← Chapters

ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်

Vol. 101 Ch. 1420

ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်

Vol. 101 Ch. 1420

အခန်း (၁၄၂၀) ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်

ထိုအခိုက်အတန့်တွင် ကျယ်ပြန့်ပြီး အဆုံးမရှိသောဗလာနယ်ထဲတွင် ဖုံးကွယ်ထားသော လျှို့ဝှက်ရေစီးကြောင်းများ တဟုန်ထိုးပေါက်ကွဲလျှက် ရှိသည်။

ငရဲကိုးထပ်သည် ပြန်လည်အသက်ဝင်လာသယောင် ထင်မှတ်ရသည်။

ငရဲကိုးထပ်က လွတ်လပ်သော သက်ရှိတစ်ခုအဖြစ်ပြောင်းလဲသွားပြီး အပြင်သို့ ဆက်လက်ချဲ့ထွင်ကာ ကျယ်ပြန့်သောဗလာနယ်ကို ဝါးမျိုလျှက်ရှိသည်။

သို့သော် စိတ်ကူး၍မရနိုင်သော ၊ တိုင်းတာမရနိုင်သော ၊ ဖော်ပြမရနိုင်သော စွမ်းအားကြီးမားသည့်အငွေ့အသက်တစ်ခုက ဗလာနယ်ထဲတွင် ချက်ချင်းထွက်ပေါ်လာသည်။

ထိုအရာက လောကဖန်ဆင်းခြင်းထက် များစွာပိုမိုမြင့်မားသော တည်ရှိမှုတစ်ခု ဖြစ်၏။ ထိုအရာက လောကနှစ်ခုလုံးတွင် တည်ရှိနေသည့်ပမာ မြင့်မားသိမ်မွေ့လွန်းလှသည်။

တာအိုဝါဒအဆက်အနွယ်၏ နတ်ဘုရားတံခါး တွန်းဖွင့်ထားသူများပင် ၎င်းကို သတိပြုမိရန်မဖြစ်နိုင်သလို ၎င်းအတွင်းမှ နက်နဲသောအရာများကိုလည်း အာရုံခံစားနိုင်မည် မဟုတ်ပေ။

သို့သော် ငရဲကိုးထပ်ကတော့ အာရုံခံမိပြီး မငြိမ်မသက်ဖြစ်နေမှုများ ချက်ချင်းရပ်တန့်သွားသည်။

သို့ပေသိ ထိုအရာက နတ်ဘုရားအဆင့်ရှိသော နတ်ဆိုးကျွမ်းကျင်သူများ ငရဲကိုးထပ်မှထွက်ခွာပြီး ဗလာနယ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားခြင်းအား မတားဆီးနိုင်ခဲ့ပေ။

နတ်ဆိုးများကိုဦးဆောင်လာသူက မှောင်မိုက်သောအရိပ်တစ်ခုအဖြစ်ရှိနေသည်။

သူ့တွင် ပုံသဏ္ဍာန်မရှိ ၊ ပုံစံမရှိ။

သူက မှောင်မိုက်ကျယ်ပြန့်သော အဆုံးမရှိဗလာနယ်နှင့် ရောယှက်နေသည်။

သူက မိစ္ဆာနတ်ဘုရား (၁၂)ပါးထဲမှ ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးထဲတွင် တစ်ပါးဖြစ်သော “သစ်သားနတ်ဆိုး” ဖြစ်ပြီး သူ့ကို အရိပ်နတ်ဆိုးဟုလည်း ခေါ်ဆိုသည်။

အရိပ်နတ်ဆိုးက နတ်ဆိုးအုပ်စုကိုဦးဆောင်လာပြီး ချန်ရွှမ်ကျုန်း၊ ချူးလီလီနှင့် အခြားသူများ ပျောက်ကွယ်သွားရာ နယ်မြေသို့ ဦးတည်သွားနေသည်။

