အဆင့်တက်ခြင်း
Vol. 32 Ch. 313
ရွှီခနဲ မြည်သံနှင့်အတူ ကျောက်ပုဆိန်ကြီးသည် အသားတုံးကို ခုတ်ဖြတ်မိသွားလေရာ လေထဲတွင် သွေးများ ရဲခနဲ ဖြစ်သွား၏။
ထို့နောက် ဘုန်းခနဲမြည်သံနှင့်အတူ သားရဲသတ္တဝါဆိုးကြီးသည် မြေကြီးပေါ်သို့ ပြုတ်ကျလာ၏။
စုချန်းသည် သားရဲကောင်ကြီး၏ အနီးသို့ တိုးကပ်သွားပြီး လေထဲမှ စွမ်းအင်အလင်းစက်မှုန်များကို စုပ်ယူလိုက်လေသည်။ စွမ်းအင်အမြောက်အများ စီးဝင်လာသည်နှင့်တပြိုင်နက် သူ့တကိုယ်လုံး ပြောင်းလဲသွားသလို စုချန်း ခံစားလိုက်ရလေသည်။ သူ့ကိုယ်တွင်းရှိ မူလစွမ်းအင်များသည် အထွတ်အထိပ်သို့ ရောက်ရှိလာပြီး လျင်မြန်စွာ စီးဆင်းနေသကဲ့သို့ စုချန်း ခံစားနေရခြင်းပင်။
ဤအနေအထားအရ စုချန်းသည် ချီစုဆောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဟု သိသာနေခဲ့လေပြီ။
မှန်၏။ နှစ်ရက်ခန့် ပြင်းပြင်းထန်ထန် အမဲလိုက်ပြီးနောက် စုချန်းအဖို့ နယ်ပယ်လမ်းခွဲသို့ ရောက်ရှိရန် လိုအပ်သည့် ပြင်ဆင်မှုများအားလုံးကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သည်။ နောက်တဆင့်အနေနှင့် သူလုပ်ဆောင်ရမည့်အရာဟူ၍ ချီနယ်ပယ်နှစ်ခု ထိစပ်နေသည့်နေရာကို ဖြတ်သန်းရန်သာ ကျန်တော့သည်။
သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ရန် စုချန်းသည် သူ့နှလုံးသားမီးအိမ်များကို ထွန်းညှိပေးရပေလိမ့်မည်။
နှလုံးသားမီးအိမ်များကို ထွန်းညှိလိုပါက တစုံတယောက်သည် ကိုယ်တွင်းရှိ မူလစွမ်းအင်များကို သန့်စင်ရမည်။ ထိုသန့်စင်ထားသော မူလစွမ်းအင်များကို စုစည်းရမည်။ ဤနည်းအားဖြင့် ၎င်း၏ နှလုံးသားမီးအိမ်များသည် ထွန်းလင်းတောက်ပလာမည် ဖြစ်သည်။
ဤအဆင့်သာ အောင်မြင်သွားပါက ၎င်း၏ ကိုယ်တွင်းအင်္ဂါများကအစ ပြောင်းလဲသွားက အကြင်သူသည် မိခင်ဝမ်းဗိုက်အတွင်းမှ နောက်တကြိမ် ပြန်လည်မွေးဖွားလာသူကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
တစုံတယောက်၏ ကိုယ်ခန္ဓာစွမ်းအင်စုဆောင်းခြင်းအဆင့်အတန်းသည် ဤအဆင့်ထိ ရောက်ရှိလာပါက ၎င်း၏ လူ့သက်တမ်းကိုလည်း နောက်ထပ် နှစ်ရာပေါင်းများစွာ ဆွဲဆန့်နိုင်မည် ဖြစ်သည်။ ၎င်းသည် မူလစွမ်းအင်ကို အသုံးပြုသည့်နေရာတွင်လည်း ပို၍ ထိရောက်လာမည်။ ပို၍ အားကောင်းလာမည် ဖြစ်သည်။ ထိုမျှသာမကသေး ၎င်း၏ ဒဏ်ရာပျောက်ကင်းနိုင်စွမ်းမှာလည်း များစွာ မြန်ဆန်လာတော့မည် ဖြစ်သည်။
