← Chapters

တိုက်ပွဲငယ်များ

Vol. 32 Ch. 314

တိုက်ပွဲငယ်များ

Vol. 32 Ch. 314

စုချန်း၏ စိတ်ထဲတွင် တခါမှ မခံစားဖူးသည့် လန်းဆန်းမှုမျိုးကို ခံစားနေရလေသည်။

ဤသို့ဖြစ်ရခြင်းမှာ သူ့အဖို့ ကိုယ်ခန္ဓာစွမ်းအင်အဆင့်မြင့်တက်သွား၍သာ မဟုတ်ပေ။ သူ၏ ကိုယ်ရောစိတ်ပါ ရှေးတုန်းကနှင့်မတူပဲ များစွာ ကွဲပြားခြားနားသွားသောကြောင့်ပင်။

သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်ပြီးနောက် စုချန်း၏ စိတ်ထဲတွင် သူ့တကိုယ်လုံး အလွန်ပေါ့ပါးနေသကဲ့သို့ သူ၏ အာရုံခံနိုင်စွမ်းမှာလည်း အထူးပင်မြင့်မားလာသည်ဟု ခံစားနေရလေသည်။ ပို၍ အရေးကြီးသည်မှာ သူ့ကိုယ်ခန္ဓာကိုယ်ကို ယခင်ကထက် အလွယ်တကူ ထိန်းချုပ်လာနိုင်ခြင်း ဖြစ်သည်။

ဤအခိုက်အတန့်ဝယ် သူ၏ အင်အားသည် များများစားစား တိုးပွားလာခြင်း မဟုတ်သော်လည်း သူ၏ မူလစွမ်းအင်အပေါ်မှာ ထိန်းချုပ်နိုင်စွမ်းကတော့ အလွန်ပင် မြင့်မားလာ၏။ တဆက်တည်းမှာပင် မူလစွမ်းအင်ကို အာရုံခံနိုင်စွမ်းမှာလည်း တိုးပွားလာခဲ့လေသည်။

ဤသို့ဖြစ်ရခြင်းမှာ ပို၍ အဆင့်မြင့်သော ကိုယ်ခန္ဓာစွမ်းအားစုဆောင်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့သည့်အတွက် ရရှိလာသော အကျိုးတရားများပင် ဖြစ်သည်။ နယ်ပယ်များ အဆင့်မြင့်တက်လာခြင်းသည် မူလစွမ်းရည်အပေါ်တွင်သာ မူတည်နေသော တစုံတယောက်၏ တိုက်စစ်စွမ်းရည်ကိုသာ တိုးမြင့်ပေးစေနိုင်သည်မဟုတ်ပေ။ တစုံတယောက်၏ တိုက်စစ်စွမ်းရည် တိုးပွားစေရန် အခြေခံအုတ်မြစ်ဟု ဆိုနိုင်သည့် ရုပ်ပိုင်းဆိုင်ရာကိုပါ ပြုပြင်ပေးလိုက်သည့်သဘောမျိုး ရှိလေသည်။

ယခုအချိန်တွင် စုချန်းသည် သူ၏ မီးလျံသိမ်းငှက်ကို ပို၍ မြန်မြန်ဆန်ဆန် ဖော်ထုတ်လာနိုင်ခဲ့ပြီ ဖြစ်သည်။ ယခင်က မီးလျံသိမ်းငှက်ကို ဖော်ထုတ်ရန် သူ့အနေနှင့် လူတယောက် အသက်တခါရှုချိန်လောက်ကြာသော်လည်း ယခုတော့ ထိုအချိန်တဝက်သာ ကြာတော့သည်။ မူလစွမ်းအင်ကို မြန်မြန်ဆန်ဆန် စုစည်းလာနိုင်၍ ပေါက်ကွဲနိုင်စွမ်းလည်း ပိုများလာ၏။ ထို့ပြင် သူ၏သွေးချီစွမ်းအင်မှာလည်း ပိုများလာ၍ သံချပ်ကာဖောက်ထွင်းရေးဆူးချွန်ကို အသုံးပြုရာတွင် သူ့ကိုယ်ခန္ဓာမှာ ပို၍ ခံနိုင်ရည် ရှိလာခဲ့ပြီဖြစ်သည်။