သူ၏အနောက်ဘက်တွင် နတ်ဆိုးချီများ ဗလနယ်တစ်ခွင် ပြည့်နက်နေသည်။ ကောင်းကင်နတ်ဘုရားအဆင့်ရှိ အခြားမဟာနတ်ဆိုးများလည်း သူနှင့်အတူ လိုက်ပါလာကြသည်။

ဤတိုက်ပွဲသည် ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနှင့် မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး မဖြစ်မနေ ပြန်လည်မွေးဖွားမှုနှစ်ခုနှင့် သက်ဆိုင်နေလေရာ ငရဲကိုးထပ်အနေဖြင့် လျစ်လျူရှုထား၍ မဖြစ်နိုင်ပေ။

သူတို့အား ဝိုင်းဝန်းတိုက်ခိုက်ခံရရန် ဖြစ်နိုင်ခြေရှိကြောင်း သိရှိထားသည့်တိုင် သူတို့အနေဖြင့် အန္တရယ်ကိုစွန့်စားရမည်ဖြစ်၏။

သို့သော် မကြာမီ ဗလာနယ်ထဲတွင် သူတို့လမ်းကြောင်းကို ပိတ်ဆို့တားဆီးသူများထွက်ပေါ်လာသည်။

ထိုသူများက လမ်းမှန်တာအိုဝါဒ၏ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများဖြစ်ကြပြီး နှစ်ဖက် ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။

နှစ်ဖက်လုံးက အလွန်ပင်သတိထားနေကြပြီး အခြားအင်အားစုများ ဝင်ရောက်မစွက်ဖက်ရန် ငရဲကိုးထပ်က တားဆီးရမည်ဖြစ်သည်။

လမ်းမှန်တာအိုဝါဒကတော့ ဤအခြေအနေပေါ်တွင် အခြားအင်အားစုများ အခွင့်ကောင်းမယူနိုင်ရန် ကာကွယ်ရမည် ဖြစ်သည်။

အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့ ပြင်းထန်စွာ တိုက်ခိုက်နေကြဆဲဖြစ်သော်လည်း အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ တန်ခိုးအာဏာကို မည်သူမျှ အလွယ်တကူ လျှော့မတွက်ဝံ့ပေ။

အမတခုံရုံး ခက်ခဲသောအခြေအနေသို့ ရောက်ရှိသွားရခြင်းမှာ စောမင်ကျန့်က အမတခုံရုံးမှကျင့်ကြံသူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်လိုက်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် စောမင်ကျန့်အကြောင်း သဲလွန်စရမည်ဆိုပါက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် လှုပ်ရှားလာနိုင်ခြေက ဖြစ်နိုင်ခြေ “သုည” မဟုတ်ပေ။

ဤသို့သော လွှမ်းမိုးမှုများအောက်တွင် နှစ်ဖက်ရင်ဆိုင်တိုက်ခိုက်ရင်း ငရဲကိုးထပ်မှနတ်ဆိုးများမှာ လမ်းကြောင်းပိတ်ဆို့ခံရသည့်အပေါ် မည်သို့မှမလုပ်ဆောင်နိုင်ခဲ့ပေ။

နဂိုကပင် ပြင်ပဗလာနယ်ထဲသို့ရောက်ရှိပြီး ပြန့်ကျဲနေသည့် နတ်ဆိုးအုပ်စုသာလျှင် အချင်းချင်းလူစုလိုက်ပြီး ရန်ကျောက်ကဲနှင့် အခြားသူများ၏ တည်နေရာကို ဆက်လက်ရှာဖွေကြသည်။

လူအင်အားနည်းပါးသဖြင့် ရန်ကျောက်ကဲတို့အုပ်စု၏တည်နေရာကိုရှာဖွေရာတွင် အမြန်နှုန်းက သိသိသာသာလျော့နည်းသွားသည်။

