← Chapters

ကမ္ဘာသို့ ပြန်ခြင်း

Vol. 8 Ch. 767

ကမ္ဘာသို့ ပြန်ခြင်း

Vol. 8 Ch. 767

ခရစ်နှစ် ၂၀၁၆ ခုနစ်၊ မတ်လ ၂၈ ရက် …

ခွန်းလွန် နတ်ဘုရား သင်္ချိုင်း တောင်ကြား အတွင်း၌ …

“ကလန့် …”

ကျောက်တုံးတံခါးသည် ရုတ်တရက် တုန်ခါလာကာ အနက်ရောင် အပေါက်တစ်ခု ဖြစ်ပေါ်လာ၏။

ထို့နောက် ရှည်လျားသော မီးခိုးရောင် ဆံပင်နှင့် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက် ပေါ်ထွက်လာသည်။

“ငါ ကမ္ဘာကနေ ထွက်လာခဲ့တာ သုံးနှစ်တောင် ရှိသွားပြီ …”

ထိုလူကား ချန်းဖန်ပင် ဖြစ်သည်။

ချန်းဖန်က ပတ်ဝန်းကျင်ကို အကဲခတ်ရင်း မျက်မှောင်ကြုတ်လိုက်၏။

“ဘာဖြစ်လို့ နတ်ဘုရား သင်္ချိုင်း တောင်ကြားမှာ ခွန်းလွန်နဲ့ မြောက်ပိုင်းချုံးရဲ့ လူတစ်ယောက်မှ ရှိမနေတာလဲ ... ကြည့်ရတာ ဒီမှာ တိုက်ပွဲ ဖြစ်သွားတာလား”

ချန်းဖန်က ကောင်းကင်တံခါး ကျောက်ဖျာ၌ ပေါ်နေသော အက်ရာများ၊ အမှတ်အသားများကို ကြည့်ရင်း မျက်မှောင်ကြုတ် လိုက်သည်။

“ငါ ခွန်ရှု့ကို ရောက်နေတဲ့ အတောအတွင်း တစ်ယောက်ယောက်က ခွန်းလွန်ကို တိုက်ခိုက်ခဲ့တာလား ... ဘယ်သူ ဖြစ်မလဲ ... အမေရိကန်များလား”

ချန်းဖန်က နားမလည်စွာ ရေရွတ် လိုက်သည်။

“ဘုန်း…”

ထို့နောက် သူက မစဉ်းစားတော့ပဲ နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်ကာ ကောင်းကင်သို့ ပျံတက်လိုက်၏။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ချန်းဖန်သည် နတ်ဘုရား သင်္ချိုင်း အပြင်ဘက်သို့ ရောက်လာခဲ့သည်။ တစ်ချိန်တည်း၌ သူ၏ နတ်ဘုရား စိတ်အာရုံမှာလည်း ပတ်ဝန်းကျင်အား စစ်ဆေးပြီး ဖြစ်သည်။

“ဟူး ... ဟူး …”

နတ်ဘုရား သင်္ချိုင်း တောင်ကြား တစ်ခုလုံးနှင့် ခွန်းလွန်၏ နှင်းတောင်များကား စစ်ပွဲ လက်ရာ ခြေရာများ ပြည့်နှက်နေ၏။ သူ မထွက်ခွာခင် ထိုနေရာ၌ ဆောက်လုပ်နေသော အခြေစိုက် စခန်းများလည်း မရှိတော့ချေ။

“ငါ မရှိတဲ့ အတောအတွင်း ကမ္ဘာမှာ ဘာတွေ ဖြစ်ခဲ့တာလဲ ... ကြည့်ရတာ အမေရိကန်ရဲ့ လက်ချက်တော့ မဟုတ်နိုင်ဘူး”

“ဟူး …”

ချန်းဖန်က ကောင်းကင်သို့ ပျံတက်ရင်း ထပ်မံ စစ်ဆေး ကြည့်လိုက်သည်။

ခွန်လွန် တောင်စဉ်တန်း အနီးရှိ တိဗက် မြို့ငယ်၊ ရွာငယ်များကား တစ်ခုပင် မကျန်ရှိ တော့ချေ။

ထိုနေရာ၌ တောခွေးများနှင့် ဝံပုလွေများသာ နေထိုင် ကျက်စား နေကြ၏။ ဝံပုလွေအုပ်စု တစ်ခု၌ မျက်လုံး စိမ်းစိမ်းနှင့် နွားတစ်ကောင်ခန့် အရွယ်အစား ရှိသော ဝံပုလွေ တစ်ကောင်ကိုပင် ချန်းဖန် တွေ့ခဲ့ရသည်။

“မဟုတ်သေးဘူး ... ကမ္ဘာပေါ်မှာ ဒီလောက် ကြီးတဲ့ ကောင်မျိုး ဘယ်တုန်းက ပေါ်လာတာလဲ”

