ပဟေဠိ
Vol. 8 Ch. 762
ရှေးဟောင်းခေတ်များ၌ ကမ္ဘာမြေတွင် အစွမ်းထက် ကျင့်ကြံသူများ မှီတင်း နေထိုင်ခဲ့ကြသည်။ သူတို့ အထဲမှ အချို့ ဆိုလျှင် အခြေတည် ဝိညာဉ် အဆင့် အထိသို့ပင် ရောက်ရှိ ခဲ့ကြ၏။
ဝိညာဉ် သစ်တောကြီးများ၊ မြေအောက်မှ စိမ့်ထွက်နေသည့် ဝိညာဉ် ရေများ၊ ဝိညာဉ် ဆေးပင်များ၊ သစ်ဥ သစ်ဖုများနှင့် ပြည့်နှက်ခဲ့သော ကမ္ဘာမြေကား သက်ရှိတိုင်းအတွက် နေချင်စရာ အတိဖြင့် ပြီးခဲ့သည်။
ထိုခေတ်ကာလ ကမ္ဘာမြေသည် ယခုထက်ပင် အရွယ်အစား ပိုမို ကြီးမားကာ နေအဖွဲ့အစည်း အတွင်းရှိ ကျင့်ကြံသူများ အတွက် အထွတ်အမြတ် နယ်မြေ ဖြစ်ခဲ့သည်။
သို့သော်လည်း နောက်ပိုင်း၌ ကမ္ဘာမြေ၏ ဝိညာဉ်ချီမှာ တဖြည်းဖြည်း ခမ်းခြောက် ကုန်ဆုံး လာခဲ့သည်။
“အဲဒီ ပြောင်းလဲမှုတွေက သဘာဝ အတိုင်း ဖြစ်လာတာ မဟုတ်ဘူး ... တစ်စုံတစ်ခုကြောင့် ဖြစ်လာခဲ့တာ”
ရတနာ ဝိညာဉ်၏ အသံက လေးနက် နေခဲ့၏။
“ကမ္ဘာကြီးရဲ့ ဝိညာဉ်ချီ ရှားပါးလာမှုက သဘာဝ ပြဿနာ တစ်ရပ်သာ ဖြစ်မယ် ဆိုရင် ကောင်းကင် အရှင်တွေ အနေနဲ့ ကောင်းကောင်း ကိုင်တွယ်နိုင်တယ် ... ကြယ် ကောင်းကင် အစီအရင်ခင်းပြီး ဟင်းလင်းပြင်က စွမ်းအင်တွေကို ကမ္ဘာဆီ ဆွဲယူတာပဲ ဖြစ်ဖြစ် ... ဟင်းလင်းပြင် တစ်ခုကို ဖွင့်ပြီး အခြား ဂြိုဟ်တစ်ခုက စွမ်းအားကို လွှဲပြောင်းယူတာပဲ ဖြစ်ဖြစ် ... သူတို့ အတွက်က မခက်ခဲဘူး ... ဒါပေမဲ့ …”
“ဒါပေမဲ့ ... ဘာဖြစ်လဲ”
ချန်းဖန်က စိတ်ဝင်စားစွာ ဖြတ်မေး လိုက်သည်။
“ဒါပေမဲ့ သူတို့ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား ကမ္ဘာကြီးရဲ့ အခြေအနေက ပိုပြီး ဆိုးရွားလာခဲ့တယ် ... နောက်ပိုင်းမှာ ကောင်းကင် အရှင်တွေက တစ်စုံတစ်ခုကို သတိထား မိလာတယ် ... တကယ်တော့ အင်အား အချို့က ကမ္ဘာကြီးရဲ့ စွမ်းအားတွေကို ခြောက်သွေ့အောင် စုပ်ယူ နေခဲ့တာ”
ရတနာ ဝိညာဉ်က ခဏမျှ ရပ်နားပြီးနောက် ဆက်လက် ပြောလိုက်သည်။
“အဆုံးမှာတော့ အရှေ့တိုင်းရဲ့ ကောင်းကင် အရှင်တွေနဲ့ အနောက်တိုင်းရဲ့ အစစ်အမှန် နတ်ဘုရားတွေက အဲဒါဟာ တိမ်မြုပ်နေတဲ့ ရတနာ တစ်ခု ပြန်ပြီး ထွက်ပေါ်လာတော့မယ့် လက္ခဏာလို့ ကောက်ချက်ချခဲ့တယ် …”