အတိတ်ကာလတုန်းက စုချန်းသည် သူ၏ နှေးကွေးလှသော ဒဏ်ရာပျောက်ကင်းနိုင်စွမ်းကို တိုးမြှင့်ရန် လျှို့ဝှက်နည်းလမ်းများကို အသုံးပြုခဲ့ရ၏။ သွေးဆူပွက်ခြင်းနယ်ပယ်သို့သာ ရောက်ရှိသွားပါက စုချန်းအဖို့ ထိုနည်းလမ်းများကို အသုံးပြုနေစရာ မလိုတော့။ မူလစွမ်းအင်ကို အသုံးပြု၍ ဒဏ်ရာကို ကုသနိုင်စွမ်းရှိလာတော့မည်ဖြစ်သည်။
နောက်ဆုံးတွင်တော့ ကိုယ်ခန္ဓာစွမ်းအင်အဆင့် တိုးမြင့်လာသည်နှင့်အမျှ အကြင်သူ၏ သွေးဗီဇသည် ပိုမိုအားကောင်းလာပြီး ထိုသွေးဗီဇ၏ စစ်မှန်သော အင်အားကိုလည်း ထုတ်ဖော်နိုင်စွမ်းရှိလာပေလိမ့်မည်။
ဤအနေအထားမျိုးသို့ရောက်ရှိရန် သွေးဆူပွက်ခြင်းနယ်ပယ်သို့ဝင်ရောက်မည့်မည်သူမဆိုသည် ၎င်း၏ နှလုံးသားမီးအိမ်များကို ထွန်းညှိရန် လိုအပ်၏။ သို့မှာသာ ၎င်း၏ ကိုယ်ခန္ဓာနှင့်ကိုယ်တွင်းအင်္ဂါများသည် အသစ်ပြန်လည်မွေးဖွားလာသကဲ့သို့ သန့်စင်သွားပေလိမ့်မည်။
သို့သော် နှလုံးသားမီးအိမ်များကို ထွန်းညှိရန်ဟူသော ကိစ္စမှာ လွယ်သည်တော့မဟုတ်။ ပြင်ဆင်မှုအများအပြား ပြုလုပ်ထားရန် လိုအပ်၏။ ကျေးဇူးတင်စရာကောင်းသည်မှာကား စုချန်းသည် လိုအပ်သည်မှန်သမျှကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် အချိန်မဖြုန်းတော့ပဲ ကျောက်တောင်သို့ လျင်မြန်စွာ ပြန်လာခဲ့၏။
စုချန်း ပြန်လာသည်ကို မြင်သည်နှင့် ကျန့်ဟန်ဖန်းက ဆီးကြိုနှုတ်ဆက်လေသည်။
"တတိယအစ်ကို ပြန်လာပြီ နောက်ထပ်လူနှစ်ယောက် ထပ်ရောက်လာတယ်ဗျ ကျူကျွန်ကျာ့နဲ့ ထန်းမင်တို့ပဲ"
"ကျုကျွန်ကျာ့နဲ့ ထန်းမင်တို့ ဒီကို ရောက်လာပြီဟုတ်လား သိပ်ကောင်းတာပေါ့ကွာ"
စုချန်း ဝမ်းသာသွား၏။
ကျူကျွန်ကျာ့ ရောက်ရှိလာပြီဟူသော အဓိပ္ပါယ်မှာ ခရမ်းရောင်အကြေးခွံနတ်ဆိုးသတ္တဝါငယ်ကို အသုံးပြုလို့ရပြီဟု ဆိုလိုခြင်း ဖြစ်သည်။ ထန်းမင်ရောက်လာခြင်းမှာ ပို၍ပင် ကောင်းသွား၏။ သူသည် နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ဆိုင်ထားသူ အနည်းငယ်အနက်မှ တယောက်ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်ကပင် ထန်းမင်သည် သတ်ဖြတ်သူမျိုးဆက်သစ်တယောက်ကို ကိုယ်တိုင်သတ်ဖြတ်ခဲ့သေး၏။
