နောက်ထပ်နန်းဆောင်သူရဲကောင်းနှစ်ယောက်
Vol. 32 Ch. 317
နောက်လာသည့်ရက်များတွင်လည်း ကျောင်းသားများသည် ထိုအကြံအစည်အတိုင်း ဆက်လက်အကောင်အထည်ဖော်နေခဲ့ကြ၏။
သတ်ဖြတ်သူမျိုးဆက်သစ်များကား ကံဆိုးနေပုံရသည်။
သူတို့တွင် အဖွဲ့စနစ် မရှိခြင်းမှာလည်း ကြီးစွာသော အားနည်းချက်တခု ဖြစ်နေပုံရသည်။ အမြဲတမ်းလိုလို သူတို့သည် အရေအတွက် နည်းနည်းနှင့် ချောင်ပိတ်မိကာ ကျောင်းသားများ၏ ဖမ်းဆီးခြင်းကို ခံနေရလေသည်။
ထိုအခါ ကျောင်းသားများသည် ပျော်ရွှင်မဆုံး ဖြစ်နေကြ၏။ သူတို့သည် ထိုအကြံအစည်ကို အသုံးချကာ သတ်ဖြတ်သူများအားလုံးကို ဖမ်းဆီလိုစိတ်များပင် ပေါ်ပေါက်လာ၏။ သို့သော် အပျက်အစီးသိုက်မှာ ကျယ်ဝန်းလှသည့်အပြင် သတ်ဖြတ်သူများကလည်း နေရာအနှံ့ လျှောက်သွားနေကြလေရာ ၎င်းတို့ကို အစုလိုက်အပြုံလိုက် ရှာတွေ့ရန်မှာ လွယ်ကူလှသော ကိစ္စတော့ မဟုတ်ပေ။
ထို့ကြောင့် သတ်ဖြတ်သူများကို လက်စတုံးရန်မှာ သိပ်မခက်လှသော်လည်း ၎င်းတို့ကို ရှာတွေ့ရန်မူကား အချိန်များစွာ ယူနေရလေသည်။ ကျောက်စင်း၏ သိမ်းငှက်မျက်လုံးကို အသုံးပြုနေသည့်တိုင်အောင် ၎င်းတို့ကို ရှာဖွေရခြင်းမှာ အချိန်ကုန်သည့်အပြင် အားလည်းကုန်လှ၏။
ပထမဆုံးအမဲလိုက်သည့်နေ့တွင် သူတို့သည် သတ်ဖြတ်သူအုပ်စုခြောက်စုကို တွေ့ရှိခဲ့ရပြီ ထိုအထဲမှ လေးကြိမ်တွင် သတ်ဖြတ်သူခြောက်ယောက်ကို အရှင်ဖမ်းနိုင်ခဲ့၏။ ကျန်နှစ်ကြိမ်တွင်တော့ သတ်ဖြတ်သူများက သတိထားမိသွားသဖြင့် ထောင်ချောက်အတွင်းသို့ ဝင်မလာခဲ့ပေ။
ထိုအခါ စုချန်း၏ သုတေသနအခန်းတွင် နောက်ထပ်အစမ်းသပ်ခံခြောက်ယောက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ စုချန်းကိုယ်တိုင်လည်း တကြိမ်ထက်တကြိမ် စိတ်လှုပ်ရှားလာ၏။
ဒုတိယနေ့မနက်တွင်တော့ ကျောင်းသားများအဖို့ အကြံအစည်ကို အကောင်အထည်ဖော်ရင်း ပြသနာတချို့ ကြုံတွေ့ခဲ့ရ၏။
ဤတကြိမ်တွင်တော့ ထောင်ချောက်အတွင်း ဝင်ရောက်လာသူမှာ သတ်ဖြတ်သူတယောက်တည်း ဖြစ်သည်။ အနှီ သတ်ဖြတ်သူသည် ထောင်ချောက်အတွင်း ရောက်လာသည်နှင့် အခြေအနေတခုလုံး မူမမှန်မှန်း ချက်ချင်းသတိထားမိသွား၏။ ထိုအခါ သူက ထွက်ပြေးရမည့်အစား ပြန်လည်တိုက်ခိုက်ရန် ရွေးချယ်ခဲ့လေသည်။
