← Chapters

ချန်းပေ့ရွှမ်းက ဘယ်သူလဲ

Vol. 8 Ch. 769

ချန်းပေ့ရွှမ်းက ဘယ်သူလဲ

Vol. 8 Ch. 769

“ကျွန်တော်က ဆရာကြီးကို ခွန်ရှု့ နယ်မြေမှာ သေသွားပြီလို့ ထင်နေတာ …”

ဟောင်ထင်းရှန်က ချန်းဖန်အား သရဲတစ္ဆေ တစ်ကောင်အလား ငေးကြည့်ရင်း တွန့်ဆုတ်စွာ ပြောလိုက်သည်။

“ငါက ခွန်ရှု့ကို အလည်သွားရုံပဲလေ ... ငါ သေပြီလို့ ဘယ်သူက မင်းကို ပြောလို့လဲ”

ချန်းဖန်က ပြုံးလိုက်သည်။ သူ၏ မျက်လုံးတွင်မူ အေးစက်ခြင်း တစ်ခုက လင်းလက် နေ၏။

ဟောင်ထင်းရှန်က နဖူးမှ ချွေးစေးများကို သုတ်ရင်း အဖြေပေးလိုက်သည်။

“ခရစ်ယာန် ဘုရားကျောင်းရဲ့ သူတော်စင် ဩဂတ်စတက်က ပြောတာပါ ... ခွန်ရှု့ နယ်မြေမှာ မြေကမ္ဘာ နတ်ဘုရား တစ်ရာကျော် ရှိတယ်တဲ့ ... ဒါကြောင့်မလို့ ဆရာကြီး ဘယ်လိုမှ ပြန်ရောက်လာမှာ မဟုတ်ဘူးတဲ့”

“ခရစ်ယာန် ဘုရားကျောင်း …”

ချန်းဖန်က နှာခေါင်းရှုံ့ လိုက်၏။ ထို့နောက် သူက ဆက်ကာ မေးလိုက်သည်။

“ဒါနဲ့ ဘာလို့ ခရစ်ယာန် ဘုရားကျောင်းရဲ့ လူတွေက နတ်ဘုရား သင်္ချိုင်းကို ကျူးကျော် ရတာလဲ”

“အမ် ... အဲဒါက ကျွန်တော်လည်း သိပ်တော့ မသိဘူး ... ကြားရသလောက် ဆိုရင်တော့ ခရစ်ယာန် ဘုရားကျောင်းက ခွန်ရှု့ နယ်မြေရဲ့ နတ်ဘုရားတွေကို ဖိတ်ခေါ်ဖို့ အတွက် ကောင်းကင် တံခါးကို ဖွင့်ဖို့ ကြိုးစား ခဲ့တာတဲ့ ... ဒါပေမဲ့ အဆုံးမှာ မအောင်မြင်ခဲ့ဘူး ထင်တယ်”

ဟောင်ထင်းရှန်က အဖြေပေး လိုက်သည်။

“အဲဒီလိုကိုး …”

ချန်းဖန်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ဟောင်ထင်းရှန်ကို စူးစိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။

“ဒီနေ့ ဖြစ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောနဲ့ ... သတင်း ပျံ့သွားတာနဲ့ ပါးကျီဂိုဏ်း တစ်ခုလုံး အသတ်ခံရမယ်”

“ဟုတ် ... ဟုတ်ကဲ့ပါ”

ဟောင်ထင်းရှန်က ဒူးထောက်ကာ ကျိန်ဆို လိုက်သည်။

ရှန်းမင်မြို့မှ ထွက်လာ ပြီးနောက် ချန်းဖန်သည် ပြည်မကြီးသို့ ဦးတည်လိုက်၏။

ထိုခရီး၌ သူသည် ကမ္ဘာကြီး၌ ဖြစ်ပေါ် နေသော အပြောင်းအလဲများကို ကြည့်ရှုရန် ပျံသန်းခြင်းအစား ခြေလျင် လမ်းကြောင်းကိုသာ ရွေးချယ်ခဲ့သည်။