စစ်မှန်သော အင်အားချင်းသာယှဉ်ပါက ဝမ်တောက်ရှန်း အဝလွန်နေသော အခြေအနေမှာပင် ထန်းမင်က ပို၍ သန်မာနေသေး၏။
သို့သော် ထန်းမင်၏ ပြသနာက မာနကြီးပြီး အလွန်မောက်မာခြင်း ဖြစ်သည်။ တခြားလူများနှင့် မကြာခန အချင်းများလေ့ရှိ၏။ ထို့ကြောင့် အင်အားကောင်းသည်မှန်သော်လည်း ထန်းမင်သည် နံပါတ် ၇သာ ရရှိခဲ့၏။ ထိုကိစ္စအတွက် ရက်ပေါင်းအတော်ကြာအောင် ထန်းမင်က မကျေမနပ် ဖြစ်နေခဲ့သေးသည်။
အထက်ပါကျောင်းသားနှစ်ယောက်အပြင် နောက်ထပ်ရက်အနည်းငယ်အကြာတွင် ကျောင်းသားလေးယောက် ထပ်ယောက်လာပြန်၏။ ထိုကျောင်းသားလေးယောက်မှာ ဒသမနှစ်ကျောင်းသား နံပါတ်လေး ဆီချီမင်နှင့် နံပါတ် ၁၅ ယုမင်နန်း၊ နဝမနှစ်ကျောင်းသားများဖြစ်ကြသည့် နံပါတ် ၂၅၊ ၂၆ ဟေးနီလျူနှင့် တွန့်ကျန့်ချန်းတို့ပင် ဖြစ်သည်။ ဟေးနီလျူနှင့် တွန့်ကျန့်ချန်းတို့မှာကား ထန်းမင်ကဲ့သို့ပင် အင်အားကောင်းကြသော်လည်း ကိုယ်ရည်ကိုသွေးဆိုင်ရာ ပြသနာကိုယ်စီ ရှိနေကြ၏။ ဟေးနီလျုမှာ ပျင်းပြီး တာဝန်ယူလိုစိတ်မရှိပေ။ တွန့်ကျန့်ချန်းကတော့ မာနကြီးပြီးး အထက်စီးဆန်ပေသည်။ ထို့ကြောင့် သူတို့မှာ နံပါတ်နှစ်ဆယ်ကျော်များ ဖြစ်နေခြင်းပင်။
ထို့ကြောင့် ကျန့်ဟန်ဖန်း ထပ်ပြောသော စကားကို ကြားရသောအခါ စုချန်း မအံ့သြတော့ပေ။
"ထန်းမင်၊ ဟေးနီလျူနဲ့ တွန့်ကျန့်ချန်းတို့ကတော့ ကိုယ့်ဖာသာကိုယ် အဖွဲ့တွေခွဲနေကြလေရဲ့"
ဌာနချုပ်ဆိုင်ရာ ကိစ္စများအတွက် တာဝန်ရှိသူမှာ ချီဝေယန် ဖြစ်သည်။ တစုံတယောက်အတွက် ခေါင်းကိုက်စရာပေါ်လာလျင် ထိုလူမှာ ချီဝေယန်ပင် ဖြစ်ပေလိမ့်မည်။
ထိုလူများကို စီမံခန့်ခွဲရမည့်နေရာတွင် သူ့ကို တာဝန်မပေး၍ စုချန်းက ဝမ်းပင်သာနေသေးသည်။ လူများလေလေ ပြသနာများလေလေပင် မဟုတ်ပါလား။ လူတိုင်းတွင် ကိုယ်ရည်ကိုယ်သွေး အမျိုးမျိုးရှိပြီး မာနကိုယ်စီ ရှိကြ၏။ ထို့ကြောင့် ထိုလူများကို စီမံခန့်ခွဲရသည်မှာ လွယ်ကူသော တာဝန်မဟုတ်ပေ။ ထိုတာဝန်ကို ထမ်းဆောင်မည့်သူသည် စိတ်ရှည်သည်းခံရမည့်အပြင် ကွဲပြားခြားနားသည့် နည်းလမ်းအမျိုးမျိုးကိုလည်း အသုံးပြုရန် လိုအပ်၏။
