ငါပြန်လာပြီ
Vol. 8 Ch. 771
မြေကမ္ဘာ နတ်ဘုရား တစ်ရာ …
ထိုအင်အားကား ကမ္ဘာပေါ်ရှိ မဟာ အင်အားကြီး နိုင်ငံအားလုံးပေါင်းကိုပင် အနိုင်ယူနိုင်သည့် အင်အား ဖြစ်သည်။
“မြေးက မူလအဆင့် တစ်ရာလောက်ကို သတ်ခဲ့တာလား …”
ချန်းဟွိုက်အန်းက တုန်ရီစွာ မေးလိုက်သည်။
“ဟုတ်တယ် ... နောက်ပြီး ဂိုဏ်းကြီး ခုနစ်ဂိုဏ်းကိုပါ ကျွန်တော် သိမ်းပိုက် နိုင်ခဲ့တယ် ... အခုက စပြီး ကမ္ဘာက ခွန်ရှု့ နယ်မြေကို ကြောက်စရာ မလိုတော့ဘူး ... ကျွန်တော်က သူတို့ရဲ့ ဘုရင် ဖြစ်နေပြီလေ”
ချန်းဖန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“အရမ်းကောင်းတယ် …”
ချန်းဟွိုက်အန်းမှာ ပထမ၌ ကြောင်အ နေခဲ့သော်လည်း သတိဝင်လာသည်နှင့် အော်ဟစ် ရယ်မောလိုက်သည်။
“ငါ့မြေးက တကယ့်ကို ချန်းမိသားစုရဲ့ ကြယ်ပဲ ... ငါ့မြေးနဲ့ ဆိုရင် အဘိုးတို့ ဘာကိုမှ ကြောက်စရာ မလိုတော့ဘူး”
သူကား သုံးနှစ်အတွင်း တစ်ခါမှ ယခုလောက် မရယ်မောခဲ့ဖူးချေ။ တစ်ခါမှလည်း ယခုလောက် မပျော်ခဲ့ရချေ။
အဘိုးအို၏ ကျယ်လောင်သော ရယ်မောသံကြောင့် မြောက်ပိုင်းချုံး၏ တပည့်များမှာ လာရောက် စူးစမ်းကြ၏။ သို့သော်လည်း ချန်းဟွိုက်အန်းက သူတို့အား ပြန်လွှတ် လိုက်သည်။
“ရှောင်ဖန် ... မြေးက လုံလောက်တဲ့အထိ အစွမ်းထက် နေပြီ ဆိုတော့ အဲဒီလျှို့ဝှက် နယ်မြေတွေကို ရှင်းလင်းဖို့ လုပ်သင့်တယ်”
ထို့နောက် သူတို့ နှစ်ယောက် အတန်ကြာသည်အထိ အနာဂတ် အစီအစဉ်များကို ဆွေးနွေး ကြ၏။
ချန်းဖန် ပြန်ရောက်ကြောင်း သတင်းရသည်နှင့် ဟွာရန်ဖန်း၊ ဝမ်ရှောက်ယွင်၊ ဖန့်ချုံးနှင့် အခြားလူများမှာ ချက်ချင်းပင် မြောက်ပိုင်းချုံး နန်းတော်သို့ ရောက်လာကြသည်။
“အရူးလေး ... နင် ပြန်ရောက်လာပြီပဲ”
ဝမ်ရှောက်ယွင်မှာ ချန်းဖန်အား တွေ့သည်နှင့် ငိုကြွေးတော့၏။
“အမေ ... ကျွန်တော် အမေတို့ကို စိတ်ပူအောင် လုပ်မိပြန်ပြီ”
