← Chapters

ခေတ်သစ် တစ်ခု၏ အစ

Vol. 8 Ch. 768

ခေတ်သစ် တစ်ခု၏ အစ

Vol. 8 Ch. 768

လွန်ခဲ့သည့် သုံးနှစ်မှ စ၍ ကမ္ဘာကြီးတွင် မျက်လှည့်ဆန်သည့် အပြောင်းအလဲများ ဖြစ်ပေါ် လာခဲ့သည်။

တိရစ္ဆာန်များသည် တဖြည်းဖြည်း ကြီးထွားလာကာ တစ်ချိန်တည်း၌ ပိုမို၍ ရက်စက် ကြမ်းကြုတ် လာကြ၏။ ပုံမှန် သုံးမီတာခန့်သာ ရှည်လျားသော ဝံပုလွေများ၊ ကျားများမှာ ငါးမီတာအထိ ရှည်လျားလာကာ အချို့ကောင်များ ဆိုလျှင် ခြောက်ပေ အထိပင် ကြီးထွား လာကြသည်။

နူးညံ့သော ယုန်များပင်လျှင် ခါတိုင်းထက် ပိုမို ကြီးမားလာကာ လူသားများအား တိုက်ခိုက် ကြသည်။

ထို့အတူ လူသားများတွင်လည်း ထူးဆန်းသော ဆင့်ကဲပြောင်းလဲခြင်းများ တစ်ခုပြီး တစ်ခု ဖြစ်လာသည်။

လူများသည် နေရင်း ထိုင်ရင်းပင် ပိုမို သန်စွမ်း ကျန်းမာ လာကြသည်။ သူတို့ ခံစားနေရသော ရောဂါများ ပင်လျှင် ဆေးကုသစရာ မလိုဘဲ ပျောက်ကွယ် ကုန်ကြ၏။

တစ်ချိန်တည်း၌ သိုင်းပညာရှင်များ၏ ကျင့်ကြံခြင်း လမ်းစဉ်မှာလည်း ပိုမို၍ ဖြောင့်ဖြူး လာသည်။

သုံးနှစ်ကာလ အတောအတွင်း အရှေ့တိုင်း၌ များစွာသော အထွတ်အထိပ် အဆင့်များ၊ တန်ခိုးရှင် အဆင့်များပင် ပေါ်ထွက် လာကြသည်။

“ဒါဆို ကမ္ဘာကြီးက ပြန်ပြီး အသက်ဝင် လာတာလား …”

ချန်းဖန်က စဉ်းစားရင်း မျက်မှောင်ကြုတ် လိုက်၏။

ကမ္ဘာ၏ ပြောင်းလဲမှုများမှာ အခြား ကျင့်ကြံခြင်း ဂြိုဟ်များရှိ ပုံစံများနှင့် တူညီမှု ရှိသည်။

ဝိညာဉ်ချီ ထူထပ်ခြင်းနှင့် သက်ရှိမျာ၏ သန်မာမှုက အမြဲတမ်း ထပ်တူ ကျသည်။ ထိုအရာက စကြဝဠာ၏ မပြောင်းလဲသော သဘောတရား ဖြစ်သည်။

ဥပမာ ခွန်ရှု့နယ်မြေတွင် သာမန် လူများမှာ မကျင့်ကြံသည့်တိုင် အနှစ်တစ်ရာကျော် နေနိုင်ကြသည်။ ထို့အတူ မန်စန်းတောင်ရှိ သားရဲများမှာ မကျင့်ကြံပါပဲ တန်ခိုးရှင် အဆင့် အလား အစွမ်းထက် ကြသည်။

“ငါ ကောင်းကင်တံခါးက ထွက်ထွက်ချင်း တစ်ခုခု မှားနေတယ်လို့ ခံစားရတာ မထူးဆန်းဘူးပဲ  ... လက်စသတ်တော့ ကမ္ဘာရဲ့ ဝိညာဉ်ချီ ပမာဏက ခွန်ရှု့ နယ်မြေရဲ့ ဝိညာဉ်ချီ ထူထပ်မှုနဲ့ ညီမျှ နေတာကိုး ... ဒါပေမဲ့ ကမ္ဘာရဲ့ ဝိညာဉ်ချီက ခန်းခြောက်နေတာ မဟုတ်ဘူးလား  ... ဘာလို့ နောက်တစ်ကြိမ် ပြန်ပြီး ထူထပ် လာရတာလဲ”