အချိန်ကုန်လွန်သွားသည်နှင့်အမျှ ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့ထံမှ နတ်ဆိုးအငွေ့အသက်သည်လည်း ဆက်လက်ထုတ်ယူခံနေရသည်။

လေထုထဲတွင်ရှိနေသည့် စည်းတံဆိပ်က ပိုမိုကြီးမားလာပြီး ရေခဲပြာရောင်အလင်းတန်းများကလည်း ပိုမိုတောက်ပလာသည်။

ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးမှ ဆင်းသက်လာသော အေးစက်ကြမ်းတမ်းသည့်အငွေ့အသက်က ဆက်လက်ရုန်းကန်ရင်း မိုးကြိုးသံပမာ ဟိန်းဟောက်သံများ ထုတ်လွှတ်နေသည်။

စည်းတံဆိပ်က လေထဲတွင် ငြိမ်သက်စွာရပ်တန့်မနေဘဲ ဘယ်ညာယိမ်းထိုးနေပြီး ချန်ရွှမ်ကျုန်းအနားသို့ချဉ်းကပ်ရန် အပြင်းအထန် ကြိုးပမ်းနေသည်။

ချန်ရွှမ်ကျုန်းနှင့်ချူးလီလီတို့ ပြန်လည်ဆုံတွေ့ပြီးနောက် ရန်ကျောက်ကဲနှင့် ကျဲ့မင်ခုန်အကူအညီဖြင့် နှစ်ပိုင်းကွဲသွားသော နတ်ဆိုးသင်္ကေတက ပြန်လည်ပြည့်စုံသွားခဲ့သည်။

ပြီးတော့ ရေပလ္လင်နတ်ဆိုးအတွက် အကိုက်ညီဆုံးရုပ်ခန္ဓာမှာ ချန်ရွှမ်ကျုန်း ဖြစ်လေသည်။

သို့သော် ချန်ရွှမ်ကျုန်း၏ကျင့်ကြံခြင်းအဆင့်က ချူးလီလီထက် များစွာ သာလွန်သည်။ ချူးလီလီက သိစိတ်ကင်းမဲ့နေသည့်တိုင် ချန်ရွှမ်ကျုန်းကတော့ စိတ်အာရုံအပြည့် နိုးကြားနေဆဲ ဖြစ်သည်။

ထို့ကြောင့် စည်းတံဆိပ်က ခဏမျှစဉ်းစားဟန် ငြိမ်သက်သွားပြီး ချန်ရွှမ်ကျုန်းအနားသို့မချဉ်းကပ်တော့ဘဲ ချူးလီလီဘက်သို့ ပြတ်သားစွာရွှေ့ပြောင်းသွားသည်။

သို့ပေသိ ရန်ကျောက်ကဲနှင့် ချန်ရွှမ်ကျုန်းတို့က အခြေအနေကို အပြည့်အဝ ထိန်းချုပ်ထားသည်။ ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက လွှမ်းမိုးနိုင်စွမ်းမြင့်မားသော်လည်း အောင်မြင်ရန် လုံးဝမဖြစ်နိုင်ပေ။

ထိုအချိန် နေရာတွင်ရှိနေသူများအားလုံး၏ စိတ်ထဲတွင် တုန်ခါမှုတစ်ခုခံစားလိုက်ရပြီး သူတို့မျက်စိရှေ့တွင် အလင်းရောင်တစ်ချက်လင်းလက်သွားသည်။

ထို့နောက် ချန်ရွှမ်ကျုန်း၊ ရန်ကျောက်ကဲ၊ ဖန်းယွင်ရှန်းနှင့် ရန်တိတို့၏စိတ်ထဲတွင် မထိန်းချုပ်နိုင်သော စိတ်ခံစားချက်များ မြင့်တက်လာသည်။

