အဆင့်တစ်ခုကို ကျော်ခြင်း
Vol. 8 Ch. 765
“ဟူး ... ဟူး …”
ထို့နောက် ချန်းဖန်က သူ၏ နတ်ဘုရား စိတ်အာရုံကို ဂြိုဟ်တစ်ခုလုံးသို့ ဖြန့်ကြက် လိုက်သည်။ ဂြိုဟ်ကား သိပ်မကြီးလှရာ ချန်းဖန်အတွက် စစ်ဆေးရန် အတွက် မိနစ်ပိုင်းသာ လိုအပ်ခဲ့၏။ ထိုဂြိုဟ်၌ အခြား စကြဝဠာ သားရဲများ မရှိတော့ချေ။
သို့သော်လည်း ဂြိုဟ်၏ ဗဟို နေရာ၌ ထူးဆန်းသော ကျောက်တိုင်ကြီး တစ်ခုကို တွေ့ရသည်။ ထိုကျောက်တိုင်ကြီး၏ မျက်နှာပြင် ပေါ်၌ “မူလ တောင်ပိုင်း တံခါး” ဟု ရေးထိုးထား၏။
ထိုကျောက်တိုင်၏ အခြား တစ်ဖက်တွင်မူ “မူလ တောင်ပိုင်း တံခါး” ၏ သမိုင်းကြောင်းကို ရှေးဟောင်း ဘာသာစကားဖြင့် မှတ်တမ်းတင် ထားသည်။
ထိုမှတ်တမ်းများ အရဆိုလျှင် ရှေးဟောင်းခေတ်များ၌ တောင်ပိုင်း တံခါးကို ဝမ်ရှင်း တန်ခိုးရှင် လေးယောက်က စောင့်ရှောက် ခဲ့ကြသည်။
ထို့အပြင် ဂြိုဟ်၏ မြို့တော် နေရာ ခုနစ်ခု၌ တစ်ဒါဇင်မျှသော သူတော်စင်များနှင့် သောင်းချီသော လူများ မှီတင်း နေထိုင်ခဲ့ကြသည်။
ထိုရှေးဟောင်းဂြိုဟ်သည် စကြဝဠာ ခရီးသွား လမ်းကြောင်း၏ အချက်အချာ နေရာတစ်ခု ဖြစ်ခဲ့၏။
မှတ်တမ်းက ထိုနေရာတွင်ပင် ပြီးဆုံး သွားသည်။
သို့သော်လည်း သားရဲ ခေါင်းဆောင်၏ မှတ်ဉာဏ်များ အရဆိုလျှင် မရေမတွက်နိုင်သော စကြဝဠာ သားရဲများမှာ မူလ တောင်ပိုင်း တံခါးသို့ ကျူးကျော် ခဲ့ကြသည်။
ထို့နောက်ပိုင်း၌ ပြင်းထန်သော တိုက်ပွဲများ ဖြစ်၍ မြို့တော်များ ပျက်စီးကာ ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများမှာလည်း စကြဝဠာ နေရာ အနှံ့သို့ ထွက်ပြေး ခဲ့ကြရသည်။
“မူလ တောင်ပိုင်း တံခါး” အား စစ်ဆေးပြီး နောက်၌ ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို ပြန်လည် ရုတ်သိမ်းကာ လုယန်ရွယ်ဘက်သို့ လှည့်လိုက်၏။
“ပြန်ကြမယ် ... ကောင်းကင် လမ်းကြောင်းက အန္တရာယ်များတယ် ... နောက်တစ်ခေါက်မှ ပြန်လာတာပေါ့”
ထို့နောက် ချန်းဖန်က ဂြိုဟ်ပေါ်၌ အစီအရင် များစွာကို ခင်းကျင်းလိုက်၏။
အကယ်၍ စကြဝဠာ သားရဲများ ဤဂြိုဟ်ပေါ်သို့ ထပ်မံ ရောက်ရှိလာပါက ထိုအစီရင်များက သူ့အား အချက်ပြ ပေလိမ့်မည် ဖြစ်သည်။
“ကလန့် …”
ရှေးဟောင်း ဓမ္မ အစီအရင်သည် နောက်တစ်ကြိမ် လင်းလက်လာကာ ရောင်စုံ အလင်းများကို ထုတ်လွှတ်သည်။ ထို့နောက် ချန်းဖန်နှင့် လုယန်ရွယ်တို့မှာ ယဇ်ပလ္လင်ထက်မှ ပျောက်ကွယ် သွားတော့၏။
“ဆရာတို့ ပြန်လာပြီ …”
