တွေ့ဆုံပွဲ
Vol. 8 Ch. 772
ချန်းပေ့၏ နဂါးရေကန်သည် ကျောင်းဟိုင်တွင် တွေ့ဆုံပွဲ တစ်ခုကို ကျင်းပ ပေလိမ့်မည်။ ထိုတွေ့ဆုံပွဲ၌ နဂါးအိုကြီးသည် အရှေ့တိုင်း၏ မြေကမ္ဘာ နတ်ဘုရားများကို ဖိတ်ခေါ်ကာ နတ်ဘုရားအဖွဲ့ တည်ထောင်ရန်အတွက် ဆွေးနွေးမည် ဖြစ်သည်။
ထိုသတင်းက ပျံ့နှံ့သွားသည်နှင့် ကမ္ဘာတစ်ခုလုံး ဆွံ့အ သွားကြ၏။
လွန်ခဲ့သည့် သုံးနှစ်အတွင်း၌ ဥရောပတွင် ခရစ်ယာန် ဘုရားကျောင်း၊ အမေရိကန်တွင် မာယာ သင်္ဘောပျံ စသည်ဖြင့် အနောက်တိုင်း နိုင်ငံများသည် အင်အားကြီး နောက်ခံကို ရရှိခဲ့ပြီး ဖြစ်သည်။
အရှေ့တိုင်း တစ်ခုလုံးတွင်မူ ကာကွယ်သူ အနေဖြင့် ရဲ့ချင်စန်းနှင့် ချန်းဟွိုက်အန်း တို့လောက်သာ ရှိရာ အနောက်တိုင်းနှင့် ယှဉ်ပါက သိသိသာသာ အားနည်းပေသည်။
သို့သော်လည်း ယခုတွင် အရှေ့တိုင်း၏ အရှင်သခင်များသည် စုပေါင်း၍ နတ်ဘုရား အဖွဲ့ကို ဖွဲ့စည်းပေတော့မည်။ ထိုအဖွဲ့၏ အင်အားဖြင့် အရှေ့တိုင်းသည် ခရစ်ယာန် ဘုရားကျောင်း အပါအဝင် အနောက်တိုင်းကို ပြန်လည်၍ ပခုံးချင်း ယှဉ်နိုင်ပေလိမ့်မည်။
“တစ်ခုရှိတာက ဘယ်သူက နတ်ဘုရား အဖွဲ့ရဲ့ ခေါင်းဆောင် လုပ်မှာလဲ ... နဂါးတွေ သားရဲတွေ ဆိုရင်တော့ ငါ လက်မခံနိုင်ဘူး”
“မင်းဘာကို စိုးရိမ်နေတာလဲ ... ငါတို့မှာ အရှင်ရဲ့နဲ့ အရှင်ချန်းတို့ ရှိနေတာပဲဟာ”
“ဟုတ်တော့ ဟုတ်ပါတယ် ... ဒါပေမဲ့ အရှင်ချန်းတို့က ချန်းပေ့ရဲ့ နဂါးကြီးကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
“တကယ်လို့ ချန်းပေ့ရွှမ်းသာ ရှိနေရင် ကောင်းမှာပဲ ... သူက အဲဒီ မွန်းစတားတွေကို ကမ္ဘာမှာ ရိုင်းစိုင်းခွင့်ပြုမှာ မဟုတ်ဘူး”
“ဟဟ ... ချန်းပေ့ရွှမ်းလား ... သူက ခွန်ရှု့ နယ်မြေမှာ သေသွားပြီ ... သူ အသက်ရှင် နေသေးရင်တောင် နဂါးအိုကြီးက သွေးဘိုးဘေးနဲ့ ဘုရားသားတော်တို့မှ မဟုတ်တာ ... သူက ကောင်းကင် တန်ခိုးရှင် တစ်ပိုင်း ဖြစ်နေပြီ ... အစစ်အမှန် နဂါး ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် ... နျူကလိယတောင် သူ့ကို မသတ်နိုင်ဘူး”
ထိုသို့သော စကားဝိုင်းများမှာ အင်တာနက် ဖိုရမ်များ အထက်၌ ပလူပျံအောင် ဖြစ်ပေါ် နေသည်။