စကားမပြော လှုပ်ရှားမှုမရှိသော ချူးလီလီက ရုတ်တရက်မျက်လုံးများ ဖွင့်ကြည့်လာသည်။ သူမ၏ မျက်လုံးများက မည်းနက်နေပြီး အလင်းရောင်မရှိ ၊ စိတ်ခံစားမှုတစ်စုံတစ်ရာ မရှိပေ။

သူမ စကားဆိုလိုက်သည့်အခါ အသံက သူမ၏အသံပင်ဖြစ်နေသော်လည်း ထိုအသံက သူမ၏ ပုံမှန်ကိုယ်ရည်ကိုယ်သွေးနှင့် လုံးဝကွဲပြားသည်။

“အကြေးခွံတစ်ထောင်နယ်မြေကြောင့် ဒီလိုဖြစ်သွားတာပဲ ၊ ငါတို့ကြားက ဆက်သွယ်မှုကို ဟန့်တားနိုင်ခဲ့တာ အံ့သြစရာမရှိပါဘူး”

ရန်ကျောက်ကဲက သူ၏စိတ်ခံစားချက်များကိုဖိနှိပ်ရင်း ချူးလီလီကို စူးစိုက်ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

“...စိတ်ဝိညာဉ်နတ်ဆိုး...”

ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးနကဲ့သို့ပင် ထိပ်တန်းမဟာနတ်ဆိုး (၆)ပါးတွင်ပါဝင်သည့် သစ်သားပလ္လင်ကိုပိုင်ဆိုင်သော “စိတ်ဝိညာဉ်နတ်ဆိုး” ...။

နတ်ဆိုးများထဲတွင် ရှေးအကျဆုံးတည်ရှိမှုတစ်ခုဖြစ်ပြီး ဘယ်သောအခါမှ မသေဆုံးနိုင်သူ “စိတ်ဝိညာဉ်နတ်ဆိုး”...။

ဒဏ္ဍာရီအရဆိုလျှင် ဤလောကတွင် အသိဉာဏ်ရှိသောသက်ရှိများ ရှိနေသမျှကာလပတ်လုံး စိတ်ဝိညာဉ်နတ်ဆိုး ပြန်လည်မွေးဖွားနိုင်ပေသည်။

လူတိုင်းတွင် စိတ်ဝိညာဉ်ရှိသည်ဖြစ်ရာ ဤနတ်ဆိုးက ဖျက်ဆီးရန်အခက်ခဲဆုံး တည်ရှိမှု ဖြစ်၏။

သူ့အသံက အလွန်တည်ငြိမ်ပြီး သက်ကြီးရွယ်အိုတစ်ယောက်က မြေးများနှင့်စကားပြောနေသည့်ပမာ ပေါ့ပေါ့ပါးပါးရှိလှသည်။

“မင်းက ရန်ကျောက်ကဲမဟုတ်လား ၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း မင်းနာမည်ကို ငါ့နားထဲမှာ မုန်တိုင်းတိုက်သလို အကြိမ်ကြိမ်ကြားနေရတယ် ၊ အခုမှပဲ လူချင်းတွေ့ရတော့တယ် ၊ ထင်တဲ့အတိုင်းပဲ... မင်းက တကယ်ထူးချွန်တဲ့သူတစ်ယောက်ပဲ”

စကားပြောရင်း၊ “ချူးလီလီ” က ဖန်းယွင်ရှန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

“လျှော်ကလည်လို့ အပျင်းပြေပြီဆိုရင် အိမ်ပြန်လာဖို့မမေ့နဲ့ ကလေး...”

ဖန်းယွင်ရှန်းက ခေါင်းခါလိုက်ပြီး...

“လူမှားနေပြီထင်တယ်...”

စိတ်ဝိညာဉ်နတ်ဆိုးက ပြုံးလိုက်ပြီး သူ့အကြည့်က ရန်တိဆီသို့ ကျရောက်သွားသည်။

သူက ခေါင်းတစ်ချက်ညိတ်ရင်း...

