← Chapters

တားမြစ်ဧရိယာသို့ဝင်ရောက်ခြင်း

Vol. 32 Ch. 318

တားမြစ်ဧရိယာသို့ဝင်ရောက်ခြင်း

Vol. 32 Ch. 318

တာမြစ်ဧရိယာသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်နှင့် တပြိုင်နက် သူတို့သည် ပြင်ဆင်စရာရှိသည်တို့ကို စတင်ပြင်ဆင်ကြလေသည်။

မြောက်အရပ်ရှိ တောင်မြင့်ကြီးဆီသို့ ထိုးဖောက်ဝင်ရောက်ရန် ဆုံးဖြတ်ချက်ကတော့ အတည်တကျ ဖြစ်သွားခဲ့လေပြီ။ ထိုအခါ စုချန်း၊ ဟေးယွန်တုံးနှင့် ချီဝေယန်တို့သည် ကျန်လူများအားလုံးကို မစုရုံးသေးခင် အတိုချုပ် ပြန်လည်ဆွေးနွေးကြပြန်၏။

ထိုကနေ့ ညနေပိုင်းတွင်တော့ နေရာအသီသီးသို့ လှည့်ပတ်၍ အရင်းအမြစ် ရှာဖွေနေကြသော လူတိုင်းလိုလိုသည် ဌာနချုပ်နေရာသို့ ပြန်ရောက်လာခဲ့၏။ ထိုအခါ ဟေးယွန်တုံးက ထိုလူများကို အနားမယူခိုင်းတော့ပဲ တောင်မြင့်ကြီးဆီသို့ တပါတည်း ခေါ်ဆောင်သွားခဲ့လေသည်။ လူစုံနေတုန်း တခါတည်း လူတိုင်းလိုက်ပါနိုင်စေရန် ဟေးယွန်တုံးက ဤကဲ့သို့ စီစဉ်လိုက်ရခြင်း ဖြစ်သည်။

နောက်ဆုံးတွင်တော့ ညအမှောင်ကို အကာအကွယ်၍ လူတိုင်းလိုလိုသည် တောင်မြင့်ကြီးဆီသို့ ရောက်ရှိလာခဲ့လေသည်။

ဤတောင်ကြီးသည် သူတို့စခန်းချရာ ကျောက်တောင်ထက် ပိုမြင့်ကြောင်းတော့ သူတို့ သေချာပေါက် ပြောနိုင်ကြလေသည်။ တောင်၏ မျက်နှာပြင်ပေါ်တွင်တော့ စိမ်းလန်းစိုပြေသော အပင်အခက်များ ပေါက်ရောက်နေလေရာ တမျိုးတဖုံ မျက်စိပသာဒဖြစ်နေစရာပင် ကောင်းနေသေးသည်။

တားမြစ်ဧရိယာသို့ ဝင်ရောက်ရန် ဟန်ပြင်နေကြစဉ်မှာပင် ကျိယွာယုက ကောက်ခါငင်ခါနှင့် ပြောလိုက်သည်။

"သတိထား ဒီနေရာမှာ အလွန်အားကောင်းတဲ့ လေဟာနယ်စွမ်းအင်တမျိုးရှိနေတာ တွေ့ရတယ်"

"အင်အားပြင်းထန်တဲ့ လေဟာနယ်စွမ်းအင်ဟုတ်လား ဘာအတွက်အသုံးပြုတဲ့ စွမ်းအင်လဲ တယောက်ယောက်ကို သတ်ဖို့လား သယ်ယူပို့ဆောင်ရေးအတွက်လား ဒါမှမဟုတ် တခြားရည်ရွယ်ချက်တွေ အတွက်လား"

ချီဝေယန်က ပြန်မေးလိုက်၏။

"မဟုတ်ဘူး အဲဒီလို မဟုတ်ဘူးဗျ"

