ကောင်းကင် လမ်းကြောင်းသို့ သွားခြင်း
Vol. 8 Ch. 763
ကောင်းကင်လမ်းကြောင်း …
ကောင်းကင်လမ်းကြောင်းကား ခွန်ရှု့ နယ်မြေ၏ အိုမင်းသော ဒဏ္ဍာရီတစ်ခု ဖြစ်သည်။
နှစ်ထောင်ပေါင်း များစွာ ကြာပြီးနောက် ခွန်ရှု့ နယ်မြေရှိ လူများမှာ ကောင်းကင် လမ်းကြောင်း၏ တည်ရှိမှုကို သံသယပင် ဝင်လာခဲ့ကြသည်။
သို့သော်လည်း ယနေ့တွင်မူ ချန်းပေ့ရွှမ်းသည် ကောင်းကင်မြို့တော် အရှေ့တွင် ရပ်ကာ ထိုအရာက ကောင်းကင်လမ်းကြောင်းဟု ပြောသည်။ မည်သူက မအံ့ဩပဲ နေမည်နည်း။
“ဒီ ... ဒီဟာကြီးက ဒဏ္ဍာရီထဲက ကောင်းကင် လမ်းကြောင်းလား”
ချီချင်းဝေ့က မျက်လုံးများကို ပြူးကျယ်ရင်း မြို့တော် တံတိုင်းအား သေချာစွာ အကဲခတ် ကြည့်လိုက်၏။
ကောင်းကင်မြို့တော်ကား ခွန်ရှု့ နယ်မြေ၏ သမိုင်းကြောင်း အရှည်ဆုံးမြို့ တစ်မြို့ ဖြစ်သည်။ စတင် တည်ထောင်ခဲ့သည့် မူလ မြို့၏ အရွယ်အစားမှာ သေးငယ်သော်လည်း လူဦးရေ တိုးပွားလာခြင်းနှင့်အတူ တဖြည်းဖြည်း ချဲ့ထွင်လာရာမှ ဧကပေါင်းများစွာ ကျယ်သော မြို့ကြီး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
(မြို့တော် တံတိုင်း ဆိုသည်မှာ သေးငယ်သော မူလ ကောင်းကင်မြို့တော်၏ တံတိုင်းကို ဆိုလိုခြင်း ဖြစ်ပုံ ရသည်။)
“ရှေးဟောင်း ကျင့်ကြံသူတွေသာ အစွမ်းထက်တဲ့ အစီအရင်နဲ့ ကာကွယ် မထားရင် ပြီးခဲ့တဲ့ တိုက်ပွဲမှာ ဒီမြို့တော်က ပျက်စီး သွားလောက်ပြီ”
ချန်းဖန်က နံရံတံတိုင်းအား အသာအယာ တို့ထိရင်း စွမ်းအား အငွေ့အသက်ကို ခံစားကြည့် လိုက်၏။
သူနှင့် ယွင်ထျန်းရွှမ်၏ တိုက်ပွဲကား ကမ္ဘာပျက် မတတ် ပြင်းထန်သော တိုက်ပွဲ ဖြစ်သည်။ တိုက်ပွဲ၏ အရှိန်ကြောင့် အပြင် မြို့တော်ကြီး တစ်ခုလုံး ပျက်စီးသွားချိန်တွင်ပင် အတွင်း မြို့တော်မှာ အစီအရင်၏ ကာကွယ်မှု အောက်၌ ဘေးကင်းခဲ့၏။
“ဟုတ်တယ် ... ဒီအစီအရင်က ကောင်းကင် တန်ခိုးရှင်တွေရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ခဲ့တယ် …”
လူတိုင်းက မြို့တော်အား ကြည့်ရင်း ခေါင်းညိတ် လိုက်ကြသည်။
ထို့နောက် ချန်းဖန်က အေးဆေးစွာပင် မြို့တော် အတွင်းသို့ လမ်းလျှောက်ကာ ဝင်လာခဲ့၏။
“ဟူး ... ဟူး …”
