← Chapters

ရုတ်တရက်တိုက်ခိုက်ခြင်း

Vol. 32 Ch. 319

ရုတ်တရက်တိုက်ခိုက်ခြင်း

Vol. 32 Ch. 319

"သတိထား"

မည်သူ သတိပေးလိုက်မှန်းပင် မသိရချေ။ အကြောင်းမှာ သူတို့သည် မရေမတွက်နိုင်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသောကြောင့်ပင်။

သူတို့သည် မည်သည့်အရာကိုမှ သဲသဲကွဲကွဲ မမြင်ရပေ။ သို့သော် ပြသနာတော့မရှိ။ လက်မလည်အောင် တိုက်ခိုက်နေရသည်နှင့်ပင် လုံလောက်နေခဲ့လေပြီ။

မူလစွမ်းအင်လှိုင်းများသည် ဒီရေလှိုင်းများပမာ ရှေ့သို့ ရိုက်ခတ်သွား၏။ ပတ်ဝန်းကျင်တခုလုံး နာကျင်စွာ အော်ဟစ်သံများနှင့် ပြည့်နှက်နေလေသည်။ သားရဲသတ္တဝါဆိုး ဘယ်နှစ်ကောင်ပင် ရှိလေသည်မသိ။ သို့သော် ထွက်ပေါ်နေသော အသံများကို ထောက်လျင် အရေအတွက်ကတော့ မနည်းသည်မှာ သေချာနေ၏။

သားရဲသတ္တဝါဆိုးများမှာ နေရာအနှံ့တွင် ရှိနေသောကြောင့် ထိုအခိုက်အတန့်ဝယ် တိမ်တိုက်ကျားသစ်၏ အော်ဟစ်သတိပေးသံများမှာ အသုံးမဝင်တော့။

ဝမ်တောက်ရှန်းက မျက်နှာရှုံ့မဲ့ကာ အော်ဟစ်လိုက်၏။

"သေစမ်း ဒီကောင်တွေ ဘယ်ကပေါ်လာတာလဲမသိဘူး မူလပုံစံနဲ့များ ဆက်စပ်နေသလား"

"သေချာမသိဘူးဗျ ဟုတ်ချင်မှလည်းဟုတ်မယ်"

ဝေယန်ကလည်း ပြန်အော်လိုက်သည်။

"အဲဒါတွေက အရေးမကြီးတော့ဘူး ခုချိန်မှာ ကျုပ်တို့အားလုံး တိုက်ပွဲထဲကို ရောက်နေပြီ ယွာယု ကျောက်စင်းနဲ့ တခြားလူတွေကိုသာ ကာကွယ်စမ်းပါ"

စုချန်းက ဟိန်းဟောက်လိုက်၏။

သူ့လက်အစုံမှ ပြင်းထန်အားကောင်းသော မီးလျံသိမ်းငှက်များ တကောင်ပြီးတကောင် ထွက်ပေါ်နေလေသည်။

သူသည် မြင်နိုင်စွမ်းမရှိသော်လည်း အကြားအာရုံမှာ အလွန်ကောင်းနေ၏။ ထို့ကြောင့် မည်သည့်နေရာတွင် သားရဲသတ္တဝါဆိုးများ ရှိနေကြောင်း တပ်အပ်သေချာစွာ ပြောနိုင်လေသည်။ သူ့လက်ထဲမှ ထွက်ပေါ်လာသော မီးလျံသိမ်းငှက်များသည် မြူခိုးကြားထဲသို့ တိုးဝင်သွားတိုင်း တစုံတခုကို ထိမှန်သွားကာ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာတတ်၏။

သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်သွားပြီးသည့်နောက်ပိုင်း စုချန်း၏ အင်အားမှာ အလွန်မြင့်မားလာ၏။ မီးလျံသိမ်းငှက်၏ ပေါက်ကွဲအားမှာလည်း ထိုနည်းတူစွာ တိုးပွားလာသည်ပင်။ ထို့ပြင် မရေမတွက်နိင်သော မီးလျံသိမ်းငှက်များကိုလည်း ထုတ်ဖော်နိုင်စွမ်းရှိလာ၏။