“တကယ်လို့ အပြောင်းအလဲတွေက သဘာဝ အတိုင်း ဖြစ်လာတာ ဆိုရင် တိရစ္ဆာန်တွေက ဘာလို့ အစွမ်းထက်တဲ့ သားရဲတွေ ချက်ချင်း ဖြစ်သွား ရတာလဲ ... သုံးနှစ်ဆိုတဲ့ အချိန်က ကျင့်ကြံသူတွေ အတွက် အဆင့်တက်ဖို့ လုံလောက်တဲ့ အချိန် ဆိုပေမဲ့ တိရစ္ဆာန်တွေက သဘာဝ ဖြစ်စဉ် အပေါ်မှာပဲ မှီခို နေရတာလေ ... ဘယ်လိုမှ အချိန်တိုအတွင်း ခေတ်မီ စစ်တပ်တွေနဲ့ ယှဉ်လာနိုင်စရာ အကြောင်း မရှိဘူး”

ချန်းဖန်မှာ လမ်းလျှောက်ရင်း အတွေးနက် နေမိသည်။ သူကား ကောင်းကင် အရှင်သခင် ဖြစ်သည့်တိုင် ထိုကိစ္စကိုမူ တိကျစွာ မခန့်မှန်း နိုင်ချေ။

“ဘာတွေ မှားနေတာလဲ ... အခု ဖြစ်နေဝာာတွေက ဘာလို့ ငါ့ရဲ့ အတိတ်ဘဝနဲ့ မတူတာလဲ ... ဒီကိစ္စတွေ အားလုံးရဲ့ နောက်ကွယ်မှာ တစ်ခုခုများ ရှိနေတာလား”

ချန်းဖန်မှာ ပို၍ တွေးလေ ပို၍ နားမလည် နိုင်လေ ဖြစ်ခဲ့သည်။

သို့သော်လည်း ယခု အခိုက်အတန့်၌ သူ့အတွက် အရေး အကြီးဆုံးမှာ ထိုအရာများ မဟုတ်ချေ။ သူ၏ မိသားစုဝင်များ၊ မိတ်ဆွေများ ဘေးကင်း လုံခြုံရေးသာ ဖြစ်သည်။

“တဆိတ်လောက် ... ရှင်က သိုင်းပညာရှင် တစ်ယောက်လား”

ရုတ်တရက် ထွက်ပေါ်လာသော ခပ်စူးစူး အသံကြောင့် ချန်းဖန်၏ အတွေးရထားမှာ ရပ်တန့် သွား၏။

ချန်းဖန်က ခေါင်းအား မော့လိုက်ရာ သူ့ကို ကြည့်နေသော မိန်းကလေး တစ်စုအား တွေ့လိုက်ရသည်။ ငယ်ရွယ်၊ နုနယ်သော မျက်နှာလေးများ အရ ထိုမိန်းကလေးများမှာ ၁၇၊ ၁၈ လောက်သာ ရှိပေဦးမည်။

“ဆိုပါတော့ …”

ချန်းဖန်က ခေါင်းညိတ် လိုက်၏။

“နောက်ဆုံးတော့ တွေ့ပြီ …”

မိန်းကလေးများ၏ မျက်နှာများမှာ ဝင်းပ သွားကြသည်။

“ငါ မပြောဘူးလား ... ခန့်ညားတဲ့ ရုပ်ရည် မီးခိုးရောင် ဆံပင်  ... အဲဒါတွေ အရဆိုလျှင် သူက အစွမ်းထက်တဲ့ တစ်ယောက် ဖြစ်မှာပဲလို့”

“ဆက်ဖီဆွဲမယ်နော် …”

ထို့နောက် မိန်းကလေးများက ချန်းဖန်နှင့် အတူ ဓာတ်ပုံတွဲရိုက်ကြ၏။

ဘေးနား၌ ရှိသော ယောက်ျားလေးများမှာမူ ချန်းဖန်အား လေးစား အားကျသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

“ကျွန်မတို့က ရန်ကျင်း တက္ကသိုလ်က ကျောင်းသူတွေပါ ... ဆရာကြီး ပုံစံကို ကြည့်ရတာ ရှေ့တန်း တစ်နေရာက ပြန်လာတာ ဖြစ်ရမယ်”