များစွာသော လူများသည် နဂါးအိုကြီး အရှေ့တိုင်း၏ ခေါင်းဆောင် ဖြစ်လာမည်ကို စိတ်ပူ နေကြသည်။ မည်မျှပင် အစွမ်းထက်သည် ဆိုစေကာမူ နဂါးအိုကြီးမှာ သားရဲ တိရစ္ဆာန်သာ ဖြစ်သည်။
လူသားများ အနေဖြင့် သူတို့သည် တိရစ္ဆာန် တစ်ကောင်က သူတို့အား ဦးဆောင်မည်ကို မလိုလားကြချေ။
ကျင်းမြို့တော် …
ကျောင်းဟိုင် သွားသည့် အဝေးပြေး လမ်းမတွင် ဇိမ်ခံကား တစ်စီးသည် တရိပ်ရိပ် မောင်းနှင်နေ၏။
ကားနောက်ခန်းတွင်မူ ချန်းဖန်သည် ဝိုင်ကို သောက်ရင်း သူ၏ တက်ပလက်မှ တစ်ဆင့် အရှေ့တိုင်း နတ်ဘုရားများ၏ အချက်အလက်များကို ကြည့်နေခဲ့သည်။
“ဒီမှာတွေ့တာတော့ ရဲ့ချင်စန်းက နဂါးရေကန် တိုက်ပွဲမှာ နိုင်ခဲ့တယ်ဆို ... ဒါတောင် ဘာလို့ ကြောက်နေကြတာလဲ”
ချန်းဖန်က မေးလိုက်၏။
“နဂါးရေကန်မှာ ရဲ့ချင်စန်းနဲ့ တိုက်ခိုက်တာက နဂါးအိုကြီး မဟုတ်ဘူး ... သူ့ရဲ့ မျိုးဆက် တစ်ယောက်လေ”
ယူကီရှီရိုဆာက ဖြူရော်စွာ ပြုံးရင်း ပြန်ဖြေ လိုက်သည်။
ဖန့်ချုံးကလည်း ဝင်ပြောလိုက်၏။
“စီအိုအေက နဂါးအိုကြီး၊ ခရစ်ယာန် ဘုရားကျောင်းရဲ့ သူတော်စင် ပီတာ၊ ရွှေရောင် နတ်ဘုရား ဂူအို၊ သမုဒ္ဒရာ သခင်ကြီးနဲ့ အခြား နှစ်ယောက်ကို “ကမ္ဘာဖျက် အဆင့်” အစွမ်း အထက်ဆုံး အရှင်သခင် ခြောက်ယောက်လို့ သတ်မှတ်ခဲ့တယ် ... အချို့လူတွေကတော့ အဲဒီ ခြောက်ယောက်ဟာ အစစ်အမှန် နတ်ဘုရား၊ ကောင်းကင် တန်ခိုးရှင်တွေ ဖြစ်နေပြီလို့တောင် ထင်ကြေး ပေးနေကြတယ်”
“အစွမ်း အထက်ဆုံး အရှင်သခင် ခြောက်ယောက် …”
ချန်းဖန်က ပြုံးလိုက်၏။ ထိုလူများအား သူ အနည်းငယ်ပင် ဂရုမစိုက်ချေ။
လွန်ခဲ့သည့် သုံးနှစ်က ဆိုလျှင် သူ့ အနေဖြင့် စိုးရိမ်ကောင်း စိုးရိမ်မိမည် ဖြစ်သော်လည်း ယခုတွင်မူ သူကား ရွှေအမြုတေ အဆင့်ကို လက်ဗလာဖြင့် သတ်ပစ်နေနိုင်ပြီ ဖြစ်သည်။ ထိုအစစ်အမှန် နတ်ဘုရား၊ ကောင်းကင် တန်ခိုးရှင်များကို သူ လွယ်ကူစွာ အနိုင်ယူ နိုင်သည်။
“ဒါနဲ့ ကူနတ်ဘုရား ပရဏသခင်နဲ့ ပေ့မန် သခင်ကြီးတို့ကရော …”
ချန်းဖန်က မေးလိုက်ပြန်သည်။
“ဂူနတ်ဘုရားနဲ့ ပေ့မန် သခင်ကြီးတို့က မူလ အဆင့် အစောပိုင်းပဲ ရှိသေးတယ် ... သူတို့ကို “မြို့ဖျက် အဆင့်” လို့ စီအိုင်အေက သတ်မှတ်ထားတယ် ... အဓိပ္ပာယ်ကတော့ မြို့တစ်မြို့ကို ဖျက်ဆီးနိုင်အောင် အစွမ်းထက်တယ် ဆိုတဲ့ သဘောပေါ့”
