အသာစီးရယူနိုင်ခဲ့ပြီ
Vol. 101 Ch. 1419
အခန်း (၁၄၁၉) အသာစီးရယူနိုင်ခဲ့ပြီ
ချန်ရွှမ်ကျုန်းနှင့်ချူးလီလီတို့ ခွဲခွာပြီးကတည်းက ပြန်မဆုံကြသည်မှာ နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။
ယခုတော့ ချူးလီလီရင်ထဲတွင် တစ်ချိန်လုံးလွမ်းဆွတ်တမ်းတနေခဲ့သည့် ဆရာဖြစ်သူသည် သူမရှေ့တွင်ရှိနေသော်လည်း ချူးလီလီအနေဖြင့် လုံးဝ သိမြင်ခံစားနိုင်ခြင်းမရှိဘဲ နက်ရှိုင်းသောအိပ်မောကျမှုဖြင့် နစ်မြုပ်နေသည်။
ချန်ရွှမ်ကျုန်းက တပည့်ဖြစ်သူကို ကြည့်လိုက်သည်။
တပည့်ဖြစ်သူအား သင်ကြားပြသပေးခဲ့သောပုံရိပ်များက ချန်ရွှမ်ကျုန်းစိတ်ထဲ တဖန်ပြန်လည်ထွက်ပေါ်လာသည်။ ထိုအချိန်က ချူးလီလီက အပြစ်ကင်းစင်သော ကလေးတစ်ယောက်သာ ဖြစ်ခဲ့သည်။
သူမ၏ခန္ဓာကိုယ်က ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် သင့်လျော်သောခန္ဓာကိုယ်ဖြစ်ကြောင်း မသိခဲ့သလို သူမ၏ဖခင်နှင့် ဆရာဖြစ်သူသည်လည်း ထို့အတူပင်ဖြစ်ကြောင်း မသိခဲ့ပေ။
သူမ၏ဖခင်’ချူးဟွမ်' ရေပလ္လင်နတ်ဆိုးအဖြစ် ပြောင်းလဲသွားပြီးနောက် ဆရာဖြစ်သူ ချန်ရွှမ်ကျုန်းက သူဖခင်ကို သတ်ဖြတ်ခဲ့ကြောင်းကိုလည်း မသိခဲ့ပေ။
ကျေးဇူးတရားနှင့် ရန်ငြိုးများပေါင်းယှက်လျှက်ရှိပြီး ၊ ဤသည်က သူမဘဝပင် ဖြစ်ပေသည်။
ချန်ရွှမ်ကျုန်း၏မျက်နှာအမူအရာက တည်ငြိမ်နေသည်။
“ဒါက ကံတရားအတိုင်းပဲ ဖြစ်ရမယ် ၊ ဒီတစ်ခေါက်တော့ ဒါတွေအားလုံးကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်”
သူက မျက်လုံးများမှေးမှိတ်လိုက်ပြီးနောက် သူ၏နဖူးမှ အက်ကွဲကြောင်းတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
ထိုအက်ကွဲကြောင်းအတွင်းမှ ရေခဲပြာရောင်နတ်ဆိုးချီများ ထွက်ပေါ်လာပြီး ရန်လိုမှု ၊ အထီးကျန်မှု ၊ မှိုင်းညှို့မှု ခံစားချက်များကို ထင်ဟပ်ပြသနေသည်။
ချူးလီလီ၏ နဖူးထက်မှ နတ်ဆိုးသင်္ကေတလည်းအက်ကွဲလာသည်။
သူတို့၏နဖူးထက်ဆီမှထွက်ပေါ်လာသော ရေခဲပြာရောင်အလင်းတန်းများ ဝေဝါးစွာဖြင့် ရောယှက်သွားသည်။
ချန်ရွှမ်ကျုန်းလက်ဖြင့်ပြုလုပ်ထားသော စည်းတံဆိပ်များ ရုတ်တရက်ပုံစံပြောင်းလဲသွားသည်နှင့် ဘေးတွင်ရှိနေသော ရန်ကျောက်ကဲကလည်း တူညီသောလှုပ်ရှားမှု ပြုလုပ်လိုက်သည်။
သူက လက်များဖြင့် စည်းတံဆိပ်ပြုလုပ်ကာ သူ၏ရင်ဘတ်ရှေ့တွင် ထားလိုက်သည်။
ရွှေရောင်စက်လုံးအတွင်းရှိ မှောင်မိုက်နေသောနေရာက ရုတ်တရက် အလင်းတန်းများဖြင့် ပြည့်နက်သွားသည်။
လေထဲတွင် မီးပွားများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး စုစုပေါင်း (၈၁)ခု ဖြစ်တည်လာသည်။ ထိုမီးစများက ထူးခြားသောအစီအရင်အတိုင်း ပုံစံပြောင်းလဲသွားပြီး ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့ကို ဝိုင်းထားလိုက်၏။