“ရှင်းရှင်းပြောရရင် အဲဒီ ရတနာဟာ သူ့ ကိုယ်သူ ပြန်လည် ပြင်ဆင်ဖို့ စွမ်းအင်တွေကို စုပ်ယူနေတာကြောင့် ကမ္ဘာရဲ့ ဝိညာဉ်ချီတွေက တဖြည်းဖြည်း ရှားပါးလာတယ် ဆိုတဲ့ သဘောမျိုးပေါ့”
“အဲဒီ ကောက်ချက်ကြောင့်ပဲ ကမ္ဘာရဲ့ အင်အားစုတွေ အကြားမှာ စစ်ပွဲတစ်ခု ဖြစ်ခဲ့တယ် ... အရှေ့တိုင်းနဲ့ အနောက်တိုင်းရဲ့ ကျင့်ကြံသူတွေ သေလိုက်တာမှ ယင်ကောင်တွေ အတိုင်းပဲ”
ရတနာ ဝိညာဉ်၏ အသံက အနည်းငယ် တိုးတိတ်သွား၏။ ကြည့်ရသည်မှာ စစ်ပွဲ အတွင်းရှိ အနိဌာရုံများက ရတနာ ဝိညာဉ်ကိုပင် ချောက်ချားစေပုံ ရသည်။
“ဒါဆို မင်းတို့ကောင်တွေက တစ်ခါမှ မမြင်ဖူးတဲ့ အရာ တစ်ခု အတွက် တိုက်ခိုက် ကြတာပေါ့”
ချန်းဖန်က မျက်ခုံးကို ပင့်ရင်း မေးလိုက်၏။
“အဲဒီ ရတနာက ဘယ်လိုမျိုးလဲ ဆိုတာ ဘယ်သူမှ မသိပေမဲ့ လူတိုင်း နားလည်တဲ့ အရာကတော့ အဲဒါဟာ အရမ်း အစွမ်းထက်တယ် ဆိုတာပဲ ... ကောင်းကင် အရှင်တွေ အဲဒါကို နတ်ဘုရား ရတနာ တစ်ခု ဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြတယ်”
ရတနာ ဝိညာဉ်က ဆက်လက် ရှင်းပြ လိုက်သည်။
“စစ်ပွဲ အတွင်းမှာ အရမ်း အစွမ်းထက်တဲ့ မျိုးနွယ်ခြားတွေ ကမ္ဘာကို ကျူးကျော် လာခဲ့ကြတယ် ... သူတို့က အရမ်း အစွမ်းထက်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား ပြီးတော့ အာကာသထဲမှာတောင် ဒီအတိုင်း ပျံသန်း နိုင်ကြတယ် ... နောက်ပြီး သူတို့က အရမ်း ရက်စက်ပြီး ရိုင်းစိုင်းတယ် ... သူတို့မှာ ငါတို့လို ကျင့်ဝတ်တွေ စည်းမျဉ်းတွေ မရှိဘူး ... ငါတို့ကတော့ ရတနာ အတွက် သူတို့ ကမ္ဘာကို ကျူးကျော်လာတယ် လို့ ထင်မိတာပဲ”
“အဆုံးမှာတော့ အရှေ့တိုင်းနဲ့ အနောက်တိုင်းရဲ့ ကျင့်ကြံသူတွေ ပူးပေါင်းပြီး ကျူးကျော်သူတွေကို တိုက်ထုတ်ခဲ့ကြတယ် ... စစ်ပွဲတွေ အပြီးမှာ ကမ္ဘာကြီးကလည်း အပျက်အစီးပုံကြီးလို ဖြစ်နေပြီ ... ဒါပေမဲ့ စစ်ပွဲရဲ့ အကြောင်းရင်း ဖြစ်တဲ့ ရတနာကိုတော့ ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ဘူး ... နောက်ဆုံးမှာတော့ ကောင်းကင် အရှင်တွေဟာ ဟင်းလင်းပြင် အစီအရင်တွေကို ဖန်တီးပြီး အခြား ဂလက်စီတွေဆီ ထွက်ခွာသွားခဲ့ ကြတယ် ... ငါ့ရဲ့ သခင် ကောင်းကင် ညီမျှခြင်းက ငါ့ကို ဒီမှာ ထားခဲ့ပြီး ကောင်းကင် လမ်းကြောင်းကို စောင့်ရှောက်ခိုင်းခဲ့တယ် ... ငါ့ရဲ့ နောက်ထပ် တာဝန်က ကမ္ဘာကို မျိုးနွယ်ခြား ကျူးကျော်တာဖြစ်ဖြစ် ရတနာ ပေါ်လာတာ ဖြစ်ဖြစ် သူတို့ကို သတင်းပို့ဖို့ပဲ ... ဒါပေမဲ့ ငါ ဒီမှာ စောင့်နေတာ နှစ်ထောင်ချီပြီ ... ဘာမှ ထူးခြားတာ မဖြစ်ခဲ့ဘူး”
“ခွန်ရှု့ နယ်မြေသားတွေက သူတို့ရဲ့ ဘဝကို မေ့နေကြတာ ... တကယ်တော့ သူတို့က ကောင်းကင် အရှင်တွေရဲ့ တပည့် သားမြေးတွေပဲ ... ဘာပဲဖြစ်ဖြစ် အဲဒါက သူတို့ရဲ့ အပြစ် မဟုတ်ပါဘူးလေ ... ကောင်းကင် အရှင်တွေက ကမ္ဘာကနေ မထွက်ခွာခင် သူတို့ရဲ့ ခြေရာလက်ရာတွေ အားလုံးကို ဖျက်ဆီးပြီး ထားခဲ့ကြတာ”
ကောင်းကင် လမ်းကြောင်း တည်နေရာကို ပြောပြပြီးနောက် ရတနာ ဝိညာဉ်သည် ချန်းဖန် သင်ကြားပေးသည့် ကျင့်စဉ်အား လေ့ကျင့်ရန် ထွက်ခွာသွားတော့သည်။
ရတနာ ဝိညာဉ် ထွက်ခွာ သွားပြီးနောက် ချန်းဖန်သည် အခန်း အတွင်း၌ တစ်ယောက်တည်း ထိုင်ရင်း ဝိညာဉ် ရတနာ ပြောပြခဲ့သည့် စကားများကို ပြန်လည် သုံးသပ် နေခဲ့၏။
ရတနာ ဝိညာဉ်၏ စကားအရ ဆိုလျှင် ရှေးဟောင်း ကျင့်ကြံသူများက ကမ္ဘာမြေ၏ ဝိညာဉ်ချီ ခမ်းခြောက်ရခြင်းမှာ အလွန်အမင်း အစွမ်းထက်သည့် ရတနာ တစ်ခုကြောင့်ဟု ဆိုသည်။ သို့သော်လည်း ထိုအရာတွင် တစ်စုံတစ်ခု လွဲချော်နေကြောင်း ချန်းဖန် သတိထား မိ၏။
ဂြိုဟ်တစ်ခုမှ ရတနာ အချို့သာ ပေါ်ထွက်နိုင်ပြီး ကြယ်အမြုတေမှာ ထိုအထဲမှ တစ်ခု ဖြစ်သည်။ သို့သော်လည်း ကြယ်အမြုတေ တစ်ခု ဖွဲ့စည်းရန်မှာ နှစ်ထရီလျံချီ၍ လိုအပ်၏။
ယခု ကမ္ဘာမြေမှာမူ နှစ်ထောင်ဂဏန်း အတွင်း ဂြိုဟ်သေ တစ်ခု တစ်ခု ဖြစ်သွားခြင်း ဖြစ်ရာ ထိုအရာက သူကဲ့သို့သော ကောင်းကင် အရှင်သခင် အနေဖြင့်ပင် ရင်းနှီးခြင်း မရှိလှချေ။
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မှတ်ဉာဏ်များကို ပြန်လည် တူးဆွ ကြည့်လိုက်သည်။
