← Chapters

မင်းမိသားစုကို ငါ ရှင်းပစ်မယ်

Vol. 8 Ch. 773

မင်းမိသားစုကို ငါ ရှင်းပစ်မယ်

Vol. 8 Ch. 773

“ဟမ် …”

ချန်းဖန်က လှည့်ကြည့်လိုက်ရာ ခန်းမအတွင်း ဝင်လာသော လူတစ်စုအား တွေ့ရ၏။ ထိုအထဲ၌ ချန်းဖန်၏ မိတ်ဆွေဟောင်းကြီး မစ်ဆုယူတိုလည်း အပါအဝင် ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ထိုမစ်ဆု လုပ်ငန်းစု ခေါင်းဆောင်မှယ လူငယ်တစ်ဦး၏ နောက်၌ လေးစားစွာ ရပ်နေခဲ့၏။

ထိုလူငယ်သည် အရပ်ရှည်ပြီး သန်မာ ထွားကျိုင်းသည်။ သူသည် အသက် နှစ်ဆယ်ခန့်သာ ရှိသေးသည့်တိုင် တန်ခိုးရှင် ထိပ်ဆုံး အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်လေသည်။

“ဆရာရှု ရောက်လာပြီ …”

ခန်းမ အတွင်း ရှိနေသော လူအားလုံးမှာ လူငယ်အား တွေ့သည်နှင့် ချက်ချင်းပင် အပြေးအလွှား သွားရောက်၍ နှုတ်ဆက်ကြ၏။

“အဲဒီခွေးကောင်က ကျန်းရိုရှု့တဲ့ ... ချန်းပေ့ ကျန်းမိသားစုရဲ့ အထူးချွန်ဆုံး မျိုးဆက်လို့ ပြောရမှာပေါ့ ... သူက မြောက်ပိုင်းချုံးကို အကြိမ် တော်တော်များများ တိုက်ခိုက်ဖူးတယ် ... အမ ယူကီရှီရိုဆာတောင် သူ့ဆီမှာ ရှုံးဖူးတယ်”

အားရှို့က ချန်းဖန်အား ကပ်ရင်း ပြောပြလိုက်သည်။

“တကယ်ကြီးလား …”

ချန်းဖန်က ပေါ့ပျက်ပျက်ပင် ပြုံးလိုက်၏။ သူ့အတွက် ထိုကောင်လေးကို သတ်ရန်မှာ လက်တစ်ချောင်းပင် လှုပ်စရာလိုမည် မဟုတ်ချေ။

“ကျန်းမိသားစုနဲ့ နဂါးရေကန်က ဘယ်လို ပတ်သက်နေတာလဲ …”

ချန်းဖန်က ဆက်ကာ မေးလိုက်၏။

“ကြားရတာကတော့ ကျန်းမိသားစု ဘိုးဘေးက နဂါးရေကန်ရဲ့ မျိုးဆက်တစ်ယောက်တဲ့ ... သူတို့ မိသားစုက နဂါးရေကန်ကို လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက စောင့်ရှောက် နေခဲ့တာတဲ့ ... လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာလည်း ကျန်းမိသာစုကပဲ နဂါးအိုကြီး အစား တာဝန်ယူ လှုပ်ရှားနေခဲ့တာ”

အားရှို့က ရှင်းပြရင်း ကျန်းရိုရှု့အား ကြည့်လိုက်၏။

ထိုအချိန်၌ ကျန်းရိုရှုသည် သူ့အား နှုတ်ဆက်လာသူများ အားလုံးကို လျစ်လျူရင်း ဓာတ်လှေကား ရှိရာသို့ သွား၏။ သို့သော်လည်း မည်သူကမျှ ထိုအမူအရာအား ရိုင်းစိုင်းသည်ဟု မမြင်ကြချေ။

“သူက တကယ်ပဲ တန်ခိုးရှင် ထိပ်ဆုံးအဆင့် ဆရာရှုပဲ ... ငါတို့က သူ့ကို တစ်စက္ကန့်လောက်တောင် မတားနိုင်ခဲ့ဘူး”

“ဟဟ ... ဆရာရှုက အမြဲတမ်း မောက်မာတယ် ... ရှောင်ရွှမ် ဟန်ကျန်းတုတို့လို ရန်ကျင်း ထိပ်တန်း သခင်လေးတွေတောင် သူ့ကို တစ်ခဏပဲ စကားပြောခွင့် ရတယ်တဲ့ ... အခုဆိုရင် သူ့ရဲ့ အဆင့်အတန်းက သမ္မတထက်တောင် ပိုမြင့်နေပြီ ... ဒါပေမဲ့ သူက နတ်ဘုရားမလေး ရှုယုံဖေးကို စိတ်ဝင်စား နေတယ်တဲ့”