သိပ်မကြာမီပင် သူ့ဘေးနားရှိ ဟန်လင်းရှ၏ အားခနဲအော်သံကို စုချန်း ကြားလိုက်ရ၏။

စုချန်းသည် ဟန်လင်းရှ၏ တည်နေရာကို မှန်းဆပြီး ခုန်ဝင်လိုက်၏။ ထိုအခါ သားရဲတကောင်က သူမကို ကိုက်ခဲနေကြောင်း စုချန်း တွေ့လိုက်ရ၏။ ထိုအခါ စုချန်း စဉ်းစားဆုံးဖြတ်နေရန် အချိန်မရှိတော့။ ထိုအခါ သူက ၎င်းသားရဲအား သံချပ်ကာဖောက်ထွင်းရေးဆူးချွန်နှင့် ထိုးချလိုက်တော့သည်။ လက်သီးတချက်တည်းနှင့် သားရဲကြီး၏ခေါင်း ပွင့်ထွက်သွားလေသည်။

သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်လိုက်သည့် အကျိုးကျေးဇူးမှာကား တကယ်ပင် များပြားလှ၏။ ယခုဆိုရင် သံချပ်ကာဖောက်ထွင်းရေးစူးချွန်ကို အသုံးပြုသည့်အတွက် စုချန်းအနေနှင့် သွေးအတွင်းရှိ ချီစွမ်းအင်များ ယခင်လောက် မကုန်ခန်းတော့။ ထို့ပြင် သူသည် ဤနည်းစနစ်ကို ဆယ်ကြိမ်ကျော်အောင် ဆက်တိုက်ဖော်ထုတ်လာနိုင်ခဲ့ပြီ ဖြစ်သည်။

သားရဲကောင်ကြီးကို လက်သီးတချက်တည်းနှင့် သတ်ဖြတ်ပြီးနောက် စုချန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဘယ်သူမှရူးရူးမိုက်မိုက် မလုပ်ကြနဲ့ လူတိုင်း ဘေးချင်းကပ်ပြီး စက်ဝိုင်းပုံ ဝန်းရံထားကြ ကျောင်းသားနံပါတ် ၃၀ကျော်တဲ့ လူတွေအားလုံး စက်ဝိုင်းရဲ့အလယ်ကို ဝင်ကြ ခုချက်ချင်း အဲဒီအတိုင်း လုပ်ကြစမ်း"

"အမြန်ဆုံး ခံစစ်ပုံစံခင်းကြစမ်းဟေ့ သားရဲသတ္တဝါဆိုးတွေ အနားကပ်မခံကြနဲ့"

ဟေးယွန်တုံးကလည်း အော်ဟစ်အမိန့်ပေးလိုက်လေသည်။

လေကျင့်ရေးကာလတလျှောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရခြင်းကား အချည်းအနှီး မဖြစ်ခဲ့ပေ။ မြူခိုးများကြားမှာပင် ကျောင်းသားများသည် အမြင်အာရုံကန့်သတ်ချက်ကို ကျော်လွှားကာ အချင်းချင်း စတင်ချိတ်ဆက်မိကြလေသည်။ ကျောင်းသားနံပါတ် ၃၀ကျော်သူများသည် စက်ဝိုင်း၏ အတွင်းသို့ ဝင်ရောက်လိုက်ကြ၏။ သူတို့အဖို့ လုံခြုံရေး စိတ်ချသွားရပြီဖြစ်လေရာ သူတို့ကိုယ်တိုင်လည်း ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိလာလေသည်။

