← Chapters

စတင် သတ်ဖြတ်ခြင်း

Vol. 8 Ch. 775

စတင် သတ်ဖြတ်ခြင်း

Vol. 8 Ch. 775

“သခင်လေး ... သူက ကျန်းမိသားစုကို စော်ကားပြီး အားလုံးကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပါတယ် ... နောက်ပြီး သူက အရှင်နဂါးကိုလည်း မြွေလို့ ပြောသေးတယ်”

အဘိုးအိုမှာ ကျန်းရိုရှု ဓာတ်လှေကားမှ ထွက်ပေါ်လာသည်ကို မြင်သည်နှင့် အော်ဟစ်ကာ တိုင်လိုက်သည်။

“ဟမ် …”

ချန်းဖန်၏ ခြေရင်း၌ လဲကျနေသော သူ၏ အစေခံကို မြင်သည်နှင့် ကျန်းရိုရှု၏ မျက်လုံးက ရေခဲအလား အေးခဲသွား၏။ သူက ချန်းဖန်အား စူးရဲစွာ ကြည့်လိုက်သည်။

“မင်းက နဂါးရေကန်ကို မလေးမစား လုပ်တဲ့ မြောက်ပိုင်းချုံးရဲ့ တပည့်ဆိုတာလား ... မင်းက မြောက်ပိုင်းချုံးရဲ့ ကာကွယ်မှု အောက်မှာ ရှိတာနဲ့ ချန်းပေ့ ကျန်းမိသားစုကို စော်ကားလို့ ရပြီ ထင်နေတာလား”

“ကျန်းမိသားစု ... ငါ တစ်ခါမှလည်း မကြားဖူးပါလား ... ဘယ်ချောင်ကနေ တိုးထွက်လာတာလဲ”

ချန်းဖန်က အနည်းငယ် စဉ်းစားဟန် မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်၏။

ကျန်းရိုရှုနှင့် အပေါင်းအပါများ၏ မျက်နှာများကား နက်မှောင် သွား၏။

လွန်ခဲ့သည့် သုံးနှစ်အတွင်း ကျန်းမိသားစုသည် အရှေ့တိုင်း၏ အင်အား အကြီးဆုံး မိသားစု ဖြစ်လာခဲ့ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာတွင်ပင် သူတို့၏ နာမည်ကို မကြားဖူးသူ မရှိတော့ချေ။ သို့တိုင်အောင် ထိုကောင်လေးက ကျန်းမိသားစု မကြားဖူးဟု ဆိုသည်။

အမှန်တကယ်ဆိုလျှင် ထို “ဘယ်ချောင်က ထွက်သနည်း” ဆိုသော မေးခွန်းအား သူ့ကိုယ်သူသာ မေးသင့်သည်။

“ဟီးဟီး ... အရိုင်းအစိုင်းလေး တစ်ကောင် ပါလား ... ဒါက မြောက်ပိုင်းချုံး ဂိုဏ်းဝင်တွေရဲ့ ပုံစံ ထင်တယ်”

ကျန်းရိုရှု၏ နံဘေး၌ ရပ်နေသော လူငယ် တစ်ယောက်က ဆိုလိုက်၏။

အမူးယူမီ …

သူကား အမူး မိသားစု၏ လူငယ် မျိုးဆက် တစ်ယောက် ဖြစ်သည်။

မရဏသခင်၏ အစေခံများ အနေဖြင့် အမူး မိသားစုသည် ဂျပန်တွင် တော်ဝင် မိသားစုထက်ပင် လွှမ်းမိုးမှု ရှိသည်။ အမူးယူမီသည် အသက်နှစ်ဆယ် မပြည့်ခင်မှာပင် တန်ခိုးရှင် အဆင့်သို့ တက်လှမ်းနိုင်ရာ အလွန်အမင်း ပါရမီ ပါသည်ဟု သတ်မှတ် နိုင်သည်။

“လေပဲ ရှိတဲ့ ကောင်တွေပါဗျာ ... ကျုပ်တို့ ဆေးနတ်ဘုရား တောင်ကြားကို သိမ်းတုန်းကတော့ အမြီးကုပ်နေတာပဲ”

