ကမ္ဘာ၏ အာရုံစိုက်မှု
Vol. 8 Ch. 774
ခန်းမ တစ်ခုလုံးသည် တိတ်ဆိတ်သွားပြီး လူများသည် ထိုသို့ ပြောရဲသူအား ကြည့်လိုက်ကြ၏။
ထိုအချိန်၌ ကျန်းမိသားစု ပညာရှင်များ၏ မျက်နှာများမှာမူ ဒေါသဖြင့် နီရဲနေကြပြီ ဖြစ်လေသည်။
“ ... ”
လူများသည် နေကာမျက်မှန်ကို တပ်၍ ဝိုင်ခွက် ကိုင်ရင်း လျှောက်လာသော လူငယ်အတွက် ဘေးသို့ ရှဲ၍ လမ်းဖယ်ပေး လိုက်ကြသည်။
လူငယ်၏ ဆံပင်များသည် အဘိုးအို တစ်ယောက်ကဲ့သို့ မီးခိုးရောင် သန်းနေ၏။ သို့သော်လည်း သူ၏ အသားအရေမှာမူ ကလေးငယ်ကဲ့သို့ နူးညံ့ကာ ချောမွေ့နေသည်။ သူ၏ နှုတ်ခမ်းရှိ အပြုံးမှာမူ တစ်လောကလုံးကို လူမထင်ကြောင်း လစ်ဟာပြနေ၏။
“သူက ဘယ်သူလဲ ... ကျန်းမိသားစုကို ဆန့်ကျင်ရဲတာ သေချင်လို့လား”
များစွာသော လူများမှာ ထိတ်လန့် သွားကြသည်။
“ကောင်လေး ... ဒါ မင်းကိစ္စ မဟုတ်ဘူး ... ဘေးဖယ်နေ”
အဘိုးအိုက အေးစက်စွာဖြင့် ဆိုလိုက်၏။
ကျန်းမိသားစု၏ အစေခံ အနေဖြင့် သူသည် နဂါးရေကန်တွင်သာ အစဉ်အမြဲ နေထိုင်ခဲ့သည်။
ငယ်ရွယ်စဉ် အခါက သူသည် သေမျိုးကမ္ဘာ၌ တစ်ကြိမ် လှည့်လည် သွားလာခဲ့ဖူးသော်လည်း သူ့အတွက် သေမျိုးကမ္ဘာမှာ ငါးချည်းသာ ရှိသည့် ရွှံ့ဗွက် တစ်ခုသာ ဖြစ်ခဲ့သည်။ အကယ်၍ နဂါးရေကန်သာ ပြန်လည် ထွက်ပေါ်ရန် ဆုံးဖြတ်ခြင်း မရှိပါက သူသည် ထိုရွံ့ဗွက်အိုင်ကို တစ်ချက်ပင် လှည့်ကြည့်မည် မဟုတ်ချေ။
“ကမ္ဘာပေါ်မှာ ငါ့ကိစ္စ မဟုတ်တဲ့ဟာ တစ်ခုမှ မရှိဘူး …”
ချန်းဖန်က အေးဆေးစွာပင် လူများ ဖယ်ပေးသည့် လျှောက်လမ်းမှ ဆက်လက် လျှောက်လာခဲ့၏။ သူ၏ နောက်တွင် အားရှို့က စိတ်အေးလက်အေးပင် လိုက်ပါလာသည်။
“ဟိုကောင်မလေးက မြောက်ပိုင်းချုံးရဲ့ တပည့်တစ်ယောက်များလား ... ငါ တွေ့ဖူးသလိုပဲ”
လူများက အားရှို့အား ကြည့်ရင်း မရေမရာ ပြောဆိုကြ၏။
လွန်ခဲ့သည့် သုံးနှစ်အတွင်း၌ အားရှို့သည် မြောက်ပိုင်းချုံး နန်းတော် အတွင်းတွင်သာ ကျင့်ကြံနေလေ့ရှိရာ သူမအား သိသူ သိပ်မရှိလှချေ။ သို့သော်လည်း သူမကား ဝိညာဉ်ပင်လယ် (တန်ခိုးရှင်) အဆင့်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။
လူများသည် ချန်းဖန်နှင့် အားရှို့တို့ကို မြောက်ပိုင်းချုံးဂိုဏ်းဝင်များဟု သတိထားမိကြ၏။ သို့သော်လည်း မြောက်ပိုင်းချုံးကား လွန်ခဲ့သည့် သုံးနှစ်ကဲ့သို့ ကမ္ဘာ၏ ပြိုင်ဘက်ကင်း ဖြစ်တည်မှု မဟုတ်တော့ရာ မည်သူမျှ သိပ်အလေးမထားမိကြချေ။
“မြောက်ပိုင်းချုံး …”