ယခင်ကဆိုလျင် သူသည် သံချပ်ကာဖောက်ထွင်းရေးဆူးချွန်ကို တကြိမ်အသုံးပြုသည်နှင့် သူ့ကိုယ်ခန္ဓာ အားနည်းသွားသလို ခံစားရလေ့ရှိသည်။ ယခုတော့ အကြိမ်ပေါင်းများစွာ အသုံးပြုသည့်တိုင်အောင် မည်သည့်ဘေးထွက်ဆိုးကျိုးမှ မခံစားရတော့။

အဆိုပါအကျိုးကျေးဇူးများသည် စုချန်းတယောက် သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့ခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများပင် ဖြစ်သည်။ ထို့ကြောင့် ခြုံငုံသုံးသပ်လိုက်လျင် စုချန်း၏ အင်အားသည် သိသိသာသာပင် တိုးပွားလာခဲ့သည်ဟု ဆိုနိုင်လေသည်။

သူ့ကိုယ်သူ ပြန်လည်သုံးသပ်ရင်း စုချနိးတယောက် ကျေနပ်နှစ်သိမ့်လျက်ရှိ၏။ ထိုအခိုက်မှာပင် ခေါ်သံတချို့ကို စုချန်း ကြားလိုက်ရသည်။

"စုချန်း စုချန်း"

ပထမဆုံး ပြေးလာသူမှာ ချီဝေယန် ဖြစ်သည်။

"ရှင်တကယ်ပဲ သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်ရောက်သွားပြီပေါ့ ဟုတ်လား"

စုချန်းက ရယ်မောလိုက်သည်။

"အစ်မချီရဲ့ စူးစမ်းတတ်တဲ့ မျက်လုံးအောက်မှာတော့ ဘယ်အရာမှ ကြာရှည်ဖုံးကွယ်လို့မရဘူး ထင်ပါရဲ့ဗျာ"

ဟင်....ဒီလောက် ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ထားပြီးမှ ဖုံးကွယ်အုံးမတဲ့...သေလိုက်ပါတော့ဟယ်...ငါတို့အားလုံးကို အကန်းတွေများ မှတ်နေသလမသိ...

ထိုအခါ ချီဝေယန်က စုချန်ူကို ငေါက်ဆတ်ဆတ်နှင့် မေးလိုက်သည်။

"ကျွန်မပြောတာက ရှင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ ဘယ်လိုလုပ်ပြီး ဒီလိုပုံစံမျိုးနဲ့ သွေးဆူပွက်ခြင်းနယ်ပယ်ကို ဝင်သွားတာလဲလို့"

စုချန်းကား ထိုအဖြေအတွက် ယခင်ကပင် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူက အးဆေးသော အမူအရာနှင့် ပြန်ဖြေလိုက်၏။

"အိုး ဒီလိုလေ အစ်မချီရဲ့ အရင်ရက်တွေတုန်းက ကျုပ်ဟာ တောထဲမှာ အမဲလိုက်နေခဲ့တယ်မလား ဒီမှာတင် အသီးတမျိုးကို တွေ့လို့ စားမိလိုက်တယ် အံ့သြစရာပဲဗျ ဒီအသီးကို စားလိုက်တာနဲ့ ကျုပ်ရဲ့ စွမ်းအင်အဆင့်ဟာ တဟုန်ထိုး မြင့်တက်လာတော့တာပဲ ဒါနဲ့ ကျုပ်လည်း တွေးမိလိုက်တယ် ဒီလိုအနေအထားထိ ရောက်လာမှတော့ သွေးဆူပွက်ခြင်းနနယ်ပင်ထဲ ဝင်ဖို့ကြိုးစားကြည့်ရင် ကောင်းမှာပဲလို့ ခု ဒီအတိုင်းလုပ်ကြည့်တာ ကျုပ် အောင်မြင်သွားပြီလေဗျာ"

ဟင်..မင်း ဘယ်သူတွေကို လိမ်ဖို့ကြိုးစားနေတယ်များ ထင်နေသလဲ....