ချန်းဖန်နှင့် လုယန်ရွယ်တို့ ဘေးကင်းစွာ ပြန်လည် ရောက်ရှိလာသည်ကို ကြည့်ပြီး ချီရှို့အာမှာ သက်ပြင်း တစ်ချက် ချလိုက်သည်။
တစ်ချိန်တည်း၌ သူမသည် မချင့်မရဲ ခံစား နေရ၏။ အကယ်၍ သူမသာ လုယန်ရွယ် ကဲ့သို့ ချန်းဖန်၏ နံဘေးတွင် အရှက်မဲ့စွာ ပေကပ်၍ နေခဲ့ပါက ထိုခရီးကို သူမပါ လိုက်ခဲ့ရမည် မဟုတ်ပါလား။
ချန်းဖန်မှာမူ ပြန်လည် ရောက်ရှိသည်နှင့် တံခါးပိတ်ကာ အတွေ့အကြုံများကို ပြန်လည် သုံးသပ် နေခဲ့၏။ တစ်ချိန်တည်း၌ သူ့ကိုယ်သူ အလွန် အားနည်းသလို ခံစားနေရသည်။
“ရှေးဟောင်း ကျင့်ကြံသူတွေ ဖြစ်ဖြစ် စကြဝဠာ သားရဲတွေ ဖြစ်ဖြစ် အကုန်လုံးက ငါ့ကို ခြိမ်းခြောက် နိုင်ကြတယ် ... ငါ မြန်မြန် တိုးတက်မှ ဖြစ်မယ် ... မဟုတ်ရင် သူတို့နဲ့ တွေ့တာနဲ့ ငါ သက်သာမှာ မဟုတ်ဘူး”
ချန်းဖန်က စိတ်မသက်သာစွာ ပင့်သက်ရှိုက် လိုက်သည်။
ယခု ဘဝ၌ သူကား လုံးဝ ခြားနားသော လမ်းကြောင်း တစ်ခု၌ လျှောက်လှမ်း နေရခြင်း ဖြစ်သည်။
ဤကမ္ဘာ၌ သူ တိုက်ပွဲများစွာ တိုက်ခိုက်ပြီး စုဆောင်း ရရှိထားသော အရင်းအမြစ်များမှာ အစစ်အမှန် သိုင်းနတ်ဘုရား ဂိုဏ်း၏ သာမန် တပည့်တစ်ယောက် လွယ်ကူစွာ ရနိုင်သော ပမာဏသာ ဖြစ်သည်။
သို့သော်လည်း ယခုတွက်မူ အခြေအနေများက အနည်းငယ် ပိုကောင်းလာခဲ့ပြီ ဖြစ်၏။ ခွန်ရှု့၏ အရှင်သခင် အနေဖြင့် သူက “ခုန်” ဟု ပြောလျှင် အခြား ဂိုဏ်းချုပ်များမှာ စောဓက မတက်ဘဲ ခုန်ရမည်သာ ဖြစ်သည်။ သူတို့ အနေဖြင့် ချန်းဖန် ဆန္ဒရှိသမျှကို ဖြည့်ဆည်း ပေးရမည် ဖြစ်သည်။
“ခွန်ရှု့ နယ်မြေက ကမ္ဘာငယ်လေး ဆိုပေမဲ့ ကမ္ဘာထက် အရင်းအမြစ်တွေ ပိုပြီး များပြားတယ် …”
ချန်းဖန်က သူ၏ အရှေ့ရှိ ဝိညာဉ် ကျောက်တုံးပုံများ၊ ဝိညာဉ် ဆေးပင်များကို ကြည့်ရင်း ပြုံးလိုက်၏။
ထိုအရာများကား ဂိုဏ်းကြီး ခုနစ်ဂိုဏ်း အပြင် များစွာသော ဂိုဏ်းများ၊ မိသားစုများမှ ပေးကမ်း ထားသည့် အရာများ ဖြစ်သည်။
“ဟူး ... ဟူး …”
လုံလောက်သော အရင်းအမြစ်များကို စုဆောင်းပြီးနောက် ချန်းဖန်က တံခါးပိတ် ကျင့်ကြံတော့မည်ဟု ကြေညာလိုက်၏။ ယခု တစ်ကြိမ်၌ သူသည် သိသိသာသာ တိုးတက်လာစေရန် ဆုံးဖြတ်ထားသည်။
“ငါ ပြိုင်ဘက်ကင်း ဖြစ်မလာ မချင်း အပြင် ကမ္ဘာကို ထွက်မလာတော့ဘူး …”
ချန်းဖန်၏ မျက်လုံးများက ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်နှက် နေ၏။
