သတ်
Vol. 8 Ch. 776
“ဘုန်း …”
ရုတ်တရက် ကျန်းရိုရှု၏ ခန္ဓာကိုယ် အနှံ့အပြား၌ အနက်ရောင် အကြေးခွံများ ဖြစ်ပေါ်လာ၏။
ထို့နောက် သူက မီတာပေါင်း များစွာကို ခြေတစ်လှမ်းအတွင်း ကျော်ဖြတ်ကာ နဂါး တစ်ကောင် အလား ချန်းဖန်ကို တိုက်ခိုက် လိုက်သည်။
“အသံထက်တောင် မြန်တဲ့ လှုပ်ရှားမှု …”
များစွာသော လူများကား ထိုမြင်ကွင်းကို ကြည့်ကာ ပင့်သက်ရှိုက် လိုက်မိကြ၏။
ကျန်းရိုရှုသည် အသံ၏ နှစ်ဆနှုန်းဖြင့် လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ ထိုအရာက သူ၏ ခန္ဓာကိုယ်မှာ မူလအဆင့်နှင့်ပင် များစွာ ကွာခြားခြင်း မရှိတော့ဟု ဆိုလိုက်၏။
“မြောက်ပိုင်းချုံးက ကောင်လေးတော့ သေပြီပဲ …”
ယင်ဖုန်း မျှော်စင် အတွင်းရှိ သိုင်းသမားများက ချန်းဖန်အား ကြည့်ရင်း ခေါင်းခါလိုက်မိကြ၏။ သူတို့၏ အမြင်၌ ချန်းဖန်ကား သေလူ ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
သို့သော်လည်း အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်က လက်ကို မြှောက်ကာ ကျန်းရိုရှု၏ ပါးအား ဆီးကာ ရိုက်ချလိုက်၏။
“ဘုန်း …”
ကျန်းရိုရှု၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စဉ်၍ ကြမ်းပြင်သို့ ပြင်းထန်စွာ ကျသည်။ ယင်ဖုန်း မျှော်စင်၏ ကြမ်းပြင်ကား သူ၏ ခန္ဓာယ်ကိုယ်ကို ခံနိုင်စွမ်း မရှိရာ အပေါက် တစ်ပေါက်ပင် ဖြစ်ပေါ်သွား၏။
“ဘာလဲ …”
လူတိုင်းကား ဆွံ့အ သွားကြသည်။ သူတို့၏ မျက်လုံးများမှာမူ အံ့ဩမှုဖြင့် ပြူးကျယ် နေကြ၏။
ထိုကောင်လေးက နတ်ဘုရား သတ်မှတ်ချက် နံပါတ်သုံးကို ပါးရိုက်ကာ အနိုင်ယူ လိုက်သည်လား။
ချောင်ချူးတင်၊ အမူးယူမီနှင့် အခြား တန်ခိုးရှင် အဆင့်များပင်လျှင် ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။ သူတို့ကား တိုက်ခိုက်မှုမှ တစ်ဆင့် ချန်းဖန်၏ အစစ်အမှန် စွမ်းအားကို အနည်းငယ် ခန့်မှန်းမိနေပြီ ဖြစ်လေသည်။
“သူက ဘယ်သူလဲ ... မြောက်ပိုင်းချုံးမှာ သူ့လို အစွမ်းထက်တဲ့ လူတစ်ယောက် ရှိတယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး ... သူက ဂိုဏ်းထဲမှာပဲ ပုန်းကွယ်နေတဲ့ ပညာရှင်များလား”
သိုင်းသမားများက ချန်းဖန်အား သေချာစွာ အကဲခတ် လိုက်ကြသည်။