စောင့်ကြည့်နေသူများ၏ မျက်လုံးအစုံသည် ဝိုင်းဝိုင်းလည်နေကြကုန်၏။

ဒီလို အသီးမျိုး ရှိကောရှိလို့လား...

ရှိရင်လည်း အတော်လေးကို တန်ဖိုးကြီးမှာ...

ဒီလိုအသီးက စုချန်းလက်ထဲကိုမှ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသတဲ့လား...

ဒီအသီးကိုစားပြီး သွေးဆူပွက်ခြင်းနယ်ပယ်ထဲကို အလွယ်တကူ ဝင်ရောက်သွားနိင်သတဲ့လား...

ဟင်း...ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး...ဖြစ်ချင်းဖြစ်ရင် တကိုယ်လုံးပေါက်ကွဲသွားတာကမှ ပိုဖြစ်နိုင်အုံးမယ်...

အကယ်၍ ထိုအသီးမျိုးသာ လောကကြီးပေါ်တွင် တကယ်ရှိနေပါက အသီးထဲတွင် မူလစွမ်းအင်သည် အလွန်တရာ ပေါကြွယ်ဝနေပေလိမ့်မည်။ အနှီအသီးမျိုးကို လက်လွတ်စပယ် စားသုံး၍ မရပေ။ အထပ်ထပ်အခါခါ ပြန်လည်သန့်စင်ထားရန် လိုအပ်လေသည်။

ထိုအခြေခံအချက်လောက်ကိုမှ နားမလည်ပဲ တွေ့ကရာအသီးကို ပါးစပ်ထဲ ကောက်ထည့်လိုက်သည်ဆိုလျင် အဂ္ဂိရတ်ပညာရှင် ပီသတော့မည်မဟုတ်။ စုချန်း၏ ဗီဇအရဆိုလျင် ဤအချက်က ပို၍ပင် မဖြစ်နိုင်သေးပေ။

လိမ်သည်ဆိုလျင်လည်း စုချန်းအနေနှင့် ယုတ္တိယုတ္တာရှိရှိ လိမ်သင့်သည်မဟုတ်ပါလား။

စုချန်းကလည်း သူ့စကားကို မည်သူမှ မယုံကြောင်း ကောင်းကောင်းသဘောပေါက်လေသည်။ သို့သော် သူကတော့ ဂရုမစိုက်။ ပုခုံးတချက်တွန့်ရင်း ထပ်ပြောလိုက်သည်။

"ခင်ဗျားတို့ ယုံချင်ယုံ မယုံချင်နေ ကျုပ် ဖြစ်ခဲ့တာကတော့ တကယ် အဲဒီအတိုင်းပဲ ကျုပ်ကံကောင်းပြီး အဲဒီအသီးကို စားမိတယ် ကျုပ်ရဲ့ စွမ်းအင်တွေ တိုးပွားလာခဲ့တယ် ဒါအမှန်ပဲဗျ အရင်တုန်းက ကျုပ်လို ကံကောင်းတဲ့လူ မရှိခဲ့ဖူးသေးဘူး ဒါပေမဲ့ ဒီနေရာမှာ ရတနာတွေ အများကြီးရှိနေတဲ့အတွက် ကျုပ်လို ကံကာင်းတဲ့လူတွေ ထပ်ပြီးရှိလာနိုင်သေးတယ် ဒီအသီးကို ကျုပ်တယောက်ထဲ စားမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ ဒီအတွက် ကျုပ်ကို လူတိုင်းက တကိုယ်ကောင်းဆန်တယ်လို့ မစွပ်စွဲရင်ပဲ ကျုပ်အတွက် လုံလောက်ပါပြီ"

စုချန်း၏ ကလိန်ကကျစ်စကားများကို နားထောင်ရင်း ချီဝေယန် ဒေါသထွက်လာ၏။ အတန်ကြာအောင် စဉ်းစားပြီးမှ စုချန်း၏ လုပ်ရပ်မှာ မှန်ကန်ကြောင်း သူမ သဘောပေါက်လာလေသည်။

