လက်စတုံးသုတ်သင်ခြင်း
Vol. 32 Ch. 311
မင်ဒီယာနို သေဆုံးသွားသည်ကိုကြည့်ရင်း ဒန်ဘာ သက်ပြင်းချလိုက်သည်။
မင်ဒီယာနို သေလိမ့်မည်မှန်း သူ ကြိုတင်မျှော်လင့်ထားပြီးသားပင်။ သို့သော် သူ ဘာမှ မတတ်နိုင်ခဲ့။
ဟေးယွန်တုံးသည် မင်ဒီယာနို၏ လက်စွပ်ကို ဆွဲချွတ်ပြီး စုချန်းဆီသို့ ပြန်လာကာ ပြောလိုက်၏။
"တာဝန်ပြီးမြောက်အောင်မြင်သွားပါပြီ"
"ကျေးဇူးတင်ပါတယ်ဗျာ"
စုချန်းက နွေးထွေးစွာ ပြုံးပြရင်း ပြောလိုက်၏။ ထို့နောက် သူက ဒန်ဘာဘက်သို့ လှည့်ကြည့်လိုက်၏။
"ကဲ ဒီတခါတော့ ငါတို့အလှည့်ပဲနဲ့ တူတယ်"
ဒန်ဘာက ဖာရာရိုနှင့် မင်ဒီယာနိုတို့၏အလောင်းများဆီသို့ လှမ်းကြည့်ပြီး ရုတ်တရက် ပြောလိုက်၏။
"သူတို့အလောင်းတွေက်ို မြေမြှုပ်ပေးချင်လို့ ငါ့ကို ခနလောက် စောင့်ပေးနိုင်မလား ငါသေသွားရင် သူတို့အလောင်းတွေကို တယောက်ယောက် ဖျက်ဆီးသွားမှာကို ငါ မလိုလားဘူး"
"ပြသနာမရှိပါဘူးကွာ"
စုချန်းက ပြန်ပြောလိုက်၏။
စုချန်းထံမှ စကားပြန်ရသည်နှင့် ဒန်ဘာသည် ဖာရာရိုနှင့် မင်ဒီယာနိုတို့၏ အလောင်းများဘေးနားတွင် ဒူးထောက်ထိုင်ကာ စတင်၍ တွင်းတူးတော့သည်။ တကယ်တော့ သူ့ခွန်အားအရဆိုလျင် တချက်တည်းနှင့် ကြီးမားသော တွင်းကြီးတတွင်း ပေါ်ပေါက်လာစေရန် စွမ်းဆောင်နိုင်၏။
သို့သော် ဒန်ဘာက ထိုသို့မလုပ်ချေ။ လက်နှစ်ဖက်ကိုသာ အားပြု၍ ကြိုးစားပမ်းစားနှင့် မြေကြီးများကို ကလော်ထုတ်နေလေသည်။
လူသားများဘက်မှလည်း အလျင်လိုနေသည်တော့မဟုတ်။ ထို့ကြောင့် သူတို့သည် ဒန်ဘာ တွင်းတူးနေသည်ကို စိတ်ရှည်လက်ရှည်နှင့်ပင် စောင့်ဆိုင်းနေကြလေသည်။
သို့သော် ဘာကြောင့်မှန်းမသိပဲ စုချန်း၏ စိတ်ထဲတွင် တစုံတခု မှားယွင်းနေသကဲ့သို့ ခံစားနေရ၏။
အချိန်အတန်ကြာသောအခါ အလောင်းများမြှုပ်နှံရန် သင့်တော်သော တွင်ကြီးတတွင်း ပေါ်ပေါက်လာ၏။ ဒန်ဘာသည် အလောင်းနှစ်လောင်းကို တွင်းကြီးထဲထည့်ကာ သဲများဖြင့် ပြန်လည်ဖုံးအုပ်လိုက်လေသည်။ ထို့နောက် သူက စုချန်းကို စိုက်ကြည့်ကာ မေးလိုက်သည်။
"တာကူရှာဟာ မင်းရဲ့အကြံအစည်လား"
"ဟုတ်တယ်"
စုချန်းကလည်း ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်၏။ ဒန်ဘာက ထပ်မေးလိုက်ပြန်သည်။
"မင်းနာမည် ငါ့ကို ပြောပြလို့ရမလား"
ဒန်ဘာ၏ မေးခွန်းကြောင့် စုချန်း၏ ရင်ထဲတွင် အေးခနဲ ခံစားလိုက်ရလေသည်။
"ငါ့နာမည် စုချန်းလို့ခေါ်တယ်"