သုံးနှစ်ကြာပြီးနောက် ချန်းဖန်၏ ပုံပန်း သွင်ပြင်ကား အတော်အသင့် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူသည် မျက်နှာတစ်ဝက်ခန့်ကို ဖုံးသည့် နေကာမျက်မှန်ကြီးကိုပါ တပ်ထားသေးရာ မည်သူမျှ သူ့အား မမှတ်မိကြချေ။
“ရှောင်ရွှမ် ... သူက ဟိုတစ်ယောက်နဲ့ တူနေတယ်လို့ မထင်ဘူးလား …”
လူအုပ်၏ နောက်ဆုံးတွင် ရပ်နေသည့် ဟန်ကျန်းတုက သူ၏ ဘေးရှိ ရှောင်ရွှမ်အား မေးသည်။
ရှောင်ရွှမ်က ဘာမှ ပြန်မပြောပဲ ချန်းဖန်ကိုသာ စူးစိုက် ကြည့်နေခဲ့၏။ အတန်ကြာ၌ သူက လက်သီးကို ဆုပ်ရင်း ခေါင်းကိုခါ လိုက်သည်။
“မဟုတ်ဘူး မဖြစ်နိုင်ဘူး ... သူက ခွန်ရှု့ နယ်မြေမှာ သေသွားပြီ”
“ဘုန်း …”
ရုတ်တရက် မီးတောင် ပေါက်ကွဲသကဲ့သို့ စွမ်းအား အရှိန်အဝါတစ်ခု ထွက်ပေါ် လာသည်။
တစ်ချိန်တည်းတွင် ကျန်းရိုရှု၏ ခန္ဓာက အနက်ရောင် အလင်းများဖြင့် ဝန်းရံကာ ယင်ဖုန်းမျှော်စင်ကို ဖောက်ထွက်လျက် ကောင်းကင်သို့ တက်၏။
ထိုနဂါးမျိုးဆက်၏ နဂါးသွေးကား အပြည့်အဝ နိုးထလာခဲ့ပြီ ဖြစ်သည်။ သူ၏ အရေပြားများသည် အနက်ရောင် အကြေးခွံများအဖြစ် ပြောင်းလဲနေပြီ ဖြစ်ပြီး သူ၏ မျက်လုံးများမှာလည်း ရွှေရောင် တဖိတ်ဖိတ် တောက်ပနေ၏။
“ငါနဲ့ လာတိုက်စမ်း …”
ကျန်းရိုရှုက ကောင်းကင်၌ ရပ်ရင်း အော်ဟစ် လိုက်သည်။
ချန်းဖန်၏ လက်ဝါးတစ်ချက်သည် သူအား အသက်ဆုံးလုနီးပါး ဖြစ်စေခဲ့သည်။ အကယ်၍ နဂါသွေးမျိုးဆက်နှင့် မြေကမ္ဘာ နတ်ဘုရား ခန္ဓာတို့ကြောင့်သာ မဟုတ်လျှင် သူ သေနေလောက်ပြီ ဖြစ်သည်။
သို့သော်လည်း တစ်ချိန်တည်း၌ ချန်းဖန်သည် ကျန်းရိုရှု၏ ပြန်လည် ထလာမှုကို ကြည့်ကာ အံ့အားသင့် နေခဲ့သည်။ သူသည် ထိုလူငယ် အသက်ရှင်နေဦးမည်ဟု မျှော်လင့် မထားခဲ့ချေ။
“သေချင်နေတာပဲ …”
ဒေါသတကြီး စိန်ခေါ်နေသော ကျန်းရိုရှုအား ကြည့်ရင်း ချန်းဖန်က ခေါင်းခါ လိုက်၏။ ပထမ လက်ဝါးချက်၌ သူသည် စွမ်းအား တစ်ရာခိုင်နှုန်းကိုပင် မသုံးထားခဲ့ချေ။ ထိုလက်ဝါးလေးမှ လွတ်မြောက်ခဲ့ရုံဖြင့် ထိုနဂါးမျိုးဆက်က သူ့ကိုယ်သူ အထင်ကြီး နေပုံ ရ၏။
“ဆရာ ... ကျွန်မ သူ့ကို သွားပြီး ဆုံးမလိုက်မယ်”
အားရှို့က စိတ်အား တက်ကြွစွာ တောင်းဆို လိုက်သည်။ သူမကား သူမ၏ ဝိညာဉ် ရတနာ ဖြစ်သည့် မိုးကြိုးဗုံကို စမ်းသပ် လိုနေပုံရ၏။