မီးစများမှ မီးလျှံများထွက်ပေါ်လာပြီး ဗလာနယ်ထဲ တစ်ခုနှင့်တစ်ခုပေါင်းယှက်ကာ ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့ထံသို့ ကျရောက်သွားသည်။
မီးလျှံများလှုပ်ခါလာသည်နှင့်အမျှ သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များ အနည်းငယ်တုန်ယင်လာပြီး သူတို့နဖူးထက်မှ ရေခဲပြာရောင်အလင်းတန်းများက မှိန်ဖျော့သည်ထက်မှိန်ဖျော့လာသည်။
ချန်ရွှမ်ကျုန်းက သူ၏လက်ချောင်းများကို နောက်တစ်ကြိမ်ဆန့်ထုန်ပြီး ချူးလီလီ၏နဖူးကိုထိလိုက်ပြီးနောက် ကိုယ်နဖူးကိုယ်ပြန်ထိလိုက်သည်။
ထို့နောက် သူ၏လက်များကို ဖြည်းဖြည်းချင်း အလယ်ဗဟိုတွင် ပိတ်လိုက်သည်။
သူ၏လက်ချောင်းများလှုပ်ရှားသည့်အတိုင်း သူတို့နဖူးထက်မှ ရေခဲပြာရောင်အလင်းတန်းများက ပို၍တောက်ပလာသည်။
ချန်ရွှမ်ကျုန်း၏လက်များက ထိုအလင်းတန်းများကို ဆွဲထုတ်နေသယောင်ဖြစ်ပြီး ထိုအရာများက သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များမှ ဆက်လက်ထုတ်ယူခံနေရကာ ဗလာနယ်ထဲတွင် ရေခဲပြာရောင်အလင်းတန်းများ ပေါင်းယှက်စုစည်းလာသည်။
အေးစက်သော နတ်ဆိုးအလင်းတန်းများ တဖြည်းဖြည်းစုစည်းလာသည်နှင့်အမျှ လက်သီးဆုပ်အရွယ် စည်းတံဆိပ်တစ်ခုအဖြစ် မရေမရာဖြစ်ပေါ်လာသည်။
ထိုစည်းတံဆိပ်က ပိုမိုရှင်းလင်းလာပြီး အတွင်းမှ နတ်ဆိုးအငွေ့အသက်ကလည်း ပိုမိုပြင်းထန်လာ,သည်။
သို့သော် ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့၏ နဖူးထက်မှထွက်ပေါ်လာသော နတ်ဆိုးချီကတော့ ဖြည်းညင်းစွာ အားပျော့လာသည်။
ဤလုပ်ငန်းစဉ်တစ်လျှောက်တွင် သူတို့နဖူးထက်အက်ကွဲကြောင်းဆီမှ ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး၏ လက္ခဏာများ လုံးဝပျောက်ကွယ်သွားသည်။
သို့သော် အပြင်ဘက်တွင် စည်းတံဆိပ်အဖြစ်ပုံပေါ်လာနေသည့် တောက်ပသော ရေခဲပြာရောင်အလင်းတန်းကတော့ ပိုပြီး လင်းလက်လာသည်။
ထိုရေခဲပြာရောင်အလင်းတန်းမှ မျက်လုံးတစ်စုံ ဖြည်းညှင်းစွာ ဖွင့်လှစ်လာသယောင် ထင်မှတ်ရသည်။ အေးစက်မှု ၊ မှိုင်းညှို့မှုတို့ဖြင့် ပြည့်နှက်နေသော ထိတ်လန့်ဖွယ် အငွေ့အသက်များ ထွက်ပေါ်လာသည်။
သို့သော် ရန်ကျောက်ကဲတို့အုပ်စုက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြ်စသည်။
မီးပွားမီးလျှံများမှ ပြင်းထန်သောအလင်းရောင်များ ထွက်ပေါ်လာပြီး မီးလျှံများက နတ်ဆိုးစည်းတံဆိပ်ထက်တွင် စုစည်းလာသည်။
အနီရောင်မီးလျှံများပေါင်းယှက်လာပြီး ရေခဲပြာရောင်စည်းတံဆိပ်ကို တင်းကျပ်စွာ ချုပ်နှောင်ဖိနှိပ်ထားလိုက်သည်။