“မင်းလိုထူးချွန်တဲ့သူမျိုးကို ငရဲကိုးထပ်က အချိန်မရွေး ကြိုဆိုနေပါတယ် ၊ လောင်ကျွင်းက ခန့်မှန်းလို့မရတဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ ၊ ဒီတော့ မင်းတို့ တာအိုဝါဒမှာ တာအိုအဆင့်ရှိ ထိပ်တန်းပုဂ္ဂိုလ်တွေ ရှေ့ထွက်မလာဘူး ၊ မင်းတို့အားလုံး အန္တရယ်တွေကြားမှာ ရုန်းကန်နေရတာ ၊ မင်းတို့ တာအိုဝါဒအဆက်အနွယ် ပြတ်တောက်မသွားဘူးဆိုရင်တောင် ဘေးကင်းဖို့အာမခံချက်မရှိဘူး ၊ တစ်ချက်မှားသွားတာနဲ့ မင်းတို့အားလုံး အသက်ပျောက်သွားမှာပဲ”

သူက ဆက်ပြောလိုက်သည်။

“အခြားအင်အားစုတွေက ငါတို့ ငရဲကိုးထပ်ကို ဖိနှိပ်နေကြပေမယ့်၊ လက်ရှိ ငါတို့အခြေအနေက လမ်းမှန်ဝါဒ စန်းချင်း(၃)ပါးအဆက်အနွယ်ထက် ပိုသာတယ် ၊ မင်းတို့ငရဲကိုးထပ်ကိုလာမယ်ဆိုရင် တိုးတက်ဖို့အတွက်က ကံတရားအပေါ်မူတည်နေပေမယ့် အနည်းဆုံးတော့ ဘေးကင်းဖို့အတွက် စိတ်ပူစရာမလိုဘူး”

“ချူးလီလီ” ၏ စကားသံက အလျင်လိုခြင်းမရှိဘဲ အလွန်ပင် စိတ်ရင်းမှန်သယောင် ထင်မှတ်ရသည်။

ထိုလေသံက လူတစ်ယောက်ကိုဆွဲဆောင်ရန်လုံလောက်ပြီး ရိုးသားမှုဖြင့်လည်းပြည့်နက်နေသည်။ သူ့စကားကိုနားထောင်မိသူတိုင်း ထိန်းချုပ်မရနိုင်စွာ ခံစားချက်များကောင်းမွန်လာပြီး စိတ်ပါလက်ပါ ဖြစ်လာနိုင်သည်။

သို့သော် ရန်တိကတော့ တိတ်ဆိတ်စွာပင်  စိတ်ဝိညာဉ်နတ်ဆိုးကို အေးစက်စွာ စိုက်ကြည့်နေသည်။

ရန်တိ၏တုံ့ပြနမှုကိုမြင်ရတော့ စိတ်ဝိညာဉ်နတ်ဆိုးက စကားဆက်မ‌ပြောတော့ပေ။

သူက ရန်တိနှင့် ရန်ကျောက်ကဲ သားအဖနှစ်ယောက်ကိုကြည့်ပြီး ပြုံးလျှက် ခေါင်းခါယမ်းလိုက်သည်။

“ဒီနေ့ ဘယ်လိုပဲဖြစ်လာပါစေ ငါပြောခဲ့တဲ့စကားတွေက မင်းတို့အတွက် အမြဲတမ်း အကျုံးဝင်နေမှာပဲ”

“သူမ” က ချန်ရွှမ်ကျုန်းကို ကြည့်လိုက်ပြီး...