သူ၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် လူတိုင်းလိုလိုသည် ကြက်သေသေသွား၏။ တဖက်ရန်သူသည် ထိုသို့ဆုံးဖြတ်လိမ့်မည်ဟု သူတို့လုံးဝမျှော်လင့်မထားချေ။
အချိန်အတော်ကြာမှ အနှီသတ်ဖြတ်သူသည် နန်းဆောင်သူရဲကောင်းတယောက်မှန်း သူတို့ သဘောပေါက်သွားကြ၏။
သတ်ဖြတ်သူများသည် သူတို့ကိုသူတို့ နန်းဆောင်သူရဲကောင်းမဟုတ်သယောင် ဟန်ဆောင်သည့်နေရာတွင်တော့ အတော်လေး ထူးချွန်ကြ၏။
သာမာန်သတ်ဖြတ်သူနှင့် နန်းဆောင်သူရဲကောင်းများအကြား တခုတည်းသော ကွဲပြားခြားနားချက်မှာ မူလစွမ်းအင်နန်းဆောင်ကို ဖြတ်သန်းခြင်းသာ ဖြစ်သည်။ ၎င်းသည် မူလစွမ်းအင်ကို ထုတ်ဖော်အသုံးပြုသည့်အချိန်ကျမှသာ သိသာနိုင်၍ သာမာန်အချိန်တွင် ခွဲခြားရန်မလွယ်လှပေ။
မျက်နှာတခုလုံးတွင် ဆေးမင်များရေးထိုးထားခြင်း၊ မည်သည့်လက်နက်ကိုမှ အသုံးမပြုခြင်း စသည့် အချက်များသည် နန်းဆောင်သူရဲကောင်းများ၏ အမှတ်အသားလက္ခဏာမဟုတ်ချေ။ ၎င်းတို့သည် ကိုယ်ရေးကိုယ်တာ ရွေးချယ်မှုသာ ဖြစ်သည်။ ထို့ကြောင့် မတိုက်ခိုက်ကြည့်ပဲနှင့် မည်သည့်သတ်ဖြတ်သူသည် နန်းဆောင်သူရဲကောင်း ဟုတ်မဟုတ် မသိနိုင်။
သို့သော် တကယ့်တိုက်ပွဲများတွင်တော့ နန်းဆောင်သူရဲကောင်းများကို ခွဲခြားရန် လွယ်ကူ၏။ တိုက်ပွဲစပြီဆိုသည်နှင့် ထောင်ချောက်အတွင်း ရောက်နေသူမှာ နန်းဆောင်သူရဲကောင်းမှန်း ကျောင်းသားများ သိရှိသွားကြလေသည်။ သို့သော် သူတို့အားလုံး လက်မတင်လေး နောက်ကျသွားခဲ့လေပြီ။ အကြောင်းမှာ ထိုနန်းဆောင်သူရဲကောင်းက ယုမင်းနန်ကို ဖမ်းဆီးထားလိုက်သောကြောင့်ပင်။
ယုမင်းနန်သည် နံပါတ်၁၅ဖြစ်လေရာ အားနည်းလှသူတော့ မဟုတ်။ သို့သော် သူသည် နန်းဆောင်သူရဲကောင်း၏ တိုက်ကွက် သုံးကွက်မျှလောက်ကို မခုခံနိုင်ပဲ အဖမ်းခံလိုက်ရလေသည်။ နန်းဆောင်သူရဲကောင်းသည် သူ့လည်မြိုကို ဖမ်းချုပ်ထားလေရာ ယုမင်းနန်၏ မျက်လုံးများသည် ရဲရဲနီနေ၏။
