← Chapters

ခြုံခိုတိုက်ခိုက်ခြင်း

Vol. 32 Ch. 316

ခြုံခိုတိုက်ခိုက်ခြင်း

Vol. 32 Ch. 316

ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ဟန်းဆပ်ချ်၏ လက်သီးတချက်တည်းနှင့် သားရဲသတ္တဝါဆိုးကြီးခမျာ အသက်ပျောက်သွားရှာသည်။

ထို့နောက် ဟန်းဆပ်ချ်သည် သားရဲကြီး၏ အရေခွံကို လျင်မြန်စွာ ခွာလိုက်ပြီး အရိုးများကို ဆွဲထုတ်လိုက်၏။ စက္ကန့်ပိုင်းအတွင်း သူသည် သားရဲကြီးတကောင်လုံးကို ဖျက်ပြီးသွားလေသည်။ လုပ်စရာရှိသည်တို့ကို လုပ်ပြီးသည်နှင့် သူက သဘာဝအလျောက် ပေါက်ရောက်နေသော ဆေးပင်ငယ်တပင်ရှေ့တွင် မတ်တပ်ရပ်ပြီး ထိုအပင်ကို ကျကျနန လေ့ ာလိုက်၏။

"အင်း ဒီအပင်မှာ အရွက်လေးရွက်ရှိပြီး အဖျားတွေက ချွန်မြနေတယ် အရွက်တရွက်နဲ့ တရွက်ကိုလည်း ငွေမျှင်တွေနဲ့ ဆက်သွယ်ထားတယ် ကြည့်ရတာ အသက်ဆန့်ကျင်အရွက်လေးရွက် ပဲရိုင်းပင်ပဲ ဖြစ်ရမယ်"

ဟန်းဆပ်ချ်က သူ့လက်ထဲရှိ စာအုပ်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ ထို့နောက် သူသည် ကျောက်စိမ်းသေတ္တာငယ်တလုံးကို ဆွဲထုတ်လိုက်ပြီး ဆေးပင်ကို ဂရုတစိုက်နှင့် သိမ်းဆည်းလိုက်၏။ သူ့တာဝန်ကား ပြီးမြောက်အောင်မြင်သွားလေပြီ။

သတ်ဖြတ်သူများအနေနှင့် ဆေးပင်များကို ကိုယ်ပိုင်အသိညဏ်နှင့် ခွဲခြားနိုင်စွမ်းမရှိ။ ထို့ကြောင့် စာအုပ်ထဲတွင် ရေးသားမှတ်တမ်းတင်ထားရလေသည်။ သို့သော် သူတို့အနေနှင့် စာအုပ်ထဲတွင် ရေးသားမှတ်တမ်းတင်ထားသည့် ဆေးပင်များကိုသာ ခွဲခြားနိုင်စွမ်း ရှိကြ၏။ စာအုပ်ထဲတွင် မပါသည့်ဆေးပင်မျိုးနှင့် ကြုံရလျင်တော့ သူတို့ ဘာမှမလုပ်တတ်တော့။

တကယ်တော့ မသိလျင်လည်း ပြသနာတော့မရှိ။ လူသားများ ယူဆောင်သွားနိုင်စေရန် အကောင်းပကတိတော့ သူက ချန်ခဲ့လိမ့်မည်မဟုတ်။

ဟန်းဆပ်ချ် ပြုံးလိုက်၏။ တဆက်တည်းမှာပင် ပြင်းထန်သော လက်သီးချက်များကို ထုတ်ဖော်က ပတ်ဝန်းကျင်တခုလုံးကို ဖျက်ဆီးလိုက်တော့သည်။

သတ်ဖြတ်သူများသည် အမြဲတမ်း ဒီပုံစံအတိုင်း ရိုးရိုးရှင်းရှင်းသာ ဆောင်ရွက်လေ့ရှိကြ၏။

ပတ်ဝန်းကျင်တခုလုံးကို အားရကျေနပ်အောင် ဖျက်ဆီးပြီးသည်နှင့် ဟန်းဆပ်ချ်က ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် မြားတစင်း မိုးပေါ်သို့ ထောင်တက်လာကြောင်း သူ တွေ့လိုက်ရသည်။

"လူသားတွေရဲ့ အချက်ပေးမြားပါလား"