မြူခိုးများထဲတွင် သားရဲသတ္တဝါ ဘယ်နှစ်ကောင်ရှိနေမှန်း အတိအကျ ပြောရန်ခဲယဉ်းလှသည်။ သို့သော် ကျောင်းသားတဦးတလေသည်ပင် ထွက်ပြေးလွတ်မြောက်ရန် မလွယ်လှသည်ကား သေချာနေ၏။ ဤတကြိမ်ကတော့ သူတို့အဖို့ ကိုယ့်အားကိုယ်ကိုးရမည့်အချိန်ပင် ဖြစ်သည်။

"သေစမ်း ဒီကောင်တွေ မလွယ်ပါလား ပညာပေးမှရတော့မယ်"ုပြောပြောဆိုဆိုနှင့် ယိယွန့်ဟုန်သည် မြေကြီးကို လက်ဝါးနှင့်ရိုက်ချလိုက်ရာ တွင်းပေါက်ကြီးတပေါက်ဖြစ်သွားပြီး ကျောက်တုံးကျောက်ခဲများ လေထဲသို့ လွင့်စင်တက်လာ၏။ ကျောက်တုံးများသည် အရှိန်အဟုန်ပြင်းစွာဖြင့် သားရဲသတ္တဝါများအား ထိမှန်ကုန်ကြ၏။ ပန်းထွက်လာသော သွေးများကြောင့် ကျောင်းသားအတော်များများပင် ပေကျံကုန်ကြလေသည်။

တချိန်တည်းလိုလိုမှာပင် ဟေးယွန်တုံးက ကောင်းကင်ကို လက်သီးနှင့် လှမ်းထိုးလိုက်၏။ ထိုအခါ မီးတောက်မီးလျံများ ဝုန်းခနဲ ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားလေသည်။ သားရဲသတ္တဝါ ဘယ်နှစ်ကောင် မီးပုံထဲ ဝင်တိုးကုန်သည်တော့ မသိရ။ အသားညှော်နံ့များကတော့ ဝန်းကျင်တခုလုံး သင်းပျံ့လာလေသည်။

သို့တိုင်အောင် သူ၏ တိုက်ခိုက်မှုသည် အပြင်းထန်ဆုံး မဟုတ်သေး။

အပြင်းထန်ဆုံးတိုက်ခိုက်မှုသည် ထန်းမင်ထံမှ ထွက်ပေါ်လာလေသည်။

နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ဆိုင်ထားသည့် သူသည် မြူခိုးများထဲတွင် တိုက်ခိုက်ရသော်လည်း နေ့အလင်းရောင်အောက်တွင် တိုက်ခိုက်နေသည်နှင့် မခြားချေ။ အကြောင်းမှာ သူ တိုက်ခိုက်သည့်ပုံစံကိုက ြ်မူခိုးများကို အသုံးပြုရခြင်းကြောင့်ပင်။

ထန်းမင် လက်နှစ်ဖက်ဝေ့ယမ်းလိုက်တိုင်း မြူခိုးများသည် သူ့လက်များတွင် လာရောက်စုစည်းက မြူခိုးနဂါများအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် အနှီနဂါးများသည် သားရဲသတ္တဝါများထံသု့ိ ခုန်ဝင်ကိုက်ခဲကြတော့သည်။ သူတို့လက်ချက်ကြောင့် သတ္တဝါဆိုးများ အတုံးအရုံးပင် သေဆုံးကုန်ကြ၏။

ရိုးရှင်းသလောက် ထိရောက်လှသည့် တိုက်ခိုက်ဟန်ပင်တည်း။

"ထန်းမင် ရှင့်အနေနဲ့ ဒီမြူခိုးတွေ အကုန်လုံးကို စုပ်ယူနိုင်မယ်ထင်သလား ဒါမှမဟုတ် တနေရာရာကို လမ်းကြောင်းပြောင်းသွားအောင် လုပ်နိုင်မယ်ထင်သလား"

