တောင်အတွင်းပိုင်းဆီသို့ ဝင်ရောက်ခြင်း ၂
Vol. 33 Ch. 321
မူလပုံစံများအား ခွန်အားသုံး၍ဖျက်ဆီးခြင်းသည် ကျောင်းသားများအတွက် ပို၍ ထိရောက်ဟန်ရှိပြီး သူတို့သည် မြန်မြန်ဆန်ဆန်ပင် ခရီးဆက်လာနိုင်ခဲ့ကြ၏။
ကျန့်ဟန်ဖန်းက မူလပုံစံ၏ တည်နေရာကို ရှာဖွေပေးပြီး ယန်လင်းကမူ ၎င်း၏ အင်အားကို ဆုံးဖြတ်ပေး၏။ အကယ်၍ မူလပုံစံသည် အဆင့်၅ သို့မဟုတ် ထိုထက်နိမ့်ပါက သူတို့သည် ဖန်းယီကု၏ ခုခံနိုင်စွမ်းကို အမှီသဟဲပြုကာ ထိုမူလပုံစံကို ကျော်ဖြတ်ကြလေသည်။
အကယ်၍ သူတို့အနေနှင့် အလွန်အားကောင်းသော မူလပုံစံနှင့် တွေ့ပါက ခပ်လှမ်းလှမ်းမှ ထိုမူလပုံစံကို နိုးထလာအောင် ဆောင်ရွက်ကြည့်ကြလေသည်။ အဆင်မပြေလျင်တော့ ထိုလမ်းကို ဆက်မသွားတော့ပဲ လမ်းလွဲမှ ခရီးဆက်ခဲ့ကြ၏။
သို့သော် အခြေအနေသစ်တခုကား မြန်မြန်ဆန်ဆန်ပင် ဖြစ်ပေါ်လာခဲ့ပြန်သည်။
မူလပုံစံတချိူ့ကို ဖြတ်ကျော်လာခဲ့ပြီးနောက် ဖန်းယီကုသည် နောက်ထပ် မူလပုံစံတခုရှိရာသို့ ရောက်ရှိလာပြန်၏။ ဤတကြိမ်တွင်တော့ ထိုမူလပုံစံက နိုးထလာခြင်းမရှိတော့။ ဖန်းယီကုသည် အကာအကွယ်များကို စနစ်တကျ ပြင်ဆင်ပြီး သူ့ထံသို့ ကျရောက်လာမည့် ပေါက်ကွဲမှုကို စောင့်ဆိုင်းနေ၏။ သို့သော် ဤတကြိမ်တွင်တော့ ဘာထူးခြားမှုမှ ဖြစ်ပေါ်မလာခဲ့ချေ။
ထိုအခါ သူက နောက်ကိုလှည့်ကြည့်ပြီး အော်ဟစ်လိုက်၏။
"ဒီတခါတော့ ဘာမှမထူးခြားပါလား ကျုပ် ဘာဆက်လုပ်ရမလဲဗျ"
ကျန့်ဟန့်ဖန်းတို့မှာ တယောက်မျက်နှာကို တယောက် စိုက်ကြည့်နေကြလေသည်။
ထိုအခါ ဟေးယွန်တုံးက မေးလိုက်၏။
"အဲဒီနေရာမှာ မူလပုံစံရှိနေတယ်ဆိုတာ မင်း သေကောသေချာလို့လား"
ကျန့်ဟန်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။
"သေချာပါတယ် အဲဒီနေရာမှာ အဆင့်၅ မူလပုံစံရှိနေတယ် လေလှိုင်းအမျိုးအစား ပုံစံကွက်ပဲ အဲဒါကြီးသာ နိုးထလာရင် မရေမတွက်နိုင်တဲ့ လေလှိုင်းဓားသွားတွေ ထွက်ပေါ်လာလိမ့်မယ်"
"ခုကျတော့ ဘာမှမဖြစ်ပါလား"
"အဲဒီတော့ အခြေအနေက ပိုပြီး ခက်သွားပြီပေါ့"
ယန်လင်းက သက်ပြင်းချရင်း ဝင်ပြောလိုက်သည်။