ယခင်က ရွှေရောင်စက်လုံး၏ပုံသဏ္ဍာန်က မတည်ငြိမ်ခဲ့ပေ။ ယခုတော့ ထိုစက်လုံးက ရုတ်တရက်လည်ပတ်လာသည်။
ရွှေရောင်စက်လုံး လည်ပတ်လာသည်နှင့် အပြင်ဘက်ရှိ အကြေးခွံတစ်ထောင်နယ်မြေမှ အလင်းစီးကြောင်းများလည်း လည်ပတ်လာသည်။
ယခင်က ချမှတ်ထားခဲ့သောအစီအရင်များကလည်း ၎င်းတို့၏ အသုံးဝင်မှုများကို စတင်ပြသလာသည်။
ဤအစီအရင်များအားလုံး၏ရည်ရွယ်ချက်မှာ ချန်ရွှမ်ကျုန်းနှင့် ချူးလီလီကို နှောင့်ယှက်နေသော နတ်ဆိုးအငွေ့အသက်ကို ဖယ်ရှားရန်နှင့် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး၏ ပြန်လည်မွေးဖွားမှုလမ်းကြောင်းကို အတင်းအကျပ်ဖြတ်တောက်ရန် ဖြစ်၏။
ထိုအချိန် ရေခဲပြာရောင်စည်းတံဆိပ်က ပိုမိုတောက်ပလာပြီး အတွင်းမှနတ်ဆိုးအငွေ့အသက်ကလည်း ပိုမိုအေးစက်ကြမ်းတမ်းလာသည်။
ထိုအလင်းတန်းထဲမှ ထိတ်လန့်ဖွယ်ရာ အငွေ့အသက်က အကြေးခွံတစ်ထောင်နယ်မြေထဲတွင် တုန်ခါမှုများပင် ဖြစ်ပေါ်လာစေ၏။
သို့သော် ရန်ကျောက်ကဲ ၊ ချန်ရွှမ်ကျုန်းနှင့် အခြားသူများက ၎င်း၏ကြိုးပမ်းမှုကို အတင်းအကျပ် ဖိနှိပ်ထားခဲ့သည်။
ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက သေဆုံးသွားခဲ့ပြီးဖြစ်သည်။ ပြန်လည်မွေးဖွားရန် ကြိုးပမ်းနေသော်လည်း ၎င်းသည် ဤလောကတွင် လုံးဝရှိမနေသင့်ပေ။
အကြေးခွံတစ်ထောင်နယ်မြေ၏ချုပ်နှောင်မှုအောက်ရှိ ရွှေရောင်စက်လုံးထဲတွင် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး၊ ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့မှာ အပြင်လောကရှိ နတ်ဆိုးများနှင့် လုံးဝ သီးခြားခွဲခံထားရသည်။
နှစ်ဦးနှစ်ဖက်ဆက်သွယ်ရန် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
ရန်ကျောက်ကဲတို့အုပ်စုက အရင်ဆုံး ရေပလ္လင်နတ်ဆိုးကို သီးခြားခွဲထုတ်ပြီး အတင်းအကျပ်ဖိနှိပ်ရန် ပြင်ဆင်ထားခြင်း ဖြစ်လေသည်။
***
ထိုအချိန်...
ငရဲကိုးထပ်အလယ်ဗဟို ၊ အနက်ရှိုင်းဆုံးနေရာတွင်ရှိနေသော နတ်ဆိုးပင်လယ်က ဆူပွက်လျှက်ရှိသည်။
“ရေပလ္လင်နတ်ဆိုး ဒုက္ခရောက်နေပြီ ၊ ဟိုလူတွေလုပ်နေတာပဲ ဖြစ်ရမယ်”
“သူတို့ သဲလွန်စကို ဖြတ်တောက်ပစ်လိုက်တယ် ၊ သူတို့ကို ဘယ်မှာမှရှာမတွေ့တော့ဘူး”
“သူတို့ရှိနေတဲ့နေရာကို ငါတို့ခန့်မှန်းနိုင်တယ် ၊ လူတွေထပ်ပြီးစေလွှတ်မယ်ဆိုရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူတို့ကို ရှာတွေ့နိုင်မယ်”
“အချိန်သိပ်မရှိတော့ဘူး”
“ရေပလ္လင်နတ်ဆိုးကို မကူညီနိုင်ရင်တောင် ၊ မြေကမ္ဘာပလ္လင်နတ်ဆိုးကိုတော့ ကူညီနိုင်သေးတယ် ၊ သွားကြရအောင်...”
