အကြေးခွံတစ်ထောင်နယ်မြေ
Vol. 101 Ch. 1418
အခန်း (၁၄၁၈) အကြေးခွံတစ်ထောင်နယ်မြေ
ရန်ကျောက်ကဲက ချူးလီလီ၏နဖူးထက်မှ နတ်ဆိုးသင်္ကေတကို ကြည့်လိုက်သည်။
ထိုသင်္ကေတထဲတွင် အချိန်ရေစီးကြောင်းကိုဖြတ်ကျော်လာသည့် ၊ အဆုံးမရှိသော ဗလာနယ်ကို ဖြတ်ကျော်လာသည့် ၊ စည်းမျဉ်းပေါင်းစုံကို ဖြတ်ကျော်လာသည့် မျက်ဝန်းတစ်စုံက ရန်ကျောက်ကဲကို ပြန်လည်စိုက်ကြည့်နေသယောင် ထင်မှတ်ရသည်။
ထိုမျက်လုံးက အေးစက်တိတ်ဆိတ်နေပြီး စိတ်ခံစားချက်လှိုင်းတံပိုးများ မရှိသယောင် ၊ စကြဝဠာ၏ မှောင်မိုက်အေးစက်မှုကို ထင်ဟပ်ပြသနေသည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာပင် သူလုပ်စရာရှိသည်များကို လုပ်ဆောင်လိုက်သည်။
ဖြတ်တောက်ထားသော အလင်းတန်းကြိုးပေါ်တွင် အင်းသင်္ကေတရေးထွင်းလိုက်ပြီး လျှို့ဝှက်ပညာရပ်တစ်ခုအသုံးပြုကာ ချူးလီလီ၏နဖူးအက်ကွဲကြောင်းအတွင်း ထည့်သွင်းလိုက်သည်။
နတ်ဆိုးသင်္ကေတအက်ကွဲကြောင်း ဖြည်းညင်းစွာပိတ်သွားပြီး နောက်ဆုံး လုံးဝပျောက်ကွယ်သွားသည်။
ဤသို့လုပ်ဆောင်ခြင်းက ပြဿနာ၏ရင်းမြစ်ကို မဖြေရှင်းနိုင်သော်လည်း ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားရန်ပြင်ဆင်မှုနှင့် အပြင်လောကအား အာရုံခံစားနိုင်မှုကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေနိုင်သည်။
ရန်ကျောက်ကဲက မည်သည့်အရာကိုမှထပ်မလုပ်တော့ဘဲ တဖြည်းဖြည်းပျောက်ကွယ်သွားသည့် အက်ကွဲကြောင်းကို စူးစိုက်ကြည့်နေသည်။
သူက နေရာမှာပင် တိတ်ဆိတ်စွာစောင့်ဆိုင်းရင်း အက်ကွဲကြောင်းကို စောင့်ကြည့်နေခဲ့သည်။
စောစောက သူနှင့်ဆုံတွေ့ခဲ့သော မျက်ဝန်းတစ်စုံ ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ရန်ကျောက်ကဲ၏ သိစိတ်အာရုံကပြောနေသည်မှာ ခြိမ်းခြောက်မှုအငွေ့အသက်တစ်ခု ရှိနေဆဲဖြစ်သည်ဆိုခြင်းပင်။
သို့သော် နောက်ထပ်လှုပ်ရှားမှုများ ရှိမလာခဲ့ပေ။
နှစ်ဖက်လုံးက တစ်ယောက်နှင့်တစ်ယောက် အားစမ်းနေသယောင် ထင်မှတ်ရသည်။
ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကိုလှည့်ကြည့်လိုက်တော့ သူမက တည်ကြည်သောမျက်နှာအမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါမှ ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး လက်ဖဝါးကိုဆန့်ထုတ်လိုက်သည်။
သူ၏လက်ဖဝါးဆီမှ သိမ်မွေ့သောအလင်းရောင်များထွက်ပေါ်လာပြီး ၊ ထိုအလင်းရောင်နှင့်ထိတွေ့သည်နှင့် အိပ်ပျော်နေသယောင်ရှိသော ချူးလီလီ၏ခန္ဓာကိုယ်က လျှင်မြန်စွာသေးငယ်သွားပြီး အလင်းရောင်ထဲသို့ ပျံသန်းဝင်ရောက်သွားသည်။
ရန်ကျောက်ကဲက...