အဘိုးအိုက ချန်းဖန်အား တစ်ချက် ကြည့်ရင်း အကဲခတ်လိုက်၏။
သို့သော်လည်း ချန်းဖန်၏ ခန္ဓာကိုယ်မှ မည်သည့် စွမ်းအား အငွေ့အသက်မျှ ထွက်ပေါ် မနေခဲ့ရာ အဘိုးအို၏ မျက်လုံး၌ ဂရုမစိုက်ဟန်များ ပြန်လည် ပေါ်လာခဲ့သည်။
ထို့နောက် အဘိုးအိုက ချန်းဖန်အား လျစ်လျူ၍ အားရှို့ကိုသာ ကြည့်ရင်း ဆိုလိုက်၏။
“မြောက်ပိုင်းချုံးရဲ့ တိုက်ရိုက် တပည့်တစ်ယောက်ကို ဒီနေရာမှာ တွေ့ရမယ်လို့ မထင်ထားဘူး ... ဘာပဲဖြစ်ဖြစ် ငါ့သခင်က မိန်းကလေးရှုကို အပေါ်ထပ်ကို ဖိတ်ချင်တယ် ... နင်က ငါ့ကို တားမလို့လား ... နင်တို့ ဂိုဏ်းချုပ်ကတောင် ငါ့ကို ကျန်းမိသားစုကို မဆန့်ကျင်ရဲဘူးနော်”
“ဟမ့် ... ငါ့ဆရာက ခရစ်ယာန် ဘုရားကျောင်း သွေးပင်လယ်နဲ့ အမေရိကန်ကိုတောင် အနိုင်ယူဖူးတယ် ... နင်တို့က ခုမှ ဘယ်ချောင်က ထွက်လာပြီး လေကြီးနေတာလဲ”
အားရှို့က နှာခေါင်းရှုံ့ လိုက်သည်။
အဘိုးအိုမှာ အနည်းငယ် တိတ်ဆိတ်သွား၏။
သူတို့သည် ကမ္ဘာသို့ ထွက်ပေါ်လာခြင်း မရှိသည့်တိုင် ချန်းဖန်၏ သတင်းများကိုမူ ကြားဖူးကြသည်။ အကယ်၍ ချန်းဖန်သာ ခွန်ရှု့ နယ်မြေသို့ ဝင်မသွားပါက နဂါးရေကန်မှာ မြောက်ပိုင်းချုံးကို ထိရဲမည် မဟုတ်ချေ။
“ဟဟ ... နင်တို့ ဂိုဏ်းချုပ်က ခွန်ရှု့ နယ်မြေမှာ သေသွားပြီ ... ဒါပေမဲ့ ငါတို့ရဲ့ နတ်ဘုရား အဖွဲ့ကတော့ ဒီနေ့ ပေါ်လာတော့မယ် ... နောက်ကျရင် မြောက်ပိုင်းချုံးက သမိုင်းစာအုပ်ထဲမှာပဲ ရှိတော့မှာ”
အဘိုးအိုက ပြောရင်း ရှုယုံဖေးကို ကြည့်လိုက်၏။
“မိန်းကလေးရှု ... ကျေးဇူးပြုပြီး ကြွပါ ... ကျုပ်ဆရာကို စောင့်ရအောင် မလုပ်ပါနဲ့”
သို့သော်လည်း ရှု့ယုံဖေးက သူ၏ စကားကို ကြားဟန် မရဘဲ ရုပ်တုအလား အေးခဲ၍ ချန်းဖန်ကိုသာ ငေးကြောင် ကြည့်နေခဲ့၏။
“မိန်းကလေးရှု …”
အဘိုးအိုက စိတ်မရှည်စွာ ခေါ်လိုက်သည်။
သို့သော်လည်း ရှုယုံထေးကား သူ့အား လျစ်လျူထားဆဲ ဖြစ်၏။
“ဟမ့် …”
အဘိုးအိုက သူ၏ လက်ကို ဆန့်ထုတ်၍ ရှုယုံဖေးအား ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။
“ဝှစ် ... ဝှစ် …”
ရုတ်တရက် ရှုယုံဖေး၏ ခန္ဓာကိုယ်မှ တွန်းကန်အားတစ်ခု ထွက်ပေါ်လာကာ အဘိုးအို၏ လက်အား တွန်းထုတ် လိုက်၏။ ထိုအင်အားကား ရှုယုံဖေး၏ ခန္ဓာရှိ အဆောင်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ဟမ် …”
အဘိုးအိုက မျက်မှောင်ကြုတ်ရင်း ရှုယုံဖေးအား နောက်တစ်ကြိမ် ဖမ်းဆီးရန် ပြင်လိုက်သည်။