“ငါပဲ သွားမယ် …”
ချန်းဖန်က ပြောရင်း ခြေတစ်လှမ်း လှမ်းလိုက်၏။
ထိုခြေတစ်လှမ်းတွင်ပင် သူ၏ ခန္ဓာကိုယ်က လေဟာနယ်ကို ဖောက်ထွက်ကာ ကျန်းရိုရှု၏ အရှေ့သို့ ရောက်သည်။
“ပွဲကတော့ ကြည့်လို့ ကောင်းပြီ ... မြောက်ပိုင်းချုံးနဲ့ ကျန်းမိသားစု လူတွေ တိုက်ခိုက်ကြတော့မယ်”
ယင်ဖုန်းမျှော်စင်ရှိ လူများသည် ကောင်းကင်သို့ စိတ်လှုပ်ရှားစွာ မော့ကြည့်ကြ၏။ အချို့ကမူ သူတို့၏ ဆဲဖုန်းများကို ထုတ်ယူ၍ တိုက်ပွဲအား မှတ်တမ်းတင်ကာ အင်တာနက်၌ တိုက်ရိုက် Live လွှင့်ကြသည်။
တစ်ချိန်တည်း၌ သတင်းထောက် များကလည်း ကင်မရာများဖြင့် ကောင်းကင်သို့ ထိုးချိန်ရင်း သူတို့၏ ရုပ်သံလိုင်းများမှ တိုက်ရိုက် ထုတ်လွှင့် ကြသည်။ တစ်ခဏ အတွင်းမှာပင် တိုက်ပွဲအား အင်တာနက်မှ ကြည့်ရှု့သူ အရေအတွက်မှာ တစ်ဆယ်မီလျှံ ကျော်သွား၏။
“ဘရို ... မင်းနိုင်မှ ဖြစ်မယ် မင်းက ငါတို့ လူသား မျိုးနွယ်ရဲ့ ကိုယ်စား တိုက်ခိုက်သူပဲ”
“ချီးယား မြောက်ပိုင်းချုံး ... အဲဒီ နဂါးကို သတ်ပစ်လိုက် ... သူတို့က လူမဟုတ်ဘူး ... တိရစ္ဆာန်တွေ”
များစွာသော လူများက ချန်းဖန်အား အားပေး ကြသည်။
ချန်းပေ့၏ ကျန်းမိသားစုသည် နဂါးသွေးရော ဖြစ်သည်။ သို့ဖြစ်ရာ လူသားများသည် နဂါးများထက် စာလျှင် လူသားကိုသာ သူတို့၏ အရှင်သခင် ဖြစ်စေလိုကြ၏။
“ဟဟ ... ကျန်းရိုရှုက အသန့်စင်ဆုံး နဂါး သွေးမျိုးဆက်တွေထဲက တစ်ယောက်ပဲ ... မင်းတို့ သေမျိုးတွေထဲက ဘယ်သူကမှ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး ... သူ မြေကမ္ဘာ အဆင့်ကို တက်လှမ်းပြီးရင် ရဲ့ချင်စန်းတောင် သူ့ကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး”
ချောင်ချူးတင်က ရယ်မောရင်း ဆိုလိုက်သည်။
“မှန်တယ် …”
အမူးယူမီကလည်း ထိုစကားကို ထောက်ခံလိုက်၏။
ဘေးနားရှိ လူများမှာ ငြင်းခုန် လိုသော်လည်း သူတို့၏ ပါးစပ်ကိုသာ ပြန်ပိတ် ထားလိုက် ကြသည်။ အကယ်၍ ထိုအရိုင်းအစိုင်း နှစ်ယောက်က စိတ်ပေါက်၍ ထသတ်ပါက အချောင်သေရမည်က သူတို့သာ မဟုတ်ပါလား။
ထိုအချိန် မြေပြင်အထက် မီတာ တစ်ရာခန့်၌…
ကျန်းရိုရှုက သူ၏ လျှာနှစ်ခွဖြင့် ပါးစပ်အား တစ်ချက် သပ်လိုက်သည်။
