← Chapters

ကောင်းကင်ခန္ဓာ ထူးခြား အောင်မြင်ခြင်း

Vol. 8 Ch. 766

ကောင်းကင်ခန္ဓာ ထူးခြား အောင်မြင်ခြင်း

Vol. 8 Ch. 766

ယွင်ထျန်း နန်းတော် အတွင်း၌ …

“ဟူး ... ဟူး …”

ချန်းဖန်သည် ထိုင်လျက် အနေအထားဖြင့် လေထု၌ မြောပါနေ၏။ သူ၏ ခန္ဓာတစ်ဝိုက်တွင်မူ ရွှေရောင် အလင်းများက တောက်ပကာ ပြိုင်ဘက်ကင်းခြင်းကို ဖော်ဆောင် နေသည်။

“ခရက် ... ခရက်…”

တစ်ချက်တစ်ချက်တွင် လျှပ်စီးနှင့် မိုးကြိုးအလင်း အချို့က သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေ၏။ ထိုအခိုက်အတန့်၌ သူ၏ အရှိန်အဝါကား နျူကလိယဗုံးထက်ပင် ပိုမို သန်မာနေပုံ ရသည်။

အကယ်၍ ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူ တစ်ယောက် သို့မဟုတ် တာအို တန်ခိုးရှင် တစ်ယောက်သာ ထိုနေရာတွင် ရှိပါက အံ့ဩသွားလောက်သည်။

ထိုသို့သော ခန္ဓာအား ဗုဒ္ဓ ကျင့်ကြံသူများက ရွှေခန္ဓာဟု ခေါ်ကာ တာအို လမ်းစဉ်ကမူ နတ်ဘုရား ခန္ဓာဟု သတ်မှတ်၏။ မည်သို့ပင် အသုံးအနှုန်း ကွာခြား စေကာမူ ထိုအရာက အတူတူသာ ဖြစ်သည်။

“ခရက် …”

ချန်းဖန်က သူ၏ မျက်လုံးများကို ဖွင့်လိုက်ရာ ရွှေရောင် အလင်းနှစ်ခု လင်းလက် တောက်ပ လာသည်။ ထိုအလင်းများမှာ အလွန် စူးရှရကား အခန်း အတွင်းရှိ လေထုပင်လျှင် နှစ်ခြမ်းကွဲ၏။

ထို့နောက် ချန်းဖန်က သူ၏ လက်များနှင့် ခြောက်ထောက်များကို ဆန့်တန်းလိုက်၏။

“ဘုန်း …”

အင်အားကြီးသော သွေးချီလှိုင်းတစ်ခု သူ၏ ခန္ဓာ အတွင်းမှ ပျံ့လွင့်လာသည်။ သူ၏ ခြေထောက် ကြမ်းပြင်သို့ ထိချိန်၌ ယွင်ထျန်း နန်းတော်မှာ ငလျင်လှုပ် သကဲ့သို့ တုန်ရီ သွား၏။

“သုံးနှစ် ... နောက်ဆုံးတော့ ကောင်းကင် ခန္ဓာကို ငါ ပိုင်ဆိုင်ခဲ့ပြီ”

ချန်းဖန်က လေးပင်သော သက်ပြင်း ရှည်ကြီး ချလိုက်သည်။

ကောင်းကင် ခန္ဓာ ကျင့်ကြံခြင်းတွင် အဆင့် ငါးခု ရှိသည်။ ၎င်းတို့မှာ

(၁) အခြေခံ အဆင့်

(၂) စဦး အောင်မြင်ခြင်း အဆင့်

(၃) ထူးခြား အဆင့်

(၄) ပြည့်စုံခြင်း အဆင့်နှင့်

(၅) အထွတ်အထိပ် အဆင့်

ဟူ၍ ဖြစ်၏။

ငါးခု အနက်တွင် အထွတ်အထိပ်အဆင့် ကောင်းကင်ခန္ဓာမှာ အမြင့်ဆုံးဖြစ်ပြီး ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်နှင့် အထက် ကျင့်ကြံသူများသာ ပိုင်ဆိုင်နိုင်ကြသည်။