အတန်ကြာအောင် စေ့စပ်ညှှိုနိုင်းပြီးနောက် နောက်ဆုံးတွင် ကျောင်းသားများသည် နန်းဆောင်သူရဲကောင်းအား လွှတ်ပေးလိုက်ရလေသည်။
အစီအစဉ်သည် ပထမဆုံးအကြိမ် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။
သို့သော် နောက်ထပ်နှစ်ကြိမ်တွင်တော့ သူတို့သည် သတ်ဖြတ်သူနှစ်ယောက်ကို ထောင်ချောက်အတွင်း ကျုံးသွင်းကာ လက်ရဖမ်းဆီးနိုင်ခဲ့ပြန်၏။
သိပ်မကြာမီ နောက်ထပ် ပြသနာတခု ပေါ်ပေါက်လာပြန်သည်။
ဤတကြိမ်မှာကား ဒန်ဘာကြောင့် သူတို့ အခက်တွေ့သွားခြင်း ဖြစ်သည်။
သူတို့သည် နောက်ထပ် သတ်ဖြတ်သူတချို့ကို ထောင်ချောက်အတွင်း ကျုံးသွင်းရန်ဟန်ပြင်နေစဉ်မှာပင် ဒန်ဘာ ရုတ်တရက် ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းသည် သူ့အဖော်များကို သတိပေးခဲ့လေရာ ကျောင်းသားများ၏ အကြံအစည်မှာ ပျက်စီးသွားခဲ့ရ၏။ ပို၍ ထိတ်လန့်စရာကောင်းသည်မှာကား ဒန်ဘာသည် ကျောက်စင်း၏ သိမ်းငှက်မျက်လုံးကိုပင် ရှောင်တိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဟေးယွန်တုံးသည် နောက်ထပ်လူတချို့ကို ဒန်ဘာနောက်သို့ လိုက်စေရန် စေလွှတ်ခဲ့သော်လည်း အခြေအနေမှာ ပို၍ပင် ဆိုးသွားသေး၏။ အကြောင်းမှာ ဒန်ဘာက ထိုကျောင်းသားများကို ပြန်လည်ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့်ပင်။ ဒန်ဘာ၏ လက်ချက်ကြောင့် တွန့်ကျန့်ချန်း ဒဏ်ရာအပြင်းအထန် ရသွား၏။ ကံကောင်းထောက်မ၍သာ အသတ်မခံလိုက်ရခြင်းဖြစ်သည်။
သူတို့၏ အမဲလိုက်ခြင်းအစီအစဉ် တခန်းရပ်သွားပြီမှန်း ဟေးယွန်တုံး သဘောပေါက်လိုက်၏။
အမှန်တကယ်လည်း ဒန်ဘာသည် မကြာခန ခြုံခိုက်တိုက်ခိုက်ကာ သူတို့၏ အကြံအစည်ကို ပျက်စီးစေခဲ့၏။ ဟေးယွန်တုံးသည် ဒန်ဘာအား ထောင်ချောက်ဆင်၍ ဖမ်းဆီးရန် ကြိုးစားသေး၏။ သို့သော် အချည်းအနှီးသာ ဖြစ်သည်။ အနှီ လိမ္မာပါးနပ်လှသော သတ်ဖြတ်သူသည် အလွယ်တကူပင် ရှောင်တိမ်းသွားနိုင်ခဲ့လေသည်။
အချိန်ကြာလာသည်နှင့်အမျှ သတ်ဖြတ်သူမျိုးဆက်သစ်များ ထွက်ပြေးလွတ်မြောက်နိုင်သည့် အကြိမ်ရေပိုများသလို ကျောင်းသားများဘက်မှာ ရှုံးနိမ့်သည့် အကြိမ်ရေမှာလည်း များပြားလာ၏။
