တောင်၏ အတွင်းပိုင်းဆီသို့
Vol. 32 Ch. 320
ပြင်းထန်သော တိုက်ပွဲကြောင့်ဖြစ်ပေါ်လာသည့် မီးတောက်မီးလျံများကား ငြိမ်းသွားခဲ့လေပြီ။ သို့သော် မီးခိုးငွေ့များကတော့ တောအုပ်အနှံ့ ဟိုမှသည်မှ ပျံ့လွင့်နေ၏။
တိတ်ဆိတ်ငြိမ်းချမ်းသော တောအုပ်ဟု ထင်မြင်ရသော်လည်း နေရာအနှံ့အပြားတွင် အန္တရာယ်များ ရှိနေလေရာ စုချန်းတို့အနေနှင့် ပေါ့၍တော့မရပေ။ လူတိုင်းလိုလိုသည် ယခုတိုင် သူတို့၏ အကာအကွယ်များကို ဆက်လက်ဖော်ထုတ်ထားပြီး မမျှော်လင့်သော အန္တရာယ်များ ပေါ်ပေါက်လာမည်ကို သတိကြီးကြီးနှင့် စောင့်ကြိုနေကြ၏။
တိမ်တိုက်ကျားသစ်နှင့် ဟေးယွန်တုံးတို့သည် တယောက်မျက်နှာကို တယောက် စိုက်ကြည့်လိုက်ကြ၏။ ထိုအခါ တိမ်တိုက်ကျားသစ်သည် ရှေ့သို့ခုန်ထွက်သွားပြီး ခပ်လှမ်းလှမ်းအထိ လျှောက်သွားကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။ စိတ်ကျေနပ်အောင် စစ်ဆေးပြီးမှ တိမ်တိုက်ကျားသစ်က ဟေးယွန်တုံးဘက်သို့လှည့်ကာ ခေါင်းခါပြလိုက်သည်။ သဘောမှာ သားရဲသတ္တဝါဆိုးများ မရှိတော့ဟူသော အဓိပ္ပါယ်ပင်။
ထိုအခါကျမှ ဟေးယွန်တုံးက စိတ်သက်သာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။
"ဒီလိုမူလပုံစံကွက်မျိုးနဲ့ နောက်တကြိမ်ထပ်မတွေ့အောင် သေသေချာချာ ဂရုစိုက်မှရမယ် ကျန့်ဟန်ဖန်း မာရွှန်း ဝေယန် ယန်လင်း မင်းတို့က နောက်ထပ် ကြုံတွေ့သမျှ မူလပုံစံတွေကို သေသေချာချာ ဂရုစိုက်ပြီး ဖြေရှင်းကြ ကျားသစ် မင်းက ရှေ့ဆုံးက ပွိုင့်သွားပေး ဟန်းယင်နဲ့ ချိန်းလွှာ မင်းတို့နှစ်ယောက်က သူတို့ကို ကာကွယ်ဖို့တာဝန်ယူ သားရဲတွေနဲ့ တွေ့ရင် မင်းတို့ရဲ့ ရေခဲတွေကို အစွမ်းကုန်ထုတ်သုံးကြပေတော့ ထန်းမင် မင်းက ဒီသားရဲသတ္တဝါအလောင်းတွေကို စုပေးလိုက်"
လူတိုင်းလိုလိုသည် ကျရာတာဝန်အသီးသီးကို စတင်ထမ်းဆောင်လိုက်ကြလေသည်။
စုပုံထားသော သားရဲသတ္တဝါအသေကောင်များကိုကြည့်ရင်း ဆီချီမင်က ဝမ်တောက်ရှန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
"ဘယ်နှယ့်လဲ အခုကျတော့ စားဖို့လုံလောက်တာထက်တောင် ပိုနေပြီမလား"