ထို့နောက် ငရဲကိုးထပ်တွင် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။
ယခင်က အခြားအင်အားစုများ သတိပြုမိမည်ကိုကာကွယ်ရန် သူတို့ တစ်ချိန်လုံး တိတ်ဆိတ်စွာရှိနေခဲ့သည်။ အခြေအနေ ပိုမိုဆိုးရွားလာသည်နှင့်အမျှ ဖုံးကွယ်ထားသောမုန်တိုင်းက လှုပ်ရှားလာခဲ့သည်။
နတ်ဆိုးများစွာ ငရဲကိုးထပ်မှထွက်ခွာပြီး အဆုံးမရှိသော ပြင်ပဗလာနယ်ထဲသို့ ဝင်ရောက်သွားကြပြီး ချူးလီလီပျောက်ကွယ်သွားရာနေရာသို့ အပြေးအလွှား ဦးတည်သွားကြသည်။
တစ်ချိန်တည်းပင် ဗလာနယ်အပြင်ဘက်တွင် သီးသန့်ပုန်းအောင်နေသော နတ်ဆိုးအုပ်စုသည်လည်း လှုပ်ရှားလာကြသည်။
ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်းနှင့် အခြားသူများ သတိမပြုမိစေရန် သူတို့က အနားသို့သိပ်မကပ်ကြပေ။ ပြီးတော့ သူတို့က ခန့်မှန်းနေရာများတွင်သာ ရှာဖွေနေကြခြင်းဖြစ်ပြီး ထိုနေရာများထဲတွင် အကြေးခွံတစ်ထောင်နယ်မြေလည်း ပါဝင်သည်။
***
တစ်ချိန်တည်းမှာပင်...
ဤအရာများနှင့် လုံးဝမသက်ဆိုင်သယောင်ထင်ရသော ထျန်းစူးစကြာဝဠာ ၊ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ ၊ ဝါဒတောင်ရှိ အဂ္ဂိရတ်ခန်းမထဲတွင် ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ဗဟိုဆေးလုံးခန်းမထဲတွင် ကျင့်ကြံလျှက်ရှိသော ရှီကျွင်းထံမှ ညည်းညူသံတစ်ချက် ထွက်ပေါ်လာသည်။
သတိပေးချက်မရှိဘဲ သူ၏နဖူးထက်တွင် ဒေါင်လိုက်အက်ကွဲကြောင်းတစ်ခု ဖြစ်တည်လာပြီး ထိုအက်ကွဲကြောင်းအတွင်းမှ အထီးကျန်ဆန်သော မြေညိုရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ရေခဲခေါင်းတလားထဲတွင် အိပ်မောကျနေသော ယင်ယွီကျန်းတွင်လည်း အလားတူ နတ်ဆိုးသင်္ကေတတစ်ခု ဖြစ်တည်လာပြီး မြေညိုရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ယင်ယွီကျန်းနဖူးထက်မှ နတ်ဆိုးသင်္ကေတက ရှီကျွင်း၏သင်္ကေတနှင့်အလွန်တူညီသော်လည်း ပို၍မကောင်းဆိုးဝါးဆန်ကာ ကပ်ဘေးတစ်ခုနှင့်ဆင်တူ၏။
သို့သော် ထိုခဏတွင် ဗဟိုဆေးလုံးခန်းမ၏ နံရံများ၊ မျက်နှာကျက်နှင့် ကြမ်းပြင်များမှ သေးငယ်သော စည်းတံဆိပ်များ ပေါ်ထွက်လာသည်။
စည်းတံဆိပ်များက သံကြိုးများသဖွယ် တစ်ခုနှင့်တစ်ခုပေါင်းယှက်လျှက် အလင်းတန်းအဖြစ်ပြောင်းလဲကာ ရှီကျွင်းနှင့် ယင်ယွီကျန်းတို့ထံသို့ ကျရောက်လာသည်။