ချန်းဖန်က မြိုတော်၏ ဗဟိုသို့ ဦးတည်ရင်း နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်လိုက်၏။
အတွင်းပိုင်း ကောင်းကင် မြို့တော်သည် ပင်တဂွန်၏ ပုံသဏ္ဌာန် ရှိသည်။ မြိုတော်၏ ထောင့် ငါးထောင့်၌ မျှော်စင် တစ်ခုစီ ရှိကာ လမ်းများမှာ အစီအရင် ကဲ့သို့ တည်ဆောက် ထားသည်။
နောက်ဆုံး၌ ချန်းဖန်သည် မြို့တော်၏ ဗဟိုသို့ ရောက်ရှိ လာခဲ့သည်။
ထိုနေရာ၌ ကျောက်တိုင်များ ဝန်းရံနေသည့် ယဇ်ပလ္လင်တစ်ခု ရှိ၏။ အိုမင်း၍ ထည်ဝါသော စွမ်းအား အငွေ့အသက်က ထိုပလ္လင်မှ ပျံ့လွင့်နေသည်။
“ရှေးခေတ်ဟောင်းရဲ့ ကျင့်ကြံသူတွေက ဒီမြို့တော်ကို တိုက်ခိုက်မှုနဲ့ ခုခံမှု နှစ်ခုစလုံး ပြုလုပ်နိုင်တဲ့ စကြဝဠာ နေရာ ကူးပြောင်းရေး အစီအရင်အဖြစ် တည်ဆောက်ခဲ့တာပဲ …”
ချန်းဖန်က မေးစေ့ကို ပွတ်ရင်း မှတ်ချက် ချလိုက်သည်။
“ဆရာ ... ဆရာ ကောင်းကင် လမ်းကြောင်းကို ဝင်မလို့လား”
ချီရှို့အာက ချန်းဖန်အား ကြည့်ရင်း စိုးရိမ်စွာ မေးလိုက်၏။
“ဟုတ်တယ် …”
ချန်းဖန်က အဖြေပေးရင်း ဓားအားဖြည့် ကျောက်မျက် အတွင်းမှ ဝိညာဉ် ကျောက်တုံးများကို ထုတ်ယူ လိုက်၏။
ချန်းဖန်သည် တိုက်ပွဲအပြီး၌ ဂိုဏ်ကြီး ခုနစ်ဂိုဏ်း နှစ်ထောင်ချီ စုစည်းထားခဲ့သော ဝိညာဉ် ကျောက်တုံးများကို လက်ခံ ရရှိခဲ့သည်။ ယခု အချိန်၌ သူကား ဝိညာဉ် ကျောက်တုံး မီလျှံနာတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
“မင်းတို့ အပြင်ကို ထွက်နေကြ ... ငါ အစီအရင်ကို အသက်သွင်းပြီး အဲဒါက ဘယ်နေရာကို ပို့ပေးလဲ ဆိုတာ ကြည့်လိုက်ဦးမယ် ... စိတ်မပူကြနဲ့ ... ငါ မကြာခင် ပြန်လာမှာ”
ချန်းဖန်က ပြောရင်း ဓမ္မ အစီအရင် တစ်ချို့ကို ရေးဆွဲကာ အစီအရင်နှင့် ဆက်သွယ် လိုက်သည်။
ချန်းဖန်၏ စကားဆုံးသည်နှင့် မီးဝိညာဉ် ဘုရင်၊ ချီချင်းဝေ့နှင့် တောင်ပိုင်း နိုင်ငံ မင်းသမီးလေးတို့မှာ အလိုက်တသိပင် ထွက်ခွာ သွားကြသည်။ ချီရှို့အာမှာ မသွားချင်သည့်တိုင် အမ ဖြစ်သူ၏ ဆွဲခေါ်မှုကြောင့် ပါသွားခဲ့၏။
လုယန်ရွယ် တစ်ယောက်လျှင် မူလ နေရာ၌ မလှုပ်မယှက် ရပ်နေခဲ့သည်။ သုံးလခန့် ကျင့်ကြံ အပြီး၌ သူမသည် တန်ခိုးရှင် အဆင့်နှင့် နီးကပ် နေခဲ့ပြီ ဖြစ်သည်။
“ကောင်းကင် လမ်းကြောင်းက အန္တရာယ် များတယ် ... နင်လည်း လိုက်သွား သင့်တယ်”