ဟန်းဆပ်ချ်၏ မျက်နှာပေါ်တွင် ကောက်ကျစ်ယုတ်မာသော အပြုံးတမျိုး ပေါ်ပေါက်လာ၏။ တကယ်တော့ သူသည် အရင်းအမြစ်များ ရှာဖွေရသည်ထက် လူသားများအား အမဲလိုက်ရသည်ကိုသာ ပို၍ အားသန်သူ ဖြစ်သည်။

ထို့နောက် ဟန်းဆပ်ချ်၏ ခြေအစုံသည် လျင်မြန်စွာ လှုပ်ရှားသွား၏။ သူသည် အချက်ပေးမြား ထွက်ပေါ်လာသော နေရာသို့ လျင်မြန်စွာ ပြေးသွားလိုက်လေသည်။

ထိုနေရာသို့ ရောက်သွားသောအခါ ထိတ်လန့်တကြားနှင့် ထွက်ပြေးလာသော လူသားတယောက်ကို ဟန်းဆပ်ချ် တွေ့လိုက်ရ၏။ သူ့နောက်တွင်လည်း သတ်ဖြတ်သူမျိုးဆက်သစ်တယောက်က ထပ်ချပ်မကွာ လိုက်ပါလာ၏။ ဟန်းဆပ်ချ်ကို မြင်လိုက်ရ၍ လူသားသည် ပို၍ ထိတ်လန့်သွားဟန်ပေါ်သည်။ ၎င်းသည် ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ ဆက်လက်ပြေးလွှားသွား၏။

လူသားသည် ကျောက်တုံးများ ပြည့်နှက်နေသော တောအုပ်ဆီသို့ ဦးတည်ပြေးလွှားသွားခြင်း ဖြစ်သည်။ ထိုနေရာကို ဟန်းဆပ်ချပ် အစောကြီးကတည်းက ရောက်ပြီးသွားပြီ ဖြစ်သည်။ ထိုတောအုပ်သည် ထွက်လမ်းမရှိသော နေရာဖြစ်သည်။

လူသား ထွက်လမ်းမရှိသော တောအုပ်ဘက်သို့ ပြေးသွားသည်ကို မြင်သောအခါ ဟန်းဆပ်ချ် အားရပါးရ ပြုံးလိုက်သည်။ ထို့နောက် သူသည်လည်း လူသားနောက်မှ ထပ်ချပ်မကွာ လိုက်ပါသွား၏။

"ဟေ့ ဟန်းဆပ်ချ် လာမလုနဲ့ကွ အဲဒီလူသားက ငါ့ဟာနော်"

"နိုဗီ ဒီလိုလည်းမဟုတ်သေးဘူးလေကွာ ငါ့ကြောင့် အဲဒီလူသားက ထွက်ပေါက်မရှိတဲ့နေရာဘက်ကို လမ်းကြောင်းပြောင်းပြီး ပြေးသွားတာမလား"

"အို မင်းမပါလည်း ဒီကောင့်ကို ငါ့ဟာငါ ဖမ်းနိုင်ပါတယ်ကွ"

နိုဗီဟု အမည်ရသော သတ်ဖြတ်သူမျိုးဆက်သစ်က စိတ်ပျက်လက်ပျက်နှင့် ပြန်ပြောလိုက်သည်။

"ဒီလောက်လည်း ကိုယ့်ကိုယ်ကို အထင်မကြီးနဲ့ကွ လူသားတွေဟာ တခြားထူးခြားတဲ့ စွမ်းရည်တွေ မရှိပေမဲ့ ထွက်ပြေးတဲ့နေရာမှာ အလွန်တော်တယ် ဒီကောင်တွေကို နိုင်ဖို့မခက်ဘူး ဒါပေမဲ့ သတ်ဖို့တော့အလွန်ခက်တယ်"

ဟန်းဆပ်ချ်က ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ မင်းရဲ့ကြိုးစားအားထုတ်မှုကိုလည်း ငါက အသိအမှတ်ပြုပါတယ် ဒီတော့ ဒီလိုလုပ်ကွာ ဒီကောင့်ကို သတ်ပြီး ရလာတဲ့အကျိုးအမြတ်ကို မင်းနဲ့ငါနဲ့ တယောက်တဝက် ခွဲကြတာပေါ့"