“အကြီးအကဲချန်ကို သွားတွေ့ရအောင်”
သူတို့မျှော်လင့်ထားသည့်အတိုင်းပင် ရန်သူက ချန်ရွှမ်ကျုန်းကိုမတွေ့သဖြင့် ယာယီရပ်တန့်ထားရန် ဆုံးဖြတ်ခဲ့ပုံရ၏။
သူတို့(၃)ယောက် ကျောက်တုံးများဖြင့်ပြည့်နေသည့်နယ်မြေကို နောက်ဆုံးအကြိမ်စစ်ဆေးလိုက်ကြသည်။ မည်သည့်မသင်္ကာစရာမှ မတွေ့သည်နှင့် ထွက်ခွာခဲ့ကြပြီး ချန်ရွှမ်ကျုန်းနှင့်တွေ့ဆုံရန် အကြေးခွံတစ်ထောင်နယ်မြေသို့ ဦးတည်ခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် ရန်ကျောက်ကဲက အခြားသူများနှင့်ဆက်သွယ်ခဲ့သည်။
ရုတ်ချည်းပင် အလင်းထဲမှလူများနှင့် အမှောင်ထဲမှလူများအားလုံး တစ်နေရာတည်းသို့ စုဝေးလာကြသည်။
ရှည်လျားသောခရီးစဉ်ပြီးဆုံးသည့်နောက် ရန်ကျောက်ကဲတို့အုပ်စု သူတို့ဦးတည်ရာသို့ ရောက်ရှိလာသည်။
အဝေးမှကြည့်လိုက်တော့ နေရောင်ခြည်ရောင်ပြန်ဟပ်သည့်ပမာ အလင်းတန်းများက အမှောင်ထုဗလာနယ်ထဲတွင်ထွက်ပေါ်လာပြီး ရှည်လျားသောမြစ်တစ်စင်းပမာ ထင်မှတ်ရသည်။
အနီးသို့ရောက်ချိန်မှာတော့ ထိုအရာက မြစ်တစ်စင်းမဟုတ်ဘဲ အလင်းတန်းများဖြင့်ဖွဲ့စည်းထားသော နေရာတစ်ခုဖြစ်နေသည်။
ထိုနေရာတွင် တံလျှပ်များလှုပ်ရှားနေပြီး ဧရာမငွေရောင်ငါးကြီးများ သန်းပေါင်းများစွာ ရေမျက်နှာပြင်ထက် ကူးခတ်နေသယောင် ထင်မှတ်ရသည်။
အလင်းတန်းများက တစ်ခုနှင့်တစ်ခု ယှက်နွယ်နေသဖြင့် အဝေးမှကြည့်လျှင် ရှည်လျားသောမြစ်တစ်စင်းနှင့် ဆင်တူနေခြင်းပင်။
ဤနေရာက ရန်ကျောက်ကဲတို့အုပ်စု နတ်ဆိုးများနှင့်တိုက်ခိုက်ရန် ဂရုတစိုက် ရွေးချယ်ထားသော နေရာဖြစ်သည်။
ချန်ရွှမ်ကျုန်း၊ ချူးလီလီ၊ ရှီကျွင်း၊ ယင်ယွီကျန်းတို့အားလုံး၏ ပြဿနာများကိုဖြေရှင်းရန် အခွင့်အရေးမှာ ရန်သူများလှုပ်ရှားလာသည့်အချိန်မှသာ ဖြစ်ပေါ်လာပေမည်။
ရန်ကျောက်ကဲတို့အုပ်စုအနေဖြင့် ရန်သူများ စတင်လှုပ်ရှားလာသည်ကို စောင့်ဆိုင်းရပေမည်။ သို့မှသာ တန်ပြန်တိုက်ခိုက်ပြီး အန္တရယ်ကြားထဲမှ အခွင့်အလမ်းကို ဆုပ်ကိုင်နိုင်မည် ဖြစ်၏။
ပြီးတော့ သူတို့က ရန်သူများထက်နောက်ကျနေပြီဖြစ်သည်။ ရန်သူများကိုလိုက်မီရန်မှာ (၅၀)ရာနှုန်းသာရှိသည်။