ကူနတ်ဘုရား ဂိုဏ်းမှ တပည့် တစ်ယောက်ကလည်း နှာခေါင်းရှုံ့လိုက်၏။

“ဟုတ်တယ် ... ကျုပ်တို့ ယင်နဂါး ရေကန်ကို တိုက်ခိုက်တုန်းကလည်း မြောက်ပိုင်းချုံးက တစ်ရက်တောင် မခုခံနိုင်ခဲ့ဘူး”

ချောင်မိသားစု၏ သခင်လေး ချောင်ချူးတင်ကပါ ဝင်ပြောရင်း အော်ဟစ် ရယ်မော လိုက်သည်။

များစွာသော လူများက ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းခါ မိကြ၏။

မြောက်ပိုင်းချုံးသည် တစ်ချိန်က ကမ္ဘာကိုပင် စိုးမိုးနိုင်ခဲ့သော်လည်း ယခုတွင်မူ သူတို့၏ အရှိန်အဝါများကား ကျဆင်းနေခဲ့ပြီ ဖြစ်သည်။ လျှို့ဝှက် နယ်မြေများကို မည်သို့မျှ ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ချေ။

“ငါ့အစေခံကို လွှတ်ပေးလိုက် ... ငါမင်းအသက်ကို ချမ်းသာ ပေးမယ်”

ကျန်းရိုရှုက ယုံကြည်ချက် ရှိစွာ ဆိုလိုက်သည်။

“ဟီးဟီး …”

အဘိုးအို၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။ သူ၏ ပုံစံက ချန်းဖန်မှ သူ့အား လွှတ်ပေးလိမ့်မည် ဖြစ်ကြောင်း ကျိန်းသေ သိရှိနေပုံပင်။

“တကယ်ကြီးလား …”

ချန်းဖန်က ပြုံးလိုက်၏။

“ဘုန်း …”

ထို့နောက် အဘိုးအို၏ ဦးခေါင်းမှာ ဖရဲသီး ကွဲသကဲ့သို့ ကြမ်းပြင်၌ အစိတ်စိတ်အမွှာမွှာ ကြဲပြန့် သွားသည်။

“အဲဒါက …”

လူတိုင်းကား အဘိုးအို၏ ဦးခေါင်းကို အသာအယာသာ တို့ထိခဲ့သော ချန်းဖန်၏ ခြေထောက်ကို ကြည့်၍ ထိတ်လန့် သွားကြ၏။ သူက ဂန္တဝင် တန်ခိုးရှင် တစ်ယောက်ကို ထိုသို့ သတ်လိုက်သည်လား။

“မင်းက သေချင်နေတာပဲ …”

ကျန်းရိုရှု၏ မျက်နှာတွင် အံ့အားသင့်ခြင်းနှင့် ဒေါသများ ရောပြွမ်း ပေါ်လာခဲ့၏။ သူ၏ အရှေ့၌ သူ၏ အစေခံကို သတ်လိုက်ခြင်းက သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

“ငါ ကျန်းမိသားစု တစ်ခုလုံးကို သတ်ပစ်မယ်လို့ ပြောပြီးပြီ ... သူက ပထမဆုံး အသတ်ခံရတဲ့ တစ်ယောက် ... မင်းကတော့ ဒုတိယမြောက်ပေါ့”

ချန်းဖန်က ကျန်းရိုရှု၏ ဒေါသအား ဂရုမစိုက်စွာဖြင့် လက်နှစ်ဖက်အား နောက်ပစ်လိုက်သည်။

“ကောင်းတယ် ... အရမ်း ကောင်းတယ်”

ကျန်းရိုရှုက အရုပ်ဆိုးစွာ ပြုံးရင်း လက်ခုပ်တီးလိုက်သည်။

တစ်ချိန်တည်းတွင် သူ၏ မျက်လုံးများ၌ အနက်ရောင် အလင်း လင်းလက်လာကာ သူ၏ မျက်နှာတွင်လည်း အကြေးခွံအချို့ ပေါ်ထွက် လာသည်။ ထိုအရာကား ဒေါသ၏ အကြောင်းရင်းကြောင့် ပေါ်ထွက်လာသော နဂါးသွေးမျိုးဆက်၏ သင်္ကေတများ ဖြစ်သည်။