ကျိယွာယုက ခေါင်းခါပြလိုက်သည်။ ထို့နောက် သူသည် မျက်စေ့အစုံကို မှိတ်ကာ ထိုနေရာတဝိုက်ရှိ စွမ်းအင်ကို အာရုံခံလိုက်၏။အတန်ကြာမှ သူက မျက်လုံးပြန်ဖွင့်ကာ ရှင်းပြလိုက်သည်။

"ဒါ လေဟာနယ်ပြိုကွဲခြင်းကြောင့် သူ့အလိုအလျောက် ဖြစ်ပေါ်လာတဲ့ ဝင်္ကပါတမျိုးပဲဗျ အသက်အန္တရာယ်တော့ မရှိဘူး ဒါပေမဲ့ ဒီတောင်က အလွန်ကြီးတဲ့အတွက် ဝင်္ကပါထဲရောက်သွားတာနဲ့ လမ်းမှားပြီး တောင်ထိပ်ကိုရောက်ဖို့ ခဲယဉ်းသွားလိမ့်မယ် ဘာပဲဖြစ်ဖြစ် နောက်ပြန်ဆုတ်လို့ရတဲ့အတွက် သိပ်ပြီး ပြသနာတော့မရှိလှဘူး"

ထိုစကားကိုကြားမှ လူတိုင်းက စိတ်သက်သာရသွားဟန်ဖြင့် သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ သေစေနိုင်သော ပုံစံကွက်မဟုတ်လျင် သူတို့အတွက် ပြသနာမရှိလှပေ။

သို့သော် ဤအခြေအနေမျိုးတွင် ဝင်္ကပါနှင့် ကြုံတွေ့နေရသည်ကတော့ စိတ်ပျက်စရာပင်။ သူတို့တွင် အချိန်များများစားစားမရ။ တောင်အတွင်းပိုင်းသို့ အချိန်မီ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းမရှိလျင် သူတို့၏ စီမံကိန်း ပျက်ပြားသွားပေလိမ့်မည်။

"ဒီအတိုင်းဆိုရင် လမ်းကြောင်းက အလွန်ရှည်လျားနေဟန်ပေါ်တယ် ကျွန်မတို့ ဘယ်လောက်မြန်မြန်လျှောက်လျှောက် ရောက်နိုင်မဲ့ပုံမပေါ်ဘူး"

ရှန်းယုချန်းက မှတ်ချက်ချလိုက်၏။

"လေးဆယ်ကလေး ဒီဝင်္ကပါရဲ့ပုံစံကု် မင်းဖော်ထုတ်လို့ ရနိုင်မလား"

ကျိယွာယုက ခေါင်းခါပြလိုက်၏။

"ကျုပ်အနေနဲ့ ဝင်္ကပါကြီးတခုလုံးကိုတော့ ပုံဖော်လို့မရဘူး ဒါပေမဲ့ လေဟာနယ်ဆုံမှတ်တွေကိုတော့ အာရုံခံလို့ရတယ် ဒါဆိုရင် အနည်းဆုံးတော့ နောက်ကို ပြန်လှည့်နေစရာမလိုတဲ့အတွက် အများကြီး အချိန်ကုန်သက်သာသွားလိမ့်မယ်"

"ကျုပ်တို့ အချိန်ဘယ်လောက်ယူရမယ်ထင်သလဲ"

"သုံးလေးရက်လောက်ပေါ့"

"ဒါဆိုရင် မဆိုးဘူး"

လူတိုင်းလိုလိုပင် ဝမ်းသာကုန်ကြ၏။

"သတ်ဖြတ်သူတွေကတော့ ဝင်္ကပါထဲမှာ ချာချာလည်နေမှာပဲ"

တယောက်က ရယ်မောရင်း ပြောလိုက်၏။

သတ်ဖြတ်သူများသည် မူလပုံစံများကို အင်အားသုံးဖြိုခွဲနိုင်စွမ်းရှိသော်လည်း ဝင်္ကပါနှင့်သာ ရင်ဆိုင်ရပါက သေချာပေါက် ဒုက္ခရောက်သွားပေလိမ့်မည်။