__________×××__________×××___________
စုချန်း၏ သုတေသနအခန်းတွင် ဖြစ်သည်။
"ဒီတော့ ဒန်ဘာဟာ ကျုပ်တို့ရဲ့ အစီအစဉ်ကို ထပ်ပြီးဖျက်ဆီးသွားပြန်ပြီပေါ့ ဟုတ်လား"
စုချန်းသည် ကျောက်ကပ်ကို သတ်ဖြတ်သူ၏ ကိုယ်ခန္ဓထဲ ပြန်ထည့်ပြီး အရေပြားကို ဂရုတစိုက်နှင့် ပြန်ချုပ်ကာ မေးလိုက်သည်။
စုချန်း ခွဲစိတ်နေသည့် သတ်ဖြတ်သူသည် အသက်တော့ရှိနေသေး၏။ သို့သော် မည်သည့် ခံစားချက်မှ ရှိတော့ဟန်မတူ။ စုချန်း ပြုသမျှ နုနေရရှာသည်။
ကျန့်ဟန်ဖန်းသည် အသက်မသေသေးသည့်တိုင် ကြွက်တကောင်ကဲ့သို့ ခွဲစိတ်ခံနေရသော သတ်ဖြတ်သူကို တချက်လှမ်းကြည့်ပြီး ချောင်းတချက်ဟန့်ကာ ပြောလိုက်သည်။
"ဒီကောင် တကယ်လည်တယ် ကျောက်စင်းတောင် သူလာမှန်း မရိပ်မိဘူး"
"ဒီကောင့်ကို စောင့်ကြည့်ဖို့ တိမ်တိုက်ကျားသစ်ကို တာဝန်ပေးပါလို့ ကျုပ်မပြောခဲ့ဘူးလား"
စုချန်းက လဲလျောင်းနေသော သတ်ဖြတ်သူ၏ မျက်ခွံကို ဂရုတစိုက်နှင့် ဆွဲပိတ်ရင်း ပြောလိုက်ပြန်သည်။
ထို့နောက် သူက စာရွက်နှင့် ခဲတံကိုဆွဲထုတ်ပြီး စကားတပြောပြောနှင့် ရေးချလိုက်ပြန်သည်။
"နှလုံးအေးခဲမြက်ပင်ဟာ သတ်ဖြတ်သူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအပေါ်မှာ သက်ရောက်မှုရှိနေတာကတော့ သိပ်ပြီးသေချာသွားပြီ ထုံဆေးရဲ့ ကနဦးအဆင့်ကတော့ အောင်မြင်သွားပြီး ဒါပေမဲ့ တိုးတက်ဖို့တော့ လိုနေသေးတယ် ဒီအထဲမှာ သွေးကိုသာ ပေါင်းထည့်လိုက်ရင်...."
ထိုအချိန်တွင် ကျန့်ဟန်ဖန်းက စုချန်း၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။
"ဒန်ဘာမှာ အကူအညီ ရှိနေတယ် နောက်ထပ် နန်းဆောင်သူရဲကောင်းတယောက်ပဲ တိမ်တိုက်ကျားသစ်အနေနဲ့ သူတို့နှစ်ယောက်လုံးကျတော့ မစောင့်ကြည့်နိုင်တော့ဘူးလေ"
"နန်းဆောင်သူရဲကောင်း ဟုတ်လား ကျုပ်တို့ နောက်ဆုံးတွေ့ခဲ့တဲ့ တယောက်ပဲလား"
"မဟုတ်ဘူး"
စုချန်းသည် ခဲတံကို ပစ်ချလိုက်၏။ သူ့အမူအရာမှာလည်း ရုတ်ချည်းပင် လေးနက်တည်ကြည်လာတော့သည်။ သူက မေးလိုက်ပြန်၏။