“သခင်လေး ... ကျုပ်ကို သခင်လေး ကိုယ်စား သူ့ကို သင်ခန်းစာ ပေးခွင့်ပြုပါ”

ကူနတ်ဘုရား ဂိုဏ်း၏ တပည့်က ပြောလိုက်သည်။

ကူနတ်ဘုရားဂိုဏ်းသည် မူလအဆင့် တစ်ယောက်ကို ပိုင်ဆိုင်ထားသည့်တိုင် ကျန်းမိသားစုနှင့် ယှဉ်လျှင်မူများစွာ အားနည်း၏။ သို့ဖြစ်ရာ သူတို့ မိသားစု အနေဖြင့် ဆက်လက် တည်မြဲလိုပါက ကျန်းမိသားစု၏ အကာအကွယ်ကို လိုအပ်သည်။

“ခရက် ... ခရက် …”

ကူနတ်ဘုရား ဂိုဏ်းတပည့်က ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။ သူ၏ ပုံစံကား ထူးချွန် ငယ်ရွယ်သော အထက်တန်းစား လူငယ်တစ်ယောက်နှင့်ပင် တူနေသေးသည်။

“ဂရုစိုက် ... သူက စစ်တပ်တစ်ခုလုံးကို အဆိပ်နဲ့ သတ်ဖြတ်ဖူးတယ်”

နင်ရှင်းက ချန်းဖန်အား သတိပေး လိုက်သည်။

ကူနတ်ဘုရား ဂိုဏ်းတပည့်သည် ခန္ဓာကိုယ် အတွင်းရှိ ကူကောင်များကြောင့် ကျန်းရိုရှုထက် ပိုမို ကြောက်မက်ဖွယ် ကောင်းသည်။ သူသည် တန်ခိုးရှင် အလယ်ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး နတ်ဘုရား သတ်မှတ်ချက်တွင် နှစ်ဆယ့်ခုနစ် နေရာတွင် ရှိ၏။

“ဟူး ... ဟူး …”

ထို့နောက် အားလုံး၏ အကြည့်များ အောက်တွင်ပင် ကူနတ်ဘုရား ဂိုဏ်းတပည့်က လက်တစ်ဖက်အား ဆန့်ထုတ်လိုက်သည်။

“ဝှစ် ... ဝှစ် …”

ရုတ်တရက် သူ၏ အင်္ကျီလက် အတွင်းမှ များစွာသော ကူကောင်များ ထွက်ပေါ်လာ၏။ ထိုကူကောင်များက လျင်မြန်စွာ ပျံသန်းရင်း ချန်းဖန်၏ အရေပြားကို ထိုးဖောက်ရန် ကြိုးစားသည်။

“အဲဒါက သွေးစုပ်ကူကောင်တွေပဲ ... အဲဒီ ကူကောင်တွေက ဆင်တစ်ကောင်ကိုတောင် တစ်ခဏ အတွင်း ခြောက်ကပ်သွားအောင် စုပ်ယူနိုင်တယ်တဲ့”

သိုင်းသမားများမှာ ကူကောင်များအား မြင်သည်နှင့် ထိတ်လန့်တကြား နောက်သို့ ဆုတ်လိုက်ကြ၏။

ရှုယုံဖေးမှာလည်း ကြောက်လန့်မှုကြောင့် ချန်းဖန်၏ အင်္ကျီလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင် လိုက်မိ၏။

အားရှို့နှင့် ဖန့်ချုံးတို့မှာမူ မတုန်မလှုပ်ပင် ရှိနေဆဲ ဖြစ်သည်။ ချန်းဖန်ကား ခွန်ရှု့ နယ်မြေ၏ မြေကမ္ဘာ နတ်ဘုရား တစ်ရာကိုပင် အနိုင်ယူခဲ့သူ ဖြစ်သည်။ ထိုကူကောင်များက သူ့အား အနည်းငယ်ပင် ထိခိုက်စေမည် မဟုတ်ချေ။

“ခရက် …”

ရုတ်တရက် ချန်းဖန်၏ မျက်လုံးမှ ကိုင်လင်မီးတောာက် ထွက်ပေါ်လာကာ ဓားအသွင်သို့ ပြောင်းလဲသည်။

“ကလန့် …”