ချီဝေယန်က ကျယ်လောင်စွာ အော်ဟစ်မေးမြန်းလိုက်၏။

"ကျုပ် လုပ်နိုင်မယ်မထင်ဘူးဗျို့ ဒါကြီးက အဆုံးမရှိသလိုပဲ ကျုပ် မြူခိုးတွေ စုပ်ယုလိုက်တိုင်း နောက်ထပ် မြူခိုးတွေ ပြန်ပေါ်လာတယ် ဒါကြီးကိုပျောက်သွားအောင်လုပ်ဖို့ နည်းလမ်းမရှိလောက်ဘူး"

"မာရွှန်း မင်းကော ဒီမူလပုံစံကို ဓာတ်ပြယ်သွားအောင် မလုပ်နိုင်ဘူးလားကွ ဒါ လှည့်စားခြင်းပုံစံပဲ ဒါကြောင့် ကျုပ်တို့ ဘာမှ မမြင်ရပဲ ဖြစ်နေတာ ဒါမင်းရဲ ကျွမ်းကျင်မှုထဲမှာ ပါနေတယ်ကွ"

စုချန်းကလည်း မာရွှန်းကို အော်ဟစ်မေးမြန်းလိုက်၏။

"ကျုပ်မလုပ်နိုင်ဘူးဗျ ဒါကြီးက မြူခိုးသက်သက်ပဲဟာကို ကျုပ်တို့ရဲ့ အသိစိတ်ကိုမှ မထိခိုက်စေပဲ ဒါကို လှည့်စားခြင်းပုံစံကွက်လို့ ဆိုဖို့တောင်နည်းနည်းခက်တယ်"

"ဟေ့ ဘာမှပြောမနေနဲ့ မင်း လုပ်ကိုလုပ်ရမယ် ဒါကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းတခုခု အမြန်ဆုံးစဉ်းစားစမ်းဟေ့"

ဟေးယွန်တုံးက ခပ်ပြတ်ပြတ်ပင် အမိန့်ပေးလိုက်၏။

အမိန့်မပေးလို့လည်းမရ။ မြူခိုးများသာ ဤအတိုင်း ဆက်လက်တည်ရှိနေပါက သူတို့အားလုံး ဒုက္ခများသွားနိုင်သည် မဟုတ်ပါလား။ လက်ရှိအချိန်ထိ ကောင်းကောင်းတိုက်ခိုက်နိုင်သေးသော်လည်း အချိန်တန်လျင် သူတို့၏ မူလစွမ်းအင်ကုန်ခန်းသွားပေလိမ့်မည်။ ထိုအခါ သားရဲများအား လက်ချည်းသက်သက် တိုက်ခိုက်ရသော အခြေအနေသို့ ရောက်သွားနိုင်၏။

"ကျုပ်တို့ ကြိုးစားကြည့်မယ် ဒါပေမဲ့ အချိန်နည်းနည်းတော့ လိုမယ်ဗျို့"

ပြောပြောဆိုဆို မာရွှန်းနှင့် ကျန့်ဟန်ဖန်းသည် မြူခိုးများသည် ပျယ်ပြယ်သွားစေနိုင်သည့် မူလပုံစံကွက်တခုကို အမြန်ဆုံး တည်ဆောက်ကြတော့သည်။

ထိုအချိန်တွင် စုချန်းက သူ့လက်စွပ်အတွင်းမှ မိုးကြိုးမီးလျံစက်လုံးတချို့ကို ထုတ်ယူပြီး အော်ဟစ်လိုက်၏။

"ကျုပ်နဲ့ ခပ်ခွာခွာလေး နေပေးကြဟေ့"