အာကာသ အတွင်း၌ များစွာသော ပညာရှင်များမှာ ဂြိုဟ်တစ်ခုကို အသုံးပြု၍ ကြယ်အမြုတေ ကဲ့သို့သော ရတနာများကို ဖန်တီး နိုင်ကြ၏။
သို့သော်လည်း ထိုသို့ ပြုလုပ်ရန်က အနည်းဆုံး ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်သို့ ရောက်နေရန် လိုအပ်သည်။ ထိုသို့သော အရှင်သခင်များမှာ စကြဝဠာ တစ်ခုလုံးတွင်ပင် ရှားပါးသော ဖြစ်တည်မှုများ ဖြစ်သည်။
သို့သော်လည်း ကမ္ဘာမှာမူ စကြဝဠာ၏ ချောင်ချိုချောင်ကြား နေရာ၌ တည်ရှိနေခြင်း ဖြစ်သည်။ ချန်းဖန် သိရသလောက် ဆိုလျှင် အတိတ်ဘဝ၌ ကမ္ဘာသို့ အစွမ်းထက် ကျင့်ကြံသူ နှစ်ယောက်သာ လာရောက်ဖူးပြီး ထိုနှစ်ယောက်မှာလည်း ထန်ချင်နှင့် သူကိုယ်တိုင်တို့သာ ဖြစ်သည်။
“တကယ်လို့ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်က ကမ္ဘာကို အသုံးပြုပြီး ကြယ်အမြုတေ ဖန်တီးမယ် ဆိုရင်တောင် ... ကမ္ဘာ ပေါ်မှာ နေထိုင်ကြတဲ့ ရွှေအမြုတေ အဆင့်တွေနဲ့ အခြေတည် ဝိညာဉ် အဆင့်တွေ အနေနဲ့ သတိထားမိမှာ မဟုတ်ဘူး”
အေးစက်သော အလင်းတစ်ခုက ချန်းဖန်၏ မျက်လုံး၌ လင်းလက်နေ၏။
“ကမ္ဘာဂြိုဟ်က ငါ့ရဲ့ အိမ်ပဲ ... မင်းဘာသာမင်း ဘယ်သူပဲ ဖြစ်ဖြစ် ... ငါ့အိမ်ကို ပျက်စီးအောင် လုပ်တဲ့အတွက် ငါ မင်းရဲ့ ခန္ဓာကို တွေ့အောင် ရှာမယ် ... နောက်ပြီး မင်းရဲ့ ဝိညာဉ်ကို နေလုံးထဲမှာ ပိတ်လှောင်ပြီး အပြစ်ပေးရမယ်”
အတိတ်ဘဝ၌ ချန်းဖန်သည် ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်ကို ရောက်ရှိပြီးနောက် ကမ္ဘာဂြိုဟ်သို့ တစ်ခေါက် ပြန်လာခဲ့ သေးသည်။ ထိုအချိန်၌ ကမ္ဘာ၏ ချီစွမ်းအင်သည် အလုံးစုံ ခမ်းခြောက်ကာ ဂြိုဟ်သေ တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ဆရာက ဒီအကြောင်းကို သိမှာ သေချာတယ် ... သူက တာအို ဖွဲ့စည်းခြင်း အဆင့် တန်ခိုးရှင်ပဲလေ ... ဘယ်အရာကမှ သူ့ကို ဖုံးကွယ်နိုင်မှာ မဟုတ်ဘူး ... ဒါပေမဲ့ သူက ငါ့ကို ဘာလို့ မပြောပြတာလဲ”
ထိုအတွေးက ချန်းဖန်၏ မျက်လုံးအား အနည်းငယ် ကျဉ်းမြောင်း သွားစေ၏။ နောက်ဆုံး၌ ချန်းဖန်မှာ ခေါင်းကို ခါရင်း ထိုအတွေးများအား ထုတ်ပယ် လိုက်သည်။