"နေရာတကာမှာ အင်အားသုံးဖြေရှင်းချင်တဲ့ကောင်တွေ ခုတော့ သိကြရောပေါ့"

ဟေးယွန်တုံးကလည်း ရယ်မောရင်း ပြောလိုက်သည်။

"ကဲ ကျွန်မတို့ ဘာကိုစောင့်နေတာလဲ သွားကြမယ်လေ"

ချီဝေယန်က စတင်လောဆော်လိုက်သည်။

"သွားကြမယ်ဟေ့ သွားကြမယ်"

လူတိုင်းသည် ခရီးစဉ်ကို စတင်လိုက်ကြ၏။

ခြေတလှမ်းစတင်လိုက်သည်မှစ၍ သူတို့သည် ခြေလှမ်းတိုင်းကို အထူးပင် ဂရုစိုက်၍ လျှောက်လှမ်းလာခဲ့ကြ၏။ တောင်ကြီး၏ ချောင်ကြိုချောင်ကြား တွင်းကြိုတွင်းကြားတိုင်းသည် ဖုံးကွယ်နေသော မူလပုံစံများ ရှိနေကြသည် မဟုတ်ပါလား။ ကျေးဇူးတင်စရာကောင်းသည်မှာ နဂါးကျောင်းတော်အနေနှင့် ဤပြသနာအတွက် ရှေးယခင်ကတည်းကပင် ကြိုတင်ပြင်ဆင်ထားခြင်းပင်။

ဝေယန်၊ ကျန့်ဟန်ဖန်း၊ မာရွှန်းနှင့် ယန်လင်းတို့သည် မူလပုံစံများတွင် အထူးတလည် ကျွမ်းကျင်သူများဖြစ်ပြီး သတ်ဖြတ်ခြင်း၊ တားဆီးခြင်း၊ လှည့်စားခြင်းနှင့် ခုခံရေးပုံစံကွက်များကို အသီးသီး ကျွမ်းကျင်ကြ၏။ ထို မူလပုံစံလေးမျိုးလောက်ကို နားလည်ထားလျင် လေဟာနယ်အတွင်းရှိ မူလပုံစံများအားလုံးကို ဖြေရှင်းရန် လုံလောက်ပေသည်။

မူလပုံစံများ ရှိနေသည့်နေရာတိုင်းကို ကျိယွာယု ညွှန်ပြလိုက်တိုင်း အနှီ ကျွမ်းကျင်သူလေးယောက်က ထိုပုံစံကို အသက်မဲ့သွားစေရန် လုပ်ဆောင်လိုက်ကြ၏။ ခရီးစတင်သည့်အချိန်မှစ၍ ဦးဆောင်သူမှာ သူတို့ငါးယောက်ပင် ဖြစ်သည်။ သူတို့လေးယောက် ပုံစံကွက်များကို အသက်မဲ့အောင် ဆောင်ရွက်နေစဉ် ကျန်လူများက လုံခြုံရေးကို တာဝန်ယူပေးကြလေသည်။

တကယ်တော့ ထိုတောင်ကြီးအတွင်းဝယ် မူလပုံစံများသာ ရှိနေသည်မဟုတ်။ သားရဲသတ္တဝါဆိုးသာမက နတ်ဆိုးသတ္တဝါများပင် ရှိနေကြလေသည်။

တနေရာအရောက်တွင်တော့ ဝေယန်က မှန်တချပ်၊ ကျန့်ဟန်ဖန်းက ကျောက်စိမ်းလက်ကောက်တကွင်း၊ ယန်လင်းက ညလင်းပုလဲတလုံးနှင့် မာရွှန်းက အသေးစားနာရီတလုံးတို့ကို အသီးသီးဆွဲထုတ်လိုက်ကြလေသည်။

