အစည်းအဝေး
Vol. 32 Ch. 315
"ဒီတောင်ထိပ်တခုလုံးဟာ အာကင်နာပညာရှင်ကြီးရဲ့ သုတေသနဌာနပဲဆိုတာကိုတော့ ကျုပ်တို့ သေသေချာချာ သိခဲ့ပြီးပြီ ဒါပေမဲ့ အဲဒီနေရာကြီးတခုလုံးကို မူလပုံစံနဲ့ ကာကွယ်ထားတယ် ဒီနေရာကြီးတခုလုံးက တားမြစ်ဧရိယာပဲကွ"
ဟေးယွန်တုံးက မြေပုံကို ဖြန့်ခင်းကာ တောင်မြင့်ကြီးကို ထောက်ပြရင်း ပြောလိုက်၏။
ကျောက်တောင်ဌာနချုပ်၏ တနေရာတွင် ထိပ်သီးအစည်းအဝေးတခုကတော့ စတင်နေခဲ့ပြီ ဖြစ်သည်။
တားမြစ်ဧရိယာဟူသည် အပျက်အစီးသိုက်အတွင်း သူတို့သုံးနှုံးလေ့ရှိသော ဗန်းစကားတခု ဖြစ်သည်။ ဆိုလိုသည်မှာ ထိုနေရာသည် အန္တရာယ်အလွန်များပြီး တားမြစ်ပုံစံကွက်များဖြင့် ကာကွယ်ထားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထိုကဲ့သို့ တားမြစ်ဧရိယာများသည် အပျက်အစီးသိုက်တိုင်းလိုလိုတွင် တွေ့ရတတ်သည်။တနည်းအားဖြင့် ထိုတားမြစ်ဧရိယာများသည် အာကင်နာအင်ပါယာ၏ အမွေအနှစ်များဟုလည်း ဆိုနိုင်လေသည်။
ထိုအတွက်ကြောင့်ပင် စုချန်းနှင့် တခြားလူများသည် ထိုနေရာသို့ ဆောလျင်စွာ မသွားကြခြင်းပင်။ တားမြစ်ဧရိယာအတွင်းသို့ ဝင်ရောက်ရန် သူတို့အနေနှင့် ရရှိနိုင်သမျှ လူ့စွမ်းအားအရင်းအမြစ်များကို အသုံးချရန် လိုအပ်၏။
ထိုအချက်ကြောင့် လူတိုင်းသည် အဓိကနေရာသို့ မသွားသေးပဲ တခြားအရင်းအမြစ်များကို လိုက်ရှာနေကြခြင်းပင်။ လူမစုံသေးပဲ တားမြစ်ဧရိယာသို့ ဝင်ရောက်ခြင်းမှာ အလွန်အန္တရာယ်များ၏။ တာဝန်ကြီး မဆောင်ရွက်မီ ရရှိနိုင်သမျှ အရင်းအမြစ်များကို စုဆောင်းထားခြင်းမှာ လုပ်ဆောင်သင့်သော ကိစ္စပင် မဟုတ်ပါလား။
သူတို့ပြုစုနေသော အပျက်အစီးသိုက်၏ မြေပုံကြမ်းမှာလည်း ပြီးပြည့်စုံသလောက် ရှိနေခဲ့လေပြီ။ အကြောင်းမှာ ကျောက်စင်းတယောက် သိပ်မကြာမီ ပြန်လည်ရောက်ရှိလာသောကြောင့်ပင်။ ကျောက်စင်းသည် မြေပုံကို ရေးဆွဲရာတွင် တားမြစ်ဧရိယာရှိနေသော တောင်ကြီးကို အတော်လေးဂရုစိုက်ရေးဆွဲခဲ့ဟန်ရှိသည်။ မြေပုံမှာ အသေးစိတ်ကျလှ၏။ ထို့ကြောင့် သူတို့သည် ထိုတောင်ကြီးကို အပေါ်စီးမှ ကြည့်ရသကဲ့သို့ မြင်နိုင်စွမ်းရှိလာခဲ့ပြီ ဖြစ်သည်။
မြေပုံအရ တောင်ထိပ်တွင် လက်စွပ်ပုံသဏ္ဍာန် ရဲတိုက်ကြီးတတိုက် ရှိနေ၏။ အကြောင်းမှာ ထိုနေရာ၏ အလယ်ဗဟိုသည် တောင်ကိုကျော်ပြီး တိုးထွက်လျက်ရှိလေရာ လေထဲတွင် ပေါလောပေါ်နေသကဲ့သို့ တွေ့မြင်ရသောကြောင့်ပင်။
ဟေးယွန်တုံးသည် ထိုနေရာကို လက်ညှိုးဖြင့်ထောက်ပြီး တားမြစ်ဧရိယာဖြစ်ကြောင်း ပြောလိုက်၏။