“ဂျပန်ရဲ့ မရဏ သခင်ကတော့ နည်းနည်း ပိုပြီး အစွမ်းထက်တယ် ... သူက မူလ အလယ်ဆင့်မှာ ရှိနေပြီးတော့ “နိုင်ငံဖျက် အဆင့်” လို့ သတ်မှတ်ခံ ထားရတယ် ... နောက်ပြီး သူက မြေကမ္ဘာ သတ်မှတ်ချက် နံပါတ် ၂၃ နေရာမှာ ရှိနေတယ်”
ဖန့်ချုံးက သူမ၏ မှတ်စုစာအုပ်ကို ထုတ်ကာ ဖတ်ရင်း ချန်းဖန်အား အသေးစိတ် ရှင်းပြ လိုက်သည်။
“မြေကမ္ဘာ သတ်မှတ်ချက် ... အဲဒါတွေကို စီအိုင်အေက ထုတ်ပြန်တာလား”
ချန်းဖန်သည် အနည်းငယ် အံ့အားသင့် သွား၏။
ကမ္ဘာကြီးက လွန်ခဲ့သည့် သုံးနှစ် သူ ထွက်မသွားခင်ကနှင့် မတူညီဘဲ လုံးဝ ခြားနားသည့် အရာတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။
“စီအိုင်အေက သတင်း ထုတ်ပြန်တာ ဆိုပေမဲ့ အဓိက သတ်မှတ်တာကတော့ စတားဝါး ကော်ပိုရေးရှင်းနဲ့ မာယာ မျိုးနွယ်တွေပဲ ... အဲဒီ သတ်မှတ်ချက်မှာ ကူနတ်ဘုရားတို့လို အဆင့်မျိုးတွေက ပါဝင်ဖို့ အဆင့် မမှီဘူး ... နောက်ပြီး ... အရှင်သခင် ခြောက်ယောက် ကလည်း လူတွေ သိနိုင်တဲ့ အဆင့်ထက် ကျော်လွန်နေတဲ့အတွက် သတ်မှတ်ချက်မှာ မပါဝင်ဘူး”
ဖန့်ချုံးက လေးနက်သော အမူအရာဖြင့် ရှင်းပြသည်။
“ဟဟ …”
ချန်းဖန်က ရယ်မောရင်း မေးစေ့ကို မော့လိုက်၏။
“ဘာမှ စိတ်မပူနဲ့ မိန်းမ ... အဲဒီ အရှုံးသမားတွေကို ယောက်ျား ဘယ်လို ဒူးထောက်အောင် လုပ်မလဲဆိုတာ ကြည့်နေ …”
***
ထိုအချိန် ယင်ဖုန်းမျှော်စင် အဝ၌ ကင်မရာ မီးများသည် တဖျပ်ဖျပ် လင်းလက်နေပြီး တန်ဖိုးကြီး ဇိမ်ခံကားများသည် တစ်စီးပြီး တစ်စီး ရောက်ရှိနေ၏။
“အဲဒါက မင်းသမီး လီရှင်းရုပဲ ... သူ ဒီကို လာမယ်လို့ ငါ ထင်တောင် မထင်ထားဘူး”
“ဟမ် ... ဟိုတစ်ယောက်က ကိုရီးယား မင်းသမီး ကင်အင်ချွန်း မလား ... သူက ကိုရီးယားရဲ့ အသက်အငယ်ဆုံး အထွတ်အထိပ် ပညာရှင် ဆိုတေးအန်နဲ့ ဒိတ်နေတာတယ်လို့ ကောလာဟလတွေ ပြန့်နေတယ်”
များစွာသော သတင်းထောက်များသည် ဓာတ်ပုံများ ရိုက်ရင်း ဆွေးနွေး ပြောဆို နေကြ၏။
တွေ့ဆုံပွဲသို့ လာရောက်ကြသူ အများစုမှာ သိုင်းပညာရှင်များနှင့် ဆယ်လီများ ဖြစ်သည်။ သတင်းထောက်များသည် လာရောက်ကြသူများထဲ၌ သူဌေးကြီးများ၊ ကျော်ကြားသော မိသားစု ခေါင်းဆောင်များကိုပင် သတိထားမိကြ၏။