“ထူးခြား အဆင့်ကို ရောက်ပြီ ဆိုတော့ ငါ့မှာ ရွှေအမြုတေ အဆင့်ခန္ဓာ ရှိနေပြီလို့ ဆိုနိုင်တယ် ... အဲဒီ ခန္ဓာနဲ့ ဆိုရင် ရွှေအမြုတေ အဆင့်ကို ငါ အနိုင်ယူနိုင်မှာ သေချာတယ်”

ချန်းဖန်က လက်သီးကို ဆုပ်ရင်း ထိုအထဲမှ စွမ်းအားကို ခံစား လိုက်၏။ ထိုလက်သီးဖြင့် သူသည် ခွန်ရှု့ နယ်မြေကိုပင် ဖျက်ဆီးပစ်ရန် ယုံကြည်ချက် ရှိသည်။

“ဒီခန္ဓာရဲ့ စွမ်းအားနဲ့ ဆိုရင် အာကာသ ဟင်းလင်းပြင်မှာတောင် အကာအကွယ် မပါဘဲ ငါ ပျံသန်းနိုင်ပြီ ... ဘယ်လို ပတ်ဝန်းကျင်မျိုးမှာမဆို ငါအသက်ရှင်နိုင်စွမ်း ရှိပြီ”

ချန်းဖန်က ကျေနပ်စွာဖြင့် အနည်းငယ် ပြုံးလိုက်၏။

ထို့အပြင် သူ၏ ကောင်းကင် ခန္ဓာ ကျင့်စဉ်မှာ အဇူရာ သက်ရှည် ကောင်းကင် ခန္ဓာ ဖြစ်ရာ သာမန် ကောင်းကင် ခန္ဓာများထက် ပိုမို အစွမ်းထက်သည်။

အကယ်၍ ယခု အချိန်တွင်သာ ယွင်ထျန်းရွှမ်နှင့် ရင်ဆိုင်ရပါက မည်သည့် လက်နက်မျှ မသုံးလျှင်ပင် တစ်ချက်တည်းဖြင့် သူ အနိုင်ယူ နိုင်နေပြီ ဖြစ်သည်။

“ကောင်းကင်ခန္ဓာ ထူးခြားအဆင့်ကို ရောက်ပြီ ဆိုတော့ ငါရဲ့ ခန္ဓာကိုယ် ထဲမှာ နတ်ဘုရား စွမ်းအား အသစ်တွေ ပေါ်လာမှာ သေချာတယ် …”

ချန်းဖန်က စဉ်းစားရင်း မေးစေ့ကို ပွတ်သပ် လိုက်သည်။

“ဒါပေမဲ့ အဲဒါတွေကို ရှာဖွေဖို့က ငါ့အတွက် အလျင် မလိုသေးဘူး ... အရင်ဆုံး ငါဖွဲ့စည်းထားတဲ့ အမြုတေက ဘယ်လိုလဲ ဆိုတာ ကြည့်လိုက်ရအောင်”

ထို့နောက် ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို ခန္ဓာကိုယ် အတွင်းသို့ ပို့လွှတ်ကာ စစ်ဆေးလိုက်၏။

သူ၏ ဒန်တျန် အတွင်းတွင်မူ မှေးမှိန်စွာ တောက်ပနေသော အလုံးတစ်လုံး ရှိသည်။ ထိုအလုံးမှာ ကြက်ဥ အရွယ်အစားခန့် ရှိပြီး မျက်နှာပြင်၌ အရိပ် နှစ်ခု ရှိသည်။ ထိုအရိပ် နှစ်ခုမှာ ခွန်ပန်နှင့် လိန်ဟူ သားရဲတို့ပင် ဖြစ်သည်။

လွန်ခဲ့သည့် သုံးနှစ် အတွင်း၌ ချန်းဖန်သည် မူလ နောက်ဆုံး အဆင့်ကို ကျော်ဖြတ်ကာ အမြုတေ ဖွဲ့စည်းခြင်း အဆင့်ကိုပင် ဝင်ရောင် နိုင်ခဲ့သည်။ သူ၏ အမြုတေမှာ ရွှေအမြုတေ မဖြစ်သေးသည့်တိုင် ယွင်ထျန်းရွှမ်း၏ ရွှေအမြုတေထက် ပို၍ပင် အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။