ထိုအခါ စုချန်းက စူးစမ်းလိုစိတ်နှင့် မေးလိုက်သည်။

"အဲဒါ ဘာပစ္စည်းတွေလဲ"

ကျန့်ဟန်ဖန်းက ရှင်းပြလိုက်သည်။

"မှန်က အမြင်စစ်မှန်လို့ခေါ်တယ် သူက ဖုံးကွယ်ထားတဲ့ ပစ္စည်းမှန်သမျှကို ဖော်ပြပေးနိုင်တယ် မူလပုံစံကွက်တွေရဲ့ တည်နေရာကို ညွှန်ပြပေးနိုင်တယ် ပုလဲကတော့ အာရုံခံပုလဲလို့ခေါ်တယ် သူကျတော့ လေထဲမှာ ရှိတဲ့ မူလစွမ်းအင်တွေကို အာရုံခံနိုင်တယ် မူလပုံစံတွေရဲ့အင်အားကို တိုင်းတာပေးနိုင်တယ် ကျောက်စိမ်းလက်ကောက်ကတော့ သက်တန့်ရောင်လက်ကောက်လို့ခေါ်တယ် သူ့ရဲ့ စွမ်းအင်ကတော့ ကွဲပြားခြားနားတဲ့ မူလစွမ်းအင်ပုံစံတွေနဲ့ ရင်ဆိုင်ရရင် အရောင်တွေနဲ့ ခွဲခြားဖော်ပြပေးနိုင်တယ် နာရီကတော့ ဝိညာဉ်ခေါ်သံနာရီလို့ခေါ်တယ် သူကျတော့ လှည့်စားခြင်းပုံစံကွက်တွေကို ပြန်လည်တုံ့ပြန်နိုင်တယ်"

ထိုအချိန်မှာပင် သူ့လက်ထဲရှိ လက်ကောက်က အနီရောင်ပြောင်းသွား၏။ မာရွှန်း၏ လက်ထဲမှ ပုလဲကလည်း ပို၍ မြူထူလာသကဲ့သို့ ထင်ရသည်။

"အဆင့်နှစ် အင်အားပဲ"

လီယန်က ပြောလိုက်သည်။

"မီးလျံအမျိုးအစား မူလပုံစံပဲ"

ကျန့်ဟန်ဖန်းကလည်း ထပ်ပြောလိုက်သည်။

"အဲဒီနေရာမှာပဲ"

ဝေယန်ကလည်း သူ့လက်ထဲရှိ မှန်ကိုကြည့်ပြီး ခပ်လှမ်းလှမ်းရှိ ကျောက်တုံးကို ညွှန်ပြလိုက်ပြန်၏။ ထို့နောက် သူတို့သုံးယောက်သည် ထိကျောက်တုံးအနီးသို့ တိုးကပ်ပြီး တစုံတရာ ပြုလုပ်လိုက်ကြ၏။ အတန်ကြာမှ ကျန့်ဟန်ဖန်းက စုချန်းတို့ဖက်သို့ လှည့်ပြီး အော်ဟစ်လိုက်သည်။

"လူတိုင်း ဆက်သွားလို့ရပြီ"

ကျောင်းသားများအားလုံး ထိုနေရာကို ဖြတ်ကျော်ပြီးသွားသည်နှင့် ဝေယန်က မူလပုံစံကို ပြန်လည်အသက်သွင်းလိုက်၏။ သို့မှာသာ သူတို့နောက်မှ သတ်ဖြတ်သူများ လိုက်လာပါက အခက်တွေ့နေမည် မဟုတ်ပါလား။