"မင်းနာမည်ကို ငါ မှတ်မိသွားပြီ ဖာရာရိုနဲ့ မင်ဒီယာနိုကို သတ်ခဲ့တဲ့လူဟာ စုချန်းဆိုတာကို ငါ့ရဲ့ မျိုးနွယ်စုတွေနဲ့ တွေ့တဲ့အခါ ငါ ပြန်ပြောလိုက်မယ်"
စုချန်း မျက်မှောင်ကုတ်လိုက်၏။
"ဒီလိုလုပ်ဖို့ လိုအပ်လိမ့်မယ်လို့ ငါတော့ မထင်ဘူး ဘာကြောင့်လဲဆိုတော့ ငါတို့ စတိုက်ပြီဆိုတာနဲ့ တယောက်ပဲ အသက်ရှင်လျက် ကျန်လိမ့်မယ် မင်းမဟုတ်ရင် ငါ တယောက်ယောက်ကတော့ သေမှာပဲ"
"အဲဒီတော့ အသက်ရှင်ကျန်ခဲ့မဲ့လူက မင်းပေါ့လေဟုတ်လား"
ဒန်ဘာက ရယ်မောရင်း ပြောလိုက်၏။
စုချန်း မှင်သက်သွား၏။
"မင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတာလား ဒါမှမဟုတ် ငါ့ကို ဝမ်တောက်ရှန်းထက် အင်အားကောင်းတယ်လို့ ထင်နေတာလား"
ဒန်ဘာက ခေါင်းခါယမ်းလိုက်သည်။
"ဒီနေရာမှာ အင်အားကြီးတာ အင်အားနည်းတာက အရေးမပါတော့ဘူး ဘာကြောင့်လဲဆိုတော့ မင်းဟာ ငါနဲ့ ရိုးရိုးသားသား တိုက်ခိုက်ဖို့ မတွေးထားဘူး ဟုတ်ရဲ့လား ငါ ပြောတာ"
စုချန်း ဘာပြောရမှန်းမသိပဲ ဖြစ်သွား၏။
ဒန်ဘာက စကားဆက်ပြန်သည်။
"မင်းဟာ တကယ်ကို ညဏ်ကောင်းပါပေတယ် ပထမဆုံး ဒီနေရာကို လူလေးယောက် ပို့လိုက်တယ် ပြီးတော့ ဘာအကြံအစည်မှ မရှိသယောင် ဟန်ပြထားတယ် ပထမနှစ်ပွဲကို ရိုးရိုးသားသား တိုက်ခိုက်ပြတယ် လူတိုင်းကတော့ တတိယပွဲဟာလည်း ရိုးသားလိမ့်မယ်လို့ တွေးမိကြမှာပဲ ဒါပေမဲ့ အဲဒီအချိန်မှာ အရာရာတိုင်းဟာ မင်းလက်ခုပ်ထဲက ရေဖြစ်သွားပြီလေ တရားသဖြင့် တိုက်ခိုက်နေစရာမှ မလိုတော့တာ နောက်ထပ် စီးချင်းထိုးပွဲလည်း မရှိတော့ဘူး ငါဟာ တကယ်တော့ လေးယောက်တယောက် ရင်ဆိုင်နေရတာပဲ ဒီအချိန်မှာသာ မင်းတို့ ငါ့ကို ဝိုင်းတိုက်ရင် ငါ ရှုံးသွားမှာပဲ"
စုချန်း ခေါင်းခါပြလိုက်သည်။
"မင်း ဘာကြောင့် ဒီလိုတွေးနေတာလဲ ငါ ဒီမှာ ရှိနေတယ်လေကွာ ငါ မင်းနဲ့ တိုက်မှာပါ"
"ဟုတ်တာပေါ့ မင်းနဲ့ငါ တာကူရှာ လုပ်ရအုံးမှာပဲ"
ဒန်ဘာက ခပ်သဲ့သဲ့ ရယ်မောလိုက်၏။
"ဒါပေမဲ့ ဒီလိုတိုက်ခိုက်တာက အချိန်ဆွဲရုံကလွဲလို့ အလကားသက်သက်ပဲကွ ဒါမှ မင်းဘက်က စစ်ကူခေါ်နိုင်မှာလေကွာ ဒါမှ ငါ့စွမ်းအင်တွေ ကုန်သွားအောင် မင်းလုပ်နိုင်မှာလေကွာ ငါနဲ့ တကယ်တမ်း တိုက်လို့ရှိရင် မင်း သေချာပေါက် ရှုံးမှာပဲ ဒါပေမဲ့ မင်း သေမှာတော့မဟုတ်ဘူး ဒါပေမဲ့ ငါ့အခြေအနေကတော့ ပြောင်းပြန်ပဲ မင်းနဲ့ တိုက်နေတုန်း မင်းဘက်ကလူတွေသာ ထပ်ရောက်လာခဲ့ရင်... ငါ့ကို ဝိုင်းတိုက်ခဲ့ရင်...."