"တယောက်တဝက်တော့မရဘူးဟေ့ မင်း ၃၀ရာခိုင်နှုန်းယူ ငါ ၇၀ရာခိုင်နှုန်းယူမယ်"

"ဒါဆိုလည်း ဒီလူသားရဲ့ ခေါင်းကိုတော့ ငါယူမယ်"

"ယူကွာ ယူ"

ထို့နောက် သူတို့နှစ်ယောက်သည် အပြန်အလှန်ငြင်းခုန်ရင်း ကျောက်တုံးတောအုပ်ဆီသို့ ဦးတည်လျှောက်သွားကြ၏။

သူတို့၏ စိတ်ထဲတွင် ထိုလူသားမှာ သေဆုံးပြီးသားဟု သဘောထားကြသည့်သဘောပင်။ သို့သော် တောအုပ်အတွင်းသို့ ဝင်လိုက်သည်နှင့် သူတို့ မျက်လုံးပြူးသွား၏။

အကြောင်းမှာ လူသားငါးယောက်က သူတို့လမ်းကို ပိတ်ကာ မတ်တပ်ရပ်နေကြသောကြောင့်ပင်။ ပထမ ထွက်ပြေးသွားသော လူသားသည်လည်း ထိုနေရာတွင် ရှိနေ၏။

"လာလေကွာ မင်းတို့ငါ့ကို ဖမ်းချင်တာမလား လာဖမ်းလေ"

ကျန့်ဟန့်ဖန်းက ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး စိန်ခေါ်လိုက်၏။ ဟန်းဆပ်ချ်တို့အား မျှားခေါ်လာသူမှာ ကျန့်ဟန်ဖန်းပင် ဖြစ်သည်။

ကျန့်ဟန်ဖန်းသည် အင်အားကောင်းလှသူမဟုတ်။ သို့သော် သူသည် လိမ္မာပါးနပ်၏။ လျင်မြန်၏။ ထို့ပြင် တခြားကျောင်းသားများထက် များစွာ သရုပ်ဆောင်ကောင်းသူ ဖြစ်သည်။

မျှားခေါ်မည့်သူ နေရာတွင် ဟေးယွန်တုံးကိုသာ အသုံးပြုပါက သတ်ဖြတ်သူများအနေနှင့် တစုံတခု မှားယွင်းနေကြောင်း ချက်ချင်း ရိပ်မိသွားဖွယ်ရာရှိသည်။ တိမ်တိုက်ကျားသစ်ကို အသုံးပြုပါကလည်း အနှီ ငမိုက်သားသည် ထွက်ပြေးရမည့်အစား သတ်ဖြတ်သူများကို ကမူးရှုးထိုးနှင့် ဝင်ရောက်တိုက်ခိုက်ပေလိမ့်မည်။

ကျန်ကျောင်းသား လေးယောက်သည် ကျန့်ဟန်ဖန်း၏ ဘေးတွင် မတ်တပ်ရပ်ကာ ဟန်းဆပ်ချ်တို့နှစ်ယောက်အား အေးစက်သော အပြုံးကိုယ်စီနှင့် စိုက်ကြည့်နေကြလေသည်။ ထိုလေးယောက်မှာ ဟေးယွန်တုံး၊ ရှန်းအမွှာနှစ်ယောက်နှင့် ယိယွန့်ဟုန်တို့ပင် ဖြစ်ကြသည်။

ဟန်းဆပ်ချ်နှင့် နိုဗီတို့သည် တယောက်မျက်နှာကိုတယောက် ကြည့်လိုက်ကြ၏။ ထို့နောက် ချာခနဲလှည့်ကာ ထွက်ပြေးရန် ဟန်ပြင်လိုက်ကြသည်။ ထိုအချိန်မှာပင် သူတို့နောက်မှ နောက်ထပ် လူတချို့ ထွက်ပေါ်လာပြန်၏။