လက်ဦးမှုရယူရန်ဆုံးရှုံးထားပြီဖြစ်ရာ ရန်ကျောက်ကဲတို့အုပ်စုက နေရာအားသာချက် ပြန်လည်ရယူရန် ဆုံးဖြတ်ခဲ့သည်။
ကိုယ်တိုင်သေချာပြင်ဆင်ထားသောနေရာတွင် တိုက်ခိုက်ရခြင်းက ဘက်မလိုက်သောနယ်မြေ သို့မဟုတ် ရန်သူ၏ အဓိကစစ်မြေပြင်ဖြစ်သည့် ငရဲကိုးထပ်တွင် တိုက်ခိုက်ရခြင်းထက် များစွာ သာလွန်သည်။
ထို့ကြောင့် ချန်ရွှမ်ကျုန်း ဤနေရာကို ရှာဖွေတွေ့ရှိသည့်အခါ ရန်ကျောက်ကဲ အလွန်ပျော်ရွှင်သွားခဲ့သည်။
ကြယ်စင်မြစ်လက်တက်ကဲ့သို့ ရေလမ်းကြောင်းတစ်ခုက ရန်ကျောက်ကဲအတွက် မြစ်ဝါကိုးကွေ့အစီအရင်၏စွမ်းအားကိုပြသရန် ပိုမိုအကျိုးပြုသော်လည်း ထိုနေရာက ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးအတွက်လည်း များစွာအကျိုးပြုသည်။
ထို့ကြောင့် သူက အကြေးခွံတစ်ထောင်နယ်မြေကို အစားထိုး အသုံးပြုရန် ရွေးချယ်လိုက်ခြင်းပင်။
ချန်ရွှမ်ကျုန်းက ထိုနေရာတွင် ကြိုတင်စောင့်ဆိုင်းနေမည်ဖြစ်ပြီး သူတို့အုပ်စုက ချူးလီလီကို ခေါ်ဆောင်လာမည် ဖြစ်သည်။
ဤနည်းအားဖြင့် တိုက်ပွဲက အကြေးခွံတစ်ထောင်နယ်မြေတွင်သာ ဖြစ်ပေါ်လာနိုင်သည်။
ချန်ရွှမ်ကျုန်းက ကျဲ့မင်ခုန်နှင့် ချူးလီလီအတွက် စိုးရိမ်နေသော်လည်း သူ၏ စိတ်ခံစားချက်များကိုဖိနှိပ်ကာ သတ်မှတ်ထားသော နေရာသို့ အရင်ဆုံးသွားရောက်ခဲ့သည်။
“အကြီးအကဲချန်က ပြင်ဆင်မှုတွေအားလုံး လုပ်ပြီးသွားပြီပဲ...”
အကြေးခွံတစ်ထောင်နယ်မြေသို့ ရောက်သည်နှင့် အရင်ဆုံး ရန်ကျောက်ကဲက ချန်ရွှမ်ကျုန်းကို သတင်းပို့လိုက်သည်။
ခဏနေတော့ ချန်ရွှမ်ကျုန်းထံမှ သတင်းစကားကြားရပြီး သူတို့အားလုံး အကြေးခွံတစ်ထောင်နယ်မြေအတွင်း ဝင်ရောက်လိုက်ကြသည်။
အကြေးခွံတစ်ထောင်နယ်မြေအတွင်း ဝင်ရောက်လိုက်သည်နှင့် အလင်းတန်းများကလှည့်ပတ်သွားပြီး ရန်ကျောက်ကဲတို့အုပ်စုမှာ သူတို့ခန္ဓာကိုယ်များကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ အလင်းတန်းများက သယ်ဆောင်သွားခြင်းကို ခံလိုက်ရသည်။
ဤနေရာတွင် အချိန်၏အယူအဆ ပျောက်ကွယ်နေပြီး သူတို့(၃)ယောက်မှာ အချန်ရေစီးကြောင်းထဲ မျောလွင့်သွားသည့်ပမာ ထင်မှတ်ရ၏။
“ချီ...”