ထိုနေရာသို့အရောက်တွင် ဒန်ဘာက ပုခုံးကို တွန့်ပြလိုက်သည်။
"အဲဒီလိုသာဆိုရင် ငါ သေချာပေါက် သေမှာပဲ ဟုတ်တယ်မလား"
မိမိတို့၏ အကြံအစည်များအားလုံး ဘူးပေါ်သလို ပေါ်ပေါက်သွား၍ ဝမ်တောက်ရှန်း၊ ကုချိန်းလွှာနှင့် ဟေးယွန်တုံးတို့၏ မျက်နှာပေါ်တွင် စိတ်ပျက်သော အရိပ်အယောင်များ ပေါ်ပေါက်လာ၏။
စုချန်း၏ မျက်နှာမှာကား ပကတိ တည်ငြိမ်နေ၏။
"ဘာပဲဖြစ်ဖြစ် မင်းပြောတဲ့ကိစ္စက ဖြစ်မလာသေးဘူး ဒါကြောင့် မင်းဟာ ငါ့ကို သက်သက်မဲ့ သိက္ခာချနေတာပဲလို့ ငါပြောလို့ရတယ်"
"ဒါ သိက္ခာချတာ ဟုတ်မဟုတ် ဆုံးဖြတ်ဖို့က လွယ်လွယ်လေးပါကွာ"
ဒန်ဘာက ပြုံးစေ့စေ့နှင့် ပြောလိုက်၏။ ထို့နောက် သူသည် နောက်ဘက်သို့ လျင်မြန်စွာ ခုန်ဆုတ်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မင်းရဲ့ တာကူရှာကို ငါ လက်မခံဘူးဟေ့"
သတ်ဖြတ်သူတယောက်သည် တာကူရှာကို တကယ်ပင် ငြင်းပယ်ဝံ့လေသလား....
ဒန်ဘာကို ကြည့်ရင်း စုချန်း သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်လေသည်။
"သတ်ဖြတ်သူတွေထဲမှာ ညဏ်ရည်မြင့်မားသူတချို့ ရှိတာကို ငါ အစောကြီးကတည်းက သိတယ် ကဲ ကိုယ့်လူတို့ ကျုပ်တို့ဘက်က စစ်ကူတွေတော့ ရောက်မလာနိုင်သေးဘူး ဒီတော့ ကိုယ့်ကိုယ်ကို အားကိုးရမှာပဲ ဒီကောင့်ကို ဝိုင်းတိုက်ကြပေတော့"
ထို့နောက် သူက လက်တဘက်ကို ဝေ့ယမ်းလိုက်ရာ သူတို့လေးယောက်သည် ဒန်ဘာဆီသို့ တဟုန်ထိုး ခုန်ဝင်လိုက်ကြတော့သည်။
ဒန်ဘာ၏ စကားမှာကား သွေးထွက်အောင် မှန်လှပေသည်။ နောက်ဆုံးတိုက်ပွဲသည် တကယ်တော့ လျှို့ဝှက်ကြံစည်မှုတရပ်သာ ဖြစ်နေ၏။ စုချန်းအနေနှင့် ဒန်ဘာကို စိန်ခေါ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဒန်ဘာ အားကုန်သွားစေရန်နှင့် ထွက်ပြေးရန် အခွင့်အရေးမရစေရန်သာ ဖြစ်သည်။
ထိုအတွက်ကြောင့် စုချန်းအနေနှင့် ဒန်ဘာကို မည်သို့မှ လက်လွတ်မခံနိုင်။ ဒန်ဘာ သေကိုသေရမည်။
သူတို့လေးယောက်သည် ဒန်ဘာဆီသို့ တဟုန်ထိုး ခုန်ဝင်လိုက်ကြ၏။
ထိုအထဲတွင် ကုချိန်းလွှာမှာ အမြန်ဆုံး ဖြစ်သည်။ သူမသည် မြူခိုးကြားထဲမှ မြွေခြေလှမ်းကို အသုံးပြုထားလေရာ အလင်းတမျှပင် မြန်ဆန်နေ၏။ ဆီးနှင်းလှိုင်းတခုက ဒန်ဘာဆီသို့ ပြေးဝင်လာခဲ့လေပြီ။