တကယ်တော့ ဟေးယွန်တုံးသည် လေးယောက်အဖွဲ့သည်လည်း ထိုရဲတိုက်သို့ ဝင်ရောက်ရန် ကြိုးစားခဲ့သေးသည်သာ။ သို့သော် သူတို့အဖွဲ့တွင် မူလစွမ်းအင်ပုံစံ ကျွမ်းကျင်သူ ပါမလာ၍ ခြေလှမ်းတိုင်းမှာ အလွန် အန္တရာယ်များနေ၏။ ထို့ကြောင့် နောက်ပြန်လှည့်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် သူတို့၏ ကနဦးခရီးသည် သွေးတိုးစမ်းရုံမျှသာ ဖြစ်သည်။ ထို့ကြောင့် ဘာအကျိုးအမြတ်မှ မရခဲ့သည့်တိုင် ပြသနာတော့မရှိလှ။ ရဲတိုက်နှင့် ပတ်သက်၍ သူတို့ ကင်းထောက်နိုင်ခဲ့သမျှကို ဟေးယွန်တုံးက ပြန်လည်ပြောပြလိုက်၍ သူတို့အထဲမှ မူလပုံစံကျွမ်းကျင်သူကျောင်းသားများသည် လိုအပ်သည်တို့ကို စတင်ပြင်ဆင်ကြတော့၏။
တောင်ကြီးနှင့်ပတ်သက်၍ ပမာဏစုံစမ်းခြင်းကား ပြီးစီးသွားခဲ့လေပြီ။ ရဲတိုက်သို့ မည်သို့ဝင်ရောက်ရမည်ဟူသည့် နည်းဗျူဟာတခုကို အတည်တကျ ချမှတ်ရန်သာ ကျန်တော့သည်။
ထိုအချိန်တွင် စုချန်းက တစုံတရာကို စဉ်းစားမိဟန်ဖြင့် မေးလိုက်၏။
"ဒါနဲ့ နေစမ်းပါအုံး အဲဒီနေရာမှာ သတ်ဖြတ်သူမျိုးဆက်သစ်တယောက်ယောက်များ ခင်ဗျားတို့ တွေ့မိသေးလား"
ရှန်းယုချန်းက ပြန်ဖြေလိုက်သည်။
"နှစ်ကြိမ်လောက်ဆုံမိသေးတယ် ဒါပေမဲ့ အနီရောင်သူငယ်ချင်းတွေတော့ မပါဘူး"
သတ်ဖြတ်သူများသည် ဦးနှောက်သုံးတတ်သူများမဟုတ်ပေ။ သူတို့တွင် မူလစွမ်းအင်ပုံစံကျွမ်းကျင်သူဟူ၍ မရှိသည်မှာလည်း သေချာနေ၏။ သို့သော် ထိုပြသနာကို သတ်ဖြတ်သူများ မဖြေရှင်းနိုင်ဟုတော့ တထစ်ချယူဆ၍ မရပေ။
သတ်ဖြတ်သူများထဲတွင် အနီရောင်သူငယ်ချင်းများဟု လူသိများသော ထူးခြားသည့်သတ်ဖြတ်သူတချို့လည်း ရှိနေ၏။ သူတို့သည် မူလစွမ်းအင်ပုံစံများကို ရင်ဆိုင်နိုင်စွမ်း ရှိကြလေသည်။ အကြောင်းမှာ ၎င်းတို့ကိုယ်ပေါ်တွင် ရေးထိုးထားသော ဆေးမင်များသည် မူလစွမ်းအင်ပုံစံမှ စွမ်းအင်များကို တောင့်ခံနိုင်ရုံမက ပြန်လည်ဖျက်ဆီးနိင်စွမ်းပါ ရှိနေကြသောကြောင့် ဖြစ်သည်။ သို့သော် အနီရောင်သူငယ်ချင်းများသည် မူလပုံစံများကို ဖျက်ဆီးရန် ၎င်းတို့ကိုယ်ခန္ဓာကိုသာ အသုံးပြုရလေရာ ၎င်းတို့ကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရသွားလေ့ရှိကြသည်။ တနည်းအားဖြင့် မူလပုံစံများကို ဖျက်ဆီးခြင်းသည် အနီရောင်သူငယ်ချင်းများအတွက် ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင် ပြုလုပ်သည်နှင့် အတူတူသာ။ နောက်ဆုံးတွင် ဒဏ်ရာများစုပြုံရရှိပြီး အသက်သေဆုံးသွားလေ့ရှိကြသည်။