ချန်းဖန်က နားမလည်စွာဖြင့် မျက်မှောင်ကြုတ် လိုက်မိ၏။

“တကယ်လို့ အဲဒီကောင်တွေကသာ သာမန် တိရစ္ဆာန်တွေ ဆိုရင် လွယ်လွယ်ကူကူ သတ်ပစ်လို့ ရတယ် ... ဒါပေမဲ့ …”

ဟောင်ထင်းရှန်က ခဏမျှ ရပ်ကာ တံတွေး မျိုချလိုက်၏။ ထို့နောက် သူက ဆက်လက်၍ ရှင်းပြ လိုက်သည်။

“ဒါပေမဲ့ ... သူတို့က အရမ်း အစွမ်းထက်ပြီး အချို့ဆိုရင် တင့်ကားတွေကိုတောင် ခေါင်းချင်းဆိုင် တိုက်ခိုက်နိုင်ကြတယ် ... သာမန် စစ်တပ်တွေဆို သူတို့ကို မရင်ဆိုင်နိုင်ကြဘူး ... အတွင်းအား ထိပ်သီး အဆင့်တွေပဲ သူတို့နဲ့ ရင်ဆိုင် နိုင်ကြတယ်”

“အဲဒီ သားရဲတွေက ဘယ်လို လုပ်ပြီး အိန္ဒိယရဲ့ ပိုင်နက် တစ်ဝက်လောက်ကို သိမ်းပိုက် နိုင်တာလဲ …”

ချန်းဖန်က မေးခွန်းထုတ် လိုက်ပြန်၏။

“သူတို့ ဘယ်လောက်ပဲ အစွမ်းထက်ထက် နျူကလိယတွေ မိုင်းတွေကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူးမလား”

ကမ္ဘာကြီး၌ ဝိညာဉ်ချီ ထူထပ်လာသည်မှာ သုံးနှစ်ခန့်သာ ရှိသေးသည်။

ထိုသုံးနှစ် အတွင်း အလျှင်မြန်ဆုံး နှုန်းဖြင့် သန္ဓေပြောင်းလာလျှင်ပင် ထိုသားရဲများမှာ အိန္ဒိယ ကဲ့သို့ ကြီးမားသည့် နိုင်ငံကြီးကို တိုက်ခိုက်နိုင်သည်အထိ အစွမ်းထက်ဦးမည် မဟုတ်သေးချေ။

ထိုအရာက တစ်ခုခု လွဲချော်ကာ ထူးဆန်း နေ၏။

“အိန္ဒိယကို တိုက်ခိုက်တာက သာမန် သားရဲတွေ မဟုတ်ဘူး ... မြေအောက်က ထွက်လာတဲ့ ကောင်တွေ”

ဟောင်ထင်းရှန်က ဖြူရော်စွာ ပြုံးရင်း ဆက်လက် ရှင်းပြလိုက်၏။

သူ၏ စကား အရဆိုလျှင်…

လွန်ခဲ့သည့် သုံးနှစ် အတွင်း ကမ္ဘာ မြေထုသည် လှုပ်ရှားရာ ကြီးမားသော ထူးခေါင်းပေါက်များ ထူးဆန်းစွာ ဖြစ်ပေါ်လာသည်။ သိပ်မကြာခင် ထိုထူးခေါင်းပေါက်များ အတွင်းမှ အလွန် အစွမ်းထက်သော သတ္တဝါကြီးများ အလျှိုလျှို ထွက်ပေါ်လာ၏။

ထိုသတ္တဝါကြီးများမှာ မြေပြင်ပေါ်မှ သက်ရှိများနှင့် လုံးဝ ကွာခြားပြီး အသံ၏ အမြန်နှုန်းထက်ပင် လျင်မြန်အောင် ပျံသန်း နိုင်ကြသည်။ သူတို့၏ အရှေ့၌ တိုက်လေယာဉ်များပင်လျှင် လွယ်ကူစွာ ဖျက်ဆီးခံရသည်။

ကောလာဟလ ပြောစကားများအရ ဆိုလျှင် ထိုသတ္တဝါများမှာ အီရတ် တောင်ပိုင်း ဂူတစ်ဂူမှ လာခြင်းဟု ဆိုကြ၏။