လူတိုင်း ပွဲကျသွားပြီး ဝါးခနဲ အော်ဟစ်ရယ်မောလိုက်ကြသည်။ ဘာပြောပြော ထိုသို့ ရယ်မောလိုက်ကြ၍ စိတ်ဖိစီးမှုများ အတော်အသင့် လျော့နည်းသွားသည်ကတော့ အမှန်ပင်။
ထိုအချိန်တွင် စုချန်းသည် ပတ်ဝန်းကျင်ကို စိုက်ကြည့်ပြီး တစုံတရာကို လေးလေးနက်နက် စဉ်းစားနေ၏။
သိပ်မကြာမီ သူတို့အားလုံးသည် ထိုအနီးအနားမှာပင် နောက်ထပ် မူလပုံစံကွက်တခုကို တွေ့ရှိလိုက်ရပြန်သည်။ ထိုအခါ ကျန့်ဟန်ဖန်းတို့လေးယောက်သည် ထိုပုံစံကွက်ကို ဓာတ်ပြယ်သွားအောင် ပြုလုပ်ရန် ဟန်ပြင်လိုက်ကြသည်။ ထိုအချိန်မှာပင် စုချန်းက ရုတ်တရက် လှမ်းပြောလိုက်၏။
"ခနနေကြအုံး ကျန်သုံးယောက်က နောက်မှာစောင့််နေ ဝေယန် ဒီပုံစံကွက်ကို မင်းတယောက်တည်း ဖြေရှင်းလို့ရနိုင်မလား စမ်းကြည့်စမ်း"
"ကျုပ်တယောက်တည်းလား"
ဝေယန် အနည်းငယ် အံ့သြသွား၏။
"ဟုတ်တယ် မင်းတယောက်တည်း ဒါကို လုပ်နိုင်မလား"
ဝေယန်က ဟေးယွန်တုံးနှင့် ချီဝေယန်ကို လှမ်းကြည့်ကာ ပြန်ဖြေလိုက်၏။
"လုပ်တော့လုပ်နိုင်လောက်တယ် ဒါပေမဲ့ ပုံမှန်ထက်တော့ နှေးသွားမှာပဲ"
ဟေးယွန်တုံး မျက်မှောင်ကုတ်သွား၏။ စုချန်းသည် အကြောင်းမရှိပဲ သူများကို ဆရာလုပ်တတ်သူ မဟုတ်ပေ။ တိကျသေချာသော အကြောင်းတစုံတရာ ရှိနေ၍သာ ဝေယန်ကို ခိုင်းစေခြင်း ဖြစ်ရမည်။ ထိုအခါ သူကလည်း ခေါင်းညိတ်ကာ ဝေယန်အား ထပ်မံ အမိန့်ပေးလိုက်၏။
"လုပ်ကြည့်စမ်းကွာ"
ကျန့်ဟန့်ဖန်းတို့သုံးယောက် နောက်ဆုတ်ပေးလိုက်ကြ၏။ ထိုအခါ ဝေယန်တယောက်တည်း ရှေ့သို့တိုးသွားလေသည်။ မူလပုံစံရှိနေသော နေရာအနီးသို့ ရောက်သွားသည်နှင့် စုချန်းက လက်တဖက်ကို မြောက်လိုက်၏။ ထိုအခါ ဝေယန်၏ ကိုယ်ခန္ဓာပတ်ပတ်လည်တွင် မက်အကာအကွယ်များ ပေါ်ပေါက်လာတော့သည်။
ထိုအချိန်မှာပင် အလင်းရောင်တန်းတခုက ဝေယန်၏ ကိုယ်ပေါ်သို့ ဘုန်းခနဲ ကျရောက်လာ၏။ ဝေယန် နောက်ဘက်သို့ လွင့်စင်သွားတော့သည်။
"ဝေယန်"
လူတိုင်း ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်ကြသည်။