“ဂျပန် မစ်ဆု မိသားစု ခေါင်းဆောင် မစ်ဆု ယူတို …”
“ကိုရီးယား ဆမ်ဆောင်း စီအီးအို …”
“ဥရောပ အိဒ် အင်တာနေရှင်နယ်ရဲ့ စီအီးအို မစ္စတာ အက်ဝါ့ …”
“နိုင်ငံတကာက သူဌေးကြီးတွေ တော်တော်များများ လာတာပဲ ... ကြည့်ရတာ သူတို့က နတ်ဘုရား အဖွဲ့ရဲ့ တည်ထောင်မှုကို အလေးထားပုံ ရတယ်”
“ဒါပေါ့ ... ဒီတွေ့ဆုံပွဲက အရှေ့တိုင်းရဲ့ အကြီးမားဆုံးပွဲပဲလေ ... နတ်ဘုရား အဖွဲ့ တည်ထောင်ပြီးတာနဲ့ အရှေ့တိုင်းရဲ့ မြေကမ္ဘာ နတ်ဘုရားတွေက တစ်သွေးတစ်သံတည်း စုစည်း သွားလိမ့်မယ် ... အဲဒီ အခါကျရင် အရှေ့တိုင်းက သမုဒ္ဒရာဂိုဏ်း ခရစ်ယာန် ဘုရားကျောင်း ရွှေရောင်ဂိုဏ်းတို့ကို ယှဉ်နိုင်လာတော့မှာလေ”
“ဒါပေမဲ့ ပြဿနာက ဘယ်သူက အဲဒီ အဖွဲ့ကို ဦးစီးမှာလဲ ... နဂါးအိုကြီးလား မရဏ နတ်ဘုရားလား”
သတင်းထောက်များ အကြိတ်အနယ် ဆွေးနွေး နေကြစဉ်မှာပင် တစ်စုံတစ်ယောက်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
“ချန်းပေ့ရဲ့ ကျန်းမိသားစု ရောက်လာပြီ”
လူတိုင်းက ကြည့်လိုက်ရာ ကိုရီးယားနှင့် ဂျပန်မှ သူဌေးကြီးများ ခြံရံလာသော လူငယ် တစ်ယောက်ကို တွေ့ရသည်။
ထိုလူငယ်သည် အရပ်ရှည်ကာ ကြံ့ခိုင် သန်မာ၏။ များစွာသော လူများမှာ ထိုလူငယ်အား တွေ့သည်နှင့် ခေါင်းငုံ့ကာ အရိုအသေ ပြုကြရ၏။
“ချန်းပေ့ ကျန်းမိသားစုက ဘယ်လောက်တောင် အင်အားကြီးလိုက်သလဲ”
လူငယ် ယင်ဖုန်း မျှော်စင် ထဲသို့ ဝင်ရောက် သွားပြီးနောက် “ချိုင်းနားမောနီးပို့စ်” ၏ သတင်းထောက်က ဆိုလိုက်သည်။
“သူတို့ရဲ့ နောက်မှာက နဂါးရေကန် ရှိနေတယ်လေ ... ကြားရတာတော့ သူတို့ရဲ့ ဘိုးဘေးနဲ့ နဂါးအိုကြီးက ပတ်သက်မှုတွေ ရှိတယ်တဲ့ ... အခု ဆိုရင် အရှေ့တိုင်းရဲ့ ဘယ်သူကမှ ကျန်းမိသားစုကို မထိရဲတော့ဘူး”
အသက်လတ် သတင်းထောက် တစ်ယောက် ကလည်း ဖြူရော်စွာ ဆိုလိုက်၏။
အတိတ်၌ ကျန်းမိသားစုသည် ကျော်ကြားခြင်း မရှိသော်လည်း ကမ္ဘာကြီးကား ပြောင်းလဲ သွားပြီ ဖြစ်သည်။ ကျန်းမိသားစုအား “နဂါး မိသားစု” ဟုပင် ခေါ်ကြသည်။ သူတို့၏ မိသားစုဝင်များသည် နဂါးသွေးကို ပိုင်ဆိုင်ကာ ပါရမီ မြင့်မားသည့် သိုင်းပညာရှင်များ ဖြစ်သည်။ နဂါး ရေကန်၏ ပံ့ပိုးမှုဖြင့် သူတို့သည် သုံးနှစ် အတွင်းမှာပင် အရှေ့တိုင်း၏ နံပါတ်တစ် မိသားစု ဖြစ်လာခဲ့သည်။