အတန်ကြာသော် သူတို့အဖွဲ့သည် ညစ်ပေနေသော ဆင်ခြေလျှောတခု၏ ရှေ့သို့ ရောက်ရှိလာကြပြန်သည်။ ထိုနေရာသို့အရောက်ဝယ် မာရွှန်း၏ နာရီသည် ကျယ်လောင်စွာ အော်မြည်လာ၏။ သူက ဆင်ခြေလျှောကို လှမ်းကြည့်ပြီး သူ့လူများကို အော်ဟစ်သတိပေးလိုက်၏။

"အားလုံးသတိထားကြဗျို့ အင်အားကမသေးဘူး အဆင့်လေးထိ ရှိတယ်"

အဆင့်မြင့်လာလေလေ မူလပုံစံ၏ အင်အားသည် ပို၍ ကြီးမားလာလေလေပင်။ အဆင့်လေးဆိုလျင် သွေးဆူပွက်ခြင်းနယ်ပယ်ရှိ ချီစွမ်းအားပညာရှင်တဦး မီးကုန်ယမ်းကုန် တိုက်ခိုက်သည်နှင့်ပင် တူနေ၏။ ထို့ကြောင့် သူတို့အားလုံး ရင်ထိတ်သွားကြလေသည်။

ထို့နောက် ဝေယန်တို့လေးယောက်သည် ထိုနေရာတွင် တည်ရှိနေသည့် မူလပုံစံကို ဓာတ်ပြယ်သွားစေရန် အစွမ်းကုန်ကြိုးစားနေကြ၏။

ထိုအခိုက်မှာပင် တိမ်တိုက်ကျားသစ်၏ ကျယ်လောင်သော အော်ဟစ်သတိပေးသံ ပေါ်လာ၏။

"သတိထား"

ခြေဖဝါးတခုက ကျန့်ဟန်ဖန်း၏ တင်ပါးကို ပိတ်ကန်လိုက်လေရာ ကျန့်ဟန်ဖန်းတယောက် လေထဲသို့ လွင့်စင်သွား၏။ တိမ်တိုက်ကျားသစ်၏ လက်ချက်ပင်။ ထိုအချိန်မှာပင် သူ ယခင်မတ်တပ်ရပ်နေသော နေရာသို့ အလွန်ချွန်မြနေသည့် ဝါးလုံးတချောင်းက လာစိုက်လေသည်။

ထိုဝါးလုံးမှာ အဖြူရောင်နှာခေါင်းရှည်မျောက်ဝံ၏ လက်ချက်ပင် ဖြစ်သည်။ သိပ်မကြာမီ ကျောင်းသားများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် မျောက်ဝံမှာ လဲကျသေဆုံးသွားလေသည်။

ဝမ်တောက်ရှန်းက လဲကျသေဆုံးနေသော မျောက်ဝံကို ကပျာကယာ သွားကြည့်ရင်း စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။

"အာ မင်းတို့ စွတ်လုပ်ကြတာကိုးကွ ဒီကောင်ကြီးရဲ့ ကိုယ်ခန္ဓာ အတော်ကို ပျက်စီးသွားပြီ ကျုပ် စားလို့မရတော့ဘူး"

ဝမ်တောက်ရှန်းသည် ပိန်သွားကတည်းက အငမ်းမရ စားသောက်ရန် ချောင်းနေသူ ဖြစ်သည်။ ထိုမှသာ သူ ပြန်ဝလာမည်မဟုတ်ပါလား။ စုချန်း အမဲလိုက်၍ ရသမျှကိုလည်း သူချည်း စားပစ်လိုက်သည်သာ။ သူ့ကိုကြည့်ရင်း စုချန်းက ရယ်မောလိုက်သည်။

"သိပ်လည်းစိတ်မပူပါနဲ့ဗျ ဒီတောင်ကြီးမှာ သားရဲသတ္တဝါဆိုးတွေမှ ပုံလို့ ခင်ဗျား စားဖို့ လိုအပ်တာထက်တောင် ပိုနေအုံးမှာ"

"မင်းပြောသလောက် မများဘူးဘူးဆိုရင်ကော"