ဆေးဝါးကုန်ကြမ်းများကဲ့သို့ပင် စုချန်းသည် မိုးကြိုးမီးလျံစက်လုံး ပြုလုပ်ရန် လိုအပ်သည့် ကုန်ကြမ်းများကိုလည်း တပါတည်း ယူဆောင်လာခဲ့၏။ မီးလျံစက်လုံးကို လူသုံးကုန်ပစ္စည်းတချို့နှင့် ပြုလုပ်နိုင်ရန် စုချန်းအဖို့ သယ်ယူရမည့်ဝန်မှာ ပို၍ပင် ပေါ့သွားသေးသည်။ ဥပမာအနေနှင့်ကြည့်လျင် မီးလျံစက်လုံး၏ ကိုယ်ထည်ကို စုချန်းက ဒန်သတ္တုများနှင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သို့တိုင်အောင် စုချန်း လက်ရှိ ပြုလုပ်ထားသည့် မီးလျံစက်လုံးများ၏ ပေါက်ကွဲအားမှာကား မညံ့လှ။ ယခင်စက်လုံးများထက်ပင် သာနေသေးသည်။

မိုးကြိုးမီးလျံစက်လုံးများကို ပစ်လွှတ်လိုက်သည်နှင့် နေရာအနှံ့အပြားတွင် ပေါက်ကွဲမှုများ ပေါ်ပေါက်လာ၏။

သို့တိုင်အောင် သားရဲသတ္တဝါဆိုးများမှာကား လျော့သွားသည်ဟူ၍ မရှိပေ။ ဤတကြိမ် စုချန်းတို့ ရင်ဆိုင်နေရသည့် သားရဲများသည် အင်အားတော့ သိပ်မကြီးမားလှ။ အများစုမှာ အဆင့်နိမ့်သားရဲများသာ ဖြစ်သည်။ သို့သော် ၎င်းတို့သည် ပြင်ပကမ္ဘာရှိ သားရဲများထက် များစွာပို၍ ရိုင်းစိုင်းနေ၏။ မြူခိုများကြားထဲမှ တဟုန်ထိုး ပြေးဝင်လာကြသည်မှာ လူသတ်သမားများနှင့်ပင် တူနေသေးသည်။ လူသားများအနီးသို့ ရောက်သည်နှင့် ၎င်းတို့သည် ပါးစပ်ကြီးဟကာ ဝင်ရောက်ကိုက်ခဲကြတော့သည်။

"မြန်မြန်ဟေ့ ကျုပ်တို့ မထိန်းနိုင်တော့ဘူး"

ဖန်းယီကုက သူ့အနီးသို့ ရောက်လာသော သားရဲတကောင်ကို ခြေထောက်နှင့် ကန်ကျောက်ရင်း အော်ဟစ်လိုက်သည်။ ထိုအချိန်မှာပင် နောက်ထပ်သားရဲတကောင်က သူ့လက်ကို ဝင်ရောက်ကိုက်ခဲလိုက်၏။ ဖန်းယီကု၏ လက်ချက်ဖြင့် အနှီသားရဲသည် ခေါင်းတခေါင်းလုံး ကြေမွသွားလေသည်။ ဖန်းယီကု၏ လက်တွင်လည်း ဒဏ်ရာရသွားပြီး သွေးများယိုစီးကျလာ၏။

"ခနလေး ထိန်းပေထားအုံးဗျို့"

ကျန့်ဟန်ဖန်းက ပြန်အော်လိုက်သည်။ သူ့လက်အစုံကလည်း ဇယ်ဆက်သလို လှုပ်ရှားနေ၏။

ထိုအချိန်တွင် သားရဲသတ္တဝါတကောင်သည် တခြားလူများ၏ လက်ကြားမှ ခုန်ဝင်ကာ ကျန့်ဟန်ဖန်းကို ခုန်အုပ်လိုက်လေသည်။ ထိုအချိန်တွင် ကျန့်ဟန်ဖန်းသည် မူလပုံစံကို အပြီးသတ်ရန်သာ အာရုံရောက်နေ၏။ သားရဲကောင်ကြီး သူ့ဦးခေါင်းအပေါ်သို့ ရောက်လာမှ ထိုအဖြစ်ကို သူ သတိထားမိတော့သည်။ သို့သော် နောက်ကျသွားလေပြီ။