ချန်းဖန်က မိခင် ဖြစ်သူအား တောင်းပန် ပြီးနောက် ဖန့်ချုံးအား အားနာစွာ ကြည့်လိုက်၏။ သူကား မင်္ဂလာဆောင်ပြီး နောက်တစ်နေ့၌ ခွန်ရှု့ နယ်မြေသို့ ဝင်သွားခြင်း ဖြစ်ပြီး ထိုနေရာတွင်လည်း သုံးနှစ်တိုင်တိုင် ကြာမြင့်ခဲ့သည်။ ထိုအရာက လင်ယောက်ျား တစ်ယောက် အနေဖြင့် သူ မပျက်ကွက် သင့်သောအရာ ဖြစ်သည်။
သုံးနှစ်ခန့် အတောအတွင်း ဖန့်ချုံးကား ပို၍ လှပလာသည်။ ရှည်လျားသော အရပ်၊ ပိန်ပါးသော ခန္ဓာနှင့် နူးညံ့သော ဆံနွယ်များ ရှိသည့် သူမကား စိတ်ဓာတ် ခိုင်မာသည့် ဘုရင်မ တစ်ပါးနှင့်ပင် တူနေသေးသည်။ သို့သော်လည်း မျက်ဝန်းမှ စီးကျနေသော မျက်ရည်များက ထိုမိန်းကလေးမှာ မည်မျှ သိမ်မွေ့ နုနယ်ကြောင်း ပြသနေခဲ့၏။
ထိုနေ့ကား မိသားစုဝင်များ ပြန်လည် ဆုံစည်းသော ပျော်ရွှင်စရာ နေ့တစ်နေ့ပင် ဖြစ်သည်။
မျက်လုံးများ ခန်းခြောက်ပြီးနောက် ဝမ်ရှောက်ယွင်နှင့် ဖန့်ချုံးတို့က ချန်းဖန်အား ခွန်ရှု့ နယ်မြေ အကြောင်း မေးကြ၏။ ချန်းဖန်က ဖြစ်ပျက်ခဲ့သမျှအား အသေးစိတ် ပြောပြလိုက်သည်။
လူတိုင်းမှာ နားထောင်ရင်း ဆွံ့အ သွားကြသည်။
မြေကမ္ဘာ နတ်ဘုရား တစ်ရာကျော်ကို သတ်ခဲ့ခြင်း …
ထိုအရာက မည်မျှ အံ့အားသင့်ဖို့ ကောင်းလိုက်သနည်း။
ချမ်ရဲ့ရွှယ်မှာလည်း မယုံကြည်နိုင်အောင် ဖြစ်နေခဲ့၏။ သူမသည် ခွန်ရှု့ နယ်မြေ၏ ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှာ ချန်းဖန်ထံတွင် ရှုံးနိမ့်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။ ထိုအရာကား ဒဏ္ဍာရီတစ်ခု ဖြစ်သည်။
“ဒီနေ့က စပြီး ဆရာ့ကို ခွန်ရှု့ ဧကရာဇ်လို့ ခေါ်ရတော့မှာပေါ့ …”
ဟွာရန်ဖန်းက ပြောလိုက်၏။
“ဟုတ်တယ် အဲဒီနာမည် ကောင်းတယ် ... ရွှေရောင် နတ်ဘုရားပင်လယ် မြို့တော်သခင်နဲ့ ခရစ်ယာန် ဘုရားကျောင်း ရဟန်းမင်းတွေက ငါ့သားကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
ဝမ်ရှောက်ယွင်မှာ ချန်းဖန်အတွက် အလွန် ဂုဏ်ယူနေပုံ ပေါ်သည်။
လူတိုင်းက ခေါင်းညိတ်လိုက်ကြ၏။
ချန်းဖန်အား ခွန်ရှု့၏ ဘုရင် ဖြစ်သည်။ ထိုအဆင့်အတန်းကား အမေရိကန် သမ္မတထက်ပင် ပိုမို မြင့်မားသည်။