“ကျင့်ကြံသူ အများစုက မိုးကြိုး ကပ်ဘေးကို ကံကောင်းမှု အပေါ်မှာပဲ မှီခိုပြီး ဖြတ်ကျော် ကြတယ် ...  ဒါပေမဲ့ မိုးကြိုး ကပ်ဘေးကို ရင်ဆိုင်ပြီး အဆင့်မြင့် ရွှေအမြုတေကို ဖွဲ့စည်းဖို့ ဆိုရင် ဖွဲ့စည်းထားတဲ့ အမြုတေက ပိုနိုင်သမျှ ပိုပြီး အစွမ်းထက်ဖို့ လိုအပ်တယ်”

ချန်းဖန်က ထိုင်ရာမှ ထကာ တံခါးဆီသို့ ဦးတည် လိုက်၏။ သူ၏ မျက်လုံးများက ယုံကြည်ချက် ရှိမှုဖြင့် တည်ငြိမ် နေသည်။

“ငါ ချန်းပေ့ရွှမ်း ဘယ်တော့မှ အမှား တစ်ခုကို နှစ်ခါ မလုပ်ဘူး ... ချောင်အမြုတေကို ဖွဲ့စည်းဖို့ လုံလောက်တဲ့ အမြုတေကို မရမချင်း မိုးကြိုးကပ်ဘေးကို ငါ မဖြတ်ကျော်ဘူး”

သုံးနှစ်တာ ကျင့်ကြံ အပြီး၌ ချန်းဖန်ကား မူလ ဆယ်ကျော်သက် ရုပ်ရည်ကို ပြန်လည် ပိုင်ဆိုင် နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ မီးခိုးရောင် ဆံပင်များမှာမူ အပြောင်းအလဲ မရှိ ကျန်ရှိ နေခဲ့၏။

“ခရက်…”

ချန်းဖန်က တံခါးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

အပြင်ဘက်တွင်မူ သူ့အား စောင့်ရင်း အိပ်ပျော်နေပုံရသည့် ချီရှို့အာ ရှိနေခဲ့သည်။ သူမက တံခါး ဖွင့်သံကို ကြားသည်နှင့် ကပြာကယာ ထကာ မျက်လုံးများကို ပွတ်သပ် လိုက်၏။

“ဆရာ ... ထွက်လာပြီလား”

“ဟုတ်တယ်…”

ချန်းဖန်က ပြုံးရင်း ကလေးမ၏ ဦးခေါင်းအား ပွတ်သပ် ပေးလိုက်သည်။

“ဝမ်ရှင်း တန်ခိုးရှင် ချန်းပေ့ရွှမ်း တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာပြီ…”

ထိုသတင်းက ခဏအတွင်းမှာပင် ခွန်ရှု့ နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့ သွားသည်။ သတင်းအား ကြားသည်နှင့် များစွာသော  ဂိုဏ်းချုပ်များ၊ မိသားစု ခေါင်းဆောင်များမှာ ချန်းဖန်အား ဂါရဝ ပြုရန် ယွင်ထျန်း နန်းတော်သို့ စုစည်း ရောက်ရှိ လာကြတော့သည်။

ယွင်ထျန်း နန်းတော်၏ အဓိက ခန်းမကြီး အတွင်း၌…

ခွန်ရှု့ နယ်မြေ၏ မြေကမ္ဘာ နတ်ဘုရားများကား စုစည်း ရောက်ရှိ နေ၏။ သူတို့သည် ပလ္လင်များ အထက်၌ ထိုင်ရင်း ချန်းဖန် ရောက်ရှိနေမည့် အဆင့်ကို ဆွေးနွေး ငြင်းခုန် နေကြသည်။

“ဟူး ... ဟူး …”

ချန်းဖန်သည် အမြင့်ဆုံးသော ပလ္လင်၏ အထက်၌ ထိုင်နေခဲ့၏။ သူ၏ ရှည်လျားသော မီးခိုးရောင် ဆံပင်များက ပခုံးထက်၌ ပြေလျော့ကာ ကျနေသည်။ သို့သော်လည်း ထိုအရာက သူ၏ ရုပ်ရည်အား ပိုမို ခန့်ညားစေ၏။

“ဆရာ ... ဆရာက ကောင်းကင် တန်ခိုးရှင် ဖြစ်သွားပြီလား”