စုချန်းသည် ပရိယာယ်ကြွယ်၏။ သို့သော် စိတ်ရှည်သည်းခံမှုတော့ မရှိ။
အချိန်သည် သူ့အတွက် ရွှေထက်ရှားနေသည် မဟုတ်ပါလား။
ထို့ကြောင့် စုချန်းက ကျန့်ဟန်ဖန်းပြောနေသော ကိစ္စကို ခေါင်းရှုပ်မခံတော့။
သူက မေးလိုက်ပြန်၏။
"ခြောက်ယောက် ထပ်ရောက်တယ် သုံးယောက် မရှိတော့ဘူး ကျောက်စင်းလည်း ခုချိန်ထိ ပြန်မရောက်သေးဘူး ပြီးတော့ ကျုးစင်းဇီး၊ ကျူးတုံးလီနဲ့ လီပိုင်ယုတို့အကြောင်းလည်း ဘာမှမကြားရသေးဘူး"
"ကျွန်ကျာ့စကားအရတော့ နံပါတ်၃၀ဟာ သေသွားပြီတဲ့"
ကျန့်ဟန်ဖန်းက သက်ပြင်းချရင်း ပြောလိုက်၏။
နံပါတ်၃၀မှာ ကျူးတုံးလီဖြစ်ပြီး နဝမနှစ်ကျောင်းသား ဖြစ်သည်။
နောက်တယောက် သေဆုံးသွားသည်မှာ သေချာသွားပြန်လေပြီ။ စုချန်း သက်ပြင်းချလိုက်၏။ အပျက်အစီးသိုက်အတွင်း သူတို့ မြန်မြန်မစုစည်းမိလျင် အသက်ရှင်ရန်အခွင့်အလမ်း အလွန်နည်းကြောင်း စုချန်းက သဘာပေါက်ထားပြီးသားပင်။
စုချန်းက ထိုကိစ္စကို ထပ်မစဉ်းစားတော့ပဲ မေးလိုက်ပြန်သည်။
"အဖွဲ့သစ်က ဖွဲ့ပြီးပြီလား"
"ခုထိတော့ ငြင်းနေကြတုန်းပဲ ဟေးနီလျူနဲ့ တွန့်ကျန့်ချန်းတို့ကလည်း ခွဲပြီးမသွားချင်ကြဘူး ဆီချီမင်နဲ့ယုမင်နန်းတို့ကလည်း ခွဲပြီးမသွားချင်ပြန်ဘူး ဒီလိုပဲ ထန်းမင်နဲ့ ကျုကျွန့်ကျာ့တို့ကလည်း အဲဒီလိုပဲ ခွဲမသွားချင်ဘူး သူတို့ဟာ လူကခြောက်ယောက်ပေမဲ့ အုပ်စုက သုံးစုဖြစ်နေတယ် တယောက်ကတော့ သေချာပေါက်ခွဲထွက်ရမှာပဲ ဒါပေမဲ့ ခု ဘယ်သူမှ ခွဲမထွက်ချင်ကြဘူး ဖြစ်နေတယ် ထန်းမင်နဲ့ တခြားလူတွေ ချကုန်တော့မယ် အစ်မကြီးချီကတော့ ထိန်းပေဖို့ ကြိုးစားနေတယ် ဒါကြောင့် ကျုပ်က အစ်ကိုကြီးသုံးကို အကူအညီလာတောင်းတာ"
ထိုစကားကို ကြားလိုက်သောအခါ စုချန်းက လှည့်ပင်မကြည့်ပဲ ပြောလိုက်၏။
"ဒါ ကျုပ်ကိစ္စမဟုတ်ဘူးကွ"
သို့သော် သူ့စိတ်အတွင်း၌ကား ပြသနာ၏ အရင်းအမြစ်ကို ခွဲခြမ်းစိတ်ဖြာနေခဲ့ပြီး ဖြစ်သည်။ ယုမင်နန်းနှင့် ကျုကျွန့်ကျာတို့သည် မိန်းကလေးများ ဖြစ်ကြ၏။ ထို့ကြောင့် သူတို့ကို ကာကွယ်ခဲ့သူများနှင့် မခွဲခွာလိုသည်မှာ သဘာဝကျနေပေသည်။ သို့သော် ဟေးနီလျူနှင့် တွန့်ကျန့်ချန်းတို့ကျတော့ အဘယ်ကြောင့် တယောက်နှင့်တယောက် မခွဲချင်ပဲ ဖြစ်နေသနည်း။