ရန်ကျောက်ကဲက လက်ကိုဆန့်ထုတ်လိုက်ပြီး လေထဲတွင် အင်းသင်္ကေတများ ရေးဆွဲလိုက်သည်။
ထိုအင်းသင်္ကေတများက အလင်းတန်းများကိုလေးလံသွားစေပြီး သူတို့အားလုံးကိုလွှမ်းခြုံကာ အောက်ဖက်သို့ နစ်မြုပ်သွားစေသည်။
အလင်းရောင်များ ပျံ့လွင့်သွားပြီးနောက် သူတို့ရှေ့မှမြင်ကွင်းက ပြောင်းလဲသွားသည်။ပတ်ဝန်းကျင်တွင် အလင်းတန်းများက ဆက်လက်တည်ရှိနေပြီး ရေစီးဆင်းသည့်ပမာ တရစပ်စီးဆင်းလျှက်ရှိသည်။
အပြင်မှကြည့်လျှင် အလင်းတန်းများဆက်စပ်နေပြီး မြစ်တစ်စင်းပမာ ထင်မှတ်ရသည်။ သို့သော် အတွင်းပိုင်းတွင်မူ အလင်းတန်းများက အရပ်လေးမျက်နှာသို့ ပျံ့လွင့်လျှက်ရှိ၏။
ယခုတော့ အလင်းတန်းများက ရန်ကျောက်ကဲတို့အုပ်စုအား အထဲတွင် လွှမ်းခြုံဖုံးအုပ်ထားသည်။
သူတို့ရှေ့တည့်တည့်တွင် နက်မှိုင်းသည့် ရွှေရောင်စက်လုံးတစ်လုံး ရှိနေသည်။
ထိုအရာက ကြယ်တစ်လုံးအရွယ်အစားရှိပြီး ထူထဲသောထိုစက်လုံးမှာ အဆုံးမရှိသောပြင်ပဗလာနယ်ထဲတွင် တိတ်ဆိတ်စွာရှိနေပြီး အလင်းတန်းများဖြင့် ဖုံးအုပ်ခံထားရသည်။
ရွှေရောင်စက်လုံးမျက်နှာပြင်က ချောမွေ့ညီညာပြီး အပေါက်များ အက်ကွဲကြောင်းများ လုံးဝမရှိပေ။
ရန်ကျောက်ကဲ၏လက်က ရွှေရောင်စက်လုံးနှင့်ထိတွေ့လိုက်သည်နှင့် ကြီးမားသော စည်းတံဆိပ်တစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ရွှေရောင်စက်လုံး၏ပုံသဏ္ဌန်ပြောင်းလဲမသွားသော်လည်း သူ၏အသွင်အပြင်က ရေဖြင့်ဖွဲ့စည်းထားသည့်နှင့် ပျော့ပြောင်းနူးညံ့သွားသည်။
ရန်ကျောက်ကဲတို့အုပ်စုက စက်လုံး၏မျက်နှာပြင်ကိုဖြတ်ကျော်ပြီး အတွင်းသို့ဝင်ရောက်လိုက်ကြသည်။
အထဲတွင်မှောင်မိုက်နေပြီး မည်သည့်အလင်းရောင်မှမရှိပေ။ သို့သော် လူတစ်ယောက်ရှိနေကြောင်း ရန်ကျောက်ကဲ အာရုံခံနိုင်သည်။
ထိုသူက ရေစင်ထက်ယံအရှင်သခင်’ချန်ရွှမ်ကျုန်း’ ဖြစ်၏။
အမှောင်ထဲမှ ချန်ရွှမ်ကျုန်းအသံ ထွက်ပေါ်လာသည်။
“မင်း ချူးလီလီကို ခေါ်လာပြီလား ၊ သူ့အနေအနေ ဘယ်လိုရှိလဲ ၊ ကျဲ့မင်ခုန်ကိုရော ရှာတွေ့ခဲ့လား”
ရန်ကျောက်ကဲက...
