင်္ကေတများ ပေါ်လာကာ ကြောက်မက်ဖွယ် စွမ်းအင် ဖိအားတစ်ခု ပျံ့နှံ့ လာသည်။ ထိုစွမ်းအား အငွေ့အသက်ကား ယွင်ထျန်းရွှမ်၏ အရှိန်အဝါထက်ပင် ပိုမို ပြင်းထန်သည်။

ထိုအရာကား အခြေတည် ဝိညာဉ် ရတနာ၏ စွမ်းအား ဖြစ်သည်။ ထိုစွမ်းအားဖြင့်ပင် ယွင်ထျန်း နန်းတော်ကို ခွန်ရှု့ နယ်မြေ၏ အစွမ်း အထက်ဆုံး အရှင်သခင် အဖြစ် သတ်မှတ် နိုင်၏။

“ဟမ့် …”

ချန်းဖန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

ထို့နောက် သူ၏ ခန္ဓာကိုယ် အတွင်းမှ အရှိန်အဝါသည် အပြင်သို့ ထွက်ပေါ် လာ၏။ ထိုအရှိန်အဝါသည် မူလ အလယ်ဆင့်မှ နေ၍ လျှင်မြန်စွာပင် မူလ ထိပ်ဆုံး အဆင့်၊ အမြုတေ ဖွဲ့စည်းခြင်း အဆင့်များကို ချိုးဖျက်ကာ ရွှေအမြု အဆင့်အထိ ရောက်ရှိ သွားသည်။

“သင် ဘယ်တုန်းက ရွှေအမြုတေ အဆင့်ကို ရောက်သွားတာလဲ …”

ရတနာ ဝိညာဉ်က အံ့အားသင့်မှုကြောင့် ထပင် ခုန်လိုက်သည်။

“ငါ့ရဲ့ စွမ်းအားက မင်း တွေးထားတာထက် အများကြီး ပိုတယ် …”

ချန်းဖန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

အမှန်တကယ်တွင်မူ သူသည် လျှို့ဝှက် ကျင့်စဉ် တစ်ခုဖြင့် ယွင်ထျန်းရွှမ်၏ ရွှေအမြုတေမှ အရှိန်အဝါကို ထုတ်ယူကာ ရတနာ ဝိညာဉ်ကို ခြိမ်းခြောက်လိုက်ခြင်းသာ ဖြစ်သည်။

“ကောင်းကင် လမ်းကြောင်း ဘယ်မှာရှိလဲ ငါ့ကို ပြောစမ်း ... ငါ မင်း အသက်ကို ချမ်းသာပေးမဲ့အပြင် လွတ်လပ်ခြင်း ကျင့်စဉ် တစ်ခုပါ သင်ပေးမယ်”

ချန်းဖန်က နည်းလမ်းဟောင်းကို အသုံးပြု လိုက်သည်။

“တကယ်လား …”

ချန်းဖန်၏ မက်လုံးကို ကြားသည်နှင့် ရတနာ ဝိညာဉ်သည် တိတ်ဆိတ်သွား၏။

သူသည် နှစ်ထောင်ပေါင်း များစွာ ယွင်ထျန်း နန်းတော်၏ ရတနာ ဝိညာဉ်အဖြစ် နေခဲ့ရရာ အလွန် ငြီးငွေ့ နေခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ ပိုင်ဆိုင်ထားသည့် စွမ်းအားများကို ရင်းနှီးရမည် ဆိုလျှင်ပင် သူသည် လွတ်လပ်မှုကို အမှန်ပင် တောင့်တ မိသည်။

အဆုံး၌ ရတနာ ဝိညာဉ်၏ မျက်နှာက သိမ်မွေ့လာကာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ ... သဘောတူတယ်”

ထို့နောက် ချန်းဖန်က အလျင်ဦးစွာ လွတ်လပ်ခြင်း ကျင့်စဉ်တစ်ခုကို ရတနာ ဝိညာဉ်အား သင်ပေး လိုက်သည်။ ရတနာဝိညာဉ်ကလည်း ချန်းဖန်အား သူသိချင်သည့် အရာအားလုံးကို ပြောပြ၏။

အရာအားလုံးကို သိရှိပြီးနောက် ချန်းဖန်၏ မျက်လုံး၌ အလင်းတစ်ခု လင်းလက် လာသည်။

“လက်စသတ်တော့ အဲဒီလိုကိုး ... ကောင်းကင် တံခါးက ဒီလို ထူးဆန်းတဲ့ ပုံစံနဲ့ ရှိနေမယ်လို့ ဘယ်သူက တွေးမိမှာလဲ”

***

All Chapters