ချန်းဖန်က ပြောလိုက်သည်။
“ဟင့်အင်း ... ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် ငါ နင်နဲ့အတူ ရှိနေမယ်လို့ ပြောပြီးပြီ ... မထွက်သွား နိုင်ဘူး”
မိန်းကလေးက ပြတ်သားစွာ ဆို၏။
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း စဉ်းစား လိုက်သည်။
“ကောင်းကင် လမ်းကြောင်း” မှာ နေရာ ကူးပြောင်းရေး အစီအရင် ဖြစ်ရာ အလွန် အန္တရာယ် မများလောက်ပေ။ အကယ်၍ မတော်တဆ ဖြစ်လျှင်ပင် သူ့အနေဖြင့် လူတစ်ယောက်လောက်ကို ကာကွယ် ပေးနိုင်သည်။
“ကောင်းပြီလေ …”
အဆုံး၌ ချန်းဖန်က ထပ်မံ ငြင်းဆန် မနေတော့ဘဲ အစီအရင်ကိုသာ အသက်သွင်းရန်သာ ကြိုးစား လိုက်သည်။
“ဘုန်း ... ဘုန်း …”
ဝိညာဉ် ကျောက်တုံးများသည် ပေါက်ကွဲရင်း ချန်းဖန် ခင်းကျင်းသော အစီအရင်များမှ တစ်ဆင့် နေရာ ကူးပြောင်းရေး အစီအရင်ထံ စီးဝင်ကြ၏။
“ကလန့် ... ကလန့် …”
တစ်ချိန်တည်း၌ လမ်းများ၊ နံရံများနှင့် ယဇ်ပလ္လင် တို့မှာလည်း လင်းလက် တောက်ပ လာသည်။
မျှော်စင် ငါးခုကလည်း ကောင်းကင်အထိ ထိုးဖောက်သော ရောင်စဉ်တန်း ငါးခုကို ထုတ်လွှတ်၏။ ထိုရောင်စဉ်တန်း ငါးခုသည် အပြာ၊ အဝါ၊ အနီ၊ အဖြူ၊ အနက်တည်း ဟူသော အရောင် ငါးခုကို ကိုယ်စားပြုသည်။ ခွန်ရှု့ နယ်မြေ တစ်ခုလုံးသည် အဝေးကပင် ထိုရောင်စဉ်တန်း ငါးခုကို ရှင်းလင်းစွာ မြင်ကြရ၏။
“ဘုန်း …”
အဆုံး၌ ပေါက်ကွဲသံနှင့်အတူ မြို့တော် တစ်ခုလုံး၌ ယှက်ဖြာသော အရောင်များ ပြည့်နှက်သွားသည်။ ထိုအရာများ ပြန်လည် ပျောက်ကွယ် သွားချိန်၌ ချန်းဖန်နှင့် လုယန်ရွယ်တို့မှာ မူလ နေရာ၌ မရှိကြတော့ချေ။
သူတို့ကား စကြဝဠာကို ကျော်ဖြတ်၍ အောင်မြင်စွာ နေရာ ကူးပြောင်း သွားခဲ့ပြီ ဖြစ်သည်။
“သေမျိုးကမ္ဘာက လာတယ် ဆိုပေမဲ့ မရေမတွက်နိုင်တဲ့ လျှို့ဝှက် နည်းစနစ်တွေ နတ်ဘုရား စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ အပြင် နေရာ ကူးပြောင်းရေး အစီအရင်ကိုပါ ဘယ်လို ဖွင့်ရမလဲ သိနေခဲ့တယ် ... သင် ဘယ်သူလဲ ... ချန်းပေ့ရွှမ်း …”
ယွင်ထျန်း နန်းဝောာ် အတွင်းမှ တစ်ယောက်က အဝေးမှ လှမ်းကြည့်ရင်း သက်ပြင်း ချလိုက်၏။
“ဟူး ... ဟူး …”