ဝေယန်၏ ကိုယ်ခန္ဓာ မြေကြီးပေါ်သို့ ပြုတ်ကျခါနီးမှာပင် ချီမင်က လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ ဝေယန်သည် လေထဲမှပင် တွဲလောင်းကြီးဖြစ်နေ၏။ ထိုအချိန်တွင် ချီဝေယန်ကလည်း ရှေ့သို့ လျင်မြန်စွာ ခုန်ထွက်ပြီး ဝေယန်ကို ဖမ်းဆွဲလိုက်သည်။ လျပ်စစ်အားလှိုင်းများက ချီဝေယန်၏ ကိုယ်ပေါ်သို့ ပြောင်းလဲရောက်ရှိသွားဟန်တူ၏။ သူမ၏ မျက်နှာတခုလုံး ဖြူဖတ်ဖြူလျော်ဖြစ်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်၏။
ဝေယန်ကား မက်အကာအကွယ်နှင့် ချီဝေယန်၏ ကူညီမှုကြောင့် သက်သာသွားလေသည်။ ဒဏ်ရာမျှပင် မရလိုက်။ သူ့စိတ်ထဲတွင်တော့ သေရွာမှတခေါက်ပြန်လာသကဲ့သို့ ခံစားလိုက်ရလေသည်။
စုချန်းသည် ဒဏ်ရာပျောက်ကင်းစေသည့် ဆေးကို လျင်မြန်စွာ ထုတ်ယူပြီး ချီဝေယန်အား တိုက်ကျွေးလိုက်၏။ ဆေးဝင်သွားမှပင် သူမ၏ မျက်နှာသည် ပုံမှန်အရောင်သို့ ပြန်လည်ရောက်ရှိလာလေသည်။
ထိုအခိုက်အတန့်မှာပင် စုချန်းက အဘယ်ကြောင့် ဝေယန်တယောက်တည်းကိုသာ ခိုင်းလိုက်ကြောင်း လူတိုင်းနားလည်သွားကြ၏။ အကြောင်းမှာ သူ့အနေနှင့် လေးယောက်လုံးကို မကယ်နိုင်ပဲ တယောက်တည်းကိုသာ ကယ်တင်နိုင်သောကြောင့် ဖြစ်သည်။ လေးယောက် တပြိုင်တည်းဝင်သွားပါက သုံးယောက်မှာ သေချာပေါက် အသက်ပျောက်သွားပေလိမ့်မည်။
ကျန့်ဟန်ဖန်းတို့သုံးယောက်မှာ ဝေယန်၏ အဖြစ်ကိုကြည့်ရင်း မျက်လုံးပြူးနေကြ၏။ မူလပုံစံကွက် သူအလိုလို နိုးကြားလာသည်မှာ ဤတကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။ စုချန်းသာ ဘာမှမပြောခဲ့လျင် သူတို့လေးယောက်လုံး ဒုက္ခများသွားဖွယ်ရာ ရှိနေသည် မဟုတ်ပါလား။
ထိုအခါ ဟေးယွန်တုံးက စုချန်းက မေးလိုက်၏။
"ဒီလိုဖြစ်လာမယ်လို့ မင်းဘယ်လိုလုပ်သိနေတာလဲ"
စုချန်းက ရှင်းပြလိုက်သည်။
"မူလပုံစံကွက် သူ့အလိုလို နိုးထလာတာ ပထမတကြိမ် ကျုပ်တို့ ကြုံခဲ့ပြီးပြီလေ ဒုတိယအကြိမ်ကော ဘာကြောင့် မဖြစ်နိုင်ရမှာလဲ"
"ဘာတွေဖြစ်နေတာလဲ ဒီမူလပုံစံကွက်တွေက ဘယ်သူမှ ဘာမှမလုပ်ပဲ သူ့အလိုလို နိုးထနေရသလား"