“မင်းရဲ့ စိတ်မတည်ငြိမ်မှုကို ငါ ဟိုးအရင်ကတည်းက ခံစားမိခဲ့တယ်”

“ဘာကြောင့်လဲဆိုတာ အရေးမကြီးပါဘူး ၊ အရေးကြီးတာက မင်းရဲ့ နှလုံးသားဟာ မတည်ငြိမ်မှုကို တွေ့ကြုံခံစားခဲ့ရပြီဆိုတာပဲ”

စိတ်ဝိညာဉ်နတ်ဆိုးသည် ပြုံးလိုက်ပြီး သူ၏မျက်လုံးများကို ပြန်လည်မှေးမှိတ်လိုက်သည်။

ချူးလီလီ သူမ၏ မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားလေသည်။

ထိုအချိန် ချန်ရွှမ်ကျုန်းထံမှ ညည်းညူသံတစ်ခုထွက်ပေါ်လာပြီး သူက မျက်ခုံးများကို တင်းတင်းကျပ်ကျပ်တွန့်ချိုးထားသည်။

သူ၏မျက်ဝန်းများထဲတွင် အနက်ရောင်အလင်းတန်းများဖြတ်ပြေးနေသော်လည်း သူ့ပုံစံက တည်ငြိမ်အေးဆေးစွာ ရှိနေဆဲပင်။

တကယ်တော့ ချန်ရွှမ်ကျုန်း၏မျက်နှာအမူအရာက ငြိမ်သက်သွားခြင်း ဖြစ်သည်။

အကြောင်းမှာ စိတ်ဝိညာဉ်နတ်ဆိုး၏စကားသံ အဆုံးသတ်သွားသည်နှင့် ရန်ကျောက်ကဲက သူ၏လက်စည်းတံဆိပ်ကို လျှင်မြန်စွာ ပုံစံပြောင်းလိုက်ခြင်းကြောင့် ဖြစ်၏။

သူက လက်နှစ်ဖက်ဖြင့် စည်းတံဆိပ်တစ်ခုပြုလုပ်ပြီး ရင်ဘတ်ရှေ့တွင် အနေအထားကို ထိန်းထားသည်။

“ယား...”

သူက ကျယ်လောင်သည့် ကျုံးဝါးသံတစ်သံ ပြုလုပ်လိုက်ရာ သူတို့ကိုဝိုင်းပတ်ထားသည့်ဗလာနယ်နှင့် ရွှေရောင်စက်လုံးက အသွင်ပြောင်းလဲသွားသည်။

နဂိုကပင် စက်လုံးထဲတွင် တောက်လောင်နေသော မီးပွား(၈၁)ခုက ယခု ရွှေရောင်စက်လုံးကို ဖောက်ထွင်းမြင်နိုင်လောက်အောင် တောက်ပသည့်အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။

အင်းသင်္ကေတများ သန်းပေါင်းများစွာသည် စုစည်းလာပြီး မတူညီသော လမ်းကြောင်းများဖြင့် (၈၁)ခုသော အလင်းတန်းလမ်းကြောင်းများကို ဖွဲ့စည်းကာ ရန်ကျောက်ကဲတို့အုပ်စုကို ဗဟိုပြုလျှက် စတင်လည်ပတ်လာသည်။

အလင်းတန်းလမ်းကြောင်းများက ဦးတည်ချက်မတူညီစွာ လည်ပတ်နေသော်လည်း ၎င်းတို့၏ ဗဟိုချက်က တူညီစွာ ရှိနေသည်။

ထို့ကြောင့် မတူညီသောလမ်းကြောင်းများက လည်ပတ်နေရင်း တစ်ခုနှင့်တစ်ခု ပေါင်းယှက်လျက်ရှိပြီး ကြယ်စင်(၈၁)စင်း ကောင်းကင်တစ်ခွင် လည်ပတ်နေသယောင် ထင်မှတ်ရသည်။

ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...

“ငါ့ရဲ့ ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်က တခြားနတ်ဆိုးတွေကို ကာကွယ်ဖို့ အသုံးပြုထားတာဆိုပေမယ့် အဓိကက မင်းကိုတိုက်ခိုက်ဖို့ပဲ စိတ်ဝိညာဉ်နတ်ဆိုး...”

All Chapters