ထိုအရာက လုယန်ရွယ် စကြဝဠာ နေရာ ကူးပြောင်းရေး အစီအရင်ကို အသုံးပြုဖူးသည့် ပထမဆုံး အကြိမ် ဖြစ်သည်။
သို့သော်လည်း ချန်းဖန်မှာမူ အတိတ်ဘဝ၌ မရေ မတွက်နိုင်လောက်သည်အထိ နေရာ ကူးပြောင်းရေး အစီအရင်ကို အသုံးပြုခဲ့ဖူးသည်။
နေရာ ကူပြောင်းရေး အစီအရင် အတွင်းသို့ ရောက်သည်နှင့် ချန်းဖန်က မိုးကြိုးငါးခု ချိပ်တံဆိပ်ကို ထုတ်ယူကာ သူတို့ နှစ်ယောက်၏ ခန္ဓာကိုယ်ကို ကာကွယ် လိုက်၏။
“အရမ်း လှတာပဲ …”
လုယန်ရွယ်က တရိပ်ရိပ် ဖြတ်ကျော်နေသော ရောင်စုံ ကြယ်အလင်းများကို ကြည့်၍ ရေရွတ် လိုက်သည်။
“ကြယ်တစ်ခုချင်းစီက နေတွေ ဂြိုဟ်တွေကို ကိုယ်စားပြုတယ် ... အခု ငါတို့က ကမ္ဘာနဲ့ အဝေးကြီးကို ရောက်နေပြီလေ”
ချန်းဖန်က အနည်းငယ် ပြုံးလိုက်၏။
“ဟူး ... ဟူး….”
မကြာခင်မှာပင် သူတို့ နှစ်ယောက်သည် အစီအရင်၏ အခြားတစ်ဖက်သို့ ရောက်လာခဲ့၏။
လုယန်ရွယ်သည် သူမ၏ မျက်လုံးများကို ပွတ်သပ်ရင်း ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ သူတို့ကား ယဇ်ပလ္လင်၏ အထက်၌ ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း ပတ်ဝန်းကျင်ရှိ အဆောက်အဦများမှာမူ ချင်မင်းဆက်ခေတ်မှ အရာများ အတိုင်း ရှေးဟောင်းဆန် နေ၏။
“ဒီနေရာက ဘယ်နေရာလဲ …”
လုယန်ရွယ်က ရင်းနှီးခြင်း မရှိသော အငွေ့အသက်များကို ခံစားမိသည်နှင့် ချန်းဖန်အား မေးလိုက်သည်။
“ဒီနေရာကလား ... အဆုံးမဲ့ စကြဝဠာထဲမှာ ရှိတဲ့ ဂြိုဟ်တစ်ခုရဲ့ မြို့တစ်မြို့ ဖြစ်မှာပေါ့”
ချန်းဖန်က ပြောရင်း နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်လိုက်၏။
“ဟူး ... ဟူး …”
မိုင်ပေါင်း သုံးရာခန့်ကို ဖုံးလွှမ်းပြီးနောက် ချန်းဖန်သည် ဂြိုဟ်၏ ဧရိယာ တစ်ဝက်ခန့်ကို စစ်ဆေး နိုင်ခဲ့သည်။ ထိုဂြိုဟ်ကား ကမ္ဘာထက် သေးငယ်သည်။
သို့သော်လည်း ထူးဆန်းစွာပင် ဂြိုဟ်ပေါ်၌ အခြားနေရာ ကူးပြောင်းရေး အစီအရင် များကိုပါ တွေ့ရ၏။ ကြည့်ရသည်က ထိုဂြိုဟ်ကလေးမှာ စကြဝဠာ၏ ခရီးသွား ဗဟိုစခန်းဂြိုဟ်ငယ်လေး ဖြစ်နိုင်သည်။
“ချန်းဖန် ဟိုနေရာကို ကြည့်စမ်း ... အဲဒါတွေက ဘာတွေလဲ”
လုယန်ရွယ်က ယဇ်ပလ္လင်၏ အောက်တွင် ရှိနေသည့် ကြီးမားသော ဦးခေါင်းခွံများကို ညွှန်ပြရင်း အလန့်တကြား အော်လိုက်၏။