“အခု ငါ့သား ပြန်ရောက်လာပြီ ဆိုတော့ ခရစ်ယာန် ဘုရားကျောင်းကို နှိမ်နင်းရမဲ့ အချိန် ရောက်ပြီ ... မင်းအဘိုးက သူတို့ကြောင့် ဒဏ်ရာ ရခဲ့တာ ... ဟွာရန်ဖန်းနဲ့ ရှဲ့ရန်တို့လည်း မသက်သာ လှဘူး ... ရှဲ့ရန် ဆိုရင် အခု နဂါးခန်းမကို ပြန်ပြီး အနားယူနေရတယ်”
ဝမ်ရှောက်ယွင်က ပြောလိုက်သည်။
“စိတ်မပူပါနဲ့ အမေ ... ကျွန်တော် လက်စားချေ ပေးမှာပါ”
ချန်းဖန်က ပြုံးလိုက်၏။ ထို့နောက် သူက မြောက်ပိုင်းချုံး ဂိုဏ်း၏ အခြေအနေကို မေးလိုက်သည်။
ရုတ်တရက် လူတိုင်း တိတ်ဆိတ် သွားကြ၏။ သူတို့က မျက်နှာပျက်ကာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
“ဝူရှန့်ဟယ် ချမ့်တန့်ချင် ကျိုးကျင်းရီတို့ အပါအဝင် မြောက်ပိုင်းချုံးရဲ့ ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတွေ အများကြီး သေသွားပြီ …”
အတန်ကြာမှ ယူကီရှီရိုဆာက ခြောက်ကပ်စွာ ပြောလိုက်သည်။
လွန်ခဲ့သည့် သုံးနှစ်အတွင်း ကမ္ဘာ၌ ကြောက်မက်ဖွယ် ကောင်းသော အရာများစွာ ဖြစ်ပျက်ခဲ့၏။
များစွာသော သားရဲများ၊ မျိုးနွယ်များသည် အရှေ့တိုင်းကို အကြိမ်ပေါင်း မရေမတွက်နိုင်သည်အထိ တိုက်ခိုက်ခဲ့ကြပြီး အရှေ့တိုင်း၏ ကာကွယ်သူ အနေဖြင့် မြောက်ပိုင်းချုံးသည် ကျူးကျော်မှုတိုင်းကို ရှေ့ဆုံးမှ ဦးဆောင်ကာ တွန်းလှန်ပေးခဲ့သည်။ ထိုတိုက်ပွဲများ၌ မြောက်ပိုင်းချုံးသည် ကြီးစွာ အထိနာခဲ့ပြီး အဖွဲ့ဝင် တစ်ဝက်ခန့် အထိပင် ဆုံးရှုံးခဲ့ရသည်။
“ဆရာ ... ယင်နဂါး ရေကန်ကို ပေ့မန် သရဲအုပ်စုက တိုက်ခိုက်ခဲ့တာပါ ... အဲဒီ တိုက်ပွဲမှာ ယင်တစ္ဆေဂိုဏ်း တစ်ခုလုံး ဖျက်ဆီးခံရပြီး ဝူရှန့်ဟယ်လည်း သေသွားခဲ့ပါတယ် ... သူတို့အတွက် ဆရာ ပြန်ပြီး လက်စားချေပေးပါ”
အားရှို့က မျက်ရည်ဝဲဝဲဖြင့် ပြောသည်။
“အစ်မကျင်းရီကိုတော့ ကူနတ်ဘုရားက ဖမ်းပြီး သတ်ပစ်လိုက်တာ”
ယုဝမ်ကျင်းကလည်း ပြောပြသည်။
ချန်းဖန်၏ မျက်လုံးများမှာ ပိုမို၍ အေးစက် လာခဲ့၏။