ချီရှို့အာက စိတ်ဝင်တစားဖြင့် ချန်းဖန်အား မေးလိုက်သည်။

လူတိုင်းက သူတို့၏ ဆွေးနွေးမှုများကို ရပ်ကာ နားစွင့် လိုက်ကြ၏။ ထိုအရာက သူတို့လည်း သိချင်နေသော မေးခွန်းပင် ဖြစ်သည်။

“ကောင်းကင် တန်ခိုးရှင် အဆင့်လား …”

ချန်းဖန်က ဝိညာဉ် သားရဲကင် အပိုင်းအစ တစ်ခုကို စားသောက်ရင်း ပြန်လည် ဖြေလိုက်သည်။

“ငါက ရွှေအမြုတေကို မဖွဲ့စည်းရသေးဘူး ဆိုတော့ အဲဒီ အဆင့်ကို ရောက်ဖို့ ဝေးကွာသေးတယ်”

ချီရှိုအာမှာ ချန်းဖန်၏ အဖြေကြောင့် အနည်းငယ် စိတ်ပျက် သွားခဲ့သည်။ မီးဝိညာဉ် ဧကရာဇ်နှင့် အခြား မြေကမ္ဘာ အဆင့်များမှာလည်း သက်ပြင်း ချကြ၏။

သို့သော်လည်း ချန်းဖန်က ခဏ အကြာ၌ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ အခု ငါ ကောင်းကင် တန်ခိုးရှင်ကို အလွယ်လေး သတ်နိုင်နေပြီ …”

“ဘုန်း …”

တစ်ချိန်တည်း၌ ကြောက်မက်ဖွယ် စွမ်းအား တစ်ခုက သူ၏ ခန္ဓာကိုယ်မှ အဘက်ဘက်သို့ ပျံ့နှံ့ကာ ထွက်ပေါ်လာ၏။ ထိုစွမ်းအား၏ အရှိန်အဝါ အောက်၌ အဆင့်မြင့် ဝိညာဉ် ရတနာ ဖြစ်သော ယွင်ထျန်း နန်းတော်ပင်လျှင် တဆတ်ဆတ် လှုပ်ခါ သွားခဲ့သည်။

“ဘုန်း ... ဘုန်း ... ဘုန်း …”

များစွာသော မြေကမ္ဘာ နတ်ဘုရားများမှာ ပလ္လင်များထက်မှ ဆင်း၍ ဒူးထောက် လိုက်ကြ၏။

ချန်းဖန်က ဘာမှ မဖြစ်ခဲ့သလိုပင် အေးဆေးစွာ ပြုံးရင်း အရှိန်အဝါကို ပြန်လည် ရုပ်သိမ်း လိုက်သည်။

သို့သော်လည်း မြေကမ္ဘာ နတ်ဘုရားများမှာမူ အသည်းနှလုံးထဲမှ ထိတ်လန့် နေကြဆဲ ဖြစ်သည်။ ထိုစွမ်းအား အရှိန်အဝါမှာ ကောင်းကင် တန်ခိုးရှင် ယွင်ထျန်းရွှမ်ထက်ပင် များစွာ ပိုမို သာလွန်နေသည် မဟုတ်ပါလား။

“ဂုဏ်ပြုပါတယ် ဝမ်ရှင်း တန်ခိုးရှင် ... သင့်ရဲ့ ကာကွယ်မှု အောက်မှာ ကျွန်တော်တို့ ခွန်ရှု့ နယ်မြေက ပိုပြီး တိုးတက်လာမှာ သေချာပါတယ်”

မိန်ချင်း ဂိုဏ်းချုပ်က လက်သီးကို ဆုပ်ရင်း ပြောလိုက်သည်။ အခြားသော မြေကမ္ဘာ နတ်ဘုရားများကလည်း တညီတညွှတ်တည်း ဦးညွှတ် အရိုအသေ ပြုကြ၏။

“ထကြတော့ …”