“အဲဒါတွေကလား …”
ချန်းဖန်က ပြန်လည် အဖြေ မပေးသေးဘဲ ယဇ်ပလ္လင်ထက်မှ ဖြည်းညင်းစွာ ဆင်းလာခဲ့သည်။
ယဇ်ပလ္လင်၏ အောက်၌ အရိုးခေါင်းများ အပြင် ရွှေရောင် လူသား အရိုးများ၊ များစွာသော ဓားကျိုးများ၊ လက်နက် အပျက်အစီး အပိုင်းအစ များကိုပါ တွေ့ရ၏။
ရှေးဟောင်းခေတ်များ၌ ထိုလက်နက်များမှာ အဆင့်မြင့် ဝိညာဉ် လက်နက်များ သို့မဟုတ် ဝိညာဉ် ရတနာများပင် ဖြစ်နေနိုင်သည်။ သို့သော်လည်း နှစ်ကာလများစွာ ဖြတ်သန်းပြီး နောက်၌ ၎င်းတို့မှာ သာမန် သတ္တု အပိုင်းအစများ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
“ငါ့မှန်းတာသာ မမှားရင် အဲဒီ အရိုးခေါင်းတွေက မျိုးနွယ်ခြား ကျူးကျော်သူ ဆိုတဲ့ သတ္တဝါတွေ ဖြစ်ရမယ် ... ကြည့်ရတာ ရှေးဟောင်း ကျင့်ကြံသူတွေနဲ့ မျိုးနွယ်ခြား ကျူးကျော်သူတွေက ဒီနေရာမှာ ထပ်ပြီး တိုက်ခိုက်ခဲ့ကြပုံ ရတယ် ... ဒါကြောင့်ပဲ ဒီနေရာက အပျက်အစီး စစ်မြေပြင် ဖြစ်ကျန်ခဲ့တာ”
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ဆိုလိုက်သည်။
“ဒါဆို ဒီအရိုးခေါင်းကြီးတွေက မျိုးနွယ်ခြား ကျူးကျော်သူ ဆိုတာတွေပေါ့ ... သူတို့က ဘယ်လောက်တောင် ကြီးလို့လဲ”
လုယန်ရွယ်မှာ ရှစ်မီတာခန့် ကြီးမားသော အရိုးခေါင်းများကို ကြည့်၍ ကြက်သီးပင် ထလာမိ၏။
“နင် မကြာခင် သိရမှာပါ”
ချန်းဖန်က အဝေးသို့ ငေးမောကြည့် လိုက်သည်။
ချန်းဖန်သည် ဤဂြိုဟ်ပေါ်၌ အားနည်းသော စွမ်းအင်အချို့ ရှိကြောင်းကို စတင် ရောက်ရှိသည့် အချိန်မှ စ၍ သတိထားမိခဲ့ပြီး ဖြစ်သည်။
ဖြစ်နိုင်သည်က စစ်ပွဲ၌ ပါဝင် တိုက်ခိုက်သူများထဲမှ အချို့မှာ မသေဆုံးခဲ့ဘဲ ဂြိုဟ်ပေါ်တွင်ပင် အိပ်ပျော်လျှက် ကျန်ရစ် နေသေးပုံ ရသည်။
“ဟူး ... ဟူး …”
ချန်းဖန်၏ စကားအဆုံးမှာပင် စွမ်းအင်လှိုင်း တစ်ခု ပျံ့နှံ့လာ၏။
ထိုအရာက မီတာ ဒါဇင်ပေါင်း များစွာ ကြီးမားသော အနက်ရောင် သားရဲ တစ်ကောင် ဖြစ်သည်။ ထိုသားရဲသည် ရှည်လျားသော အမြီး၊ အေးစက်သော မျက်လုံး၊ ချွန်မြသော လက်သည်းတို့ကို ပိုင်ဆိုင်ထားသည်။
“ဟူး ... ဟူး …”
၎င်းက အသံ၏ ဆယ်ဆသော အမြန်နှုန်းကို ချိုးဖျက်ကာ ချန်းဖန်တို့ထံသို့ တရကြမ်း ပြေးဝင် လာ၏။