စုချန်း၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့် ရုတ်တရက် မြင့်မားလာခြင်းအတွက် တကယ်တမ်း ဘာဖြစ်ခဲ့သည်ဆိုစေကာမူ ကံကောင်းသည်ဆိုသည့် အဖြေက လုံလာက်နေပြီ ဖြစ်သည်။ စုချန်း၏ စကားအတိုင်းပင် ဤနေရာသို့ လာရောက်ရသည့် လူတိုင်း၏ ရည်ရွယ်ချက်မှာ ရတနာများ ရှာဖွေရန် ဖြစ်သည်။ အကယ်၍ တယောက်က ထူးခြားသော တစုံတရာကို ရှာတွေ့ခဲ့လျင် ၎င်းသည် ကာယကံရှင်၏ ကုသိုလ်ကံနှင့်သာ ဆိုင်လေသည်။

ထိုတစုံတရာကို လက်ထဲသို့ရောက်ရောက်ချင်းမှာပင် အသုံးပြုလိုက်သည်ဟူသော အဖြေမှာလည်း လက်သင့်ခံနိုင်လောက်သော အဖြေဖြစ်နေ၍ လောင်စန်းတနိုင်ငံလုံးက အထူးတလည် မေးခွန်းထုတ်နေည်မဟုတ်။ အကြောင်းမှာ သေခြင်းတရားနှင့် အလောင်းအစားလုပ်ရဲသူမှသာလျင် ထူးခြားသော အကျိုးအမြတ်များကို ရရှိနိုင်မည် မဟုတ်ပါလား။ အကယ်၍ ချက်ချင်းမသုံးစွဲပဲ စမ်းသပ်စစ်ဆေးရန် ပြန်ယူသွားလျင် တခြားလူများနှင့် ဝေငှသုံးစွဲရပေတော့မည်။

ထိုသဘောတရားကို နားလည်သဘောပေါက်သွားကြသည်နှင့် မည်သူမှ စုချန်းကို အထူးတလည် မေးခွန်းထုတ်မနေကြတော့ပဲ အလုအယက် လာရောက်ဂုဏ်ပြုကြတော့သည်။

ထန်းမင်တယောက်သာလျင် မကျေနပ်သောအမူအရာနှင့် ဘေးသို့တယောက်တည်း လျှောက်သွားလေသည်။ ထန်းမင်၏ ပုံစံကို မြင်လိုက်သောအခါ စုချန်း တွေခနဲဖြစ်သွား၏။ ထို့နောက် သူက မေးလိုက်သည်။

"ကျုပ်များ သူ့ကို တခုခု အတိုက်အခံ လုပ်မိလို့လားဗျ"

တွန့်ကျန့်ချန်းက ချက်ချင်းပင် သူနှင့်ထန်းမင်တို့ ငြင်းခုန်နေသော စကားများကို စုချန်းအား ပြန်ပြောလိုက်၏။

တွန့်ကျန့်ချန်း၏ စကားကြောင့် စုချန်း ပြုံးလိုက်၏။ ထို့နောက် သူက အကြံပေးလိုက်သည်။

"ကျုပ် သဘောပေါက်ပြီ ခင်ဗျားတို့အကုန်လုံးက ရိုးရိုးသားသား ခေါင်းမာနေကြတာပဲ ဒါဆိုရင်လည်း တခြားအဖွဲ့ငယ်တွေ ပြန်ရောက်တဲ့အထိ စောင့်ပြီးမှ အဖွဲ့ပြန်ခွဲကြပါလား ဒါဆိုရင် မရဘူးလား"

ထိုစကားကြောင့် သူတို့အားလုံး တယောက်မျက်နှာကိုတယောက် စိုက်ကြည့်လိုက်ကြ၏။

ဟုတ်ပေသားပဲ...

ဒါကို သူတို့ဘာကြောင့် မစဉ်းစားမိတာပါလိမ့်...