“အဲဒီ သတ္တဝါကြီးတွေက အရင်ဆုံး အရှေ့ အလယ်ပိုင်း နိုင်ငံခုနစ်ခုကို တိုက်ခိုက်ခဲ့ကြတယ် ... နောက်ပိုင်း မဟာအင်အားကြီး နိုင်ငံ ငါးနိုင်ငံက စစ်တပ်တွေ စုပေါင်းပြီး သူတို အထဲက အချို့ကို သတ်ဖြတ် နိုင်ခဲ့တယ် ... ဒါပေမဲ့ ကျန်တဲ့ကောင်တွေက အိန္ဒိယကို ထွက်ပြေးခဲ့ ကြတယ်”

“လွန်ခဲ့တဲ့ နှစ်နှစ်က နယူးဒေလီမြို့ အပြင်မှာ အိန္ဒိယ စစ်တပ်နဲ့ အဲဒီ သတ္တဝါကြီးတွေ တိုက်ပွဲ ဖြစ်ခဲ့ကြတယ် ... အဲဒီ တိုက်ပွဲမှာ အိန္ဒိယ စစ်သား တစ်သိန်းကျော်နဲ့ တိုက်လေယာဉ် တစ်ရာလောက် ကျဆုံးခဲ့ရတယ် ... နောက်ဆုံး အိန္ဒိယက နျူကလိယ လက်နက်ကို ထုတ်သုံးတော့မှပဲ အဲဒီ ကောင်ကြီးတွေ ဆုတ်ခွာ သွားခဲ့တယ်”

ဟောင်ထင်းရှန်ကား ချောက်ချားမှုဖြင့် တုန်ရီ၍ပင် လာခဲ့သည်။

“အရှေ့အလယ်ပိုင်း ... အီရတ် နိုင်ငံ တောင်ပိုင်း ... အဲဒါက ဘေဘီလုံ နတ်ဆိုး လိုဏ်ဂူ ရှိတဲ့ နေရာ မဟုတ်လား”

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်၏။

“ဘေဘီလုံ နတ်ဆိုး လိုဏ်ဂူ” ကား ပြန်လမ်း မရှိဟု ကျော်ကြားသည့် ဒဏ္ဍာရီလာ နေရာတစ်ခု ဖြစ်သည်။ ရှေးဟောင်း မှတ်တမ်းများက ဆိုလျှင် ထိုနေရာအား ငရဲပြည်၏ တံခါးပေါက်ဟုပင် ရည်ညွှန်း ကြ၏။

လွန်ခဲ့သည့် ရာစုနှစ် တစ်ခုခန့်က အင်္ဂလန် စစ်သား တစ်စုသည် ထိုနတ်ဆိုး လိုဏ်ဂူအတွင်း အပျော်သဘောဖြင့် ဝင်သွားခဲ့ဖူးသည်။ သို့သော်လည်း ထူးဆန်းစွာပင် ယခု အချိန်ထိ မည်သူ တစ်ဦးတစ်ယောက်မျှ ပြန်လည် ထွက်ပေါ် မလာခဲ့တော့ချေ။

“ဖြစ်နိုင်တာက ဘေဘီလုံ နတ်ဆိုး လိုဏ်ဂူ လမ်းကြောင်းနဲ့ မြေအောက် ကမ္ဘာက တစ်ဆက်တည်းပဲ”

ချန်းဖန်က ခန့်မှန်း လိုက်သည်။

“အဲဒီ သတ္တဝါကြီးတွေက မြေအောက် ကမ္ဘာမှာ ခိုအောင်းနေတဲ့ မျိုးစိတ် တစ်ခုခု ဖြစ်မှာ သေချာတယ် ... အပြင်ဘက် ကမ္ဘာမှာ ဝိညာဉ်ချီ ပြန်ပြီး ထူထပ်လာတာကြောင့် သူတို့က ပြန်ပေါ်လာတာ ဖြစ်ရမယ်”

ထိုအရာက ခန့်မှန်းချက် သက်သက်သာ ဖြစ်ပြီး  ထိုခန့်မှန်းချက် မှန်၊ မမှန်က ချန်းဖန် အတွက်ပင် မသေချာချေ။

“နောက်ပြီးတော့ ခွန်းလွန် တောင်တန်းနဲ့ နတ်ဘုရား သင်္ချိုင်း တောင်ကြားက ဘယ်လိုဖြစ်ပြီး စွန့်ပစ် နယ်မြေလို ဖြစ်နေရတာလဲ ... အဲဒီ နေရာမှာ ဘာတွေ ဖြစ်ခဲ့တာလဲ”

ချန်းဖန်က မေးလိုက်ပြန်၏။

“အဲဒါက ခရစ်ယာန် ဘုရားကျောင်းက လူတွေရဲ့ လက်ချက်ပါ”