“စကြဝဠာ သားရဲ ... ရှေးခေတ်ဟောင်း ကာလတွေတည်းက သူတို့ကို ကျင့်ကြံသူတွေ စုပေါင်းပြီး ရှင်းလင်းပစ်လိုက်ပြီ မဟုတ်ဘူးလား ... ဘာလို့ ကျန်နေသေးတာလဲ”
ချန်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။
“ဒီမှာစောင့်နေ …”
ထို့နောက် သူက လုယန်ရွယ်၏ ခန္ဓာကိုယ်ကို မိုးကြိုး ချိပ်တံဆိပ် ကာကွယ်မှု အောက်၌ ထားရှိကာ စကြဝဠာ သားရဲထံသို့ ဦးတည် လိုက်၏။
“မင်းရဲ့ ခေါင်းဆောင်က ဘယ်သူလဲ ... မင်းက ဘယ်မှာ နေတာလဲ ... ရှေးဟောင်းခေတ်မှာ မင်းတို့က ဘာကြောင့် လူသားတွေကို တိုက်ခိုက် ခဲ့တာလဲ …”
ချန်းဖန်က သူ၏ နတ်ဘုရား စိတ်အာရုံကို ပို့လွှတ်ရင်း မေးလိုက်သည်။
“သေစမ်း …”
စကြဝဠာ သားရဲက မေးခွန်းကို ပြန်မဖြေဘဲ ချန်းဖန်ထံသို့သာ တစ်ဟုန်ထိုး ပြေးဝင်လာ၏။ သူ၏ မျက်လုံးများက ဆာလောင်မှုဖြင့် ပိုမို အေးစက် နေသည်။
“ဟမ့် …”
ချန်းဖန်က လိန်ဟူ ကောင်းကင် သားရဲ အသွင်သို့ ပြောင်းလဲကာ ကောင်းကင် မိုးကြိုးဓားကို ဆင့်ခေါ်၍ ခုတ်ပိုင်းလိုက်၏။
“ဂါး …”
စကြဝဠာ သားရဲကလည်း လေဟာနယ်ကို ဖောက်ထွက် ကျော်ဖြတ်ကာ သူ၏ ချွန်မြသော လက်သည်းများဖြင့် ချန်းဖန်အား ကုတ်ခြစ်သည်။
“ကလန့် ... ကလန့် …”
ကောင်းကင်၌ မိုးကြိုးအလင်းနှင့် အနက်ရောင် အလင်းတို့ ထိုက်တိုက်တွေ့ရာ သတ္တုချင်း ထိခတ်သံ အချို့ ပေါ်ထွက်လာ၏။
ချန်းဖန် အတွက် စကြဝဠာ သားရဲနှင့် တိုက်ခိုက်ရခြင်းမှာ ယွင်ထျန်းရွှမ်နှင့် တိုက်ခိုက်ရခြင်းလောက် ဖိအား မများပေ။ မည်သို့ပင် ဆိုစေ စကြဝဠာ သားရဲသည် တိုက်ခိုက်မှု အတွက် သူ၏ ခန္ဓာနှင့် လက်သည်းကိုသာ မှီခို နေရသော သားရဲ တစ်ကောင်သာ ဖြစ်သည်။
“ဘုန်း ... ဘုန်း …”
ချန်းဖန်နှင့် စကြဝဠာ သားရဲ၏ တိုက်ခိုက်မှု အရှိန်အဝါက ပျံ့နှံ့သွားရာ မကြာခင်မှာပင် အခြားသေယ စကြဝဠာ သားရဲများလည်း ရောက်ရှိလာ၏။
“တစ် …”
“နှစ် …”
“ ... ”
“ငါး …”
“ခြောက် …”
လုယန်ရွယ်က မိုးကြိုး ချိပ်တံဆိပ်စ အကာအကွယ် အတွင်းမှ အသံထွက်၍ ရေတွက် လိုက်သည်။
ရောက်ရှိလာသော စုစုပေါင်း စကြဝဠာ သားရဲ အရေအတွက်မှာ ခြောက်ကောင် ဖြစ်ပြီး ထိုအထဲမှ တစ်ကောင်ဆိုလျှင် မီတာ တစ်ရာခန့် အထိပင် ရှည်လျား၏။
“မကောင်းတော့ဘူး …”