ဝမ်ရှုအန်က စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်၏။
"ဘာကြောင့်မှန်း ကျုပ်တို့လည်း မပြောတတ်တော့ဘူးဗျို့"
ဝေယန်က ပုခုံးတွန့်ရင်း လက်လျော့ဟန်ဖြင့် ပြောလိုက်သည်။
ထိုအခါ စုချန်းက တစုံတခုကို စဉ်းစားမိဟန်ဖြင့် ပြောလိုက်၏။
"မင်းတို့ ပြောတာ ကျုပ်မှတ်မိတယ် ဒီမူလပုံစံကွက်တွေဟာ သုတေသနခန်းထဲက ဗဟိုထိန်းချုပ်ရေးစနစ်နဲ့ ထိန်းချုပ်လို့ရတယ်ဆို"
ယန်လင်းက ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ် ဗဟိုထိန်းချုပ်ရေးစနစ်အကြောင်း ကျုပ်တို့ပြောခဲ့တယ် ဒါပေမဲ့ ခုလိုမျိုးတော့မဟုတ်ဘူး ကျုပ်တို့ပြောခဲ့တာက ဒီလိုစနစ်မျိုးက သားရဲသတ္တဝါဆိုးတွေနဲ့ တခြားမျိုးစိတ်တွေကို ခွဲခြားတဲ့နေရာမှာပဲ အသုံးပြကြတယ်လို့ ပြောခဲ့တာ"
"တကယ်လို့ ဒီနေရာမှာ ကျုပ်တို့ မျှော်လင့်တာထက် ပိုပြီးရှုပ်ထွေးတဲ့ စနစ်မျိုး တပ်ဆင်ထားရင်ကော"
"မင်းဆိုလိုတာ"
"ဒီစနစ်က သားရဲသတ္တဝါဆိုးနဲ့ တခြားမျိုးစိတ်တွေကို ခွဲခြားတဲ့နေရာမှာ အသုံးပြုရုံတင်မကဘူး ကွဲပြားခြားနားတဲ့ မူလပုံစံကွက်တွေကို အလိုအလျောက် နှိုးဆွပေးဖို့ကိုပါ အသုံးပြုနိုင်တယ်ဆိုရင်ကော"
စုချန်း၏ စကားကြောင့် လူတိုင်းလိုလိုသည် ကျောစိမ့်ကုန်ကြ၏။
ယန်လင်းက တောင်၏ အမြင့်ဆုံးနေရာတွင် တည်ရှိနေသော သုတေသနအခန်းကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
"ဖြစ်နိုင်တယ်ဗျ ဒီပုံစံကွက်တွေဟာ ကာကွယ်ရေးအတွက် တပ်ဆင်ထားတာ တနည်းအားဖြင့် အပြင်က ဝင်လာတဲ့သူတွေကို ကာကွယ်ဖို့ တပ်ဆင်ထားတာပေါ့ ခု ကျုပ်တို့က ဒီပုံစံကွက်တွေကို အသက်မဲ့အာင်လုပ်လိုက်တော့ သူတို့ကို သတိပေးသွားသလို ဖြစ်သွားလိမ့်မယ် ဒီမှာတင် ပုံစံကွက်တွေက အလိုလျောက် နိုးထလာပြီး ကျုပ်တို့ကို တိုက်ခိုက်တော့တာပဲ ဒီလိုဆိုရင် ကြောင်းကျိုးဆီလျော်တယ်မလား"
ယိယွန့်ဟုန်က ဝင်ပြောလိုက်ပြန်သည်။
"ကြောင်းကျိုးဆီလျော်တာတွေ မဆီလျော်တာတွေ ဘယ်သူက ဂရုစိုက်မှာမို့လို့လဲ ကျုပ်ကတော့ ဒါကို နည်းနည်းမှ သဘောမကျဘူး"
မာရွှန်းက သူ၏ ထင်မြင်ယူဆချက်ကို ပြောလိုက်၏။