အရိုးရှင်းဆုံးပြောရလျင် သတ်ဖြတ်သူများသည် မူလစွမ်းအင်ပုံစံကွက်များကို ဖြေရှင်းနိုင်စွမ်းတော့မရှိ။ သို့သော် ဖျက်ဆီးနိုင်စွမ်းတော့ ရှိကြလေသည်။ သတ်ဖြတ်သူဟူသည် အရာအားလုံးကို ဖျက်ဆီးရန် မွေးဖွားလာသူများပင် ဖြစ်ကြသည်မဟုတ်ပါလား။ မူလစွမ်းအင်ပုံစံသည်လည်း သူတို့အတွက် နောက်ထပ် ဖျက်ဆီးရမည့်အရာတခုမျှသာ ဖြစ်သည်။
သို့သော် လူသားများကို နောက်ကောက်ချရန် သူတို့တွင် ပို၍ ကောင်းမွန်သော နည်းလမ်းတခု ရှိနေသေး၏။ ထိုနည်းလမ်းမှာ ငါးကြင်းဆီနှင့်ငါးကြင်းပြန်ကြော်ရန်ပင် ဖြစ်သည်။ နှစ်ပေါင်းများစွာ အပြန်အလှန် တိုက်ခိုက်လာခဲ့ကြပြီးနောက် သတ်ဖြတ်သူများအနေနှင့် လူသားဟူသည် သူတို့အတွက် ရန်သူဖြစ်သလို အသုံးချနိုင်သော ပစ္စည်းတမျိုးလည်း ဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွားကြခြင်း ဖြစ်သည်။
ထို့ကြောင့် အပျက်အစီးသိုက်အတွင်းသို့ အနီရောင်သူငယ်ချင်းများ ပါမလာဟုကြားသော်လည်း မည်သူမှ အထူးတလည် အံ့သြနေခြင်းမရှိတော့။ လူသားတွေ ရှိနေမှတော့ အဘယ်မှာ အနီရောင်သူငယ်ချင်းများ လိုတော့မည်နည်း။
စုချန်းက ထပ်မေးလိုက်ပြန်သည်။
"တနေရာတည်းမှာ နှစ်ခါတွေ့တာလား"
ရှန်းယုချန်းက ခေါင်းခါပြလိုက်၏။
သတ်ဖြတ်သူများနှင့် သူတို့သည် တောင်ပေါ်တွင်တကြိမ်၊ တောင်အောက်တွင်တကြိမ် ရင်ဆိုင်တိုးမိခြင်းဖြစ်သည်။ တဖက်မှ သတ်ဖြတ်သူများသည် သူတို့နှင့် ရင်ဆိုင်ရန် ပြေးလာသော်လည်း ဟေးယွန်တုံးတို့က တိုက်ခိုက်လိုစိတ်မရှိလေရာ အမြန်ပင် နောက်ဆုတ်လာခဲ့ကြ၏။
စုချန်းက လေးနက်သော အမူအရာဖြင့် စဉ်းစားက မှတ်ချက်ချလိုက်သည်။
"ဒီအတိုင်းဆိုရင်တော့ ဒီကောင်တွေ အကုန်လုံး မစုမိလောက်သေးဘူး"
"သေချာလို့လား စုချန်း"
လူတိုင်းက အလေးအနက်ထား၍ မေးလိုက်ကြ၏။
သတ်ဖြတ်သူများ စုဝေးမိပြီဟူသော အချက်မှာ အလွန်အရေးကြီး၏။ အနည်းငယ်မှ မှားယွင်း၍မရချေ။
စုချန်းက ဘာမှပြန်မဖြေသေးပဲ စာရွက်တရွက်ကို ဆွဲထုတ်လိုက်၏။ ထိုစာရွက်ထဲတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သူတို့နှင့် သတ်ဖြတ်သူများ တွေ့ဆုံမိခဲ့သော နေရာများကို အသေးစိတ် ရေးဆွဲထားလေသည်။
ပြီးမှ စုချန်းက ထိုစာရွက်ကို ထောက်ကာ အသေးစိတ်ရှင်းပြလိုက်၏။