ဂျီဟန်းယင်၊ ယွဲ့လောင်ရှ၊ ကုချိန်းလွှာနှင့် ဖန်းယီကုတို့ပင် ဖြစ်သည်။

ထောင်ချောက်ထဲ ရောက်သွားပြီမှန်း ဟန်းဆပ်ချ်တို့နှစ်ယောက် ချက်ချင်းသဘောပေါက်လိုက်၏။ ထိုအခါ သူတို့၏ သွေးဆာပြီး ရိုင်းစိုင်းကြမ်းတမ်းသော သဘောသဘာဝမှာ တမုဟုတ်ချင်း ပြန်လည်ပေါ်ပေါက်လာတော့သည်။

သူတို့နှစ်ယောက်သည် ကျယ်လောင်စွာ ညာသံပေးပြီး ရှေ့သို့ တဟုန်ထိုး ပြေးထွက်လိုက်ကြတော့သည်။

"ဒီလိုလုပ်လို့မရဘူးလေ"

ဂျီဟန်းယင်က အေးစက်သော လေသံနှင့် ပြောလိုက်၏။ တချိန်တည်းမှာပင် ရေခဲတန်းနှစ်တန်းက သတ်ဖြတ်သူမျိုးဆက်သစ်နှစ်ဦးထံသို့ ပြေးဝင်လာ၏။

ဟန်းဆပ်ချ်တို့နှစ်ယောက်သည် အခြေအနေမကောင်းတော့မှန်း ကောင်းကောင်းသဘောပေါက်သွားကြပြီ ဖြစ်သည်။ သို့တိုင်အောင် သူတို့သည် အားမလျော့ပဲ အတတ်နိုင်ဆုံး ထွက်ပြေးရန် ကြိုးစားနေကြ၏။

ကုချိန်းလွှာနှင့်ဂျီဟန်းယင်တို့၏ ရေခဲတိုက်ခိုက်မှုသည် သူတို့၏ ကိုယ်ပေါ်သို့ ကျကျနနပင် ထိမှန်းသွားကာ ချက်ချင်းဆိုသလိုပင် ရေခဲများ တကိုယ်လုံးအနှံ့ ဖုံးလွှမ်းသွားကုန်၏။ ထိုအချိန်မှာပင် သတ်ဖြတ်သူများကိုယ်ပေါ်ရှိ ဆေးမင်များသည် တောက်ပလင်းလက်လာပြီး ရေခဲများ အက်ကွဲကုန်လေသည်။ ထိုအခါ သူတို့နှစ်ယောက်သည် ရှေ့သို့ ဆက်လက်ပြေးလွှားသွားကြပြန်၏။

ထိုအခိုက်မှာပင် ဟေးယွန်တုံးနှင့်ကျန်လူများ၏ တိုက်ခိုက်မှုများကလည်း မိုးကြိုးပစ်ချသည့်ပမာ သူတို့နောက်ကျောသို့ ကျရောက်လာ၏။ အုန်းခနဲ မြည်သံနှင့်အတူ သူတို့၏ ပါးစပ်မှ သွေးများအန်ထွက်လာသည်။ သို့သော် သူတို့သည် လူသားများ၏ တိုက်ခိုက်မှုကို အလေးမထားပဲ ရှေ့သို့သာ ဆက်လက်ပြေးလွှားနေကြ၏။

"ငါ့လမ်းကို လာပိတ်တဲ့လူမှန်သမျှ သေရမယ်ဟေ့"

ဟန်းဆပ်ချ်သည် လူရိုင်းတယောက်ပမာ အော်ဟစ်လိုက်ပြီး ကျောက်ပုဆိန်ကြီးကို အားနှင့်မာန်နှင့် ဝေ့ယမ်းလိုက်၏။ ပုဆိန်သည် ဖန်းယီကု၏ အကာအကွယ်ကို အုန်းခနဲ ထိမှန်သွားသည်။ ရှိသမျှ အင်အားအကုန်ကို ထည့်သွင်းအသုံးပြုထားခြင်းကြောင့် ပုဆိန်ချက်မှာ ပြင်းထန်လှ၏။ ဖန်းယီကု၏ အကာအကွယ်သည် ကျိုးပဲ့ခြင်းမရှိသော်ငြား သူကိုယ်တိုင်မှာကား ခပ်လှမ်းလှမ်းသို့ လွင့်စင်သွားလေသည်။