"မင်းပြောနေတာ နောက်ထပ် နန်းဆောင်သူရဲကောင်းတယောက်ပေါ့ ဟုတ်လား"
"ဟုတ်တယ် စတုတ္ထမြောက် နန်းဆောင်သူရဲကောင်းပဲ"
ကျန့်ဟန်ဖန်းက ချောင်းတချက်ဟန့်ရင်း ပြောလိုက်သည်။
"သတ်ဖြတ်သူတွေဟာ မကောင်းတဲ့ အကောင်တွေမှန်း ကျုပ် အစောကြီးကတည်းက သိတယ် ဒီကောင်တွေဟာ နန်းဆောင်သူရဲကောင်း သုံယောက်ပဲ ခေါ်လာရမယ်ဆိုတဲ့ သဘောတူညီချက်ကို ဖောက်ဖျက်ပြီး နန်းဆောင်သူရဲကောင်းလေးယောက် ခေါ်လာတယ် မူလစွမ်းအင်စစ်ဆေးခြင်းကို ဒီကောင်တွေ ဘယ်လိုများ ကျော်ဖြတ်လာသလဲမသိဘူး"
"ဒီကိစ္စက ခုချိန်မှာ စဉ်းစားနေစရာ မလိုတော့ဘူး ပိုပြီး အရေးကြီးတာက သူတို့အနေနဲ့ တယောက်ပိုခေါ်လာနိုင်ရင် ဒီထက်ပိုပြီးလည်း ခေါ်လာနိုင်ချေ ရှိနေတာပဲ"
စုချန်းက လေးနက်သော အမူအရာနှင့် ပြောလိုက်သည်။
"ဟုတ်တယ် အစ်ကိုကြီးတစ် စဉ်းစားတာလည်း အဲဒီအတိုင်းပဲဗျ ဒါကြောင့် အစ်ကိုကြီးသုံးကို လာရှာဖို့ သူက ကျုပ်ကို ခိုင်းလိုက်တာ"
စုချန်း နားလည်သွားပေပြီ။ သူက သူ့ရှေ့ရှိ ခွဲစိတ်လက်စ သတ်ဖြတ်သူကို တချက်ကြည့်ပြီး ပြောလိုက်သည်။
"ကောင်းပြီး ခနနေရင် အဖြေပေးမယ်လို့ သူ့ကို ပြောလိုက်"
__________×××___________×××____________
နာရီဝက်ခန့်အကြာတွင်တော့ သုတေသနအခန်းထဲမှ စုချန်း ပြန်ထွက်လာ၏။
သူက လက်ထဲတွင် ပေကျံနေသော သွေးများကို ဆေးကျောလိုက်သည်။
အပြင်ဘက်တွင် ဟေးယွန်တုံးက အသင့်စောင့်ဆိုင်းလျက်ရှိသည်။ သူက မေးလိုက်၏။
"အခြေအနေ ဘယ်လိုရှိသလဲ"
"ကျုပ် စစ်ကြောခဲ့ပြီးပြီ သူတို့ဘက်မှာ နန်းဆောင်သူရဲကောင်း ငါးယောက်တိတိ ပါလာတယ် ကျန်နှစ်ယောက်ဟာ မူလစွမ်းအင်ကို ဖုံးကွယ်ထားနိုင်တဲ့ နည်းလမ်းတမျိုးကို တတ်ကျွမ်းထားကြတယ် ကံမကောင်းတာက ဒါ ဘယ်လိုနည်းလမ်းမျိုးလည်းဆိုတာတော့ ကျုပ် မေးလို့မရခဲ့ဘူး နောက်ပြီးတော့ ကျုပ် မယုံနိင်ပဲဖြစ်နေတာ တခုရှိသေးတယ် ဒီကောင်တွေဟာ ဒီလောက် လောင်စန်းတပ်မတော်ကို လှည့်စားနိုင်လောက်တဲ့အထိ လိမ္မာပါးနပ်လိမ့်မယ်လို့ ကျုပ် မထင်ဘူး ခုလို ဖြစ်ရတာ ကျုပ်တို့ဖက်က ယုံကြည်မှုလွန်ကဲနေလို့ပဲ ဒါပေမဲ့ နန်းဆောင်သူရဲကောင်းနှစ်ယောက် အပိုပါလာတဲ့အတွက် ကျုပ်တို့ပေးဆပ်ရမဲ့ တန်ဖိုးကတော့ အတော်လေးကြီးသွားပြီ"