သူ၏ လက်ရှိ ကျင့်ကြံခြင်း အဆင့်မှာ မူလ အလယ်ဆင့် ဖြစ်သည်။ အကယ်၍ သာမန် အတိုင်းသာ ကျင့်ကြံမည် ဆိုပါက မူလ နောက်ဆုံး အဆင့်ကို ဝင်ရောက်ရန် သုံးနှစ်ခန့် အချိန်ယူ ရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ဝိညာဉ် ကျောက်တုံးများ၊ ဝိညာဉ် ဆေးဝါးများမှာ များစွာသော အရာများကို ပြောင်းလဲပစ်နိုင်သည်။
တစ်လ …
နှစ်လ …
သုံးလ …
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် နှစ်ဝက် ကုန်ဆုံးသွားသည်။
ထိုခြောက်လ အတွင်း၌ ချန်းဖန်သည် ခွန်ရှု့ နယ်မြေ၏ ကိစ္စအဝဝကို လုယန်ရွယ်နှင့် ချီရှို့အာတို့ထံ လွှဲအပ်ကာ လုံးဝ ပျောက်ကွယ် နေခဲ့၏။
ချန်းဖန်၏ အမိန့် အောက်တွင် ခွန်ရှု့ နယ်မြေ၏ လူများမှာ ဝိညာဉ် ဆေးပင်များ၊ ဝိညာဉ် ကျောက်တုံးများကို ရှာဖွေကာ ယွင်ထျန်း နန်းတော်သို့ ပို့ကြရသည်။ အချို့ လူများဆိုလျှင် ဓားပြတိုက် သကဲ့သို့ တောင်းဆိုမှုကြောင့် နောက်ကွယ်၌ ညည်းညူ၍ပင် နေကြသည်။
“ကျွန်မ ဆရာရဲ့ ကာကွယ်မှုကို မလိုချင်ဘူး ဆိုရင် ရှင်တို့ ဘာမှ မပေးပဲ နေလို့ ရတယ်နော်”
ချီရှို့အာက ပြောသည်။
လုယန်ရွယ်ကလည်း ချန်းဖန်နှင့် စကြဝဠာ သားရဲတို့၏ တိုက်ပွဲကို ခွန်ရှု့ နယ်မြေသား တို့အား ပြသ၏။ သူမသည် ဓမ္မ အစီအရင် တစ်ခုကို သုံး၍ ထိုတိုက်ပွဲကို ပုံရိပ် ဖမ်းယူထားခြင်း ဖြစ်သည်။
“အဲဒီ ပုံရိပ်တွေက တကယ်ကြီးလား”
မီးဝိညာဉ် ဧကရာဇ်က နားမလည်စွာ မေးသည်။
ထိုအခါ ရတနာ ဝိညာဉ်က ရှေ့သို့ ထွက်၍ အမှန်ဖြစ်ကြောင်း အတည်ပြု၏။ သူက ခွန်ရှု့ နယ်မြေသားတို့အား ရှေးခေတ်ဟောင်း ကျင့်ကြံသူများနှင့် မျိုးနွယ်ခြား ကျူးကျော်သူများ၏ တိုက်ပွဲများ အကြောင်းကိုပါ ပြောပြလိုက်သည်။
ခွန်ရှု့နယ်မြေ၏ လူများမှာ လုယန်ရွယ်ကို မယုံသော်လည်း ရတနာ ဝိညာဉ်ကိုမူ ယုံကြည် ကြသည်။ သူကား ခွန်ရှု့ နယ်မြေ၏ ကျောရိုး ဖြစ်ရာ သူ၏ စကားတိုင်းက ရှေးဟောင်း ကျမ်းစာ သဖွယ် ဖြစ်၏။
အချိန်မရွေး ရောက်လာနိုင်သော အန္တရာယ်များ အကြောင်းကို သိရှိပြီးနောက် ခွန်ရှု့ နယ်မြေသားတို့သည် ဝိညာဉ် ကျောက်တုံးများကို ချန်းဖန်ထံသို့ လိုလိုချင်ချင် ပေးပို့လာကြသည်။
သူတို့၏ လုံခြုံရေးမှာ ချန်းဖန် ပိုမို အစွမ်းလာမှ စိတ်ချရမည် မဟုတ်ပါလား။
လုံလောက်သော အရင်းအမြစ်များ၏ ပံ့ပိုးမှု အောက်၌ ချန်းဖန်၏ စွမ်းအားမှာ တစ်နေ့ထက် တစ်နေ့ ပိုမို တိုးတက် လာနေခဲ့၏။
“ဝိညာဉ်ကျောက်တုံး ငါးသိန်း …”
“ဝိညာဉ်ကျောက်တုံး ဆယ်သိန်း …”
“ဝိညာဉ်ကျောက်တုံး ဆယ့်ငါးသိန်း …”
တစ်နှစ်ကြာပြီးနောက်၌ ...