ဟောင်ထင်းရှန်က နဖူးမှ ချွေးစေးများကို သုတ်ရင်း ပြောလိုက်သည်။

“ခရစ်ယာန် ဘုရားကျောင်း …”

ချန်းဖန်က မျက်မှောင် ကြုတ်ရင်း ပြန်လည် စဉ်းစားလိုက်သည်။

“ခရစ်ယာန် ဘုရားကျောင်းရဲ့ အဖွဲ့ဝင်တွေ အကုန်လုံးက အရှေ့တောင် တိုက်ပွဲမှာ သေသွားပြီ မဟုတ်ဘူးလား ... ဘယ်လိုလုပ်ပြီး သူတို့က ခွန်းလွန်နဲ့ နတ်ဘုရား သင်္ချိုင်း တောင်ကြားရဲ့ စစ်တပ်တွေကို တိုက်ခိုက်ခဲ့တာလဲ”

ဟောင်ထင်းရှန်က ဆက်လက်၍ အသေးစိတ် ရှင်းပြသည်။

လွန်ခဲ့သည့် နှစ်နှစ် အချိန်ကာလသို့ ပြန်သွားရလျှင် …

ဝိညာဉ်ချီ ထူထပ်လာမှုနှင့်အတူ ကမ္ဘာသို့ များစွာသော ကောင်းကင် တမန်တော်များ ရောက်ရှိ လာကြသည်။

ကောင်းကင် တမန်တော်များ အပြင် နဂါးရေကန်၌ နှစ်ထောင်ချီ အိပ်ပျော်နေသည့် နဂါးအိုကြီးမှာလည်း နိုးထလာခဲ့၏။

သမန်း ဝံပုလွေများကလည်း ဝံပုလွေ နတ်ဘုရား ပြန်လည် ပေါ်လာသည်ဟု ကြေညာကာ ဆိုက်ဘေးရီးယားတွင် စုစည်း ကြသည်။

ထို့အတူ တောင်အမေရိက ရွှေရောင် ဘုရားကျောင်း၏ ရွှေရောင် နတ်ဘုရားမှာ နိုးထ လာခဲ့၏။

အီဂျစ်တွင်လည်း အနျူးဘစ်များနှင့် ဘုန်းတော်ကြီးများ၏ သွေးလွှမ်းသော တိုက်ပွဲများ ဖြစ်ပေါ် လာသည်။

ထိုသို့ဖြင့် ဒဏ္ဍာရီထဲတွင်ပင် တည်ရှိသည့် ရှေးဟောင်း သက်ရှိများ၊ မျိုးနွယ်များ ကမ္ဘာတွင် ပေါ်လာခဲ့သည်။

၎င်းတို့၏ ရုတ်တရက် ပေါ်ပေါက်လာမှုကြောင့် ကမ္ဘာကြီးမှာလည်း စတင်၍ ပြောင်းလဲ လာခဲ့၏။

သားရဲများနှင့် ယှဉ်ပါက ထိုမျိုးနွယ်များမှာ ပိုမို ဉာဏ်ရည် မြင့်မားပြီး နိုင်ငံများ၊ အထူးသဖြင့် မဟာ အင်အာကြီး နိုင်ငံများနှင့် ပူးပေါင်းကြသည်။

“အဲဒီ သက်ရှိတွေက အရမ်းကို ဆန်းကြယ်ပြီး မြေကမ္ဘာ နတ်ဘုရားတွေလိုပဲ အစွမ်းထက် ကြတယ် ... ကျွန်တော်တို့ အရှေ့တိုင်းကတော့ အရှင်ရဲ့နဲ့ မြောက်ပိုင်းချုံးကိုပဲ မှီခို နေရတာ ဆိုတော့ အခြေအနေ သိပ် မကောင်းလှဘူး”

ဟောင်ထင်းရှန်က သက်ပြင်းတစ်ချက် ချလိုက်၏။

“နားလည်ပြီ ... ကြည့်ရတာ လျှို့ဝှက် နယ်မြေတွေမှာ နေထိုင်ကြတဲ့ ရှေးဟောင်း မျိုးနွယ်စုတွေက ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုကြောင့် အပြင်ကို ထွက်လာတာ ဖြစ်ရမယ်”