ချန်းဖန်သည် ကမ္ဘာ၌ မကောင်းသည့် အရာတစ်ခုခု ဖြစ်ပွားသွားခဲ့ကြောင်း ခံစားလိုက်မိသည်။

“ဟူး ... ဟူး …”

ကီလိုမီတာ သုံးရာခန့် ပျံသန်း လာပြီးနောက် ပထမဆုံးမြို့ကို ချန်းဖန် တွေ့လိုက်ရ၏။

ထိုမြို့ကား ရှီဟိုင် ပြည်နယ် အတွင်းရှိ ရှန်းမင် အမည်ရသောမြို့ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ရှန်းမင်မြို့၌ လူဦးရေ သိန်းဂဏန်းသာ မှီတင်း နေထိုင်ကြသည်။ သို့သော်လည်း ယခုတွင်မူ ထူးဆန်းစွာပင် မြို့တစ်မြို့လုံး၌ လူများဖြင့် ပြည့်နှက် နေသည်။

ထို့အပြင် မြို့၏ ပတ်လည်၌လည်း တင်းကျပ်စွာ ချထားသော စစ်စခန်းများကို တွေ့ရ၏။

“ဘာတွေဖြစ်နေတာလဲ…”

ချန်းဖန်က နားမလည်စွာပင် ရုပ်ဖျက် အစီအရင်တစ်ခု ခင်းကျင်းကာ မြို့အတွင်း ဝင်လာခဲ့သည်။

ရှန်းမင်မြို့၏ ကျယ်ပြန့်သော လမ်းမများကား မရေတွက်နိုင်သော လူများဖြင့် ပြည့်နှက်နေ၏။ ထိုလူများ၏ မျက်နှာများမှာ စိုးရိမ် ပူပန်ဟန်ဖြင့် ညှိုးနွမ်း နေကြသည်။

“မင်းကြားပြီးပြီလား ... ချင်းဟူမြို့ကို ဝံပုလွေ တစ်အုပ်က ခုနစ်ရက် တိုင်တိုင် တိုက်ခိုက်ခဲ့တယ်တဲ့ ... အဲဒီမြို့မှာ နေတဲ့ လူထောင်ဂဏန်းလုံး အစားခံလိုက်ရတယ်တဲ့ ... ကြောက်ဖို့ ကောင်းလိုက်တာ”

“အဲဒီမြို့မှာ စစ်တပ် မရှိဘူးလား…”

“ရှိတယ် ... ဒါပေမဲ့ သူတို့လည်း ဘာမှ မလုပ်နိုင်ခဲ့ဘူးတဲ့ ... ကြားရသလောက်ဆို ဝံပုလွေအုပ်နဲ့အတူ ပါလာတဲ့ သန္ဓေပြောင်း သားရဲ တစ်ကောင်က စစ်တပ် ခံစစ်တစ်ခုလုံးကို ချိုးဖျက် ပစ်ခဲ့တာတဲ့”

လူများစွာက ခေါင်းများကို ခါရင်း သက်ပြင်း ချကြသည်။

“ဝံပုလွေအုပ် သန္ဓေပြောင်းသားရဲ …”

လူများ အကြား၌ ရောက်နေသော ချန်းဖန်က မျက်မှောင်ကြုတ် လိုက်၏။

သူ မထွက်ခွာခင်က ကမ္ဘာကြီးကား လုံခြုံကာ အေးချမ်းသော နေရာတစ်ခု ဖြစ်ခဲ့သည်။ ထိုကဲ့သို့သော အပြောင်းအလဲများက မည်ကဲ့သို့ ရောက်လာရ သနည်း။

“ငါတော့ ဖြစ်နိုင်သမျှ အရှေ့ ကမ်းရိုးတန်း ဒေသကို အမြန်ဆုံး ပြောင်းချင်နေပြီ ... ပိုက်ဆံရှိတဲ့ လူတွေဆို ပြောင်းသွားတာ ကြာပြီ”

“အဲဒါက ပြောသလောက် မလွယ်ဘူးနော် ... ခုအချိန်မှာ အရှေ့ပိုင်းမြို့တွေရဲ့ အိမ်ဈေးက မိုးထိအောင် တက်နေပြီ ... နောက်ပြီး ပင်လယ်ထဲမှာလည်း သားရဲတွေ ရှိတယ်တဲ့ ... သူတို့က ကုန်းပေါ်ကို မတက်သေးတာဘဲ ရှိတာ”

“ဘာပဲဖြစ်ဖြစ် ငါတို့က အဆိုးဆုံး မဟုတ်သေးပါဘူး ... အိန္ဒိယ ဆိုရင် ပိုင်နက် တစ်ဝက်လောက်တောင် သားရဲတွေ  လက်ထဲကို ပါသွားပြီတဲ့”