“တကယ်ကြီးလား ... ရှုယုံဖေးက ကံကောင်းတာပေါ့”

အခန်း အတွင်းရှိ လူတိုင်းသည် အရှိန်တက်စွာ ဆွေးနွေး နေကြ၏။ သူတို့သည် အလွန် ချမ်းသာ ကြွယ်ဝပြီး ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ကျန်းရိုရှုနှင့် နှိုင်းယှဉ်လျှင်မူ ငေးကြည့်ရုံသာ တတ်နိုင်ကြ၏။

“သူက ဖေးဖေးကို လိုက်နေတာလား”

ချန်းဖန်က သူ၏ မျက်လုံးများကို ကျဉ်းမြောင်း လိုက်သည်။

“စိတ်မပူနဲ့ ဆရာ ... မိန်းကလေး ဖေးဖေးက မြောက်ပိုင်းချုံးရဲ့ ကာကွယ်မှုအောက်မှာ ရှိနေတာ ... သူ ဖေးဖေးကို မထိရဲပါဘူး”

အားရှို့က ဆိုလိုက်သည်။

“အင်း …”

ချန်းဖန်က ခေါင်းညိတ် လိုက်၏။

သူသည် ကျန်းရိုရှုကို ဂရုစိုက်ခြင်း မရှိချေ။ သူ ဤနေရာသို့ လာရသည့် အကြောင်းရင်းမှာ နဂါးအိုကြီး၊ မရဏသခင်နှင့် အခြား လူများကို စောင့်ရန် ဖြစ်သည်။ ချန်းဖန်၏ စစ်မြေပြင်မှာ ယင်ဖုန်း မျှော်စင်အတွင်းမှ တွေ့ဆုံပွဲ မဟုတ်ချေ။ ကောင်းကင်သာ ဖြစ်သည်။

ထိုအချိန်မှာပင် နေကာမျက်မှန် တပ်ထားသော မိန်းကလေး တစ်ယောက်သည် အလျင်စလို ဖြတ်သွားရင်း ချန်းဖန်၏ ပခုံးကို ဖြတ်တိုက် မိသွား၏။

“အာ ... တောင်းပန်ပါတယ်ရှင်”

မိန်းကလေးက တောင်းပန်ပြီးနောက် ဆက်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း သူမက ချန်းဖန်၏ မျက်နှာအား မြင်သည်နှင့် ရပ်တန့် သွား၏။

“ချန်းဖန် ... ဟုတ်တယ်မလား”

“မင်းက …”

ချန်းဖန်သည် ထိုမိန်းကလေးအား ရင်းနှီးစွာ သိ၏။

“ကျွန်မက ဖေးဖေးရဲ့ အခန်းဖော် နင်ရှင်းလေ ... မှတ်မိတယ်မလား”

မိန်းကလေးက နေကာမျက်မှန်အား ချွတ်ကာ ပြုံးပြ လိုက်သည်။ ထိုအခါ သူမ၏ မျက်လုံးများက ပိုမို မှေးစင်းသွား၏။ သို့သော်လည်း ထိုအရာက သူမအား ပိုမို ဆွဲဆောင်မှု ရှိစေသည်။

“နင်က တကယ်ပဲ ချန်းဖန်လား ... သူတို့ ပြောတော့ ခွန်ရှု့နယ်မြေမှာ နင်သေသွားပြီဆို ... ငါ ဖေးဖေးကို သွားပြောလိုက်ဦးမယ် ... သူက နင့်ကို သတိရလို့ အရူးတစ်ပိုင်း အမြဲတမ်း ဖြစ်နေတာ”

နင်ရှင်းက ဝမ်းသာ အားရဖြင့် ပြောလိုက်သည်။

“ဖေးဖေးက ငါ့ကို စောင့်နေသေးတာလား”

ချန်းဖန်မှာ အနည်းငယ်ပင် အံ့အားသင့် မိသွား၏။

“နင် ပြန်လာတာ ဖေးဖေးကို ဘာလို့ မပြောတာလဲ ... လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ သူက နင့်အကြောင်း မတွေးမိဖို့ အလုပ်ကိုပဲ ဖိလုပ်နေခဲ့တာ ... နင့်ဘာသာနင် ကောင်းကင်က မိုးနတ်မင်းကြီးပဲ ဖြစ်ဖြစ် ... ဖေးဖေးကို ဖြေရှင်းချက် ပေးရမယ် ... နောက်ပြီး …”

နင်ရှင်း တရစပ် ပြောနေစဉ်မှာပင် အပေါက်ဝမှ ဆူဆူညံညံ အသံများ ထွက်ပေါ်လာ၏။

မင်းသမီး ရှု့ယုံဖေးကား ယင်ဖုန်းမျှော်စင် တွေ့ဆုံပွဲသို့ ရောက်ရှိ လာချေပြီ ဖြစ်သည်။