နိုဗီကလည်း သူ့သံမဏိတူကြီးကို မြေကြီးပေါ်သို့ ဆောင့်ချလိုက်လေရာ ပြင်းထန်သော အားလှိုင်းများ ထွက်ပေါ်လာပြီး ဂျီဟန်းယင်၊ ကုချိန်းလွှာနှင့် ယွဲ့လောင်ရှတို့မှာ နောက်ဘက်သို့ လွင့်စင်သွားကြ၏။

ယခုတော့ သူတို့နှစ်ယောက်အတွက် ပြေးလမ်းပွင့်သွားပေပြီ။

သူတို့ ဝမ်းသာသွား၏။ ဟေးယွန်တုံးတို့၏ တိုက်ခိုက်မှုကို အသားနာခံရင်း ပြေးလမ်းပွင့်သွားစေရန် တန်ပြန်တိုက်ခိုက်ခဲ့သော သူတို့၏ နည်းဗျူဟာက အောင်မြင်သွားပြီ မဟုတ်ပါလား။

သူတို့နှစ်ယောက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"အသုံးမကျလိုက်တဲ့ လူသားတွေပါလားကွ"

ထိုအချိန်မှာပင် နောက်ထပ် လူလေးယောက် သူတို့ရှေ့တွင် ပေါ်လာပြန်၏။ ထိုလူများမှာ ဟေးနီလျူ၊ တွန့်ကျန့်ချန်း၊ တိမ်တိုက်ကျားသစ်နှင့် ဆီချီမင်တို့ပင် ဖြစ်သည်။

နိုဗီတို့နှစ်ယောက်မှာ ထိတ်လန့်တုန်လှုပ်သွားကြကုန်၏။

ထိုအချိန်တွင် ဟေးယွန်တုံးတို့ရှစ်ယောက်ကလည်း သူတို့နောက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် နောက်သို့ပြန်လှည့်၍ တိုက်ခိုက်ခြင်းမှာ ရူးမိုက်သည်နှင့် အတူတူသာ။ ထိုအခါ သူတို့နှစ်ယောက်သည် ရှေ့တွင်ရှိနေသည့် လူသားများကို တိုက်ခိုက်ပြီး ဖောက်ထွက်သွားရန်သာ ဆုံးဖြတ်လိုက်ကြ၏။

သူတို့ကိုယ်ခန္ဓပေါ်ရှိ ဆေးမင်များသည် ပြိုင်တူလိုလို ဝင်းလက်တောက်ပလာပြီး သူတို့၏ ကျောက်ပုဆိန်နှင့် သံမဏိတူကြီးမှာ လေထဲတွင် ကြောက်စရာကောင်းသော အရှိန်အဟုန်နှင့် ဝေ့ယမ်းလှုပ်ရှားလာ၏။

ထိုအချိန်တွင် ဟေးယန်တုံးတို့၏ တိုက်ခိုက်မှုများက သူတို့ကိုယ်ပေါ်သို့ ကျရောက်လာပြန်လေရာ နိုဗီတို့နှစ်ယောက်မှာ နောက်တကြိမ် သွေးအန်ရပြန်သည်။ သို့သော် သူတို့နှစ်ယောက်သည် နောက်ကျောမှရန်သူများကို လုံးဝ ဥပေက္ခာပြုကာ ရှေ့သို့ ဆက်လက်ဖောက်ထွက်ရန်သာ အသည်းအသန် ကြိုးစားနေကြလေသည်။

ပြင်းထန်သော တိုက်ခိုက်မှုကို မခံနိုင်ပဲ တိမ်တိုက်ကျားသစ်တို့လေးယောက်မှာလည်း ဘေးသို့ ချဲပေးလိုက်ရပြန်သည်။

သူတို့ ဝမ်းသာသွားပြန်၏။ သို့သော် ထိုပျော်ရွှင်မှုမှာ ခနမျှသာ ခံလိုက်လေသည်။ အကြောင်းမှာ နောက်ထပ် လူသားလေးယောက် ပေါ်လာကာ သူတို့၏ လမ်းကို ထပ်မံပိတ်ဆို့ထားကြပြန်သောကြောင့်ပင်။

သေစမ်း...ခွေးမသားတွေ...ဒီကောင်တွေ လူ ဘယ်လောက်တောင် ခေါ်လာသလဲမသိဘူး

ဤတကြိမ်တွင်တော့ သူတို့နှစ်ယောက်မှာ အံ့သြသင့်လွန်း၍ စကားပင် မပြောနိုင်တော့။

လူအများကြီး ပါလာလျက်သားနှင့် လူသားများဘက်မှ အဘယ်ကြောင့် စောစောစီးစီး ထုတ်မပြခဲ့လေသနည်း။