မှန်ပေ၏။ အခြေအနေမှာ ကိုင်ရတွယ်ရ ပိုခက်သွားခြင်း ဖြစ်သည်။ ဖန်းယီကု ရှိနေစဉ် အသက်မဲ့နေသော မူလပုံစံသည် ကျန့်ဟန့်ဖန်းတို့ ချည်းကပ်သွားမှ ရုတ်တရက် နိုးထလာလျင် ခက်ပေပြီ။ ကျန့်ဟန်ဖန်းတို့၏ အနေအထားအရ အဆင့် ၅မူလပုံစံမဆိုထားနှင့် အဆင့်၄ မူလပုံစံအောက်တွင်ပင် အသက်ရှင်နိုင်ရန် ခဲယဉ်း၏။
ထိုအခါ ဝမ်တောက်ရှန်းက တစုံတရာကို သင်္ကာမကင်းဖြစ်လာဟန်ဖြင့် မျက်မှောင်ကုတ်ကာ မေးလိုက်သည်။
"မူလပုံစံတွေကို ဗဟိုထိန်းချုပ်ရေးစနစ်က ထိန်းချုပ်နေတယ်ဆိုတာ အမှန်ကောဟုတ်ရဲ့လား ကောက်ကျစ်ယုတ်မာတဲ့ အာကင်နာပညာရှင်တယောက် ထိန်းချုပ်နေတာတော့ မဟုတ်လောက်ပါဘူးနော်"
"နှစ်ပေါင်းသိန်းနဲ့ချီပြီး ဘယ်သူမှ အသက်မရှင်နိုင်ပါဘူးဗျာ"
မာရွှန်းက ပြန်ပြောလိုက်၏။
"ဒါပေမဲ့ ဒီထိန်းချုပ်ရေးစနစ်က အသိညဏ်ရှိနေသလိုပဲကွ"
ဝမ်တောက်ရှန်းက ပြန်ပြောလိုက်၏။
အမှန်တကယ်လည်း ဝမ်တောက်ရှန်း၏ စကားက မှန်နေ၏။ ထိန်းချုပ်ရေးစနစ်သည် အခြေအနေနှင့် လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်စွမ်းရှိနေဖြင့် အသိညဏ်ရှိသည်ဟုပင် ဆိုရတော့မည် ဖြစ်သည်။
"အသိညဏ်ရှိတာတွေ မရှိတာတွေ စိတ်မဝင်စားဘူး ကျုပ်အခု ဘာဆက်လုပ်ရမလဲဆိုတာပဲ စိတ်ဝင်စားတယ်"
ဖန်းယီကုက မူလပုံစံ၏ ဘေးနားတွင် ရပ်နေရင်း စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
"ကျုပ် ကြိုးစားကြည့်မယ်"
စုချန်း၏ စကားသံပင်။
"ခင်ဗျားက"
ဖန်းယီကုက မယုံနိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။
"ဟုတ်တယ် ကျုပ် လုပ်ကြည့်မယ် ဖန်းယီကု မင်းက နောက်နည်းနည်းဆုတ်လိုက် ကျန့်ဟန်ဖန်း မင်းတို့လေးယောက်က ရှေ့နည်းနည်းတိုးပြီး ဒီမူလပုံစံကို ဘယ်လိုအသက်မဲ့အောင် လုပ်ရမလဲဆိုတာ ပြောပြပေး"
"အစ်ကိုကြီးသုံး ခင်ဗျား ဒါကို တခါမှမလုပ်ဖူးဘူးလေ မူလပုံစံက သေချာပေါက်နိုးထလာမှာပဲဗျ"
ကျန့်ဟန်ဖန်းက စိုးရိမ်တကြီးနှင့် ပြောလိုက်၏။
"ဒါဆိုရင် ကိစ္စတခု ရှင်းသွားတာပေါ့ကွာ"
စုချန်းက ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။ ထို့နောက် သူသည် အက်ဒမန်တင်းကိုယ်ခန္ဓာကို နှိုးဆွကာ မက်အကာအကွယ်ကိုပါ ထပ်မံအားဖြည့်လိုက်၏။