"ဒီမှာကြည့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချိန်းလွှာတို့ လူစု သတ်ဖြတ်သူနှစ်ယောက်နဲ့ တောအုပ်အနီးမှာ ရင်ဆိုင်တိုးမိခဲ့တယ် လွန်ခဲ့တဲ့ နှစ်ရက်ကပဲ နောက်ထပ် သတ်ဖြတ်သူသုံးယောက် ဒီနေရာမှာ ထပ်ပေါ်လာပြန်တယ် ဒါကိုကြည့်ရင် သူတို့ဟာ ပထမ သတ်ဖြတ်သူနှစ်ယောက်နဲ့ မညှိုနှိုင်းထားဘူးဆိုတာ သိသာနေတယ် ဘာအရင်းအမြစ်မှ မရှိတဲ့နေရာကို သူတို့ ထပ်လာတာကိုး ပြီးတော့ ဒီဘက်က ဧရိယာထဲမှာလည်း သတ်ဖြတ်သူငါးယောက် တပြိုင်နက်တည်း တွေ့လိုက်တယ် ဒါပေမဲ့ တယောက် တနေရာစီပဲ ဒါကိုကြည့်ရင် ဒီကောင်တွေ အကုန်မစုမိသေးဘူး ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျုပ်တို့ကို လိုက်ရှာပြီး သတ်ဖြတ်နေတဲ့သဘောပဲ"
သတ်ဖြတ်သူများဘက်တွင် ကျောက်စင်းကဲ့သို့ ကိုယ့်အဖွဲ့ဝင်များကို လိုက်စုပေးမည့်သူ မရှိပေ။ ထို့ပင် ဌာနချုပ်နေရာဟူ၍ အတည်တကျ သတ်မှတ်ထားခြင်းလည်း မရှိ။ ထို့ကြောင့် သတ်ဖြတ်သူများအဖို့ အတူတကွ စုစည်းမိရန် မလွယ်လှ။ ပို၍ အရေးကြီးသည်မှာ အတူတကွ စုဝေးမိလျင်ကော ဘာလုပ်ကြမည်နည်းဟူသည့် အချက်ဖြစ်သည်။ သူတို့အင်အားနှင့် တားမြစ်ဧရိယာသို့ မဝင်နိုင်။ ထို့ကြောင့် အရင်းအမြစ်များ စုဆောင်းရန်နှင့် လူသားများကို သတ်ဖြတ်ရန်သာ ရှိသည်။ ထိုကြောင့် သတ်ဖြတ်သူများအဖို့ စုဝေးမိလျင်ပင် ယာယီသာ ဖြစ်သည်။ သိပ်မကြာမီ တယောက်တကွဲစီ ပြန်ဖြစ်သွားလိမ့်မည်သာ။
သို့သော် တချိန်ချိန်တွင်တော့ သတ်ဖြတ်သူများ စုဝေးသွားဖွယ်ရာရှိသည်။ ထိုအချိန်မှာ အပျက်အစီးသိုက်တခုလုံးကို လှန်လှောရှာဖွေပြီးသကာလ အရင်းအမြစ်များ ကုန်ဆုံးသွားမည့်အချိန် ဖြစ်သည်။ ထိုအချိန်ကျလျင် သတ်ဖြတ်သူများအနေနှင့်် တားမြစ်ဧရိယာကို ပြန်လည်စိတ်ဝင်စားလာပေလိမ့်မည်။
ထိုအချက်ကို စုချန်းကလည်း ကောင်းစွာ နားလည်ထားပြီးသားပင်။ ထိုအခါ သူက ပြောလိုက်၏။
"နှစ်ရက် ကျုပ်တို့ဘက်က အများဆုံး အချိန်နှစ်ရက်ပဲ ရမယ် အဲဒီအချိန်ကျရင် ဒီပတ်ဝန်းကျင်က အရင်းအမြစ်တွေအကုန်လုံး ပြောင်သလင်းခါသွားလိမ့်မယ် အဲဒီအချိန်ကျရင် ဒီကောင်တွေ လူပြန်စုလိမ့်မယ် အဲဒီတော့ ခုရထားတဲ့ အချိန်နှစ်ရက်ကို ကျုပ်တို့ ကောင်းကောင်းအသုံးချရလိမ့်မယ် ကျုပ်အကြံပေးချင်တာကတော့ တားမြစ်ဧရိယာကို လောလောဆယ် အာရုံမစိုက်စေချင်သေးဘူး အဲဒီနေရာက ထွက်မပြေးဘူး ဒါကြောင့် ကျုပ်တို့ အေးအေးဆေးဆေး ရှာဖွေလို့ရတယ် ခုလောလောဆယ် အာရုံစိုက်သင့်တာကတော့ သတ်ဖြတ်သူတွေပဲ ခုရထားတဲ့ အချိန်နှစ်ရက်ကိုသုံးပြီး ဒီကောင်တွေနဲ့ ကျုပ်တို့အကြား အင်အားကွာဟချက်ကို လျော့ချဖို့ ဆောင်ရွက်သင့်တယ်"