ထို့နောက် …
မရဏ သခင် ကိုယ်စား ဂျပန်၏ အမူး မိသားစု၊ ကူနတ်ဘုရား အစား ထိုင်းတော်ဝင် မိသားစု၊ ပေ့မင်သရဲအုပ်စု ကိုယ်စား ချောင်မိသားစုတို့ တက်ရောက်လာ၏။
ထိုမိသားစုများ အပြင် များစွာသော အင်အားစုများသည်လည်း ရောက်ရှိ လာကြ၏။ တူညီသည့် အချက်ကား သူတို့ အားလုံး၌ မူလ အဆင့် နောက်ခံ ရှိကြခြင်းပင်။
“ချန်းပေ့ နဂါးကြီးနဲ့ ကူနတ်ဘုရား တို့ရော ရောက် မလာဘူးလား …”
သတင်းထောက် တစ်ယောက်က မေးလိုက်၏။
“သူတို့က ကောင်းကင် အရှင်တွေလေ ... ဒီလို တွေ့ဆုံပွဲမျိုးကို ဘယ်လာမလဲ ... နောက်ပြီး နဂါးအိုကြီးဆိုရင် မီတာ ရာချီပြီး ကြီးမားတယ် ... ယင်ဖုန်း မျှော်စင်နဲ့ ဘယ်လို ကာမလဲ”
အသက်လတ် သတင်းထောက်က ပြုံးရင်း ဆိုလိုက်သည်။
***
“လူတွေ တော်တော်များတာပဲ …”
ထိုအချိန်၌ ချန်းဖန်သည် ယင်ဖုန်း မျှော်စင်အတွင်း ရောက်နေပြီ ဖြစ်သည်။
သူသည် မီးခိုးရောင် ဆံပင်ရှည်များကို ပခုံးထက်တွင် ဖြန့်ကျဲချကာ နေကာမျက်မှန်ကို တပ်ထား၏။ သုံးနှစ်ကြာ ပျောက်ကွယ်ပြီးနောက်၌ သူအား မည်သူကမျှ သတိ မထားမိကြတော့ချေ။
“ဆရာ ... ဒါက ယင်ဖုန်း မျှော်စင်ရဲ့ မြေပြင် အထပ်ပါ ... တွေ့ဆုံပွဲက အပေါ်ဆုံးထပ်မှာ ကျင်းပမှာ ... ဒါပေမဲ့ အဲဒီကို သွားဖို့က အထူး ဖိတ်ကြားချက် လိုတယ် ... ထိပ်သီး ပုဂ္ဂိုလ်တွေပဲ အဲဒီ နေရာကို သွားခွင့် ရှိတယ်”
အားရှို့က ပြောလိုက်၏။
ယူကီရှီရိုဆာ၊ ဖန့်ချုံးနှင့် အန်ရာတို့မှာ ကျော်ကြားသော ပုဂ္ဂိုလ်များဖြစ်ရာ ထိပ်ဆုံး အထပ်သို့ ဖိတ်ကြားခံရသည်။ သို့သော်လည်း အားရှို့မှာမူ အထူးတလှယ် ကျော်ကြားခြင်း မရှိလှရာ ချန်းဖန်နှင့်အတူ အောက်ဆုံးထပ်တွင် နေရ၏။
“တကယ်တော့ တွေ့ဆုံပွဲ ဆိုတာက အပေါ်ယံပါကွာ ... ဆုံးဖြတ်ချက်ကို ချရမှာက မူလ အဆင့်တွေပဲလေ ... အေးဆေးပေါ့”
ချန်းဖန်က ဆိုရင်း ဝိုင်ခွက် တစ်ခွက်ကို ကောက်ယူ လိုက်သည်။
ထိုအချိန်မှာပင် အဝင်ဝမှ ဆူညံသံများ ထွက်ပေါ်လာသည်။ အားရှို့က ထိုနေရာကို ခေါင်းမော့၍ လှမ်းမျှော်ကြည့် လိုက်၏။
“ဆရာ ... အဲဒါက ချန်းပေ့ရဲ့ ကျန်းမိသားစုပဲ”
*