ခုခံရေးစွမ်းရည်တွင် သူသည် ဖန်းယီကုလောက် မကောင်း။ သို့သော် ကျန့်ဟန်ဖန်းနှင့် တခြားလူများထက်တော့ များစွာ သာလွန်နေ၏။ ထို့ကြောင့် အဆင့်၅ မူလပုံစံသည် သူ့ကို ဒဏ်ရာရကောင်းရစေနိုင်လိမ့်မည်။ သို့သော် သေအောင်မသတ်နိုင်သည်ကတော့ သေချာနေ၏။
စုချန်းသည် မူလပုံစံရှေ့သို့ ရောက်သွားသည်နှင့် ကျန့်ဟန်ဖန်းအား လှမ်းမေးလိုက်၏။
"ကဲ ကျုပ် ဘာလုပ်ရမလဲ ပြောပြပေတော့"
ကျန့်ဟန်ဖန်းတို့လေးယောက်သည် တယောက်မျက်နှာကို တယောက် စိုက်ကြည့်လိုက်ကြ၏။ နောက်ဆုံးတော့ ကျန့်ဟန်ဖန်းက သက်ပြင်းတချက်ချရင်း ပြောလိုက်သည်။
"အစ်ကိုကြီးသုံး ခင်ဗျားရဲ့ မူလစွမ်းအင်ကို ဖြေလျော့ပြီး မောင်းခလုတ် အမှတ်နေရာကို ရှာဖွေနိုင်ဖို့ လှုပ်ရှားမှုတွေကို အာရုံခံကြည့်ပါ ...ဟုတ်ပြီ အဲဒီ ဟနေတဲ့နေရာလေးက မောင်းခလုတ်အမှတ်နေရာပဲ အဲဒီနေရာကနေ လေဓားသွားတွေ ထွက်လာလိမ့်မယ်ဗျ ဒါကိုသိထားရင် အနည်းဆုံးတော့ လေဓားသွားတွေ ကိုယ့်မျက်နှာကို လာမထိအောင် ကာကွယ်နိုင်တာပေါ့...ဟုတ်ပြီ အဲဒါပြီးတော့ မူလစွမ်းအင်ကွင်းဆက်နေရာကို ဆက်ရှာ...ဟော တွေ့သွားပြီမလား...အစ်ကိုကြီးသုံး...အဲဒါကို ဖြတ်လိုက်...ဟာ..သွားပြီ"
ကျန့်ဟန်ဖန်း၏ အာမေဋိတ်သံ မဆုံးမီမှာပင် အုန်းခနဲမြည်သံနှင့်အတူ စုချန်း ရှေ့ရှိ ကျောက်တုံးကြီး ပေါက်ကွဲသွား၏။ ထို့နောက် ဟနေသောနေရာမှ ထက်မြည့်နေသော ဓားသွားကြီးတခု တိုးထွက်လာပြီး စုချန်းကို ဖြတ်ကျော်သွားက မြေပြင်ကို ဓားရာကြီးပေးသွားရုံသာမက သစ်ပင်များကိုပါ ဖြတ်တောက်ပြီးမှ ပျောက်ကွယ်သွားလေသည်။
ကျေးဇူတင်စရာကောင်းသည်မှာ ထိုအတွက် လူတိုင်းက ကြိုတင်ပြင်ဆင်ထားခြင်းပင်။ စုချန်းကတော့ ဓားသွားကြောင့် နောက်ဘက်သို့ လွင့်စင်သွားပြီး မက်အကာအကွယ်တခုလုံး ပျက်စီးသွားတော့သည်။
"အစ်ကိုကြီးသုံး"
လူတိုင်း ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်ကြ၏။
စုချန်းက ပါးစပ်မှသွေးများကို သုတ်ကာ ကျောင်းသားများအား နေရာတွင်ပင် ရပ်နေရန် လက်ကာပြရင်း ပြောလိုက်သည်။