သူတို့အဖွဲ့တွင် ကုချိန်းလွှာကို ခေါ်ဆောင်လာခဲ့ရခြင်းမှာ သူမသည် စုချန်း၏ ချစ်သူ ဖြစ်နေ၍ မဟုတ်။ သူမ၏ ရေကြယ်အေးခဲခြင်းက ပတ်ဝန်းကျင်ကို ပိတ်ဆို့စေပြီး ရန်သူကို နှောင့်နှေးစေနိုင်သောကြောင့်ပင်။
ဒန်ဘာ ထွက်မပြေးနိုင်စေရန် သူတို့အနေနှင့် သူ့ကို နှောင့်နှေးအောင် လုပ်ဆောင်နိုင်ရန် လိုအပ်၏။
သိူ့သော် ဒန်ဘာကလည်း ကြိုတင်ပြင်ဆင်မှု လုပ်ထားသည်သာ။ ကုချိန်းလွှာ တိုက်ခိုက်လာသည်ကို မြင်သည်နှင့် သူက လက်တဖက်ကို ဝေ့ယမ်းလိုက်၏။ ထိုအခါ မရေမတွက်နိုင်သော သဲမှုန်များ ထွက်ပေါ်လာပြီး ကုချိန်းလွှာဆီသို့ တိုးဝင်သွားလေသည်။ သဲမှုန်တိုင်းသည် ကြောက်စရာအရှိန်အဟုန်တမျိုးကို သယ်ဆောင်လာ၏။
ကုချိန်းလွှာ အငိုက်မိသွားလေသည်။ သူမအနေနှင့် ဒန်ဘာကို အရေးမလုပ်နိုင်တော့။ ရေကြယ်အေးခဲခြင်းနည်းစနစ်ကိုသုံးကာ သဲမှုန်များကို ကာကွယ်လိုက်ရလေသည်။
ထိုအချိန်တွင် စုချန်း၊ ဝမ်တောက်ရှန်းနှင့် ဟေးယွန်တုံးတို့လည်း ရောက်ရှိလာပြီ ဖြစ်သည်။
ဒန်ဘာသည် လျင်မြန်စွာ နောက်ဆုတ်လိုက်၏။ လှည့်ကွက်မဟုတ်။ အမှန်တကယ် နောက်ဆုတ်ခြင်း ဖြစ်သည်။
စုချန်းတို့သုံးယောက်ကား ဒန်ဘာနောက်မှ ထပ်ချပ်မကွာပင် လိုက်ပါလာကြ၏။ ထိုအချိန်တွင် ဒန်ဘာသည် ဖာရာရိုတို့ကို မြှုပ်နှံထားသော တွင်း၏ တဖက်ခြမ်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
စုချန်းတို့သုံးယောက်ကလည်း တွင်းကို ခုန်ကျော်လိုက်ကြ၏။ ဝမ်တောက်ရှန်းက ပထမ၊ စုချန်းက ဒုတိယ၊ ဟေးယွန်တုံးကတော့ နောက်ဆုံးမှ ဖြစ်သည်။
ထိုအခိုက်မှာပင် ဒန်ဘာက လက်တဖက်ကို မြှောက်လိုက်ရာ တွင်းကြီးအတွင်းမှ မြေစိုင်ခဲများ အံ့သြသင့်စဖွယ် ကြွတက်လာတော့သည်။ သူ့လုပ်ရပ်မှာ ချိန်သားကိုက်လှ၏။ နောက်ဆုံးမှ ဟေးယွန်တုံးသည် မြေစိုင်ခဲများနောက်တွင် ရုတ်တရက် ပိတ်မိသွားတော့သည်။