ထိုအချိန်မှာပင် တစုံတခုကို စဉ်းစားမိပြီး စုချန်း၏ ကိုယ်ခန္ဓာသည် ဆတ်ခနဲ တုန်လှုပ်သွား၏။ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်မည့်ကိစ္စကို စုချန်း ပြန်လည်သတိရလာခြင်း ဖြစ်သည်။ အရေးကြီးလှသည့်ကိစ္စကို မေ့သွားသည်မှာ ခွင့်မလွှတ်နိုင်စရာပင်။
ထို့နောက် သူသည် သုတေသနအခန်းတွင်းသို့ လျင်မြန်စွာလျှောက်သွားပြီး တစုံတခုကို ခေတ္တစဉ်းစားဟန်ပြုကာ ကျန့်ဟန်ဖန်းအား ဂရုတစိုက်နှင့် မှာလိုင်၏။
"ကျုပ် ဒီတံခါးတွေကို နေ့တဝက်လောက် ပိတ်ထားမယ် ဘာအကြောင်းကြောင့်ဖြစ်ဖြစ် သူတို့ကို လုံးဝ ဝင်မလာပါစေနဲ့"
စကားဆုံးသည်နှင့် စုချန်းသည် အခန်းထဲသို့ ဝင်လိုက်ပြီး လိုက်ကာများကို လုံခြုံစွာ ပိတ်လိုက်၏။
အခန်းထဲသို့ရောက်သည်နှင့် စုချန်းသည် လိုအပ်သော ကုန်ကြမ်းများကို ဆွဲထုတ်ပြီး ဆေးတမျိုး ဖော်စပ်လိုက်လေသည်။ သူသည် လိုအပ်သော ကုန်ကြမ်းများကို ရှေးကတည်းက ကြိုတင်ပြင်ဆင်ထားလေရာ ဆေးဖော်စပ်မည့်အချိန်တွင် အသင့်အသုံးပြုလိုက်ရုံသာ ဖြစ်သည်။
ထိုဆေးကို ဖော်စပ်ပြီးသည်နှင့် စုချန်းသည် သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် နောက်ဆုံးပြင်ဆင်ခြင်းကို ပြုလုပ်လိုက်၏။ ပုံမှန်အားဖြင့် သူ အသုံးပြုမည့်နည်းလမ်းမှာ ကိုင်းဟွမ်ကောင်းကင်ဘုံ ဖြစ်သည်။
သာမာန် ကျင့်ကြံသူများအတွက် ကိုင်းဟွမ်ကောင်းကင်ဘုံ၏ အောင်မြင်နိုင်ချေမှာ ၄၀ရာခိုင်နှုန်း ဖြစ်သည်။ သို့သော် စုချန်းက ဤနည်းလမ်းကို တီထွင်သူ ဖြစ်သည်။ ထို့ကြောင့် အောင်မြင်နိုင်ချေမှာ ပိုများလာ၏။ လက်ရှိ အောင်မြင်နိုင်ချေမှာ ၈၀ရာခိုင်နှုန်းခန့် ရှိလိမ့်မည်ဟု စုချန်းက ယူဆထား၏။
သို့သော် စုချန်းအနေနှင့် ရှုံးနိမ့်နိုင်ချေတော့ ရှိနေသေး၏။ အကယ်၍ ရှုံးနိမ့်သွားပါက စုချန်းအဖို့ ပြင်ဆင်မှုများအားလုံးမှာ အဟောသိကံ ဖြစ်သွားပေတော့မည်။ ပို၍ အရေးကြီးသည်မှာ အချိန်ဖြစ်သည်။ စုချန်းအနေနှင့် နောက်ထပ် နှစ်ဝက် မစောင့်ဆိုင်းနိုင်တော့။
ထို့ကြောင့် စုချန်း၏ လှုပ်ရှားမှုများအားလုံးမှာ အလွန်ပင် ဂရုတစိုက်ရှိလှ၏။ သူသည် သူ့အာရုံများအားလုံးကို ချီလမ်းခွဲသို့ ရောက်ရှိနိုင်ရန်သာ အာရုံစိုက်ထားလေသည်။