အနက်ရောင်ဓားက တိုးဝင် ပိုင်းဖြတ်ရာ တစ်ခဏ အတွင်းမှာပင် သွေးစုပ်ကူကောင်များ အလုံးစုံ ပျက်စီး၏။ သို့သော်လည်း ဓားက ရပ်တန့်ခြင်း မရှိဘဲ ကူနတ်ဘုရား ဂိုဏ်းဝင်ထံသို့ပါ ဆက်လက် တိုးဝင်သည်။

“ဘုန်း …”

အားလုံး၏ အကြည့်များ အောက်တွင်ပင် ကူနတ်ဘုရား ဂိုဏ်းဝင်၏ ခန္ဓာသည် အတွင်းမှ နေ၍ ပေါက်ကွဲ၍ မရေမတွက်နိုင်သော အဆိပ်များ၊ ကူကောင်များ ထွက်ပေါ်လာသည်။

သို့သော်လည်း ကိုင်လင်သည် သားရဲ အားလုံး၏ သခင်ဖြစ်ကာ ယန်စွမ်းအင်၏ ပါရဂူလည်း ဖြစ်၏။ နိမ့်ကျသော ကူကောင်များ အနေဖြင့် မည်ကဲ့သို့ ယှဉ်နိုင်လိမ့်မည်နည်း။

“ဟူး ... ဟူး …”

တစ်ခဏ အတွင်းမှာပင် ကိုင်လင် မီးတောက်ဓားက ရှေ့သို့ ဆက်လက် တိုးဝင်၍ ကူကောင် အလုံးစုံကို ဖျက်ဆီးကာ ကူနတ်ဘုရား ဂိုဏ်းဝင်ကိုပါ လောင်ကြွမ်း ဝါးမျိုလိုက်တော့၏။

“အဲဒါက …”

အခန်း တစ်ခုလုံးရှိ လူများကား တိတ်ဆိတ် သွားကြသည်။

ဂူနတ်ဘုရား ဂိုဏ်းဝင်ကား ပါရမီရှင် လူငယ် တစ်ယောက် ဖြစ်သလို ကူကောင်များစွာကို ပိုင်ဆိုင်ထားသည့် တန်ခိုးရှင် အလယ်ဆင့် တစ်ယောက်လည်း ဖြစ်သည်။ သို့သော်လည်း သူကား မြောက်ပိုင်းချုံးမှ လူငယ်၏ တိုက်ခိုက်မှု တစ်ခုကိုပင် ခံနိုင်စွမ်း မရှိခဲ့ချေ။

“ဘုရားရေ ... အဲဒါက ဘယ်လို နတ်ဘုရား စွမ်းအားမျိုးလဲ ... သူက မြေကမ္ဘာ နတ်ဘုရား တစ်ယောက်များလား”

“မြေကမ္ဘာအဆင့် မဟုတ်ရင်တောင် မဝေးတော့ဘူး ... သူက ဘယ်သူများလဲ”

စီနီယာ အထွတ်အထိပ် ပညာရှင်များက ထိတ်လန့်စွာဖြင့် ချန်းဖန်အား ကြည့်ကြသည်။

ချန်းဖန်အား ကြည့်ရင်း ကျန်းရိုရှု၏ မျက်လုံးများက ပိုမို ကျည်းမြောင်းသွား၏။ သို့သော်လည်း သူကား ကြောက်ရွံ့ပုံ မရချေ။

“မြောက်ပိုင်းချုံးမှာ ဟွာရန်ဖန်း ရှဲ့ရန် ဖန့်ချုံးတို့အပြင် အခြား အစွမ်းထက် ပညာရှင် တစ်ယောက် ရှိနေသေးတာ ငါမသိခဲ့ဘူး ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ဘဲ မင်းအသက်က ဒီနေရာမှာ အဆုံးသတ်ရတော့မယ်”

ကျန်းရိုရှုက စိတ်မကောင်းဟန်ဖြင့် ခေါင်းကို ခါရင်း ဆိုလိုက်သည်။ သို့သော်လည်း သူ၏ မျက်လုံးများမှာမူ ပိုမို ထက်ရှ၍ လာ၏။

“နားငြီးတယ်ကွာ …”

ချန်းဖန်က ပြောရင်း ရှေ့သို့ တစ်လှမ်းတိုး လိုက်သည်။

***

All Chapters