စုချန်း၏ စကားကြောင့် ဟေးယွန်တုံး၏ နဖူးပေါ်တွင် အမဲရောင်အရိပ်တခု ယှက်သန်းသွား၏။ သူက မေးလိုက်ပြန်သည်။
"သူတို့ရဲ့ လျှို့ဝှက်နည်းစနစ်ဟာ ဘာများလည်းဆိုတာ မင်း တွေးမိတာကော ရှိသလား"
"ဒါက ရာထူးအဆင့်ကြီးမှသာ သိခွင့်ရှိမဲ့ နည်းလမ်းမျိုးနဲ့တူတယ် ဘာပဲပြောပြော ခုဆိုရင် ကျုပ်တို့ရင်ဆိုင်ရမဲ့ နန်းဆောင်သူရဲကောင်းနှစ်ယောက်ပိုလာတဲ့အတွက် ပြသနာပိုပြီးကြီးလာပြီ"
စုချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
"အမှန်ပဲဗျို့ သတ်ဖြတ်သူမျိုးစိတ် နိမ့်ကျသွားပြီလို့ ဘယ်သူပြောသလဲ ဒီကောင်တွေ အရင်ကထက်စာရင် ပိုပြီး လိမ္မာပါးနပ်လာတယ် ပိုပြီး ကောက်ကျစ်လာတယ်"
ကျန့်ဟန်ဖန်းက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
"ဒါကြောင့်မို့လို့ များများအလိမ်ခံရလေ သင်ခန်းစာရလေလေလို့ လူတွေပြောလေ့ရှိတာပေါ့ ဒီကောင်တွေဟာ လူသားတွေရဲ့ လိမ်ညာမှုကို မကြာခန ခံနေရတာလေ"
စုချန်းက ရယ်မောရင်း ပြောလိုက်သည်။
"ဟုတ်တယ်ကွ ခုဆိုရင် ဒီကောင်တွေ အုပ်စု စဖွဲ့နေကြပြီ ပိုပြီး သတိလည်းရှိလာပြီ ဒီကောင်တွေ ကျုပ်တို့ကို ပြန်တိုက်ဖို့ စုဖွဲ့နေကြတာ ဒါကြောင့် ကျုပ်တို့ရဲ့ အမဲလိုက်တဲ့ အစီအစဉ်ကို ရပ်တန့်ဖို့သင့်ပြီလို့ ကျုပ်ကတော့ ယူဆတယ် နောက်ထပ် ကျုပ်တို့ ဘာလုပ်သင့်တယ်လို့ မင်းထင်သလဲ စုချန်း"
ဟေးယွန်တုံးက မေးလိုက်ခြင်း ဖြစ်သည်။
တကယ်တော့ စုချန်းသည် ခေါင်းဆောင်မဟုတ်ပေ။ သို့သော် ဟေးယွန်တုံးကတော့ သူ့က်ို များစွာလေးစား၏။ ထို့ကြောင့် မည်သည့်ကိစ္စကိုမဆို စုချန်းနှင့် တိုင်ပင်လေ့ရှိလေသည်။
"ကြည့်ရတာ အချိန်ကောင်းတွေ ကုန်ဆုံးသွားပြီဆိုတဲ့ သဘောပေါ့လေ"
စုချန်း သက်ပြင်းချရင်း ပြောလိုက်၏။
ပြီးခဲ့သည့် နှစ်ရက်အတွင်း သူတို့သည် မိမိတို့ဖက်မှာ အထိအခိုက်မရှိပဲ သတ်ဖြတ်သူ၁၂ယောက်တိတိကို လက်ရဖမ်းဆီးမိခဲ့၏။ ဤသည်မှာ အတော်လေး အထင်ကြီးစရာကောင်းသော အောင်မြင်မှု ဖြစ်သည်။