"ဒီအတိုင်းဆိုရင် ဒီနေရာမှာ တပ်ဆင်ထားတဲ့ ဗဟိုထိန်းချုပ်ရေးစနစ်က သာမာန်တော့မဟုတ်ဘူးပဲ"
"အဲဒါတွေက အရေးမကြီးပါဘူးကွာ အရေးကြီးတာက ကျုပ်တို့ အဲဒီနေရာကို ဘယ်လိုရောက်အောင်သွားမလဲ ဆိုတာပဲ ကျုပ်တို့ ခရီးအရှည်ကြီးကျန်နေသေးတယ်"
ထန်းမင်က စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
ကျန့်ဟန်ဖန်းက လက်မှိုင်ချလိုက်ဟန်ဖြင့် ပြောလိုက်ပြန်သည်။
"ကျုပ်တော့ ဘာလုပ်ရမှန်းကို မသိတော့ဘူး ကျုပ်တို့ အနားကပ်လိုက်တာနဲ့ ဒီပုံစံကွက်တွေက အလိုအလျောက် နိုးထလာတော့ ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး"
"ဒီလောက်လည်းစိတ်မပျက်ကြနဲ့ မင်းတို့အနေနဲ့ လုပ်နိုင်တာတော့ ရှိသေးတယ်"
စုချန်းက နှစ်သိမ့်လိုက်၏။
"အနည်းဆုံးတော့ ဒီပုံစံကွက်တွေ ဘယ်နေရာမှာရှိနေတယ်ဆိုတာ မင်းတို့ ရှာဖွေညွှန်ပြပေးလို့ရတယ်လေ ဒါဆိုရင် ဒီပုံစံကွက်တွေကို အသက်မဲ့သွားအောင် မလုပ်နိုင်သည့်တိုင်အောင် ကျုပ်တို့က အင်အားသုံးပြီး ဖျက်ဆီးပစ်လို့ရတယ်"
စုချန်း ပြောလိုက်သောစကားမှာ သွေးထွက်အောင် မှန်ကန်လှပေသည်။ မူလပုံစံများအား ကျွမ်းကျင်မှုဖြင့် အသက်မဲ့အောင် မလုပ်နိုင်လျင် ခွန်အားသုံး၍ ဖျက်ဆီးပစ်ရန်သာ ရှိသည်။ တနည်းအားဖြင့် ဤနည်းလမ်းသည် သတ်ဖြတ်သူများ အသုံးပြုလေ့ရှိသော နည်းလမ်းလည်း ဖြစ်သည်။
အတန်ကြာသော် ဖန်းယီကုသည် ကျန့်ဟန့်ဖန်းတို့လေးယောက်ကိုယ်စား ရှေ့ဆုံးမှ ဦးဆောင်ပြေးလွှားလျက် ရှိလေပြီ။ သူသည် လိပ်ခွံနည်းစနစ်၊ သတ္တုစစ်သုံးကိုယ်ခန္ဓာနှင့် မှော်အကာအကွယ်တို့ကို အမြင့်ဆုံးအနေအထားထိ နှိုးဆွထား၏။ သူသည် ကျန့်ဟန်ဖန်းတို့၏ လမ်းညွှန်ချက်အတိုင်း မူလစွမ်းအင်ပုံစံ တည်ရှိသည့်နေရာသို့ ဦးတည်ပြေးလွှားနေခြင်း ဖြစ်သည်။ ဖြုန်းခနဲဆိုသလို ဘာမှမလုပ်လိုက်ရပဲ မီးလျံစက်လုံးတလုံးက ဖန်းယီကုအား လာရောက်ထိမှန်၏။
မီးတောက်မီးလျံများကြားတွင် ဖန်းယီကု၏ ကိုယ်ခန္ဓာမှာ သတ္တုစစ်နတ်ဘုရားနှင့်ပင် တူနေသေးသည်။ မီးလျံစက်လုံးကြောင့် သူ့တကိုယ်လုံး မဲနက်သွားသည်မှအပ မည်သည့်ဒဏ်ရာမျှ မရလိုက်ချေ။