သားရဲကြီး၏ လက်သည်းများက ကျန့်ဟန်ဖန်း၏ မျက်လုံးဆီသို့ တိုးဝင်လာခဲ့လေပြီ။ ကျန့်ဟန်ဖန်း ဘာမှမတတ်နိုင်တော့။

သို့သော် သားရဲကြီး၏ ကိုယ်ခန္ဓာသည် ကျန့်ဟန်ဖန်းကိုယ်ပေါ်သို့ ကျရောက်မလာပဲ လေထဲမှာပင် တွဲလောင်းကြီးဖြစ်နေ၏။ စုချန်းက အချိန်မီရောက်လာက ၎င်း၏ လည်မြိုကို ဖမ်းဆုတ်လိုက်ခြင်းကြောင့် ဖြစ်သည်။

ထို့နောက် စုချန်းက ကျန့်ဟန်ဖန်းကို ပြောလိုက်၏။

"ကိုယ့်အလုပ်ကိုသာ အမြန်လက်စသတ်ပါ"

ကျန့်ဟန်ဖန်းလည်း ခေါင်းညိတ်ပြကာ မူလပုံစံကို လက်စသတ်နေ၏။

စုချန်းသည် သားရဲကောင်ကြီးကို လည်ပင်းကို လိမ်ချိုးကာ ၎င်းကို ဘေးသို့ လွှင့်ပစ်လိုက်၏။ ထို့နောက် သူက အဆုံးမရှိ ပိတ်ဖုံးနေသော မြူခိုးထုကြီးကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးအစုံမှာ အေးစက်တင်းမာနေ၏။ သူသာ တခုခု မလုပ်လျင် အခြေအနေမဟန်တော့မှန်း စုချန်း သဘောပေါက်သွားလေပြီ။

စုချန်းသည် တစုံတခုကို တွေးတောလိုက်ပြီး လက်အစုံကို လှုပ်ရှားလိုက်၏ ထိုအခါ သူ့လက်ထဲမှ အလွန်ကြီးမားသော မီးလျံငှက်ကြီးတကောင် တဖြည်းဖြည်း ပေါ်ပေါက်လာတော့သည်။

ဤတကြိမ် သူ ဖော်ထုတ်လိုက်သည့် မီးလျံငှက်သည် ယခင်မီးလျံငှက်များနှင့်မတူ။ အလွန်ပင် ကြီးမားလှ၏။ ငှက်ကြီး၏ ကိုယ်ခန္ဓာပတ်ပတ်လည်တွင် ထူထည်းသိပ်သည်းလှသော မူလစွမ်းအင်များ ရစ်ဖွဲ့နေ၏။ အားကောင်းလှသော မီးလျံများကြောင့် မြူခိုးများသည် သူ့အနားသို့ မကပ်နိုင်တော့။ ထိုအခါ စုချန်း၏ပုံရိပ်သည် လူတိုင်း၏ ရှေ့မှောက်တွင် ဘွားခနဲ ပေါ်ပေါက်လာတော့သည်။

ထို့နောက် စုချန်းသည် မီးလျံသိမ်းငှက်ကြီးအား သားရဲသတ္တဝါဆိုးများဆီသို့ ပစ်လွှတ်လိုက်တော့သည်။

ကြီးမားလှသော မီးလျံသိမ်းငှက်သည် ကျယ်လောင်စူးရှစွာ အော်ဟစ်လိုက်ပြီး အတောင်ပံများဖြန့်ကာ ပျံသန်းသွား၏။ ၎င်းနောက်ကျောတွင်တော့ မီးတောက်မီးလျံများ အမျှင်တန်း၍ ကျန်ခဲ့လေသည်။ ထို့နောက် ၎င်းသည် သားရဲသတ္တဝါများကို တကောင်ပြီးတကောင် ဝင်ရောက်တိုက်ခိုက်ကာ နောက်ဆုံးတွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး ပေါက်ကွဲသွားတော့သည်။ ပေါက်ကွဲမှုကြောင့် အနီးအနားရှိ သားရဲသတ္တဝါဆိုးများသည် အဝေးသို့ လွင့်စင်သွား၏။