ဝူရှန့်ဟယ်နှင့် ကျိုးကျင်းရီတို့မှာ သူ၏ မိတ်ဆွေများ ဖြစ်သလို မြောက်ပိုင်းချုံး ဂိုဏ်းဝင်များလည်း ဖြစ်သည်။ မြောက်ပိုင်းချုံး ဂိုဏ်းချုပ် အနေဖြင့်ရော၊ မိတ်ဆွေတစ်ယောက် အနေဖြင့်သာ သူသည် ထိုလူများ၏ အသက်ကို ကာကွယ်ပေးခဲ့ သင့်သည်။
“ကူနတ်ဘုရားနဲ့ ပေ့မန် သရဲ အုပ်စု ဆိုတာက ဘာတွေလဲ”
ချန်းဖန်က မေးလိုက်၏။
“ကူနတ်ဘုရား ဆိုတာက တရုတ်နိုင်ငံ တောင်ပိုင်း ဒေသမှာ နှစ်ပေါင်းများစွာ အိပ်ပျော်နေတဲ့ ရှေးဟောင်း သက်ရှိ တစ်ယောက်ပါ ... ကြားရသလောက်ဆို သူက မှောင်ဂိုဏ်းတွေ ဂွန်းတူဂိုဏ်းတွေနဲ့ ဆက်စပ်မှု ရှိတယ်တဲ့ ... ရှဲ့ရန်က သူနဲ့ သုံးကြိမ် တိုက်ခိုက်ခဲ့ပြီး နောက်ဆုံး တစ်ကြိမ်မှာ ဒဏ်ရာ ရလာခဲ့တာ”
“ပေ့မန် သရဲအုပ်စု ဆိုတာကတော့ ဂျပန် ဒဏ္ဍာရီတွေထဲမှာ ပါတဲ့ သရဲတွေ ဝိညာဉ်တွေ နေထိုင်တဲ့ မရဏပြည်က လာခဲ့တာ ... ဒီမတိုင်ခင် အချိန် အထိ သူတို့က မြေအောက်မှာပဲ ပုန်းနေခဲ့တာတဲ့”
ဖန့်ချုံးက ချန်းဖန်အား သေချာစွာ ရှင်းပြ လိုက်သည်။
“နောက်ပြီးတော့ သူတို့ရဲ့ နောက်ကွယ်မှာ နဂါးရေကန်ရဲ့ နဂါးအိုကြီး ရှိနေတယ် ... ဒါကြောင့်မလို့ ဒီလောက်အထိ ရင်ဆိုင်ရ ခက်ခဲနေတာ”
ထို့နောက် ချန်းဖန်က သူ၏ မိသားစုများ အတွက် အချိန်ပေးကာ စကားစမြည် ပြောနေခဲ့၏။
သူတို့၏ ပြောစကားများ အရဆိုလျှင် ချန်းဖန် မရှိသည့်နောက် ဖန့်ချုံးမှာ မြောက်ပိုင်းချုံး၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ သူမသည် ယခုမှ ဝိညာဉ်ပင်လယ် အထွတ်အထိပ်တွင် ရှိနေသေးသော်လည်း မြောက်ပိုင်းချုံး၏ များစွာသော ဂိုဏ်းဝင်များမှာ သူမ၏ အမိန့်ကို နာခံ ကြရ၏။
ထိုအရာက ချန်းဖန် သိရှိထားသည့် ကျိချုံး နတ်ဘုရားမပင် ဖြစ်သည်။ အတိတ်ဘဝ၌ သူမသည် မသေဆုံးခင် အချိန်အထိ ချန်းဖန်ကိုပင် ဦးဆောင်ခဲ့သည်။
ချန်းဖန် ပြန်လောက်လာသည့် သတင်းကို မြောက်ပိုင်းချုံးက ပိတ်ဆို့ထားခဲ့၏။