ထိုစဉ်မှာပင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာ၏။
“ထွက်သွားစမ်း …”
ထိုအသံသည် အခြားလူများအတွက် မထူးခြားသော်လည်း အဘိုးအိုမှာမူ ဗုံးအလုံး တစ်သောင်း ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။
“အား …”
အဘိုးအိုမှာ နားနှစ်ဖက်ကို ပိတ်ရင်း ကြမ်းပြင်ပေါ် လဲကျသွား၏။ တစ်ချိန်တည်း၌ သူ၏ နားများ၊ ပါးစပ်များ စသည့် ဒွါရပေါက်များမှ သွေးများ စီးကျလာသည်။
“သေစမ်း …”
အထွတ်အထိပ် ပညာရှင် လေးယောက်သည် အဘိုးအိုကို ချန်းဖန် တိုက်ခိုက်လိုက်ကြောင်း သတိပြုမိသည်နှင့် ချက်ချင်းပင် သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်၏။
“ဟမ့် …”
သို့သော်လည်း သူတို့ မလှုပ်ရှားရ သေးခင်မှာပင် အားရှို့က လက်သီ လေးချက် ပစ်လွှတ်လိုက်သည်။
“ဘုန်း …”
ထိုလက်သီးချက်တွင်ပင် ထိုအထွတ်အထိပ် ပညာရှင် လေးယောက်ကား အတွင်းကလီစာများ ပျက်စီးကာ သေဆုံး၏။
ချန်းဖန်က ဘာမှမဖြစ်ခဲ့ သလိုပင် ဝိုင်ခွက်ကို ဝှေ့ယမ်းရင်း ရှေ့သို့ ဆက်လက် လျှောက်လာခဲ့သည်။
“သူတို့က …”
အခြားလူများသည် ချန်းဖန်နှင့် အားရှို့တို့အား ကြည့်ကာ ထိတ်လန့် သွားကြ၏။
“အဲဒီ မိန်းကလေးကလည်း တန်ခိုးရှင် အဆင့်ပဲ ... သူက ကျန်းမိသားစုရဲ့ အထွတ်အထိပ် လေးယောက်ကိုတောင် တစ်စက္ကန့်အတွင်း သတ်လိုက်နိုင်တယ်”
“မြောက်ပိုင်းချုံးနဲ့ ကျန်းမိသားစုတို့က နတ်ဘုရားအဖွဲ့ မတည်ထောင်ခင် တိုက်ခိုက် တော့မှာလား ... ကြည့်ရတာ ပြင်းထန်တဲ့ တိုက်ပွဲတော့ ဖြစ်တော့မယ် ထင်တယ်”
ထို့နောက် လူတိုင်း၏ အကြည့်များ အောက်တွင်ပင် ရှုယုံဖေးသည် ချန်းဖန်အား ပြေးဖက်လိုက်၏။ သူမက ချန်းဖန်၏ ရင်ခွင်အတွင်း ရောက်သည်နှင့် ရှိုက်ကြီး တငင်ငင် ငိုကြွေးတော့သည်။
လူတိုင်းသည် ဆွံ့အသွားကြ၏။
“အဲဒါက ... ငါတို့ သိထားတဲ့ နတ်ဘုရားမလေးလား …”
စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်က မယုံကြည်နိုင်စွာ ရေရွတ်သည်။
အခြားသော လူများကလည်း ချန်းဖန်အား မနာလိုစွာဖြင့် ကြည့်ကြသည်။
“မငိုနဲ့တော့ ဖေးဖေး ... အစ်ကို ပြန်လာပြီပဲ ... အားလုံး အဆင်ပြေသွားမှာပါ”
ချန်းဖန်က ရှုယုံဖေး၏ ကျောပြင်အား ပွတ်သပ်ပေးရင်း နှစ်သိမ့် လိုက်သည်။
“အင်း ... ဖေးဖေးက အကို့စကားကို နားထောင်မယ်”
မိန်းကလေးက မျက်ရည်များကို သုတ်ရင်း ပြန်လည် ပြုံးလိုက်၏။
ချန်းဖန်က ခေါင်းညိတ်ပြရင်း ကြမ်းပြင်၌ လဲကျနေသော အဘိုးအိုဘက်သို့ လှည့်လိုက်၏။