“ကောင်လေး…မင်းတော့ လူမှားပြီး ပြဿနာ ရှာမိပြီ ... ငါ မင်းကို အပိုင်းပိုင်း ဆွဲဖဲ့ပြီး စားပစ်မယ်ကွ”
ချန်းဖန်က ဘာမှ ပြန်မပြောပဲ လက်နှစ်ဖက်ကို နောက်ပစ်ရင်း မြောက်ဘက် မိုးကုပ် စက်ဝိုင်းသို့သာ ငေးမောကြည့်နေခဲ့၏။ ထိုအရပ်၌ ပုန်းကွယ်နေသော နဂါးမျိုးနွယ်များကား သူ၏ နတ်ဘုရား စိတ်အာရုံမှ လွတ်မြောက်ခြင်း မရှိချေ။
“ခွေးကောင် ... မင်းက ငါ့ကို လျစ်လျူရဲတယ်ပေါ့”
ကျန်းရိုရှုအား သူ၏ ဒေါသကို မထိန်းချုပ် နိုင်တော့ချေ။
“သေစမ်းကွာ …”
သူက အသံ၏ သုံးဆမြန်သော နှုန်းဖြင့် ချန်းဖန်ထံ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
“ဘုန်း …”
ရုတ်တရက် ကောင်းကင်၌ အဖြူရောင် တိမ်စိုင်တစ်ခု ပေါ်လာကာ ထိုတိမ်စိုင်က ဟင်းလင်းပြင်ကို မုန်တိုင်း အလား ဖျက်ဆီး၏။
နဂါးများသည် ၎င်းတို၏ ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်များကြောင့် ထင်ရှားသည်။ ကျန်းရိုရှု၏ တိုက်ခိုက်မှုသည် နဂါးမျိုးဆက်၏ သွေးစွမ်းအားကို သယ်ဆောင်ထားရာ တန်ခိုးရှင် အဆင့်များကို အလွယ်လေး သတ်ပစ်နိုင်သည်အထိ အစွမ်းထက်၏။
“သေချင်နေတာပဲ …”
ချန်းဖန်က လှည့်မကြည့်ပဲ လက်ပြန် ရိုက်ချ လိုက်သည်။ ယခု တစ်ကြိမ်တွင်မူ သူသည် အင်အား၏ တစ်ရာနှုန်းခန့်ကို သုံးထားခဲ့၏။
“ဘုန်း …”
လက်ဝါးက ရွှေရောင် အလင်း အသွင်ဖြင့် လက်သီးကို ဖျက်ဆီး၍ ကျန်းရိုရှု၏ ပါးပေါ်သို့ ထပ်မံ ကျဆင်းသည်။
“ဘုန်း …”
ကျန်းရိုရှု၏ ခန္ဓာမှာ ကျောင်းဟိုင်မြို့ကို ကျော်လွန် လွင့်ပျံ၍ မြို့ပြင်ရှိ မြစ်ပြင်သို့ ကျ၏။ ထိုအခိုက်တွင်ပင် သူ၏ အသက်ကား ခန္ဓာမှ ကင်းကွာသွားခဲ့တော့၏။
ချန်းဖန်သည် ကျန်းရိုရှုအား လက်ဝါး တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ပြီ ဖြစ်လေသည်။
“ ... ”
လူတိုင်းသည် ရုတ်ခြည်း တိတ်ဆိတ် သွားကြ၏။ ချောင်ချူးတင်နှင့် အမူးယူမီတို့၏ မျက်နှာမှ အပြုံးများမှာလည်း တဖြည်းဖြည်း ကွယ်ပျောက် သွားသည်။
ကျန်းရိုရှီ သို့မဟုတ် ကျန်းမိသားစု၏ ဆက်ခံသူက ထိုသို့ လွယ်လွယ်ကူကူ အသတ်ခံ လိုက်ရသည်လား။
တစ်ခဏ အကြာ၌ တန်ခိုးရှင် အဆင့် တစ်ယောက်က တုန်တုန်ရီရီဖြင့် ရေရွတ်လိုက်သည်။
“မြေ ... မြေကမ္ဘာ နတ်ဘုရား …”
***