ကမ္ဘာပေါ်၌ ချန်းဖန်၏ ရန်သူများကား မရေ မတွက်နိုင်အောင် ရှိသည်။ ထို့အပြင် ချန်းဖန်နှင့် ချန်းဟွိုက်အန်းတို့မှာ ကမ္ဘာကြီးကို အံ့ဩစေလောက်မည့် တစ်စုံတစ်ခုအား ပြင်ဆင်နေခြင်းလည်း ဖြစ်၏။
ချန်းဖန်သည် သူ၏ မိသားစုနှင့်အတူ နေထိုင်ရင်း ခွန်ရှု့ နယ်မြေမှ သူ ရရှိလာသည့် ဝိညာဉ်ဆေးများ၊ ဝိညာဉ် လက်နက်များကို ခွဲဝေ ပေးနေခဲ့သည်။
ထိုအထဲ၌ ဝိညာဉ် ရတနာများမှာ အဖိုးအတန်ဆုံးများ ဖြစ်သည်။
“ဘုန်း …”
လူတိုင်းသည် တောင်ကြား အစီအရင်ကိုပင် တုန်လှုပ်သွားစေသည့် ဓားအလင်းအား ကြည့်ရင်း အံ့ဩသွားကြ၏။
“ဆရာ ... အဲဒါက ဝိညာဉ် ရတနာ ဆိုတာလား”
အားရှို့က မေးလိုက်သည်။
“ဒါကို ထျန်းရွှမ်ဓားလို့ ခေါ်တယ် ... လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်ရဲ့ ဓမ္မရတနာ တစ်ခုပေါ့ ... တန်ခိုးရှင် အဆင့်တစ်ယောက်က ဒီဓားနဲ့ မူလ အဆင့် တစ်ယောက်ကို သတ်နိုင်တယ်”
ချန်းဖန်က ဆိုလိုက်သည်။
“အဲဒီလောက်တောင်လား …”
များစွာသော လူများက ဓားအား အံ့ဩတကြီး ကြည့်ကြ၏။
ထို့နောက် ချန်းဖန်က နတ်ဘုရား မိုးကြိုး ကြေးပြား၊ နဂါးငါးကောင် ကြာပွတ်၊ ချင်းရှု့ချီ ခေါင်းလောင်းနှင့် အခြား ဝိညာဉ် ရတနာများ ကိုပါ ထုတ်ယူ၍ သူ၏ တပည့်နှင့် မိသားစုများအား ခွဲဝေ ပေးလိုက်သည်။
သူကား ခန္ဓာကျင့်ကြံခြင်း၌ ကောင်းကင်ခန္ဓာ ထူးခြား အောင်မြင်ခြင်း အဆင့်သို့ ရောက်နေပြီ ဖြစ်ရာ ရွှေအမြုတေ အဆင့် တစ်ယောက်ကိုပင် လက်ချည်း သက်သက်ဖြင့် သတ်နိုင်နေပြီ ဖြစ်သည်။ ထိုသာမန် ဝိညာဉ် ရတနာများက သူ့အတွက် အသုံး မဝင်တော့ချေ။
ချန်းဟွိုက်အန်းသည် ကောင်းကင် မိုးကြိုး ကြေးပြားကို လက်ခံရရှိကာ ဟွာရန်ဖန်းက နဂါး ငါးကောင် ကြာပွတ်ကို ရရှိ၏။ ထို့အပြင် ဝမ်ရှောက်ယွင်မှာ ချင်းရှု့ချီ ခေါင်းလောင်း၊ ယူကီရှီရိုဆာက ထျန်းရွှမ်ဓား၊ ယုဝမ်ကျင်းက ကောင်းကင် ဆယ့်လေးခု စသည်ဖြင့် အသီးသီး ရရှိကြ၏။ ဖန့်ချုံးကိုမူ ချန်းဖန်က လဘီးအား ပေးလိုက်သည်။
“လှလိုက်တာ …”
ဖန့်ချုံးက လဘီးအား တယုတယ ပွတ်သပ်ရင်း ကျေနပ်စွာ ပြုံးလိုက်၏။