ဝမ်တောက်ရှန်းက ပြန်မေးလိုက်၏။

"ဒါဆိုရင် ပိုမကောင်းဘူးလား လူတိုင်း အလုပ်ရှုပ်သက်သာသွားတာပေါ့"

စုချန်း၏ စကားသည် အဓိပ္ပယ်ပြည့်ဝလှကြောင်း ဝမ်တောက်ရှန်း နားလည်လိုက်၏။ ထို့ကြောင့် သူက ဘာမှပြန်မပြောပဲ နေလိုက်လေသည်။

ထိုအချိန်တွင် တင်ပါးကို အကန်ခံလိုက်ရသော ကျန့်ဟန်ဖန်းက ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။

"ဒါနဲ့ အစ်ကိုကြီးဆယ့်နှစ် ကျုပ် ပြောပါအုံးမယ် ကျုပ်ကိုကယ်တာတော့ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ မကန်ပဲ ကယ်လို့မရဘူးလားဗျ ကန်မှဖြစ်မယ်ဆိုရင်လည်း ကျေးဇူးပြုပြီး မူလပုံစံရှိတဲ့ဘက်ကိုတော့ မကန်ပါနဲ့ဗျာ မတော်လို့ မူလပုံစံကြီးကို သွားထိမိရင်တော့ ကျုပ်အခြေအနေက ဝါးလုံးနဲ့ အစိုက်ခံရတာထက် ဆိုးသွားမှာပဲ"

တိမ်တိုက်ကျားသစ်က ခေါင်းညိတ်ပြလိုက်သည်။

"ကျုပ် နားလည်ပြီ"

၎င်း၏ ရှက်တက်တက်အမူအရာကို ကြည့်ရင်း လူတိုင်းလိုလိုသည် မပြုံးပဲ ဝါးလုံးကွဲရယ်မောလိုက်ကြ၏။

ထိုအခါ တိမ်တိုက်ကျားသစ်ကလည်း မကျေမနပ်နှင့် ပြောလိုက်သည်။

"ဒီအထဲမှာ ကျုပ်ရဲ့ အာရုံခံနိုင်စွမ်းကို ဖိနှိပ်ထားတဲ့ မူလပုံစံတွေ ရှိနေပုံရတယ် ကျုပ်ရဲ့ အာရုံခံနိုင်စွမ်းက အတော်လေးလျော့ကျသွားတယ်ဗျ အတော်ဝေးဝေးက သားရဲသတ္တဝါဆိုးတွေကို အာရုံခံလို့မရတော့ဘူး ဒီတော့ အားလုံး နိုးနိုးကြားကြား ရှိနေကြဖို့လိုတယ်"

"ဒီလောက်လည်း စိတ်မပူပါနဲ့ကျားသစ်ရာ"

ကျန်လူများက နှစ်သိမ့်လိုက်ကြ၏။ ထိုစဉ် ဝမ်တောက်ရှန်းက မေးခွန်းထုတ်လိုက်ပြန်သည်။

"ဒီထဲမှာ သားရဲသတ္တဝါဆိုးတွေ ရှိနေတယ်ဆိုရင် ဘာဖြစ်လို့ ဒီကောင်တွေက မူလပုံစံတွေကို မနှိုးဆွမိတာလဲမသိဘူး ကြည့်ရတာ ဒီကောင်တွေ ဒီထဲမှာ အေးအေးဆေးဆေး လျှောက်သွားနေသလိုပဲ"

ဝေယန်က ရှင်းပြလိုက်၏။

"အင်မတန်ကြီးမားတဲ့ ပုံစံကွက်တွေမှာ လူသားနဲ့ သားရဲတွေအကြား ခွဲခြားထားတဲ့ စနစ်လေးတွေ ပါတတ်တယ်"