“ငါ ပြန်ကောင်းလာတာနဲ့ ကောင်းကင် လမ်းကြောင်းကို တစ်ခါလောက် သွားရမယ် ... ရွှေအမြုတေ အဆင့်ကို ရောက်ဖို့အတွက် ဆိုရင် ငါ့အတွက် အရင်းအမြစ်တွေ အများကြီး လိုတယ်”
ထို့နောက် ချန်းဖန်က ယွင်ထျန်း နန်းတော်အား ပိတ်ကာ တံခါးပိတ် ကျင့်ကြံခြင်းကို စတင် လိုက်၏။
ခွန်ရှု့ နယ်မြေနှင့် တိုက်ပွဲ၌ သူသည်ခါတိုင်းကဲ့သို့ သာမန် ဒဏ်ရာများသာ ရရှိခဲ့ခြင်း မဟုတ်ချေ။
တိုက်ပွဲအတွင်း ပြန်လည် မွေးဖွားခြင်း နတ်ဘုရား စွမ်းအားကို ခြောက်ကြိမ်တိုင်တိုင် အသုံးပြုခဲ့ရသည့် အပြင် အချိန် ကုန်လွန်ခြင်းကို ထုတ်ဖော်ရန်အတွက် အသက်ဓာတ်ကိုပါ စတေးခဲ့ရသေးသည်။
သာမန် အတိုင်းသာ ဒဏ်ရာ ကုသမည် ဆိုပါက သူ့အနေဖြင့် နှစ်ပေါင်းများစွာ အချိန်ပေး ရပေလိမ့်မည်။
“ကံကောင်းတာက ငါ့မှာ ဝိညာဉ် ဆေးဝါးတွေ အများကြီး ရှိနေတာပဲ ... ဒါတွေနဲ့ဆို ကုသနှုန်းက ပိုပြီး မြန်လာမှာ သေချာတယ်”
ချန်းဖန်က ဝိညာဉ် ဆေးဝါးနှင့် ဝိညာဉ် ကျောက်တုံးပုံများကို ကြည့်ရင်း ပြုံးလိုက်၏။
“ဝါးမြိုခြင်း …”
ထို့နောက် ချန်းဖန်သည် ပလ္လင် တစ်ခုပေါ်တွင် ထိုင်ကာ ဝါးမြိုခြင်း နတ်ဘုရား စွမ်းအားကို ထုတ်ဖော် လိုက်သည်။
“ခရက် ... ခရက် …”
များစွာသော ဝိညာဉ် ကျောက်တုံးများ၊ ဆေးဝါးများသည် သန့်စင်သော ဝိညာဉ်ချီအဖြစ် ပြောင်းလဲ၍ ချန်းဖန်၏ ခန္ဓာကိုယ်အတွင်း စီးဝင်ကြ၏။
“ဟူး ... ဟူး …”
တစ်ချိန်တည်း၌ သူ၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်မှာ လျင်မြန်သော အရှိန်ဖြင့် ပြန်လည် ကောင်းမွန် လာနေခဲ့သည်။
***
သုံးလခန့် အကြာ၌ …
ချန်းဖန်သည် တံခါးပိတ် ကျင့်ကြံခြင်းမှ ပြန်လည် ထွက်လာခဲ့၏။
ယခု အချိန်၌ သူ၏ ရုပ်ရည်ကား ဆယ်ကျော်သက် ကောင်လေး တစ်ယောက်နှင့် လုံးလုံး မတူတော့ချေ။ တည်ငြိမ်၍ ရင့်ကျက်သော အသက် သုံးဆယ်ခန့်ဟု ယောက်ျား တစ်ဦး၏ အသွင်သို့ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ ဦးခေါင်းထက်တွင်မူ မီးခိုးရောင် ဆံပင်များမှာမူ ကျန်ရစ်နေဆဲ ဖြစ်သည်။