ရုတ်ချည်းလိုလိုပင် ဟန်းဆပ်ချ်သည် တစုံတခုကို နားလည်သဘောပေါက်သွား၏။ ထိုအခါ သူက ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။

"မင်းတို့ဘက်က လူသားတွေအများကြီးပါလာတာကို ဖြည်းဖြည်းချင်းမှ ပြမယ်လို့ စီစဉ်ထားတယ်ပေါ့ ဟုတ်လား"

"ဟဲ ဟဲ ဟဲ ခုကျမှ သဘောပေါက်သွားဟန်ပေါ်တယ်"

ကျန့်ဟန်ဖန်းက သူ့ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ပြုံးဖြီးဖြီးနှင့် ပြောလိုက်သည်။

"တခါတည်း လူတွေအများကြီး ထုတ်ပြလိုက်ရင် မင်းတို့မှာ ထွက်ပြေးဖို့လမ်းမရှိတော့တဲ့အတွက် မီးကုန်ယမ်းကုန် ပြန်တိုက်တော့မှာပဲ ဒါပေမဲ့ ငါတို့ဘက်က မင်းတို့ ထွက်ပြေးနိုင်ဖို့ လမ်းစလေး ပေးထားတော့ မင်းတို့ မတိုက်ခိုက်ချင်တော့ဘူးလေ ထွက်ပြေးဖို့ပဲ အာရုံစိုက်ကြတော့မှာ ဒါကို သုံးဘက်ပိတ် တဖက်ပွင့်နည်းဗျူဟာလို့ ခေါ်တယ်ကွ ငါတို့ရဲ့ တတိယအစ်ကိုကြီးကတော့ တကယ့် ပညာရှိပါပဲကွာ"

ကျန့်ဟန်ဖန်း စကားပြောနေစဉ်မှာပင် ကျောက်တုံးတောအုပ်ကြီးတခုလုံးသည် လင်းလက်တောက်ပလာပြီး မရေမတွက်နိုင်သော ကျောက်တုံးနံရံကြီးများ ပေါ်ပေါက်လာကာ သူတို့အား ဝန်းရံပြီးသား ဖြစ်သွား၏။ လက်စသတ်တော့ ကျောက်တုံးတောအုပ်အတွင်းဝယ် မူလပုံစံကွက်များနှင့်သာ ပြည့်နှက်နေချေသည်တကား။

ထိုအချိန်တွင် သတ်ဖြတ်သူနှစ်ယောက်သည် သူတို့၏ အကြံအစည်ကို သဘောပေါက်သွားပြီဖြစ်လေရာ တိုက်ပွဲနည်းဗျူဟာအတိုင်း ဆက်သွားရန် မလိုတော့။ ထို့ကြောင့် ကျန့်ဟန်ဖန်းက မူလပုံစံများကို နှိုးဆွလိုက်ပြီး ကျောက်သားနံရံများဖြင့် ဟန်းဆပ်ချ်တို့ကို ပိတ်ဆို့ထားလိုက်ခြင်း ဖြစ်သည်။

၎င်းကိုကြည့်ရင်း နိုဗာက ဒေါသတကြီးနှင့် ဆဲဆိုလိုက်သည်။

"အဆင့်မရှိတဲ့ ခွေးမသားတွေ မင်းတို့မှာ လူအများကြီးပဲ ဒါတောင် ဒီလိုအောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးနေရသေးသလားကွ"

သို့သော် ထိုအတွက် သူ ပြန်ရလိုက်သည်မှာကား လူသားများ၏ ပြင်းထန်လှသော တိုက်ခိုက်မှုသာ ဖြစ်သည်။ တိုက်ပွဲကား လုံးဝ မမျှတပေ။ ဥပမာပေးရလျင် ထန်းညက်ခဲတခဲကို ယင်ကောင်များ ဝိုင်းအုံကိုက်ခဲနေသည်နှင့်ပင် တူနေသေး၏။