အပြင်ဘက်တွင်တော့ ထန်းမင်နှင့် တွန့်ကျန့်ချန်းတို့မှာ ပြင်းပြင်းထန်ထန် ငြင်းခုန်နေကြလေသည်။
"ဒီမှာ ထန်းမင် မင်းမှာနတ်ဆိုးဧကရာဇ်သွေးဗီဇရှိတယ်ဆိုတိုင်း ကိုယ့်ကိုယ်ကို ထူးခြားတယ် ထင်မနေနဲ့ ကျုပ် တွန့်ကျန့်ချန်းကို ဒီလို နှိမ့်ချဆက်ဆံလို့မရဘူးကွ"
"ကျုပ်ရဲ့ နတ်ဆိုးဧကရာဇ်က ထူးခြားတာတော့ အမှန်ပဲကွ မင်းမှာသာ အစွမ်းရှိရင် ကိုယ်တိုင် နတ်ဆိုးဧကရာဇ်ဖြစ်လာအောင် လုပ်လေကွာ ဘုရင်တပါးဟာ ဧကရာဇ်ရှေ့မှောက်မှာတော့ ဦးခေါင်းကို နှိမ့်ချပေးရတာပဲ ဒါကို သဘောမတူလဲ မင်းဘာမှမတတ်နိုင်ပါဘူးကွာ ကျောင်းသားနံပါတ် မြင့်နေတာကို ထည့်မတွက်ရင်တောင် ကျုပ်က မင်းထက် အင်အားကြီးတယ် ဒီတော့ မင်းက ကျုပ်စကားကို နားထောင်ရမှာပဲ"
"ထွီ ကျုပ်ကလည်း အဲဒီသဘောတရားအတိုင်း ကျုကျွန့်ကျာ့ကို ပြန်ပြောလို့ရတာပဲကွ"
"ဟေ့ ဟေ့ တွန့်ကျန့်ချန်း မင်း ဒီကိစ္စထဲမှာ မိန်းကလေးကို ဆွဲမသွင်းနဲ့ကွ"
"သွင်းရမှာပဲကွ မင်းက ကျုပ်ထက် ကျောင်းသားနံပါတ် မြင့်နေတယ်ဆိုတိုင်း ဖိအားပေးဖို့ ကြိုးစားလာရင် ကျုပ်ကလည်း သူ့ကို အဲဒီအတိုင်း ဖိအားပေးရမှာပဲ"
"ဒါဆိုရင်တော့ ကျုပ်က လက်သီးကိုသုံးရတော့မှာပဲ တွန့်ကျန့်ချန်း အဲဒီကျတော့မှ အနိုင်ကျင့်တယ်ဆိုပြီး ကျုပ်ကို အပြစ်မတင်နဲ့ ဒီနေရာမှာ ကျုပ်ထက် အင်အားကြီးတဲ့သူတယောက်ကို မင်းရှာတွေ့ရင်တော့ ကျုပ်က သူ့စကားကို နားထောင်လိုက်မယ်"
ထိုအချိန်မှာပင် သူတို့အနီးရှိ ကျောက်တုံးအခန်းသည် သိမ့်ခနဲ တုန်လှုပ်သွားပြီး သွေးရောင်ကဲ့သို့သော အလင်းတန်းများသည် ကျောက်သားပတ်ကြားအက်များအကြားမှ အပြင်သို့ တိုးထွက်လာ၏။
"အဲဒါ စုချန်းရဲ့ သုတေသနအခန်းမလား ဘာတွေ ဖြစ်နေတာလဲဟ"
လူတိုင်းလိုလိုသည် အံ့သြတုန်လှုပ်သွားကြကုန်၏။
ချီဝေယန်သည် မျက်လုံးပြူးသွားပြီး အလွန် အံ့သြတုန်လှုပ်သော အမူအရာနှင့် ရေရွတ်လိုက်သည်။
"ဒါ....ဒါ...တယောက်ယောက်က သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်ရောက်သွားတာနဲ့ တူလိုက်တာ"
"သွေးဆူပွက်ခြင်းနယ်ပယ် ဟုတ်လား"
လူတိုင်း၏ နှုတ်ဖျားမှ အာမေဋိတ်သံ အသီးသီး ပေါ်ထွက်လာလေသည်။