ချန်းဖန်က အင်္ကျီလက်ကို ခါယမ်းရင်း ဆိုလိုက်၏။

သုံးနှစ်တာ တံခါးပိတ် ကျင့်ကြံပြီး နောက်၌ ချန်းဖန်သည် မူလကထက် များစွာ အစွမ်းထက် လာခဲ့၏။ သူသည် ကောင်းကင် ခန္ဓာကျင့်ကြံခြင်း၌ ထူးခြား အောင်မြင်ခြင်း အဆင့်အထိ ရောက်နေရုံသာမက စွမ်းအင် ကျင့်ကြံခြင်းတွင်လည်း အမြုတေ ဖွဲ့စည်းခြင်း အဆင့်အထိပင် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။

သို့ဖြစ်ရာ ယခုအချိန်၌ ယွင်ထျန်းရွှမ်နှင့် တိုက်ခိုက် ရပါက သူ့အနေဖြင့် လက်တစ်ဖက်တည်းပင် အနိုင်ယူနိုင်နေပြီ ဖြစ်သည်။

“ရှောင်ဖန် ... အခု နင်က ပိုပြီး အစွမ်းထက် လာပြီ ဆိုတော့ ကောင်းကင် လမ်းကြောင်းကို ပြန်ဝင်တော့မှာလား”

လုယန်ရွယ်က မေး၏။

“ဟင်အင်း အဲဒါက နောက်မှပါ ... အရင်ဆုံး ကမ္ဘာမြေကို ပြန်ပြီး ငါ့မိသားစုဝင်တွေနဲ့ တွေ့လိုက်ဦးမယ် ... သူတို့ရဲ့ လုံခြုံရေးကို စိတ်ချရပြီ ဆိုမှ ဒီကို ပြန်လာပြီးတော့ ကောင်းကင် လမ်းကြောင်းကို ဝင်တော့မယ်”

ချန်းဖန်က အနည်းငယ် စဉ်းစားရင်း ပြန်ဖြေ လိုက်သည်။

“ဒါပေမဲ့ ကောင်းကင်တံခါးက မတည်ငြိမ် သေးဘူးလေ ... ဝမ်ရှင်း တန်ခိုးရှင်က သေမျိုး ကမ္ဘာကို ဘယ်လို ပြန်မှာလဲ”

မီးဝိညာဉ် ဧကရာဇ်က မေး၏။

“ကိစ္စ မရှိဘူး …”

ချန်းဖန်က အေးဆေး သက်သာစွာပင်  ပြုံးလိုက်သည်။

မကြာခင်မှာပင် ချန်းဖန်မှာ သူ၏ အိမ်အပြန် ခရီးအတွက် အလုံးစုံ ပြင်ဆင်ပြီး သွားခဲ့သည်။ သူသည် ခွန်ရှု့ နယ်မြေ၏ ရတနာများ အပါအဝင် အဖိုးတန် ပစ္စည်းများကို ဓားအားဖြည့် ကျောက်မျက် အတွင်း ထည့်ကာ ထုပ်ပိုးလိုက်၏။

မန်စန်းတောင် …

များစွာသော ကျင့်ကြံသူများမှာ ကျောက်တုံး တံခါးနား၌ စုစည်း ရောက်ရှိ နေကြသည်။ သူတို့၏ အရှေ့တွင်မူ ထွက်ခွာရန် အသင့် ဖြစ်နေသော ချန်းဖန် ရှိ၏။

“နင် ငါနဲ့ ပြန်မလိုက်ဘူးလား …”

ချန်းဖန်က လုယန်ရွယ်အား ကြည့်လိုက်သည်။

“ဟင့်အင်း …”

မိန်းကလေးက ဆုံးဖြတ်ပြီးဟန်ဖြင့် ခေါင်းအား ခါလိုက်သည်။

“ငါဒီမှာပဲ နေတော့မယ် ... အဲဒါမှ နင် ခွန်ရှု့ နယ်မြေ အကြောင်း တွေးတိုင်း ငါ့ကို သတိရမှာပေါ့”

“ကောင်းပြီလေ …”

ချန်းဖန်က ခေါင်းညိတ်ကာ ကျောက်တုံး တံခါးဆီသို့ ဦးတည်လိုက်သည်။

“ဟူး … ဟူး …”

ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင် သူသည် ကောင်းကင်တံခါးကို ဖွင့်ကာ အတွင်းသို့ ဝင်ရောက် ပျော်ကွယ် သွားတော့၏။

***

All Chapters