သူတို့၏နဖူးထက်မှ စည်းတံဆိပ်အစီအရင်သည်လည်းထွက်ပေါ်လာပြီး နတ်ဆိုးသင်္ကေတနှင့် မြေညိုရောင်အလင်းတန်းများကို ဆက်လက်ဖိနှိပ်ထားသည်။
ဆေးလုံးခန်းမအတွင်းမှ အလင်းတန်းများထွက်ပေါ်လာကြောင်း သတိပြုမိသည်နှင့် အဂ္ဂိရတ်ခန်းမအပြင်ဘက်တွင် စောင့်ကြပ်နေသော ရွှီဖေး တိုးတိတ်စွာ ရေရွတ်လိုက်သည်။
“သူတို့ ရောက်လာကြပြီ”
ပရမ်းပတာ ရှုပ်ထွေးနေသောအခိုက်အတန့်တွင် ဆေးလုံးခန်းမထဲ၌ မြေညိုရောင်ပုလဲတစ်လုံး ထွက်ပေါ်လာသည်။
“မြေခွင်းပုလဲ” ပင် ဖြစ်၏။
မြေခွင်းပုလဲက အလင်းတန်းအစုအဝေးအဖြစ် ပြောင်းလဲသွားပြီး ဆေးလုံးခန်းမတစ်ခုလုံးနှင့် ပေါင်းစည်းသွားကာ ၊ ဆေးလုံးခန်းမနံရံများမှ အင်းသင်္ကေတများသည်လည်း မြေညိုရောင်အဖြစ် ပြောင်းလဲသွားသည်။
ဤသို့ဖိနှိပ်မှုအောက်တွင် ရှီကျွင်းနှင့် ယွင်ယွီကျန်းတို့ထံမှထွက်ပေါ်လာသော နတ်ဆိုးအငွေ့အသက်သည်လည်း တဖြည်းဖြည်း ဖိနှိပ်ခံလိုက်ရသည်။
ရွှီဖေးက သူ့အရှေ့မှမြင်ကွင်းကိုစိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
“ငါတို့ အချိန်လုံလောက်နိုင်ပါတယ်”
မဟာနတ်ဆိုးတစ်ပါး ပြန်လည်မွေးဖွားလာချိန်တွင် သူတို့၏တန်ခိုးစွမ်းအားက မရေရာလှပေ။ တန်ခိုးစွမ်းအားအလွန်နည်းပါးပြီး ပြန်လည်ကျင့်ကြံရန် အချိန်လိုအပ်သည်များလည်းရှိသည်။
ငရဲကိုးထပ်ကတော့ မဟာနတ်ဆိုး(၂)ပါးလုံး ပြန်လည်မွေးဖွားလာပြီး ငရဲကိုးထပ်သို့ ဘေးကင်းစွာရောက်ရှိလာရန် မျှော်လင့်ထားကြသည်။
ထို့ကြောင့် နတ်ဆိုး(၂)ပါးက တပြိုင်တည်းပြန်လည်မွေးဖွားလာရန် ရွေးချယ်ခဲ့ကြပြီး ရန်ကျောက်ကဲနှင့် အခြားသူများ၏ စိတ်အာရုံကိုပျံ့လွင့်စေရန် ကြိုးပမ်းခဲ့ကြသည်။
ရန်ကျောက်ကဲကတော့ ထိုဖြစ်ရပ်မှတစ်ဆင့် အခွင့်အရေးရအောင် ယူခဲ့သည်။
သူက မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားခြင်းကို ဟန့်တားခဲ့သလို ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးအား အကြေးခွံတစ်ထောင်နယ်မြေထဲသို့ ဆွဲဆောင်ခဲ့သည်။
ရေပလ္လင်နတ်ဆိုးကို ကိုင်တွယ်ပြီးနောက် သူတို့က မြေကမ္ဘာပလ္လင်နတ်ဆိုး၏ ခြိမ်းခြောက်မှုကို ကိုင်တွယ်မည်ဖြစ်သည်။
ရန်ကျောက်ကဲနှင့် အခြားသူများက အခွင့်အရေးနှင့် နေရာကို လက်ထဲဆုပ်ကိုင်ထားပြီး ငရဲကိုးထပ်၏ခြေလှမ်းများကို အမီလိုက်နိုင်ခဲ့သည်။
ယခုတော့ သူတို့က ငရဲကိုးထပ်၏ခြေလှမ်းများကိုပင် ကျော်လွန်သွားနိုင်ခဲ့ပေပြီ။