"ဟေး ဟုတ်ပြီကွ"
လူတိုင်း ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။
"ကြည့်ရတာ ဒီနည်းလမ်းက မင်းတို့နည်းလမ်းထက် ပိုပြီး အဆင်ပြေသယောင်ရှိတယ်ကွ"
တွန့်ကျန့်ချန်းက ကျန့်ဟန်ဖန်း ပုခုံးကိုပုတ်ရင်း ရယ်မောကာ ပြောလိုက်သည်။ နှိမ့်ချဆက်ဆံခံလိုက်ရ၍ ကျန့်ဟန်ဖန်းက မကျေမနပ်နှင့် ပြန်ပြောလိုက်သည်။
"ဒီနည်းလမ်းက အလုပ်ဖြစ်တာတော့ မှန်တယ် ဒါပေမဲ့ မူလစွမ်းအင် အလွန်ကုန်ခန်းပြီး အန္တရာယ်လည်းများတယ်ဗျ ပြီးတော့ မူလပုံစံကွက်တွေကို ပြန်ပြီး အသက်သွင်းလို့မရတော့တဲ့အတွက် ကျုပ်တို့နောက်ကလိုက်လာမဲ့ သတ်ဖြတ်သူတွေကို လမ်းဖွင့်ပေးသလို ဖြစ်နေတော့မှာပဲ"
"သိပ်လည်းစိတ်မပူပါနဲ့ကွ ဒီမတိုင်ခင်က ပုံစံကွက်တွေကတော့ အသက်သွင်းပြီး ကျန်နေခဲ့သားပဲ ဒီလောက်ဆိုရင် ဒီကောင်တွေကို ဒုက္ခပေးဖို့ လုံလောက်တာထက်တောင် ပိုနေသေးတယ်"
ထိုစကားကို ကြားလိုက်သည်နှင့် စုချန်း တွေခနဲဖြစ်သွား၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဝေယန် ဒီကို ခနလောက် လာပါအုံးကွာ"
"ဘာဖြစ်လို့လဲဗျ"
ဝေယန်ကလည်း ချက်ချင်းပင် အပြေးတပိုင်းနှင့် ပေါက်ချလာ၏။ စုချန်းက သူ့အနားသို့ကပ်ပြီး ခပ်တိုးတိုး ပြောလိုက်ရာ ဝေယန် ထိတ်လန့်တုန်လှုပ်သွား၏။
"ဒါတကယ်ပဲ လိုအပ်လို့လားဗျ"
"လိုမယ်မလိုဘူးဆိုတာ မင်းစိတ်ပူနေစရာမလိုဘူး လုပ်မယ်သာသွားလုပ်စမ်းပါကွာ"
ဝေယန် ခေါင်းကို ကမန်းကတန်း ညိတ်ပြလိုက်၏။ ထို့နောက် သူက အမြင်စစ်မှန်ကို ကျန့်ဟန်ဖန်းအား ပေးလိုက်ပြီး နောက်သို့ ပြန်လျှောက်သွားလေသည်။
ကျန်လူများက ၎င်းကိုကြည့်ရင်း စိတ်ရှုပ်ထွေးကုန်ကြ၏။ စုချန်းက ရှင်းပြလိုက်သည်။
"သူ့ကို ကျုပ်က သီးခြားတာဝန်တခု ပေးလိုက်တာပါ သူ ခနနေရင် ပြန်လာလိမ့်မယ် စိတ်မပူကြနဲ့"
"မင်း ဘာတွေကြံစည်နေပြန်တာတုန်း"
ဟေးယွန်တုံးက မေးလိုက်၏။
"သိပ်ထူးထူးခြားခြားမဟုတ်ပါဘူးဗျာ ကြိုတင်ကာကွယ်ရေး အစီအမံတချို့ လုပ်ခိုင်းလိုက်တာပါ"
စုချန်းက မထုံတက်တေး အမူအရာနှင့် ပြန်ဖြေလိုက်လေသည်။