ထိုအချိန်တွင် ဒန်ဘာက ဝမ်တောက်ရှန်းကို လက်သီးနှင့် လှမ်းထိုးလိုက်၏။ ဝမ်တောက်ရှန်းကလည်း ဒန်ဘာ၏ လက်သီးကို ခုခံရန် ဟန်ပြင်လိုက်သည်။ သို့သော် ရုတ်တရက် ပိတ်ဖုံးလာသော သဲမှုန်များကြောင့် သူ့လှုပ်ရှားမှုမှာ မဆိုစလောက် နှေးကွေးသွား၏။ ၎င်းကို အခွင့်ကောင်းယူပြီး ဒန်ဘာသည် လက်သီးကို ဦးတည်ချက်ပြောင်းလဲလိုက်လေသည်။
သူက ရုတ်တရက် စုချန်းဘက်သို့လှည့်ကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
သူကား စုချန်းကို သတ်ပစ်ချင်လှသည်။
ယုတ်စွအဆုံး ဤအခြေအနေမျိုးမှာပင် စုချန်းကို သတ်ပစ်ချင်လှသည်။
ထိုအချိန်တွင် ကုချိန်းလွှာ၊ ဝမ်တောက်ရှန်းနှင့် ဟေးယွန်တုံးတို့ သုံးယောက်လုံးသည် ဒန်ဘာ၏ တိုက်ခိုက်မှုကြောင့် အငိုက်မိကုန်ကြလေရာ စုချန်းတယောက်သာလျင် ဒန်ဘာနှင့် ရင်ဆိုင်ရတော့သည်။
ထိုအခိုက်အတန့်လေးဝယ် စုချန်းကို သတ်ပစ်ရန် ဒန်ဘာက ကြံစည်လိုက်ခြင်းပင်။
သူက စုချန်းကို လက်သီးနှင့် လှမ်းထိုးလိုက်၏။ လက်သီးချက်တွင် ကြောက်စရာအားအင်များ ပါဝင်နေလေသည်။ သူ့တကိုယ်လုံးရှိ ဆေးမင်များ တောက်ပဝင်းလက်လာသည်နှင့်အမျှ ပြင်းထန်လှသော အင်အားတရပ်ကို ပတ်ဝန်းကျင်ကို စတင်ဖိနှိပ်လာ၏။
တချိန်တည်းမှာပင် သံမဏိတောင်ပံသိမ်းငှက်တကောင်၏ ပုံရိပ်ကလည်း ဒန်ဘာ၏ နောက်ကျောမှ ထွက်ပေါ်လာလေသည်။ လက်သီးချက် ထွက်ပေါ်လာသည့်အချိန်တွင် သိမ်းငှက်သည် အသံကျယ်လောင်စွာ ဟစ်ကျွေးလိုက်၏။ ကောင်းကင်ပေါ်မှ ချီအားလှိုင်းများသည်လည်း လှုးကာလိမ့်ကာနှင့် ဒန်ဘာ၏ လက်သီးဆီသို့ လာရောက်စုဝေးနေကြလေသည်။
ဤတိုက်ကွက်သည် ဖာရာရို၏ ဒိုင်းယားဝံပုလွေမီးလျံလက်သည်းထက် မနိမ့်လှပေ။ သာကောင်းပင် သာနိုင်နေသေး၏။
ဒန်ဘာ၏ စိတ်ထဲတွင် ဤတကွက်တည်းဖြင့် စုချန်းကို သတ်ပစ်ရန် ကြံစည်ထားခြင်း ဖြစ်သည်။
ဒန်ဘာ၏ မြန်ဆန်လှသော တိုက်ခိုက်မှုကြောင့် စုချန်း ရှောင်တိမ်းနေရန် အချိန်မရတော့။ သူကိုယ်တိုင်လည်း ရှောင်တိမ်းရန် စဉ်းစားထားသည်မဟုတ်။ သူ တတ်ကျွမ်းထားသော နည်းစနစ်များထဲမှ အပြင်းထန်ဆုံး နည်းစနစ်တရပ်ကို ထုတ်ဖော်ပြီး ဒန်ဘာ၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်တော့သည်။
သံချပ်ကာဖောက်ထွင်းရေးဆူးချွန်ပေတည်း။