ချီဝေယန်က ခေတ္တတုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ် ကျွန်မ အရင်တုန်းက ကျောင်းသားတယာက် သွေးဆူပွက်ခြင်းနယ်ပယ် ဝင်ရောက်သွားတာကို မြင်ခဲ့ဖူးတယ် ခု မြင်လိုက်တာနဲ့ အတူတူပဲ ဒါပေမဲ့ ခုကတော့...ဒါ..လုံးဝမဖြစ်နိုင်ဘူး"
ချီဝေယန်၏ ကျောင်းသက်တမ်းမှာ ဆယ်နှစ်ရှိပြီ ဖြစ်သည်။ ထို့ကြောင့် ထိုမြင်ကွင်းမျိုးကို မကြာခန မြင်ဖူး၏။ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်သွားသည့် မြင်ကွင်းမျိူးမှာ သူမအတွက် အံ့သြစရာ မဟုတ်တော့။
သို့သော် စုချန်းတယောက် သွေးဆူပွက်ခြင်းနယ်ပယ်သို့ မည်သို့မည်ပုံ ဝင်ရောက်သွားသည်ကိုတော့ သူမ မမှန်းဆနိုင်ပဲရှိလေသည်။
ချီဝေယန်သည် စဉ်းစားရင်းနှင့်ပင် ခေါင်းရှုပ်လာ၏။ ထိုအခိုက်မှာပင် ကျောက်တုံးအခန်းတွင်းမှ ကျယ်လောင်သော အသံတချက် ထွက်ပေါ်လာသည်ကို သူမ ကြားလိုက်ရ၏။
တဆက်တည်းမှာပင် အလွန်တောက်ပသော သွေးနီရောင်အလင်းတန်းသည် ကောင်းကင်ပေါ်သို့ ထိုူတက်သွားပြီး သက်တန့်ကြီးပမာ ဖြစ်ပေါ်လာ၏။ တစုံတယောက်ကတော့ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်သွားပြီဟူသော လက္ခဏာပင် ဖြစ်သည်။
သိပ်မကြာမီ ကျောက်တုံးအခန်းတွင်းမှ စုချန်း ထွက်လာ၏။ သူ့တကိုယ်လုံးမှ အလင်းရောင်မှိန်ဖျော့ဖျော့ ထွက်ပေါ်လျက်ရှိပြီး အမှတ်တမဲ့သာဆိုလျင် ထွင်းဖောက်မြင်နေရသကဲ့သို့ ထင်ရသည်။ သူ၏ မျက်ခုံးမွှေးနှစ်ခုကြားတွင် အနီရောင်အမှတ်တခု ဖြစ်ပေါ်လျက်ရှိ၏။ ထိုအမှတ်မှာ စုချန်းသည် နှလုံးသားမီးအိမ်ကို ထွန်းညှိနိုင်ခဲ့ပြီဟု ဆိုလိုနေခြင်း ဖြစ်ပြီး နှလုံးသားမီးအိမ်၏ ဖောက်ထွင်းရေးစွမ်းအင်သင်္ကေတပင် ဖြစ်သည်။ တနည်းအားဖြင့် ၎င်းသင်္ကေတသည် သွေးဆူပွက်ခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်များသို့ ဝင်ရောက်သွားသူ၏ အမှတ်အသားဟုလည်း ဆိုနိုင်သည်။
စုချန်းကား အမှန်တကယ်ပင် သွေးဆူပွက်ခြင်းနယ်ပယ်အတွင်းသို့ ဝင်ရောက်သွားခဲ့ချေပြီတကား။
မည်သို့ဖြစ်နိုင်အံ့နည်း။
လူတိုင်းလိုလိုသည် မှင်သက်အံ့သြကုန်ကြလေသည်။
ထိုအချိန်တွင် တွန့်ကျန့်ချန်းက ထန်းမင်ကို လှည့်ကြည့်ပြီး ရွဲ့လိုက်၏။
"မင်း ခုနက ဘာပြောလိုက်တယ်ဆိုတာ မှတ်မိပါတယ်နော်"