“ဖေးဖေး ရောက်လာပြီ ... ငါသူ့ကို သတင်းကောင်း သွားပြောရမယ်”

နင်ရှင်းက ထခုန်ရင်း ဆိုလိုက်သည်။

ချန်းဖန်ကမူ နေရာတွင်ပင် ရပ်ရင်း အဝင်ဝရှိ နတ်သမီးလေးကို လှမ်းကြည့်လိုက်သည်။

သုံးနှစ် အတွင်း ရှု့ယုံဖေးသည် ပိုမို ရင့်ကျက်ကာ လှပလာ၏။ သို့သော်လည်း သူမ၏ ပုံစံက ဖိအားများကြောင့် အနည်းငယ် နွမ်းလျနေသည်။

နင်ရှင်းက လူအုပ်ကြားမှ ရှုယုံဖေးထံသို့ သွားကာ လက်အား ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူမက ရှုယုံဖေးအား ချန်းဖန် အကြောင်း ပြောပြရန် ဟန်ပြင်လိုက်စဉ်မှာပင် အပေါ်ထပ်မှ လူတစ်အုပ် ဆင်းသက် လာ၏။

ထိုလူအုပ်စုက ရှုယုံဖေးထံသို့ တည့်တည့် လျှောက်လာကာ ပြောလိုက်သည်။

“မိန်းကလေးရှု ... ကျုပ်သခင်က ခင်ဗျားကို အပေါ်ထပ်ကို လာဖို့ ဖိတ်လိုက်ပါတယ်”

ပုံမှန်ဆိုလျှင် ရှုယုံဖေးမှာ ထိပ်တန်း သရုပ်ဆောင် တစ်ယောက် ဖြစ်သော်လည်း အပေါ်ထပ်သို့ တက်ခွင့် မရှိချေ။ အောက်ထပ်တွင်သာ နေခွင့် ရှိသည်။ အပေါ်ထပ်မှာ သူဌေးကြီးများ၊ ထိပ်တန်း မိသားစု ခေါင်းဆောင်များ၊ ဂိုဏ်းချုပ်များ အတွက်သာ ဖြစ်၏။

“အဲဒီ အဘိုးကြီးက ကျန်းမိသားစုကပဲ ... ငါ သူ့ကို ကျန်းရိုရှုရဲ့ ဘေးမှာ တွေ့ဖူးတယ်”

တစ်ယောက်က အုပ်စု၏ ရှေ့ဆုံး၌ ရပ်နေသော အဘိုးအိုအား ညွှန်ပြရင်း ပြောလိုက်သည်။

များစွာသော လူများမှာ ဆွံ့အသွားကြ၏။

မြင်ရသည်က ကျန်းရိုရှု ရှုယုံဖေးကို လိုက်နေသည် ဆိုသော သတင်းများက မှန်နေပုံ ရသည်။

“စိတ်မကောင်းပါဘူး ... ကျွန်မက သူငယ်ချင်းနဲ့အတူ လာတာပါ ... ဒီမှာပဲ နေပါရစေ”

ရှုယုံဖေးက ယဉ်ကျေးစွာပင် ငြင်းပယ် လိုက်သည်။

“မိန်းကလေးရဲ့ သူငယ်ချင်းလည်း မိန်းကလေးနဲ့အတူ အပေါ်ထပ်ကို လိုက်နိုင်ပါတယ် …”

အဘိုးအိုက ထပ်မံ၍ ဆိုလိုက်၏။

“မလိုက်ဘူး …”

ယခု တစ်ကြိမ်တွင်မူ ရှုယုံဖေးက ပြတ်သားစွာပင် ထပ်မံ၍ ငြင်းဆန်လိုက်သည်။

ထို့နောက် သူမက နင်ရှင်း၏ လက်ကို ဆွဲကာ ထွက်သွားရန် ပြင်လိုက်၏။

“မိန်းကလေးရှု ... ကျုပ်သခင်ကို ဘယ်သူကမှ မလေးမစား မလုပ်ရဲဘူး ... ခင်ဗျားကတော့ သူ့ကို တွေ့ဖို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့တယ် ... ခင်ဗျားရဲ့ မိသားစု မိတ်ဆွေတွေ အတွက် မစိုးရိမ်ဘူးလား”

အဘိုးအိုက ရှုယုံဖေး၏ လမ်းကို ပိတ်ရင်း အေးစက်စွာ ပြောလိုက်သည်။

“ရှင်က ကျွန်မတို့ကို ခြိမ်းခြောက် နေတာလား …”

နင်ရှင်း၏ မျက်နှာက ချက်ချင်းပင် တင်းမာ သွားသည်။

“ဘုန်း …”