ချန်းဖန်က လူအများ၏ စကားများကို နားထောင်ရင်း ဆက်လက် လျှောက်လာခဲ့၏။ သူ၏ စိတ်များမှာမူ နောက်ကျိ ရှုပ်ထွေး နေခဲ့သည်။

“သားရဲတွေ ဘယ်လောက်ပဲ အင်အား ကြီးကြီး ခေတ်မီ လက်နက်တွေကို ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး ... နောက်ပြီး အိန္ဒိယ ဆိုရင်လည်း နျူကလိယ လက်နက်ကို ပိုင်ဆိုင်ထားတာပဲ ... ဘာလို့ သူတို့ရဲ့ နယ်မြေ တစ်ဝက်က ဆုံးရှုံးသွားရတာလဲ ... သူတို့ ပြောတဲ့ သားရဲတွေက မူလအဆင့် သားရဲတွေ မလို့လား”

ချန်းဖန်သည် လျှောက်လာရင်း တစ်နေရာ အရောက်၌ သိုင်းပညာရှင် တစ်အုပ်ကို တွေ့လိုက်ရ၏။ ထိုအုပ်စုမှ သိုင်းပညာရှင် အများစုမှာ အတွင်းအား ထပ်သီး အဆင့်၌ ရှိနေကြပြီး အစွမ်း အထက်ဆုံး တစ်ယောက် ဆိုလျှင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိ နေခဲ့၏။

ထို့နောက် ချန်းဖန်က ထိုသိုင်းပညာရှင်ကို ဖမ်းဆီးကာ မျှော်စင်တစ်ခု၏ ထိပ်သို့ ခေါ်ဆောင် လာခဲ့သည်။

“နှုတ် ... နှုတ်ဆက်ပါတယ် ... ကျွန်တော်က ပါးကျီဂိုဏ်းက ဟော်ထင်းရှန်ပါ”

အသက်လတ် သိုင်းပညာရှင်က အထစ်ထစ် အငေါ့ငေါ့ဖြင့် ဂါရဝပြု နှုတ်ဆက် လိုက်သည်။ သူသည် သူ့အား ဖမ်းဆီးလာသူမှာ လျှို့ဝှက် ပညာရှင် တစ်ယောက် ဖြစ်ကြောင်း သတိပြုမိရာ အနည်းငယ်ပင် မလေးမစား မလုပ်ဝံ့ချေ။

“မင်းက ပါးကျီဂိုဏ်းကပေါ့ ... ဟော်တုန်းလိုင်နဲ့ ဘာတော်လဲ”

ချန်းဖန်က မေးလိုက်သည်။

“သူက ကျွန်တော့်ရဲ့ အကို ဝမ်းကွဲပါ ခင်ဗျာ ... သူက လွန်ခဲ့တဲ့ သုံးနှစ်မှာ အထွတ်အထိပ် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမဲ့ ချင်းဟိုင် ရေကန် တိုက်ပွဲမှာ သေသွားခဲ့ပါတယ် ... ဆရာကြီးက သူ့ကို သိလို့လား”

ဟော်ထင်းရှန်က ပြန်လည် အဖြေပေး လိုက်သည်။

“သူ သေသွားပြီလား …”

ချန်းဖန်၏ မျက်လုံး၌ စိတ်မကောင်းမှု တစ်စွန်းတစ်စ ဖြတ်ပြေးသွား၏။

ဟော်တုန်းလိုင်မှာ ထန်လုံ တပ်ဖွဲ့မှ တပ်ကြပ် တစ်ယောက် ဖြစ်ရာ သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်း တစ်ယောက် ဟု ဆိုနိုင်သည်။ သို့သော်လည်း ယခုတွင်မူ ထိုစိတ်ဓာတ် ကြံ့ခိုင်သော စစ်သားကြီးကား ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။

“လွန်ခဲ့တဲ့ သုံးနှစ် အတွင်း ဘာတွေ ဖြစ်ခဲ့လဲ ပြောပြစမ်း …”

ချန်းဖန်က မေးလိုက်၏။

ဟောင်ထင်းရှန်က ချန်းဖန်မှာ တံခါးပိတ် ကျင့်ကြံရာမှာက ထွက်လာသော ဆရာကြီး တစ်ယောက် ဖြစ်လိမ့်မည်ဟု စိတ်ထဲမှ ကျိတ်ကာ မှတ်ချက် ချလိုက်သည်။ သူက ချန်းဖန်ကို ပါးကျီဂိုဏ်း အတွင်း ဝင်ရောက်ဖို့ ဖိတ်ခေါ်ရန်ပင် တွေးလိုက်မိသည်။

ထို့နောက် ဟော်ထင်းရှန်က လွန်ခဲ့သည့် သုံးနှစ်အတွင်း ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို ချန်းဖန်အား စတင်ကာ ရှင်းပြလိုက်၏။

“အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့လည်း သေချာ မသိဘူး …”

***

All Chapters