“ဆရာ …”
ချန်းဖန်အား မြင်သည်နှင့် ချီရှို့အာ၏ မျက်နှာလေးက ဝင်းပ သွား၏။ သို့သော်လည်း ချန်းဖန်၏ ရင့်ရော် နေသော မျက်နှာနှင့် မီးခိုးရောင် သန်းနေသော ဆံပင်များက သူမအား ဝမ်းနည်းစေသည်။
“ငါ့ ပုံစံက ရင့်ကျက်လာတယ်လို့ နင် မထင်ဘူးလား”
ချန်းဖန်က ပြုံးရင်း စနောက် လိုက်သည်။ သူ့အတွက် ထိုရုပ်ရည်မှာ များစွာသော မျက်နှာဖုံးများ အနက်မှ တစ်ခုသာ ဖြစ်သည်။
အတိတ်ဘဝ၌ သူသည် “အချိန် စီးဆင်းခြင်း မျှော်စင်” အတွင်း၌ မတော်တဆ ဖြစ်ကာ ဆံပင်ဖြူ အဘိုးအို တစ်ဦးပင် ဖြစ်သွားခဲ့ ဖူးသည်။
“ဆရာ့ရုပ်က ကျွန်မရဲ့ အဘိုး ကျနေတာပဲ”
ချီရှို့အာက သူမ၏ လျှာကို ထုတ်၍ သရော် လိုက်သည်။
သို့သော်လည်း သူမ၏ စိတ်အတွင်းတွင်မူ ထိုရင့်ကျက်သော ရုပ်ရည်မှာ ဆယ်ကျော်သက် ပုံစံထက် ပိုမို၍ ကျက်သရေ ရှိသည်ဟု အသိအမှတ် ပြုမိ၏။
တစ်ချိန်တည်း၌ ချီချင်းဝေ့နှင့် တောင်ပိုင်းနိုင်ငံ မင်းသမီးလေးတို့မှာမူ ချန်းဖန်အား ကြည့်ရင်း သက်ပြင်း ချကြသည်။
လုယန်ရွယ်ကမူ ဘာမှ ဝင်မပြောပဲ ပြုံးရုံသာ ပြုံးနေခဲ့၏။ ချန်းဖန်၏ ရုပ်ရည်က မည်သို့ ဖြစ်စေကာမူ သူမအတွက် တစ်ယောက်တည်းသာ ဖြစ်သည်။
“ဆရာ ... ကောင်းကင်မြို့တော်မှာ ကျွန်မတို့ ဘာလုပ်နေလဲ သိလား …”
ချီရှို့အာက ပဟေဠိ ဝှက်သော ပုံစံဖြင့် ချန်းဖန်အား မေးလိုက်သည်။ ထို့နောက် ချန်းဖန် ပြန်မဖြေခင်မှာပင် သူမက စိတ်မရှည်စွာ အဖြေပေး လိုက်သည်။
“အခု ဒီနေရာမှာပဲ နောက်ထပ် မြို့တော် တစ်ခု ဆောက်နေတာ ... အဲဒီ မြို့တော်ရဲ့ နာမည်က မြောက်ပိုင်း လျှို့ဝှက် မြို့တော်တဲ့”
“မြောက်ပိုင်း လျှို့ဝှက် မြို့တော် …”
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း အတွင်းပိုင်း မြို့တော် တံခါးသို့ ဦးတည် လိုက်သည်။ ထို့နောက် သူက ရှေးဟောင်း မြို့တော် နံရံကို ငေးကြည့်ကာ မေးလိုက်သည်။
“ကောင်းကင်လမ်းကြောင်းက ဘယ်နေရာမှာလဲလို့ မမေးတော့ဘူးလား”
“ဘယ်နေရာမှာလဲ …”
အားရှို့က အလောတကြီး ဖြတ်ကာ မေးသည်။
“ဒီနေရာမှာပေါ့ …”
“ဘာကြီး …”
လူတိုင်းမှာ အံ့အားသင့် သွားကြ၏။
***