“အကြီးအကဲကျဲ့ကို ရှာမတွေ့သေးပါဘူး ၊ လောလောဆယ်တော့ အကြီးအကဲချူးရဲ့ အခြေအနေက အတော်တည်ငြိမ်နေပါသေးတယ် ၊ ကျွန်တော် စည်းတံဆိပ်တစ်ခုလည်း ထပ်ပြုလုပ်ပေးထားတယ်”
သူက ဆက်ပြောလိုက်သည်။
“အဲဒီစည်းတံဆိပ်ရယ် ၊ အပြင်မှာရှိတဲ့ အကြေးခွံတစ်ထောင်နယ်မြေရယ် ၊ ပြီးတော့ ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်နဲ့ဆိုရင် ကျွန်တော်တို့မှာ ခံစစ်အလွှာ (၃)ခုရှိတယ်”
ပြောပြီးသည်နှင့် သူက လက်နှစ်ဖက်ကိုဖြန့်လိုက်ရာလက်ဖဝါးထက်မှ အလင်းရောင်များ ထွက်ပေါ်လာသည်။
“မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး လှုပ်ရှားမလာသရွေ့... ကျွန်တော်တို့ သူတို့ကို ခဏလောက်တော့ တားဆီးထားနိုင်လိမ့်မယ်”
မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးကဲ့သို့ ဘိုးဘေးနတ်ဆိုးတစ်ပါးလှုပ်ရှားလာပါက အခြားသော တာအိုဘိုးဘေးများ ထိုင်ကြည့်နေမည်ဆိုလျှင် ရန်ကျောက်ကဲတို့အုပ်စု ရှုံးနိမ့်ရမှုအတွက် အပြစ်တင်စရာမရှိပေ။
ရန်ကျောက်ကဲက တည်ကြည်လေးနက်သော မျက်နှာထားဖြင့်...
“ဒါပေမဲ့ တခြားမဟာနတ်ဆိုးတွေ ဒီနယ်မြေထဲကို ဝင်ရောက်လာပြီး ကျွန်တော်တို့နဲ့တိုက်ခိုက်မယ်ဆိုရင် အကြေးခွံတစ်ထောင်နယ်မြေနဲ့ ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ကို ဖောက်ထွင်းနိုင်မလားဆိုတာ သေချာတော့မပြောနိုင်ဘူး”
သူက ဆက်ပြောလိုက်သည်။
“ဒါကြောင့် ကျွန်တော်တို့ အချိန်ဖြုန်းလို့မဖြစ်ဘူး”
ရန်ကျောက်ကဲ လက်ဖဝါးထဲရှိအလင်းရောင်များကြားမှ ချူးလီလီ၏ သေးငယ်သောပုံရိပ် ပျံ့လွင့်ထွက်ပေါ်လာပြီး တဖြည်းဖြည်း မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားသည်။
ချန်ရွှမ်ကျုန်းက ချူးလီလီ၏ခန္ဓာကိုယ်ကို လက်လွှဲယူလိုက်ပြီး...
“ဟုတ်တယ်၊ ငါတို့ မြန်မြန်လုပ်ရမယ်...”
ချန်ရွှမ်ကျုန်းက အိပ်ပျော်နေဟန်ရှိသော ချူးလီလီ၏မျက်နှာကို စူးစိုက်ကြည့်ရင်း ဖြည်းညင်းစွာပြောလိုက်သည်။
“ဒါဖြင့် အခုပဲ စလိုက်ရအောင်”
ရန်ကျောက်ကဲလက်ဖဝါးထက်မှ အလင်းရောင်များလွင့်ပြယ်သွားပြီး သူအမြင်အာရုံတွင် အမှောင်ထုက တစ်ဖန်ပြန်လည်ဖုံးလွှမ်းသွားသည်။
ချန်ရွှမ်ကျုန်းက ချူးလီလီနှင့် မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် သူတို့နှစ်ယောက် အတူတူထိုင်နေကြသည်။
ထို့နောက် သူက လက်နှစ်ဖက်ဖြင့် စည်းတံဆိပ်တစ်ခု ဖွဲ့စည်းလိုက်ပြီး လက်တစ်ဖက်၏လက်ညှိုးလက်ခလယ်ဖြင့် သူ၏နဖူးကိုထိလိုက်ပြီး အခြားလက်မှ လက်ညှိုးလက်ခလယ်ဖြင့် ချူးလီလီ၏ နဖူးကို ထိလိုက်လေသည်။