ရုတ်တရက် အဘိုးအိုက ပြုံးရင်း သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။

“တန်ခိုးရှင် …”

များစွာသော လူများမှာ ထိတ်လန့်စွာဖြင့် နောက်သို့ ဆုတ်လိုက်မိကြ၏။

မထင်မှတ်စွာပင် ထိုအစေခံ အဘိုးအိုမှာ တန်ခိုးရှင် အဆင့် တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။

“ကျန်းမိသားစုက အရမ်း ကြောက်ဖို့ ကောင်းတာပဲ ... အင်းပေါ့လေ သူတို့က နဂါးရေကန်ရဲ့ ပံ့ပိုးမှု ရထားတာပဲ”

အထွတ်အထိပ် အဆင့် တစ်ယောက်က ခေါင်းခါ လိုက်သည်။

“ရှု့ယုံဖေးကလည်း မခေဘူး ... သူ့မှာ မြောက်ပိုင်းချုံး နောက်ခံ ရှိတယ်နော်”

အခြားတစ်ယောက်က ဆို၏။

မျှော်လင့်ထားသည့် အတိုင်းပင် ရှု့ယုံဖေး၏ နောက်မှ အထွတ်အထိပ် ပညာရှင် တစ်ယောက် ထွက်ပေါ် လာခဲ့သည်။ သူကား နဂါးခန်းမ၏ ရှဲ့ချန်း အမည်ရသော ကျင့်ကြံသူ ဖြစ်သည်။

“မိန်းကလေးရှုက မြောက်ပိုင်းချုံးရဲ့ ကာကွယ်မှု အောက်မှာ ရှိတယ် ... ကျန်းမိသားစုက မြောက်ပိုင်းချုံးကို စစ်ကြေညာချင် နေတာလား”

ရှဲ့ချန်းက အေးစက်စွာ ဆိုလိုက်၏။

“ဟမ့် …”

အဘိုးအိုက နှာခေါင်းရှုံ့ လိုက်သည်။

“မြောက်ပိုင်းချုံး ဆိုတာ မရှိတော့ဘူး ... ဒီနေ့က စပြီး နဂါးအိုကြီးက နတ်ဘုရား အဖွဲ့ကို တည်ထောင်ပြီး အရှေ့တိုင်းကို စုစည်းလိမ့်မယ် ... မြောက်ပိုင်းချုံးက မနာခံရင် အဖွဲ့ဝင် အားလုံး အသတ်ခံရမယ်”

“ဝေါ့ …”

ရှဲ့ချန်းမှာ သွေးတစ်လုတ် အန်ကာ နောက်သို့ ဆုတ်လိုက်ရ၏။

အခြားလူများ၏ အမြင်၌ အဘိုးအိုမှာ သာမန် စကားပြောနေပုံ ပေါ်သော်လည်း အမှန်တကယ်တွင်မူ သူသည် နတ်ဘုရား စိတ်အာရုံကို သုံး၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ရှဲ့ချန်းမှာ ယခုမှ အထွတ်အထိပ် အဆင့်တွင်သာ ရှိသေးရာ တန်ခိုးရှင် အဆင့်၏ နတ်ဘုရား စိတ်အာရုံ တိုက်ခိုက်မှုကို အနည်းငယ်ပင် မခံနိုင်ခဲ့ချေ။

“ကျေးဇူးပြုပြီး မိန်းကလေး ရှု ... ကျုပ်တို့ကို ခက်ခဲအောင် မလုပ်ပါနဲ့”

အဘိုးအိုက ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။

ထို့နောက် သူ၏ အနောက်မှ အစောင့် လေးယောက်ကလည်း ရှေ့သို့ တက်လာကြသည်။ သူတို့ အားလုံးမှာ ရှဲ့ချန်းကဲ့သို့ အစွမ်းထက်သော အထွတ်အထိပ် ပညာရှင်များ ဖြစ်၏။

“မိန်း ... မိန်းကလေး ရှု …”

ရှဲ့ချန်းက ရင်ဘတ်ကို ဖိရင်း အားတင်းကာ ထရပ်လိုက်သည်။ သို့သော်လည်း သူကား ဆက်လက် တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။

“ကျွန်မ …”

ရှုယုံဖေးက အံကြိတ်ရင်း တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် တည်ငြိမ်သော အသံတစ်ခုက ခန်းမအတွင်း ပျံ့လွင့်လာ၏။

“ဖေးဖေးက မင်းကို ထွက်သွားစေချင်တယ် ဆိုရင် ထွက်သွား ... မဟုတ်ရင် ငါ မင်းရဲ့ တစ်မိသားစုလုံးကို သတ်ပစ်မယ်”

***

All Chapters