အကယ်၍ ဒန်ဘာက သူ့ကို သတ်ရန်ကြိုးစားခဲ့လျင် သူကရော အဘယ်ကြောင့် ဒန်ဘာကို ပြန်သတ်ရန် မကြိုးစားနိုင်ရမည်နည်း။
သူတို့၏ လက်များသည် လမ်းခုလတ်မှာပင် ရင်ဆိုင်မိကြပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ပေါက်ကွဲမှုကြောင့် နှစ်ယောက်စလုံး လေထဲသို့ လွင့်စင်သွားပြီး ပါးစပ်မှ သွေးများကိုယ်စီ အန်ထုတ်လိုက်ကြ၏။
ပထမတကွက်တွင်တော့ နှစ်ယောက်လုံး၏ အင်အားမှာ တူညီနေကြ၏။
သူတို့နှစ်ယောက်သည် နောက်တကြိမ် ခုန်ဝင်တိုက်ခိုက်လိုက်ကြပြန်သည်။ ဤတကြိမ်တွင်တော့ ဒန်ဘာသည် ဘယ်ဖက်လက်ကို ဆန့်ထုတ်ကာ စုချန်းကို ကုတ်ချလိုက်၏။ စုချန်းကလည်း ရှောင်တိမ်းရန် မကြိုးစားပဲ မီးလျံသိမ်းငှက်ဖြင့် ပြန်လည်တိုက်ခိုက်လိုက်လေသည်။
ဘုန်း!!!ဘုန်း!!!
ပေါက်ကွဲသံအသီးသီး ထွက်ပေါ်လာပြီး သူတို့၏ တိုက်ခိုက်မှုသည် ပစ်မှတ်အသီးသီးကို ထိမှန်သွား၏။ စုချန်းသည် ဒန်ဘာ၏ လက်သည်းကုပ်ချက်ကို ခံလိုက်ရပြီး ဒန်ဘာသည်လည်း စုချန်း၏ မီးလျံသိမ်းငှက်ကြောင့် ဒဏ်ရာရရှိသွား၏။
စုချန်း၏ ဒဏ်ရာမှာကား ပို၍ ပြင်းထန်၏ ။ ဒန်ဘာအဖို့ ဤအချိန်ကို စောင့်နေခြင်း ဖြစ်သည်။
ထိုအချိန်တွင် ပိတ်မိနေသော ကျန်သုံးယောက်မှာလည်း ထိုနေရာသို့ ရောက်ရှိလာပြီ ဖြစ်သည်။
ဒန်ဘာသည် အေးစက်သော လေသံနှင့် ရယ်မောလိုက်ပြီး ခပ်လှမ်းလှမ်းသို့ ခုန်ဆုတ်လိုက်၏။ ထို့နောက် သူက ကျောက်တုံးကြီးတတုံးကို လက်ဝါးစောင်းဖြင့် ရိုက်ခွဲလိုက်ရာ ကျောက်စကျောက်မှုန်များသည် စုချန်းတို့လေးယောက်ဆီသို့ ပြေးဝင်လာတော့သည်။
ကျောက်စများမှာ စုချန်းဆီသို့ အများဆုံး ပြေးဝင်လာခြင်း ဖြစ်သည်။ ထိုအချိန်တွင် စုချန်းသည် ဒဏ်ရာရရှိနေလေရာ ထိုကျောက်စများကို ရှောင်တိမ်းနိုင်စွမ်းမရှိတော့။
"စုချန်း"
ကုချိန်းလွှာသည် အူသည်းလှိုက်သည်းအသံနှင့် အော်ဟစ်လိုက်ပြီး ရေကြည်အေးခဲခြင်းနည်းစနစ်ကို ထုတ်ဖော်လိုက်လေရာ ရေခဲနံရံကြီးတခု စုချန်း၏ ရှေ့တွင် ပေါ်ပေါက်လာ၏။ ထိုအချိန်တွင် ဟေးယွန်တုံးကလည်း စုချန်းကို လျင်မြန်စွာ ဆွဲပွေ့ပြီး ဘေးသို့ လှိမ့်ထွက်လိုက်လေသည်။ သို့တိုင်အောင် ကျောက်စတခုက ဟေးယွန်တုံး၏ ကျောပြင်ကို ထိမှန်သွားလေသည်။ ဟေးယွန်တုံး နာကျင်စွာ အော်ဟစ်လိုက်၏။