ထိုအခါ တွန့်ကျန့်ချန်းက ထန်းမင်ကို ပြောလိုက်သည်။

"ဟေ့ ကောင်လေး ဒီနေရာမှာ စုချန်း မင်းဘက်ကလိုက်ပြောပေးလို့ မင်း ကံကောင်းသွားတယ် မဟုတ်လို့ကတော့ ကျုပ်က မင်းတို့နှစ်ယောက်ကို ခွဲပစ်မှာပဲ"

စုချန်းက တွန့်ကျန့်ချန်းကို ဟန့်တားရန် ကြိုးစားလိုက်သည်။ သို့သော် နောက်ကျသွားလေပြီ။ ထန်းမင်သည် ထိုစကားကြောင့် မျက်နှာကြီး ရဲခနဲ ဖြစ်သွားပြီး စုချန်းကိုကြည့်ကာ အခြောက်တိုက် စိမ်ခေါ်လိုက်တော့သည်။

"ဟေ့ စုချန်း မင်း ကျုပ်ဘက်က လိုက်ပြောဖို့မလိုဘူးကွ မင်းဟာ သွေးဆူပွက်ခြင်းနယ်ပယ်ထဲ ဝင်သွားပြီဆိုပေမဲ့ ဒါက အသန်မာဆုံး ဖြစ်သွားပြီလို့ မဆိုလိုဘူး ကျုပ်တို့နှစ်ယောက်မှာ ဘယ်သူ ပိုတော်သလဲဆိုတာ သိရအောင် ကျုပ်က မင်းနဲ့ နှစ်ယောက်တည်း ချကြည့်ချင်သေးတယ်"

စုချန်းက ထန်းမင်၏ စကားကို ဘာမှမတုံ့ပြန်ပဲ ချီဝေယန်ကိုသာ လှမ်းကြည့်လိုက်သည်။ ခေါင်းမာသော ကလေးငယ်ကို ဆုံးမပေးရန် မိခင်ကို ထိုကလေးငယ်၏မိခင်ကို လှမ်းတိုင်လိုက်သည့် အကြည့်မျိုး ဖြစ်သည်။

ထန်းမင်သည် ထိုစကားကို ပြောပြီးသည်နှင့် ထိုနေရာမှ ထွက်ခွာသွား၏။ ထန်းမင်ကိုကြည့်ရင်း တွန့်ကျန့်ချန်းက မှတ်ချက်ပြုလိုက်သည်။

"နတ်ဆိုးဧကရာဇ်သွေးဗီဇရှိတာလောက်လေးနဲ့ ဒီလောက် မာနကြီးနေရသလားကွာ မသိရင် သူ့မှာ မူလသတ္တဝါကြီးသွေးဗီဇ ရှိသလိုလိုနဲ့"

စုချန်းက တဟဲဟဲနှင့် ရယ်မောရင်း တွန့်ကျန့်ချန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

"လွှတ်ထားလိုက်ပါကွာ အင်အားကြီးတယ်ဆိုရင် နည်းနည်းပါးပါး မာနကြီးတာလောက်ကတော့ ခွင့်ပြုပေးရမှပေါ့ ဟုတ်တယ်မလား"

လူတိုင်းသည် ဘာမှမပြောပဲ ရေငုံနှုတ်ပိတ်လျက် ရှိနေကြလေသည်။

_____________×××______________××××_______

စုချန်း သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်သွားသည့်သတင်းသည် အချိန်တိုအတွင်းမှာပင် လူတိုင်းဆီသို့ ပျံ့လွင့်သွား၏။ ထိုအခါ သူတို့၏ စိတ်ထဲတွင် ရည်မှန်းချက်တာဝန်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် ပို၍ ယုံကြည်မှုရှိလာကြလေသည်။

တဖက်တွင်လည်း စုချန်း လိုအပ်သော ကုန်ကြမ်းပစ္စည်းများမှာ ပို၍ ပြည့်စုံအောင် စုဆောင်းနိုင်လာခဲ့ပြီ ဖြစ်သည်။ ထိုအခါ သူ၏ သုတေသနအခန်းမှ ဆေးတဖုံပြီး တဖုံ ထွက်ပေါ်လာ၏။ ထိုဆေးများကို ဖြန့်ဝေပေးပြီးသည့်နောက်တွင်တော့ ကျောင်းသားတိုင်း၏ အသက်ရှင်ရန် အခွင့်အလမ်းမှာ ပိုမိုများပြားလာခဲ့ပြီဖြစ်သည်။