မိုင်ထောင်ပေါင်း များစွာ အကာအဝေးမှ လူများပင်လျှင် ယွင်ထျန်း နန်းတော် အတွင်းပိုင်းမှ ထွက်ပေါ်နေသော စွမ်းအား အငွေ့အသက်ကို ခံစားလာကြရ၏။
“ဝမ်ရှင်း တန်ခိုးရှင် ချန်းပေ့ရွှမ်းတော့ နောက်တစ်ဆင့်ကို တက်သွားပြီ ထင်တယ် …”
မီးဝိညာဉ် ဧကရာဇ်က အဝေးသို့ လှမ်းမျှော်ငေးရင်း ရေရွတ် လိုက်သည်။
“အငွေ့အသက် အရဆို သူ့မှာ အမြုတေ ဖွဲ့စည်းခြင်း အထွတ်အထိပ် အဆင့်ရဲ့ စွမ်းအား ရှိနေပြီ ... သူက ကောင်းကင် တန်ခိုးရှင် အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့မယ် ထင်တယ်”
အခြား မြေကမ္ဘာ တစ်ယောက်ကလည်း မှတ်ချက် ချသည်။
ခွန်ရှု့ နယ်မြေ၏ များစွာသော လူများမှာမူ သက်ပြင်းသာ ချနေမိကြ၏။
ထိုချန်းပေ့ရွှမ်းကား အစောကပင်လျှင် ကောင်းကင် တန်ခိုးရှင်ကို သတ်နိုင်သည်အထိ အစွမ်းထက်နေသူ ဖြစ်သည်။ ယခုတစ်ကြိမ် အဆင့်တက်မှု အပြီး၌ သူက မည်မျှအထိ အစွမ်းထက် နေပြီနည်း။
တစ်နှစ် တစ်လ …
တစ်နှစ် နှစ်လ …
တစ်နှစ် သုံးလ …
နှစ်နှစ် ကြာပြီးနောက်တွင်ပင် ယွင်ထျန်း နန်းတော် အတွင်းရှိ စွမ်းအားမှာ ဆက်လက် တိုးတက်နေဆဲ ဖြစ်သည်။
တစ်ချိန်တည်းတွင် နန်းတော် အထက်၌ တိမ်တောင်တစ်ခု ဖွဲ့စည်းလာကာ ပတ်ဝန်းကျင်ရှိ ဝိညာဉ် ချီစွမ်းအင်များကို စုပ်ယူ၏။
“ဝမ်ရှင်း တန်ခိုးရှင် ချန်းပေ့ရွှမ်းက ဘာလုပ် နေတာလဲ …”
များစွာသော လူများက နားမလည်စွာဖြင့် ဆေးနွေး ငြင်းခုန် ကြသည်။
“သူက ကောင်းကင် တန်ခိုးရှင် အဆင့်ကို တက်နေတာလား …”
ရတနာ ဝိညာဉ်ပင်လျှင် စိတ်ဝင်တစားဖြင့် ချန်းဖန်အား စောင့်ကြည့်၏။
သို့သော်လည်း သုံးရက်ကြာပြီး နောက်၌ ကောင်းကင်ရှိ တိမ်တိုက်များမှာ တဖြည်းဖြည်း ရွေ့လျားကာ ပျောက်ကွယ် သွား၏။
“ထူးဆန်းတယ် ... မိုးကြိုး ကပ်ဘေးက ဘာလို့ ပေါ်မလာတာလဲ ... သူ ကျဆုံး သွားတာလား”
မီးဝိညာဉ် ဧကရာဇ်က မျက်မှောင် ကြုတ်လိုက်သည်။
“သူက ကောင်းကင် တန်ခိုးရှင် ဖြစ်မလာ သေးရင်တောင် အရမ်း နီးကပ်နေမှာ သေချာတယ်”
မရေမတွက်နိုင်သော လူများက သက်ပြင်း ချကြ၏။
သို့သော်လည်း အံ့အားသင့်စွာပင် ချန်းဖန်ကား ပေါ်မလာသေးချေ။ ထိုအတူ ယွင်ထျန်း နန်းတော်၏ တံခါးသည်လည်း ပိတ်ထားဆဲ ဖြစ်သာခ။
တစ်လ …
နှစ်လ …
သုံးလ …
ချန်းဖန်ကား အချိန် စီးဆင်းမှုကို မေ့လျော့ကာ ကျင့်ကြံခြင်း၌ ဆက်လက် နစ်မြုပ် နေခဲ့၏။
***