လုယန်ရွယ်မှာ သားရဲများကို ကြည့်ရင်း ရင်ခုန်သံပင် မြန်လာခဲ့သည်။
“အရမ်း အရသာရှိတဲ့ ကျင့်ကြံသူတွေ ပါလား ... သူ့ကို စားကြ”
မီတာတစ်ရာခန့် မြင့်မားသည့် သားရဲ ခေါင်းဆောင်က ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။
“ဝှစ် ... ဝှစ် ... ဝှစ် …”
စကြဝဠာ သားရဲ ခြောက်ကောင်က ချန်းဖန်အား အဘက်ဘက်မှ ဝန်းရံကာ သူတို့၏ လက်သည်းများဖြင့် တိုက်ခိုက်လိုက်ကြ၏။ တစ်ချိန်တည်း၌ သားရဲ ခေါင်းဆောင်ကလည်း သူ၏ အမြီးကို လှံသဖွယ် အသုံးပြု၍ ချန်းဖန်၏ ခန္ဓာကိုယ်အား ထိုးစိုက်သည်။
“ဘုန်း ... ဘုန်း ... ဘုန်း …”
ခဏအတွင်းမှာပင် ချန်းဖန်၏ ခန္ဓာကိုယ်၌ ကြီးမားသော ဒဏ်ရာများ တစ်ခုပြီး တစ်ခု ပေါ်လာခဲ့သည်။
“လူသား ... အညံ့ခံစမ်း …”
သားရဲ ခေါင်းဆောင်က ၎င်း၏ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ရင်း ဆိုလိုက်၏။
“ဟဟ ... မင်းတို့က နိုင်မယ်လို့ ထင်နေတာလား”
ချန်းဖန်က အေးစက်စွာပင် ရယ်မော လိုက်သည်။
“ကောင်းပြီလေ ... ငါ့ရဲ့ ကစားစရာ အသစ်လေး ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ဒီနေ့ မင်းတို့နဲ့ စမ်းကြည့်ရမှာပေါ့”
“ဘုန်း …”
ရုတ်တရက် ချန်းဖန်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ပျံ့နှံ့၍ ထွက်ပေါ် လာသည်။ ထိုစွမ်းအားကား ယွင်ထျန်းရွှမ်၏ ရွှေအမြုတေကို အခြေတည်၌ ဖြစ်တည်လာခြင်း ဖြစ်၏။
“ဘုန်း …”
ရွှေအမြုတေ၏ အရှိန်အဝါ အောက်တွင် လိန်ဟူ သားရဲက ဆယ်ပေခန့် ပိုမို ကြီးထွား လာသည်။ ပြိုးပြိုးပျက်ပျက် လျှပ်စီး အလင်းများ၏ ဝန်းရံမှု အောက်၌ ချန်းဖန်၏ ပုံသဏ္ဌာန်ကား နတ်ဘုရား တစ်ပါး အလား ထင်ရ၏။
“ဟမ် …”
စကြဝဠာ သားရဲ ခုနစ်ယောက်မှာ ထိုမြင်ကွင်းကို ကြည့်၍ အနည်းငယ် တွန့်ဆုတ် သွားကြသည်။
“ကောင်းကင် မိုးကြိုးဓား တတိယ ပုံစံ….”
“လေထုကို ဖျက်ဆီးခြင်း …”
ချန်းဖန်၏ လက်၌ အနက်ရောင် မိုးကြိုးများ ဝန်းရံနေသည့် ဓားတစ်ချောင်း ဖြစ်တည် လာသည်။
“ကလန့် …”
မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုဓားက ရွှေအမြုတေ အဆင့်ကို ထက်ဝက် ပိုင်းဖြတ်နိုင်သည့် အင်အားဖြင့် စကြဝဠာ သားရဲများထံသို့ တိုးဝင်လေ၏။
***