သို့တိုင်အောင် ဒဏ်ရာရရှိသူအရေအတွက်မှာလည်း တဖြည်းဖြည်းပို၍ များပြားလာ၏။ အဖွဲ့ငယ်များသည် နေ့တိုင်းလိုလိုပင် သတ်ဖြတ်သူများနှင့် တွေ့ဆုံနေလေရာ တယောက်မဟုတ်တယောက်ကတော့ ဒဏ်ရာရရှိနေ၏။

အကြိမ်ရေအတော်များများတွင်တော့ ကျောင်းသားများသည် လွတ်အောင် ထွက်ပြေးနိုင်၏။ သို့သော် လွတ်အောင်မထွက်ပြေးနိုင်သည့်အခြေအနေမျိုးလည်း မရှိမဟုတ်။ ရှိ၏။

၈ရက်မြောက်နေ့တွင်တော့ လီယွန် သေဆုံးသွားပြီဟူသော သတင်းကို စုချန်း ရရှိလိုက်၏။

၉ရက်မြောက်နေ့တွင်တော့ ချူးအန်းယီ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားပြန်သည်။

သူသည် ဒန်ဘာနှင့် ရင်ဆိုင်တိုးမိခြင်း ဖြစ်သည်။ ဖန်ယုချီနှင့် ရှီကျန့်ဖေးတို့သာ မကယ်ခဲ့လျင် ချူးအန်းယီ သေချာပေါက်သေရပေလိမ့်မည်။

စုချန်းကလည်း ချူးအန်းယီကို အတတ်နိုင်ဆုံး ကုသပေးခဲ့၏။ သို့သော် နောက်ဆုံးတွင်တော့ မည်သို့မှ မတတ်နိုင်ပဲ လက်လျော့လိုက်ရလေသည်။ ချူးအန်းအီသည် အင်အားအကောင်းဆုံးကျောင်းသားများအနက်မှ တယောက်ဖြစ်သည်။ ထို့ကြောင့် စုချန်းတို့ဘက်မှ ဆုံးရှုံးမှုမှာ ဤတကြိမ်တွင် ကြီးမားလှ၏။

တဖက်တွင်လည်း ကောင်းသတင်းတချို့က ရှိနေပြန်သည်။

ပြီးခဲ့သည့်ရက်အနည်းငယ်ကပင် သူတို့ဘက်မှ သတ်ဖြတ်သူနှစ်ယောက်ကို ပြန်သတ်နိုင်ခဲ့၏။

သိပ်မကြာမီ နောက်ထပ်တိုက်ပွဲတပွဲ ထပ်မံဖြစ်ပွားခဲ့ပြန်၏။ ထိုတိုက်ပွဲတွင် လူသားများဘက်မှ ခုနှစ်ယောက်သေဆုံးသွားပြီး နှစ်ယောက်ပျောက်ဆုံးသွား၏။ သတ်ဖြတ်သူများဘက်မှလည်း ခုနှစ်ယောက်သေသွားပြီး ထိုထဲမှတယောက်မှာ နန်းဆောင်သူရဲကောင်း ဖြစ်နေလေသည်။

အထက်တွင် ဖော်ပြခဲ့သည့် တိုက်ပွဲများမှာကား တိုက်ပွဲကြီးမလာခင် တိုက်ပွဲငယ်လေးများ အစပျိုးနေသည့် သဘောသာ ဖြစ်သည်။

ကနဦးရရှိထားသည့် သတင်းအချက်အလက်များအရ သတ်ဖြတ်သူများ စတင်စုဝေးနေကြပြီဟု ယူဆရ၏။ သူတို့ စုဝေးသည်မှာ လူသားများလောက် မမြန်။ သို့သော် စုဝေးနေကြသည်မှာကား သေချာသလောက် ရှိနေခဲ့လေပြီ။

တရက်တွင်တော့ မြောက်အရပ်ရှိ တောင်မြင့်ကြီးဆီသို့ ခရီးထွက်သွားသည့် ဟေးယွန်တုံးတို့အဖွဲ့ ပြန်ရောက်လာ၏။ သူတို့သည် ထိုတောင်၏ မြေမျက်နှာသွင်ပြင်နှင့် ပတ်ဝန်းကျင်အနေအထားကို ဆန်းစစ်လာခဲ့ပြီဖြစ်သည်။

All Chapters