လက်ရှိအနေအထားအရ တဖက်နှင့်တဖက် အင်အားကွာဟချက်မှာ သိပ်မများလှ။
သာမာန်အားဖြင့် သတ်ဖြတ်သူများသည် အင်အားကြီးမားသည်မှာ မှန်၏။ သို့သော် ၎င်းတို့ဘက်မှာ ပြန့်ကျဲနေပြီး လူသားတို့ တစုတစည်းတည်း ရှိနေသော အနေအထားတွင်တော့ လူသားများအနေနှင့် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး ရှိလာပြီ ဖြစ်သည်။
ထပ်ပြောရလျင် စုချန်း၏ လက်ချက်ကြောင့် ဖာရာရို သေဆုံးသွားခြင်းသည် လူသားများဘက်မှ အတော်လေး အကျိုးရှိခဲ့၏။ အင်အားကွာဟချက်ကိုလည်း အတော်ပင် လျော့ချနိုင်ခဲ့လေသည်။ နန်းဆောင်သူရဲကောင်းတယောက်ကို သတ်နိုင်ဖို့ဟူသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။
ထို့ကြောင့် ဤအခြေအနေကို အခွင့်ကောင်းယူကာ အချိန်နှစ်ရက်အတွင်း သတ်ဖြတ်သူများနှင့် ရင်ဆိုင်ရန် စုချန်းက အကြံပေးလိုက်ခြင်း ဖြစ်သည်။
စုချန်း၏ အကြံကို ဟေးယွန်တုံးကလည်း လက်ခံလိုက်၏။ သူက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
"ကျုပ် ကြားဖူးတာရှိတယ် မြေကို ထိမ်းသိမ်းထားနိုင်ပေမဲ့ လူကို ဆုံးရှုံးလိုက်ရရင်တော့ မင်းအနေနဲ့ နှစ်ခုစလုံး ဆုံးရှုံးတာနဲ့ အတူတူပဲတဲ့ မြေကို ဆုံးရှုံးလိုက်ရပေမဲ့ လူတွေရှိသေးရင်တော့ မင်းအနေနဲ့ မြေကိုပြန်ရအောင် တိုက်ယူလို့ ရသေးတယ်တဲ့ ဒါကြောင့် ကျုပ်ကတော့ စုချန်းရဲ့ စိတ်ကူးကို ထောက်ခံတယ် သုတသနနေရာက ထွက်မပြေးဘူး ကျုပ်တို့အနေနဲ့ သတ်ဖြတ်သူတွေကို အရင်ဆုံးရှင်းပစ်သင့်တယ်"
ချီဝေယန်ကလည်း သူ့ထင်မြင်ချက်ကို ဝင်ပြောလိုက်၏။
"ဒါပေမဲ့ အဲဒီနှစ်ရက်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ဆိုတာကလည်း ထင်သလောက်တော့ မလွယ်ဘူး သတ်ဖြတ်သူတွေဟာ အဲဒီလောက်ထိ မိုက်မဲမယ့်ပုံမပေါ်ဘူး သူတို့ဟာ မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်တယ် နိုင်ချေမရှိရင် ထွက်ပြေးရကောင်းမှန်းလည်း သိတယ် ကျွန်မတို့ လူနည်းနည်းပဲလွှတ်ရင် နိုင်ဖို့မသေချာဘူး လူအများကြီးလွှတ်လိုက်ပြန်ရင်လည်း ထွက်ပြေးကုန်လိမ့်မယ် ပြီးတော့ ဒီကောင်တွေဟာ လှုပ်ရှားရာမှာလည်း အလွန်မြန်ကြတယ်လေ"
"လိမ္မာပါးနပ်လှပါတယ်ဆိုတဲ့ ဝံပုလွေတွေတောင် အတွေ့အကြုံရင့်ကျက်တဲ့ မုဆိုးရဲ့လက်ထဲက လွတ်အောင် မပြေးနိုင်ပါဘူးဗျာ"
စုချန်းက အေးဆေးတည်ငြိမ်သော လေသံနှင့် ပြောလိုက်လေသည်။