မာရွှန်းက ဝင်ပြောလိုက်ပြန်၏။

"ဒီပေမဲ့ ဒီလိုခွဲခြားရေးစနစ်တွေ တပ်ဆင်ရတာကလည်းမလွယ်လှဘူး သူက စနစ်ကြီးတခုလုံးရဲ့ အလည်ဗဟိုမှာ ထည့်သွင်းတပ်ဆင်ရတာဗျ "

အဆိုပါ ခွဲခြားရေးစနစ်မျိုးကို သာမာန်ပညာရှင်များ မတပ်ဆင်နိုင်ကြပေ။ ထိပ်တန်း ပညာရှင်အဆင့်များသာ တပ်ဆင်နိုင်ကြ၏။ ထို့ကြောင့် ဤအပျက်အစီးသိုက်အား ဖန်တီးခံသူသည် နေထိုင်မှုအဆင့်အတန်း အင်မတန်မြင့်မားသော အာကင်နာပညာရှင်မှန်း သိသာနေ၏။ ဤသည်မှာ သူတို့အတွက် ပို၍ကောင်းပေသည်။ အထဲတွင် တန်ဖိုးကြီးမားသော ရတနာပစ္စည်းများ ရှိနေနိုင်သည် မဟုတ်ပါလား။

လူတိုင်းလိုလိုသည် ပို၍ စိတ်လှုပ်ရှားလာကြ၏။ တားမြစ်ဧရိယာအတွင်း အမြန်ဆုံး ဝင်ရောက်လိုသော စိတ်ကူးများပင် ပေါ်ပေါက်လာကြတော့သည်။ သို့သော် နေရာတိုင်းတွင် မူလပုံစံများ အနှံ့အပြား တည်ရှိနေလေရာ သူတို့၏ အသွားနှုန်းမှာ နှေးကွေးလှ၏။ ထိုအခါ သူတို့အားလုံး စိတ်မရှည်နိုင်ပဲ ဖြစ်လာကြသည်။ သို့သော် ထိုအထဲတွင် စုချန်းကတော့ မပါ။ သူသည် ကျန့်ဟန်ဖန်းတို့လေးယောက် မူလပုံစံများအား ဖြေရှင်းနေပုံကို စိတ်အေးလက်အေးနှင့် လေ့လာလျက်ရှိသည်။

စုချန်းကိုကြည့်ရင်း ကျန့်ဟန်ဖန်းက ပြောလိုက်၏။

"တတိယအစ်ကိုကြီး ခင်ဗျားဟာ ပါရမီရှင်ပဲ ဒါပေမဲ့ ဒီလောက်ထိလည်း လေ့လာမနေနဲ့လေဗျာ ခင်ဗျားသာ မူလပုံစံတွေကို အရမ်းကျွမ်းကျင်သွားရင် အနာဂတ်မှာ ကျုပ်တို့ လုပ်စရာမရှိပဲ ဖြစ်ကုန်လိမ့်မယ်"

စုချန်းက ရယ်မောရင်း ပြန်ပြောလိုက်သည်။

"ဒီလောက်လည်း ကိုယ့်ပညာကိုယ် အထင်မသေးစမ်းပါနဲ့ကွ ကျုပ်က နည်းနည်းပါးပါး လေ့လာရုံပါ ဒီလောက်နဲ့ကတော့ ဘယ်ကျွမ်းကျင်နိုင်ပါ့မလဲ"

စုချန်း၏ ပါးစပ်ကတော့ နည်းနည်းပါးပါး လေ့လာရုံဟုသာ ပြောနေသည်။ သူ၏ နားလည်နိုင်စွမ်း ၊ သင်ယူနိုင်စွမ်းကိုကြည့်၍ ကျန့်ဟန်ဖန်းတို့ပင် မျက်လုံးပြူးရ၏။ တကယ်သာ နားလည်ထားလျင် ဤကိစ္စမှာ အံ့သြစရာ မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အသိပညာဗဟုသုတများသည် တမျိုးနှင့်တမျိုး ဆက်စပ်နေသောကြောင့်ပင်။