ထိုအခိုက်မှာပင် ဒန်ဘာက မြေကြီးကို တွန်းထုတ်လိုက်ပြန်ရာ မီးခိုးများနှင့် ပြာများ အလိပ်လိပ်ထလာပြီး ပတ်ဝန်းကျင်တခုလုံး ဘာမှ မမြင်နိုင်တော့ပဲရှိလေ၏။
"သူ ပြေးဖို့ကြံနေပြီ"
စုချန်းသည် ဒဏ်ရာကိုပင် အမှုမထားနိုင်တော့ပဲ မြူခိုးများအတွင်းသို့ ပြေးဝင်လိုက်၏။ သို့သော် ဒန်ဘာကား မရှိတော့။
"သူ ထွက်ပြေးသွားပြီ"
စုချန်းက မီးခိုးများ၊ ပြာများဖြင့် ဖုံးလွှမ်းနေသော ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ပြောလိုက်၏။
ထိုနေရာမှာ ဖာရာရိုတို့ကို မြှုပ်ထားသော တွင်းကြီးနေရာ ဖြစ်သည်။ ဖာရာရိုတို့ကို မြှုပ်နှံစဉ် ဒန်ဘာအနေနှင့် ဤတွင်းထဲတွင် ကြိုတင်ပြင်ဆင်မှုတချို့ လုပ်ထားသည်မှာ ယုံမှားနေစရာ မလိုတော့။ ၎င်းကိုအသုံးပြု၍ သူသည် ဟေးယွန်တုံးအား ဟန့်တားနိုင်ခဲ့သည့်အပြင် စုချန်းကိုပါ သတ်ပစ်နိုင်လုနီးပါး အခြေအနေသို့ ရောက်သွားခဲ့၏။ ယခုတဖန် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြန်လေပြီ။
"ဒီကောင်....ကြိုပြီး စီစဉ်ထားတာပဲ"
စုချန်းက အေးစက်သော အမူအရာနှင့် ပြောလိုက်၏။
သူ့အဖို့ သူတပါး၏ အကောက်ကြံမှုကို ခံလိုက်ရသည်မှာ ဤတကြိမ်သည် ပထမအကြိမ် ဖြစ်သည်။
"သတ်ဖြတ်သူတွေထဲမှာ ဒီလိုကောင်မျိုး ပါလိမ့်မယ်လို့ ငါတခါမှ မထင်ခဲ့မိဘူး"
ဝမ်တောက်ရှန်းက စုချန်းဆီသို့ လျှောက်လာရင်း ပြောလိုက်သည်။
"မင်းဒဏ်ရာ အဆင်ပြေရဲ့လား"
စုချန်းက သူ့ဒဏ်ရာကို တချက်ကြည့်ရင်း ပြောလိုက်သည်။
"သိပ်တော့ မသေးဘူး ဒါပေမဲ့ ကုလို့ရပါတယ် သူလည်း ကျုပ်ရဲ့ သံချပ်ကာဖောက်ထွင်းရေးဆူးချွန်နဲ့ မီးလျံသိမ်းငှက် ထိမှန်သွားတယ် ဒီတော့ သိပ်အဝေးကြီး မရောက်နိုင်သေးဘူး သူ့ကို အမြန်ဆုံးလိုက်ရှာဖို့ ကျုပ်တို့လူတွေကို ပြောလိုက်ပါ သူ သိပ်အဝေးကြီး ရောက်မသွားခင် ကျုပ်တို့ သူ့ကို တွေ့ဖို့လိုတယ်"
ထိုအခိုက်အတန့်တွင် စုချန်းသည် လက်လွတ်ထွက်ပြေးသွားသော တရားခံကို သုတ်သင်ပစ်ရန် တပည့်တပန်းများအား အမိန့်ပေးနေသည့် သခင်ကြီးတပါးနှင့်ပင် တူနေသေးသည်။