ဤအခြေအနေတွင် သူတို့အတွက် ထွက်ပြေးစရာလမ်းမရှိတော့မှန်း ဟန်းဆပ်ချ်တို့ သဘောပေါက်လိုက်ပေပြီ။

အားလုံး မျှော်လင့်ထားသည့်အတိုင်း တိုက်ပွဲမှာ မြန်မြန်ဆန်ဆန်ပင် အဆုံးသတ်သွား၏။

ကျောက်တုံးတောအုပ်သည် မူလအတိုင်း ပြန်လည်ငြိမ်သက်သွား၏။ သို့သော် နောက်ထပ် အကျဉ်းသားနှစ်ဦးကတော့ ဖမ်းဆီးခံလိုက်ရပြီ ဖြစ်သည်။

အကျဉ်းသား...

မှန်ပေသည်။ လူသားများဘက်မှ သတ်ဖြတ်သူနှစ်ဦးအား မသတ်ပဲ အရှင်ဖမ်းခဲ့ခြင်း ဖြစ်သည်။ ဤမျှ ရှုပ်ထွေးလှသည့် ထောင်ချောက်ကို ပြင်ဆင်ထားရခြင်း၏ တခြားရည်ရွယ်ချက်ကလည်း သတ်ဖြတ်သူများကို လက်စတုံးရန်မဟုတ်။ အရှင်လိုချင်၍ပင် ဖြစ်သည်။

တကယ်တော့ သတ်ဖြတ်သူများအား အရှင်ဖမ်းဆီးရခြင်းမှာ စုချန်း၏ တောင်းဆိုချက်ကြောင့်ပင် ဖြစ်သည်။

စုချန်းကိုယ်တိုင်ကတော့ အမဲလိုက်ပွဲတွင် ပါဝင်လာခြင်းမရှိ။ ထိုအစား သူက သုတေသနအခန်းတွင် ပြင်ဆင်စရာရှိသည်တို့ကို ကြိုတင်ပြင်ဆင်ကာ ရောက်ရှိလာမည့် အစမ်းသပ်ခံများအား စောင့်ဆိုင်းလျက်ရှိ၏။

ထိုအတွက် စုချန်းဘက်မှလည်း ကျန်ကျောင်းသားများကို ကတိတခု ပြန်ပေးခဲ့၏။ ထိုကတိမှာ အနှီ သတ်ဖြတ်သူအကျဉ်းသားများအားလုံး အချိန်တခုကြာလျင် မုချ သေသွားစေရမည် ဟူ၍ပင်တည်း။

"ခုဆိုရင် သူတို့အားလုံးပေါင်း ၃၁ယောက်ပဲ ကျန်တော့တယ်"

ဟေးယွန်တုံးက လဲကျနေသော သတ်ဖြတ်သူနှစ်ယောက်ကို စိုက်ကြည့်ရင်း ပြောလိုက်၏။

"ကျုပ်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ"

လူတိုင်းကလည်း ဝမ်းသာအားရနှင့် ဝင်ရောက်ပြောဆိုနေကြလေသည်။

ထိုအချိန်တွင်...

"သတ်ဖြတ်သူမျိုးဆက်သစ်တယောက် ဝိညာဉ်တောင်နားမှာ ပေါ်လာတာတွေ့တယ်"

လူတိုင်း၏ စိတ်အာရုံအတွင်းသို့ အသံတသံ တိုးဝင်လာ၏။

အသံရှင်မှာ ကျောက်စင်း ဖြစ်သည်။

သူသည် ဤနေရာတွင် မရှိ။ အနီးအနားရှိ သစ်ပင်ပေါ်မှ ပတ်ဝန်းကျင်ကို စောင့်ကြည့်လျက်ရှိသည်။ လူတိုင်းကို သတိပေးနိုင်ရန် သူနှင့်အတူ ခန်ဟွားလီလည်း ရှိနေ၏။

"နောက်ထပ် ပစ်မှတ်ကတော့ သူ့ဟာသူ ပေါ်လာပြန်ပြီဟေ့ ကဲ ကဲ ဒီနေရာကို အမြန်ဆုံး ရှင်းလိုက်ရအောင်"

ယိယွန့်ဟုန်က ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။ သူလေသံမှာ ခေါင်းဆောင်တဦး၏ လေသံပေါက်နေ၏။

All Chapters