“ဝှစ် …”
ထို့နောက် သူမက ရုတ်ခြည်းပင် လရောင်ဖြင့် ဟွာရန်ဖန်းအား တိုက်ခိုက် လိုက်သည်။ ဟွာရန်ဖန်း မတုန့်ပြန် ရသေးခင်မှာပင် သူမက တိုက်ခိုက်မှုကို ပြန်လည် ရုပ်သိမ်းလိုက်၏။
“မြန်လိုက်တာ ... ငါ့ လက်မာင်းတစ်ဖက် ပြတ်တော့မလို့”
ဟွာရန်ဖန်းမှာ ချွေးစေးများပင် ထွက်လာခဲ့၏။ တိုက်ခိုက်မှုက သူ့အား မထိခဲ့သော်လည်း သူ၏ အင်္ကျီလက်မှာမူ အပိုင်းပိုင်း ပြတ်သွားခဲ့ပြီ ဖြစ်သည်။
“ဒီဝိညာဉ် ရတနာက အခုထိ မပြီး မသတ်ရသေးဘူး ... အဲဒါသာ အပြည့်အဝ နိုးထလာရင် ဖန့်ချုံးက မြေကမ္ဘာအဆင့် ဆယ်ယောက်လောက်အထိ ရင်ဆိုင်နိုင်မှာ သေချာတယ်”
ချန်းဖန်က ပြုံးရင်း ပြောလိုက်သည်။
ရှစ်ရက် ကြာပြီးနောက် …
ဟွာရန်ဖန်းမှာ သတင်းထူးဖြင့် အပြင်မှ ပြန်လည် ရောက်လာခဲ့၏။
“နဂါးရေကန်ရဲ့ နဂါးအိုကြီးက အရှေ့တိုင်းရဲ့ မြေကမ္ဘာ နတ်ဘုရားတွေကို လိုက်ပြီး စုစည်း နေတယ် ... ပြောတာကတော့ ခရစ်ယာန် ဘုရားကျောင်းနဲ့ အမေရိကန်တို့ရန်ကို ကာကွယ်ဖို့ အတွက် အဖွဲ့အစည်းတစ်ခု ဖွဲ့မလို့တဲ့ ... နောက်ငါးရက် ကြာရင် ကျောင်းဟိုင်မှာ အစည်းအဝေးတစ်ခု လုပ်မယ် ... ကူ နတ်ဘုရားနဲ့ ဂျပန် မရဏ သခင်တို့လည်း အဲဒီကို လာကြမှာ”
“ကြည့်ရတာ သူတို့က မြောက်ပိုင်းချုံးနဲ့ ခွန်းလွန်တို့ကိုပါ အဲဒီ အဖွဲ့ထဲကို သိမ်းသွင်းမဲ့ပုံပဲ …”
ယူကီရှီရိုဆာနှင့် အခြားလူများမှာ ဒေါသထွက်သွားကြ၏။
မြောက်ပိုင်းချုံးနှင့် ခွန်းလွန်သည် အင်အားကြီးသည် ဆိုသော်လည်း သူတို့၌ နဂါးအိုကြီးကို ယှဉ်နိုင်သူ မရှိချေ။ ပုံမှန် အခြေအနေတွင် ဆိုပါက သူတို့ အဖွဲ့အစည်း နှစ်ခုလုံးမှာ နဂါးရေကန်၏ လက်အောက်သို့ ဝင်ရမည်မှာ သေချာသည်။
သို့သော်လည်း ယခုတွင်မူ သူတို့၌ ချန်းဖန် ရှိနေပြီ ဖြစ်သည်။ မည်သည့် အရာကို ကြောက်ရတော့မည်နည်း။
လူတိုင်းက ချန်းဖန်အား ကြည့်လိုက်ကြသည်။
“ဟဟ …”
ချန်းဖန်က အနည်းငယ် ရယ်မော လိုက်၏။
“ငါပြန်လာပြီ ဆိုတာ ကမ္ဘာကြီးကို ပြောဖို့ အချိန် ရောက်ပြီ”
***