“ထွက်မသွားရင် မင်းရဲ့ တစ်မိသားစုလုံးကို သတ်မယ်လို့ ငါ ပြောခဲ့တယ် ... အဲဒါကို ဟာသလို့ မင်းက ထင်နေတာလား”
“သောက်ရူးကောင် ... မင်း ဘာလုပ်နေလဲ ဆိုတာ သိရဲ့လား ... မင်းက ကျန်းမိသားစုနဲ့ နဂါး ရေကန်ကို စော်ကားနေတာ ... မြောက်ပိုင်းချုံး တစ်ခုလုံး မကြာခင် မင်းကြောင့် ပျက်စီးရလိမ့်မယ်”
အဘိုးအိုက နှုတ်ခမ်းမှ သွေးများကို ထွေးထုတ်ရင်း မောက်မာစွာ ဆိုလိုက်သည်။
“ငါ့ကို ခြိမ်းခြောက်လို့ ရမယ်များ ထင်နေတာလား ... မင်းတို့ရဲ့ နဂါးစုတ်ကြီး ကိုယ်တိုင် လာရင်တောင် ငါက သူ့ကို အရေခွံနွှာပြီး မြွေသားစားပွဲကြီး လုပ်ပစ်လိုက်မယ်”
ချန်းဖန်၏ ပုံစံက အနည်းငယ်ပင် ဂရုမစိုက်ပုံ မရချေ။ သူကား အရှေ့တိုင်း၏ အစွမ်း အထက်ဆုံး နဂါးအိုကြီးကို ရေမြွေအလား ထင်နေပုံရ၏။
“အရူးပဲ …”
အဘိုးအိုက ခေါင်းခါ လိုက်သည်။
ထိုအချိန် ယင်ဖုန်း မျှော်စင် အထက်၌ …
ကျန်းရိုရှုသည် လူအများ၏ အလယ်၌ ဝင့်ကြွားစွာ ထိုင်နေခဲ့သည်။ သူသည် ယခု တွေ့ဆုံပွဲ၏ အိမ်ရှင်ဖြစ်ကာ ကျန်းမိသားစု၏ ကိုယ်စားလှယ်လည်း ဖြစ်၏။
“အစ်ကိုရှု ... နတ်ဘုရား အဖွဲ့ကြီး တည်ထောင်ပြီးရင် အရှေ့တိုင်း တစ်ခုလုံးက ခေါင်းဆောင်နေရာကို ကျန်းမိသားစုကိုပဲ ပေးဖို့ ဆန္ဒ ရှိပါတယ် ... ကျုပ်တို့ အရှေ့တိုင်းက ကျန်းမိသားစုနဲ့ နတ်ဘုရား အဖွဲ့ရဲ့ ကာကွယ်မှု အောက်မှာ လုံခြုံမှာ သေချာပါတယ်”
များစွာသော မိသားစု ခေါင်းဆောင်များသည် ကျန်းရိုရှုအား ချည်းကပ်ကာ ဖားယား နေကြ၏။
“အဲဒီ အရာတွေကို ကောင်းကင် အရှင်တွေကပဲ ဆုံးဖြတ်မှာပါ ... ကျုပ်တို့က သူတို့ ဆုံးဖြတ်ချက်ကို နာခံရုံ သက်သက်သာပဲ”
ကျန်းရိုရှုက တည်ငြိမ်စွာပင် ပြန်လည် ပြောလိုက်၏။
မြောက်ပိုင်းချုံးနှင့် ခွန်းလွန်တို့မှာမူ ဘာမှ ဝင်မပြောပဲ နေရာတွင်ပင် ဆိတ်ငြိမ်စွာ ထိုင်နေကြသည်။ ဖန့်ချုံးနှင့် ယူကီရှီရိုဆာတို့၏ မျက်ဝန်းတွင်မူ အလင်းတစ်ခုက လင်းလက် တောက်ပနေသည်။
ထိုအချိန်မှာပင် အောက်ထပ်မှ သတင်းသည် ထိုနေရာသို့ ရောက်ရှိ လာ၏။
“ကောင်းပြီလေ ... ဘယ်သူက အဲဒီလိုတွေ လုပ်ရဲလဲ ကြည့်ရအောင်”
ကျန်းရိုရှုက မြောက်ပိုင်းချုံးအား တစ်ချက် လှမ်းကြည့်ကာ အောက်ထပ်သို့ ဦးတည်လိုက်၏။
ဖန့်ချုံးကလည်း တစ်ချက် ပြုံးကာ မြောက်ပိုင်းချုံး အဖွဲ့ဝင်များကို ခေါ်၍ အောက်ထပ်သို့ ဆင်းလာလိုက်သည်။
မကြာခင်မှာပင် အပေါ်ထပ်၌ မည်သူမျှ မကျန်ရစ် ကြတော့ချေ။
***