စုချန်းအဖို့ မူလစွမ်းအင်ကို လေ့လာနေခဲ့သည်မှာ ဆယ်စုနှစ်တခုစာပင် ကြာမြင့်ခဲ့လေပြီ။ သူသည် မူလစွမ်းအင်စုဆောင်းခြင်းကိုသာ အထူးအာရုံစိုက်ခဲ့သည်ဆိုသော်ငြား ထိုနည်းလမ်းများအားလုံးသည် တခုတည်းသော ရေသောက်မြစ်ကြီးမှ ဆင်းသက်လာခြင်း ဖြစ်သည်။ နည်းလမ်းတိုင်းလိုလိုသည် မူလစွမ်းအင်ကို ကွဲပြားခြားနားသော ပုံစံအမျိုးမျိုးဖြင့် အသုံးပြုရန် ကြိုးစားနေကြခြင်းသာ ဖြစ်သည်။

စုချန်းသည် ထိုအခြေခံသဘောတရားကို ကောင်းစွာ နားလည်ကြေညက်ထားသူ ဖြစ်သည်။ ထို့ကြောင့် တရက်ခန့်ကြာအောင် လေ့လာပြီးသည့်နောက်တွင်တော့ ပညာရှင်အဆင့်သို့ မရောက်သေးသည့်တိုင် ကျန့်ဟန်ဖန်းတို့လေးယောက် ဘာလုပ်နေမှန်း၊ ဘာကြောင့်လုပ်နေရမှန်း နားလည်သဘောပေါက်စပြုလာ၏။

ကျန့်ဟန်ဖန်းတို့လေးယောက်သည် နောက်ထပ် ပုံစံကွက်တခုနှင့် ကြုံတွေ့နေရပြန်လေရာ ဖြေရှင်းရန် ကြိုးစားနေရပြန်၏။ ထိုစဉ် ထူးခြားသော အသံတသံကို သူတို့ ကြားလိုက်ရသည်။

ရုတ်ချည်းလိုလိုပင် ခပ်လှမ်းလှမ်းတနေရာမှ အဖြူရောင်မီးခိုးတန်းများ ထွက်ပေါ်လာပြီး သူတို့ဆီသို့ ဦးတည်လာကြောင်း လူတိုင်းမြင်တွေ့လိုက်ရ၏။

ဝေယန် အော်ဟစ်လိုက်၏။

"သတိထားကြ ဒါ မူလပုံစံ ပွင့်လာတာပဲ"

"အဲဒီမူလပုံစံက ဘယ်လိုလုပ် ပွင့်လာတာလဲ"

ဟေးယွန်တုံးက အော်ဟစ်လိုက်၏။

"ဘာကြောင့်မှန်းတော့ သေသေချာချာ မပြောနိုင်ဘူး ဘာပဲဖြစ်ဖြစ် အနားကို မသွားကြနဲ့ ကြည့်ရတာ သူ့အလိုလို ပွင့်လာဟန်တူတယ်"

ကျန့်ဟန်ဖန်းကိုယ်တိုင်လည်း ဘာဖြစ်နေမှန်း နားလည်သဘောပေါက်ဟန်မတူ။

ထိုအချိန်တွင် မီးခိုးငွေ့များသည် သူတို့နှင့် ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။ တောအုပ်တခုလုံးသည်လည်း မီးခိုးငွေ့များနှင့် ဖုံးအုပ်လာလေရာ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရတော့။ ယုတ်စွအဆုံး လက်တကမ်းအကွာကိုပင် ကောင်းကောင်းမမြင်ရတော့ချေ။

ထိုအချိန်တွင် ကျယ်လောင်လှသော ဟိန်းဟောက်သံများက တောင်ကြောတခုလုံးကို ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။

သားရဲသတ္တဝါဆိုးများပေတည်း။

All Chapters