တိုက်ကွက်တကွက်တည်းနှင့် သားရဲသတ္တဝါဆိုး သုံးကောင်သေဆုံးသွားပြီး အများအပြား ဒဏ်ရာရရှိသွား၏။ မြင်ကွင်းကြောင့် လူတိုင်းလိုလို မျက်လုံးပြူးသွားလေသည်။ ယုတ်စွအဆုံး သားရဲသတ္တဝါဆိုးများပင် ထိတ်လန့်သွားကြကုန်၏။ ဤတကြိမ်တွင် အလွယ်တကူ ဝင်မလာရဲတော့ပေ။

"သွေးဆူပွက်ခြင်းနယ်ပယ်"

ဟေးယွန်တုံး ပါးစပ်မှ တအံ့တသြနှင့် ရေရွတ်လိုက်၏။ သွေးဆူပွက်ခြင်းနယ်ပယ်သို့ ဝင်ရောက်သွားသာ်လည်း စုချန်း၏အင်အား ဤမျှထိ တိုးမြင့်လာမည်ဟု ဟေးယွန်တုံး လုံးဝထင်မထား။ ထိုခနမှာပင် သွေးဆူပွက်ခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်တယာက်၏ အင်အားကို ဟေးယွန်တုံး နားလည်သွားလေသည်။

စုချန်းကား တကယ့် ပါရမီရှင်ပေတကား။ သူ၏ ဤတကွက်ကို ကြည့်ရုံနှင့် စုချန်းသည် တကယ့်သွေးဆူပွက်ခြင်းနယ်ပယ် ချီစွမ်းအားပညာရှင်တယောက်အဖြစ် တန်းဝင်သွားပြီမှန်း ဟေးယွန်တုံး သဘောပေါက်သွား၏။

ထိုအချိန်မှာပင် လူတိုင်း၏ စိတ်ကူးထဲတွင် အတွေးတမျိုး ပေါ်ပေါက်လာ၏။ ထိုအတွေးမှာ စုချန်းသည် သူတို့ဘက်မှ ဖြစ်နေ၍သာ တော်သေးသည်။ ရန်သူသာဆိုလျင် လွယ်လိမ့်မည်မဟုတ်ဟူသော အတွေးပင်။

သို့သော် စုချန်းကိုယ်တိုင်ကတော့ သူ့ကိုယ်သူ အားမလိုအားမရ ဖြစ်နေလေသည်။ အကြောင်းမှာ သူ၏ မီးလျံသိမ်းငှက်သည် အခြေအနေတချို့တွင် အသုံးပြုရန် သင့်လျော်နေပြီး အမြဲတမ်း အသုံးပြုရန် မလွယ်ကူသေးသောကြောင့် ဖြစ်သည်။

"အောင်ပြီ"

ကျန့်ဟန်ဖန်း၏ အော်သံ ဖြစ်သည်။

တချိန်တည်းမှာပင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာပြီး နေရာအနှံ့ ပိတ်ဖုံးနေသော မြူခိုးများမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွား၏။ မြူခိုးများ မရှိတော့သည်နှင့် သားရဲသတ္တဝါဆိုးများမှာလည်း နောက်ဆုတ်ထွက်ပြေးကုန်ကြတော့သည်။

ပြင်းထန်သော တိုက်ပွဲကြီး ဖြစ်ပွားခဲ့သော ပတ်ဝန်းကျင်မှာလည်း ပကတိအတိုင်းပင် တိတ်ဆိတ်ငြိမ်သက်သွား၏။

All Chapters