စကတ် အတိုနှင့် မိန်းကလေး တစ်ယောက်က ချန်းဖန်အား ပြောလိုက်သည်။

“ကျွန်မ အင်တာနက် ပေါ်မှာ တွေ့လိုက် ရတယ် ... သားရဲတွေရဲ့ တိုက်ခိုက်မှု နောက်ကွယ်မှာ ခရစ်ယာန် ဘုရားကျောင်း ရှိနေတာတဲ့ ... အဲဒီ ကိစ္စအတွက် ဗိုလ်ချုပ် ချန်းဟွိုက်အန်းက ခရစ်ယာန် ဘုရားကျောင်းကို မေးခွန်းထုတ်ဖို့ သွားခဲ့ပေမဲ့ သူတော်စင် ဩဂတ်စတက်ကြောင့် အကြီးအကျယ် ဒဏ်ရာရပြီး ပြန်လာရတယ်တဲ့ ... နောက်ပြီး …”

“နေဦး ... နင်ပြောလိုက်တာ ချန်းဟွိုက်အန်းလား ... သူက မြောက်ပိုင်းချုံး ဂိုဏ်းက မလား”

ချန်းဖန်က မိန်းကလေး၏ စကားအား ဖြတ်ကာ မေးလိုက်သည်။

“ဟုတ်ပါတယ် ဗိုလ်ချုပ် ချန်းဟွိုက်အန်း ဆိုတာက မြောက်ပိုင်းချုံး ဂိုဏ်းရဲ့ ဗိုလ်ချုပ် သုံးယောက်ထဲက တစ်ယောက်ပါ …”

မိန်းကလေးက ဖြေလိုက်သည်။

“ခရစ်ယာန် ဘုရားကျောင်း …”

ချန်းဖန်၏ မျက်လုံးများက အေးစက်၍ သွားသည်။

“ငါမင်းတို့ကို အပြတ် ရှင်းခဲ့သင့်တာ ... ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ တူညီတဲ့ အမှားမျိုးကို ငါ ထပ်လုပ်မှာ မဟုတ်တော့ဘူး”

“ဘုန်း …”

ထို့နောက် ချန်းဖန်၏ ခန္ဓာကိုယ်က ရွှေရောင် အလင်းတစ်ခု အသွင် ပြောင်းလဲကာ ပျောက်ကွယ် သွား၏။

“သူက မြေကမ္ဘာ နတ်ဘုရား များလား …”

မိန်းကလေးများက အံ့ဩတကြီးဖြင့် ရေရွတ် လိုက်ကြသည်။

“ဒါပေမဲ့ အရှေ့တိုင်း တစ်ခုလုံးမှာ မြေကမ္ဘာ နတ်ဘုရားက လေးယောက်ပဲ ရှိတာလေ ... သူ့လို ပုံစံနဲ့ မြေကမ္ဘာ နတ်ဘုရား ရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး”

မိန်းကလေး တစ်ယောက်က ဆို၏။

“နေဦး ... နင်တို့ ထန်လုံလို့ ခေါ်တဲ့ ဗိုလ်ချုပ်ကို ကြားဖူးကြတယ် မလား”

စကတ်တိုနှင့် မိန်းကလေးက တစ်စုံတစ်ခုကို သတိရဟန် မေးလိုက်၏။

“ကြားဖူးတယ်လေ  ... သူက ကမ္ဘာရဲ့ နံပါတ်တစ် မြေကမ္ဘာ နတ်ဘုရားတဲ့ ... ဒါပေမဲ့ သူက ပျောက်နေတာ အရမ်း ကြာနေပြီ ... လူတွေက သေသွားပြီလို့တောင် ပြောနေကြတာ”

အခြား မိန်းကလေးများက ပြန်ဖြေ လိုက်သည်။

“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ငါ ထန်လုံ ဗိုလ်ချုပ်ရဲ့ ပုံကို တွေ့ဖူးတယ် ... ဆံပင်က လွဲရင် ခုန တစ်ယောက်က အဲဒီ ပုံထဲက လူနဲ့ တော်တော်လေး ဆင်တယ်”

စကတ်တို မိန်းကလေးက အသက်ကို ပြင်းပြင်း ရှူရင်း ဆိုလိုက်၏။

“ဒါ ... ဒါဆို …”

မိန်းကလေးများမှာ ရုတ်တရက် တိတ်ဆိတ် သွားကြ၏။

“သူက ထန်လုံ ဗိုလ်ချုပ် ဖြစ်နေတာလား”

***

All Chapters