ချန်းဖန်က တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်၏။

ထိုအပြောင်းအလဲများမှာ သူ၏ အတိတ်ဘဝမှ အကြောင်းအရာများနှင့် မတူညီဘဲ လုံးဝ ကွာခြားနေသည်။ ဖြစ်နိုင်ချေ တစ်ခုက သူ၏ ပြန်လည် မွေးဖွားလာမှုနှင့်အတူ ကမ္ဘာကြီးမှာ ပြောင်းလဲပြီး မတူညီသော လမ်းကြောင်း တစ်ခုသို့ ရောက်ရှိ သွားပုံပင်။

“သတင်းတွေ အရဆို အမေရိကန်ကို ဂြိုဟ်သားယာဉ်ပျံ တစ်စင်း  ဆင်းသက် လာတယ်တဲ့ ... သူတို့က အဲဒီ ဂြိုဟ်သားတွေရဲ့ ပံ့ပိုးမှုနဲ့ အခုထိ မဟာ အင်အားကြီး နိုင်ငံတွေထဲမှာ အင်အား အကြီးဆုံး ဖြစ်နေတုန်းပဲ” ဟောင်ထင်းရှန်က ထပ်မံ၍ ဆိုလိုက်သည်။

“ဂြိုဟ်သား ယာဉ်ပျံ …”

ချန်းဖန်သည် ပညာရှိ လူကြီးများ အဖွဲ့ ခေါင်းဆောင်၏ မှတ်ဉာဏ်ထဲမှ အကြောင်းအရာ တစ်ခုကို ပြန်လည် အမှတ်ရ လိုက်မိ၏။

“ရှေးဟောင်း မာယာ လူမျိုးတွေ ပြန်လာတာလား …”

အကယ်၍ မာယာ လူမျိုးများသာ အမှန်တကယ် ပြန်လာခဲ့ပါက ထိုအရာက ကြီးမားသော ကိစ္စကြီး ဖြစ်သည်။ မည်သို့ပင် သူတို့ကား အာကာသ အတွင်း၌ လှည့်လည် သွားလာ၍ နေထိုင်သော မျိုးနွယ်စု တစ်ခု ဖြစ်ရာ ကမ္ဘာ၏ မည်သည့် အင်အားစုကိုမဆို ဖျက်ဆီး ပစ်နိုင်သည်။

သို့သော်လည်း ထိုအရာများအား ချန်းဖန် သိပ်ဂရုမစိုက်ချေ။ သူက ဆက်လက်၍ ဟောင်ထင်းရှန်အား မြောက်ပိုင်းချုံးဂိုဏ်း အကြောင်းကို မေးလိုက်၏။

“မြောက်ပိုင်းချုံးက အရှေ့တိုင်းရဲ့ အဓိက ကျောရိုးလို့ ဆိုရမယ် ... သူတို့က အမြဲတမ်း အသက်တွေကို စတေးပြီး အရှေ့တိုင်းအတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့တာ ... နောက်ပြီး လွန်ခဲ့တဲ့ သုံးနှစ် အတွင်းမှာ သူတို့ ဂိုဏ်းက မြေကမ္ဘာ နတ်ဘုရား သုံးယောက် အထိ ထွက်ပေါ်ခဲ့တယ်”

ဟောင်ထင်းရှန်က လေးစားစွာဖြင့် ဆိုလိုက်၏။

သူ၏ စကားအရ မြေကမ္ဘာ နတ်ဘုရား သုံးယောက်မှာ ချန်းဟွိုက်အန်း၊ ဟွာရန်ဖန်းနှင့် ရှဲ့ရန်တို့ဟု ချန်းဖန် သိလိုက်ရ၏။

ထိုအရာက ချန်းဖန်ကို အံ့အားသင့် စေသည်။ သူသည် သူ၏ အမည်ခံ တပည့် နှစ်ယောက်ကို ထိုမျှ အထိ မျှော်လင့် မထားခဲ့ချေ။

“ဆရာကြီးက မြောက်ပိုင်းချုံး အကြောင်းကို စိတ်ဝင်စားနေတယ် ဆိုတော့ သူတို့နဲ့ ရင်းနှီး လို့လား”

ဟောင်ထင်းရှန်က ချန်းဖန်အား အကဲခတ်ရင်း မေးသည်။

ချန်းဖန်က အဖြေမပေးဘဲ သူ၏ မူလ အသွင်သို့ ပြန်လည် ပြောင်းလဲ လိုက်၏။

ချန်းဖန်၏ မျက်နှာအား မြင်သည်နှင့် ဟောင်ထင်းရှန်၏ မျက်လုံးများမှာ ပြူးထွက် သွားတော့သည်။

“ဆ ... ဆရာကြီးက ချန်းပေ့ရွှမ်းလား”

***

All Chapters