တနည်းအားဖြင့် စုချန်း၏ အကြံအစည်သည် သတ်ဖြတ်သူများကို အကြီးအကျယ် အထိနာစေခဲ့သည်ဟု ဆိုနိုင်၏။ ပို၍ အရေးကြီးသည်မှာ တဖက်နှင့်တဖက် အင်အားကွာဟချက်ကို အတော်လေး လျော့ချနိုင်ခဲ့ခြင်းပင်။ ယခုဆိုရင် လူသားများအနေနှင့် သတ်ဖြတ်သူများကို ကြောက်စရာမလိုတော့။
"ဟုတ်တယ် တကယ်ကိုပဲ အချိန်ကောင်းတွေ ကုန်ဆုံးသွားပြီ နောက်တဆင့်အနေနဲ့ ကျုပ်တို့ တားမြစ်ဧရိယာထဲ ဝင်ရောက်ဖို့ အစီအစဉ်ဆွဲသင့်ပြီ ဆိုလိုတာက ကျုပ်တို့အားလုံး မီးကုန်ယမ်းကုန် တိုက်ခိုက်ဖို့ အချိန်ကျရောက်လာပြီ"
စုချန်းက ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။
"ခုချိန်မှာ ဒီကောင်တွေနဲ့ တိုက်ပွဲကြီးသွားတိုက်ရင် ကျုပ်တို့ အတော်ကို ရုန်းကန်ရလိမ့်မယ် ကျုပ်တို့ဖက်မှာ အားသာချက် သိပ်ပြီး ကြီးကြီးမားမားမရှိသေးဘူး"
ဟေးယွန်တုံးက စိတ်ပူသောလေသံနှင့် ပြောလိုက်၏။
သတ်ဖြတ်သူ ၁၂ယောက်ကို ဖမ်းဆီးနိုင်ခဲ့ခြင်းကြောင့် တကယ်ဆိုလျင် သူတို့ဘက်မှာ အားသာချက် ကြီးကြီးမားမား ရှိနေသင့်၏။ သို့သော် နန်းဆောင်သူရဲကောင်း ၂ယောက် ထပ်မံ ပေါ်ထွက်လာလေရာ ထိုအားသာချက်မှာ ဘာမှမဟုတ်တော့။
"ဒါကမှ ပိုပြီး စိတ်ဝင်စားစရာကောင်းလာတာဗျ"
စုချန်းက ပြောရင်းနှင့် ရယ်မောလိုက်၏။
"ကျုပ်တို့ဘက်က အရမ်း အားသာနေရင် ဘာများ တိုက်ခိုက်နေစရာလိုသေးလို့တုန်း ထပ်ပြောရရင် သတ်ဖြတ်သူတွေဟာလည်း သိပ်ပြီး နုံအလှတယ်တော့ မဟုတ်ဘူး သူတို့ဘက်မှ အခြေအနေမကောင်းရင် ဘာမှလှုပ်လှုပ်ရှားရှားမလုပ်ပဲ ငြိမ်နေကြမှာပဲ ခုတော့ ဒီလိုမဟုတ်ဘူး ကျုပ်တို့ကို တတ်နိုင်သမျှ ပြန်တိုက်နေတယ် ဒါကမှ တကယ် စိတ်ပျက်စရာကောင်းတာ တကယ်လို့ ဒီတိုက်ပွဲကိုတိုက်လို့ သူတို့ နိုင်နိုင်တယ်လို့ တွေးမိလာရင် ဒီကောင်တွေ ကျုပ်တို့ကို မီးကုန်ယမ်းကုန် လာတိုက်ကြတော့မယ် သူတို့အတွက် ကျုပ်တို့ထောင်ချောက်တွေက လွတ်မြောက်ဖို့ ဒီလမ်းပဲရှိတာလေ တခြားလမ်းမှ မရှိပဲကိုး"