"ရတယ် ကျုပ်ဘာမှမဖြစ်ဘူး ဆက်လုပ်ကြတာပေါ့ နောက်ထပ် မူလပုံစံကွက်က ဘယ်မှာလဲ"
ကျန့်ဟန်ဖန်း ဘာမှမတတ်နိုင်တော့။ စိတ်မသက်မသာ ဖြစ်နေသော အမူအရာနှင့် ပြောလိုက်သည်။
"ဟော ဟိုက အစိမ်းဖျော့ရောင် သစ်ပင်ပေါ်မှာ သစ်သားအမျိုးအစား မူလပုံစံရှိတယ် ခင်ဗျားအနေနဲ အဆိပ်ကို ကြိုတင်ကာကွယ်ထားဖို့သင့်တယ်"
စုချန်းသည် ထိုနေရာသို့ လျှောက်သွားပြီး ကျန့်ဟန်ဖန်းတို့၏ ညွှန်ကြားချက်အတိုင်း မူလပုံစံကို အသက်မဲ့အောင် ဆောင်ရွက်လိုက်၏။ ဤတကြိမ်တွင် သူ့အနေနှင့် အမှားမရှိတော့။
မူလပုံစံသည် မြန်မြန်ဆန်ဆန်ပင် အသက်မဲ့သွား၏။ ထိုအခါ စုချန်းသည် ရှေ့တိုးပြီး နောက်ထပ်မူလပုံစံတခုကို အသက်မဲ့အောင် ပြုလုပ်လိုက်ပြန်သည်။
ထိုအခါ မူလပုံစံများအား အသက်မဲ့အောင် ပြုလုပ်ရခြင်းသည် မိန်းကလေးများအား ရွေးချယ်ရခြင်းနှင့်ပင် ခပ်ဆင်ဆင်တူနေကြောင်း စုချန်း သဘောပေါက်လာ၏။
သင့်အနေနှင့် မိန်းကလေးတယောက်ကို တွေ့ပါက အစိမ်းသက်သက် ဝင်ရော၍မရပေ။ တယောက်နှင့်တယောက် အပြန်အလှန် ခင်မင်ရင်းနှီးလာစေရန် ဆောင်ရွက်ရမည် ဖြစ်သည်။ ရင်းနှီးလာမှ နောက်တဆင့်တက်၍ မိန်းကလေး၏ အားနည်ချက် တနည်းအားဖြင့် အကြိုက်ကိုသိအောင် လုပ်ရမည်ဖြစ်သည်။ နောက်ဆုံးအနေနှင့် သင်သည် ထိုအားနည်းချက်ကို အကြောင်းပြုကာ အခွင့်အရေးကြုံလာသည်နှင့် မိန်းကလေး၏ အကာအရံတံတိုင်းများကို အပီအပြင် ဖြိုခွဲရပေလိမ့်မည်။
ထို့ကြောင့် ဤနေရာတွင် တွေးခေါ်ရသောလမ်းစဉ်မှာ တူညီနေ၏။ တခုတည်းသော ကွဲပြားခြားနားချက်မှာ မူလပုံစံနှင့် မိန်းကလေး ဖြစ်နေခြင်းပင်။
မီးလျံအမျိုးအစား၊ မိုးကြိုးအမျိုးအစား၊ လေအမျိုးအစား စသောစသော မူလပုံစံများသည် ကိုယ်ရည်ကိုယ်သွေး အမျိုးမျိုးရှိနေသော မိန်းကလေးများကဲ့သို့ပင်။ ထိုအခါ သင့်အနေနှင့် စိတ်ရှည်ရှည်ထားပြီး တဆင့်ချင်းဆောင်ရွက်သွားရန်သာ လိုအပ်ပေသည်။
ထိုအခါ စုချန်းသည် လုပ်ရင်းကိုင်ရင်းနှင့်ပင် အရသာတွေ့လာ၏။ သူ၏ တိုးတက်မှုမှာကား မြန်ဆန်လှသည်။ တချို့နေရာများတွင် ကျန့်ဟန်ဖန်း၏ တဆင့်ချင်း လမ်းညွှန်မှုပင် မလိုတော့ပဲ နည်းနည်းပါးပါး အရိပ်အမြွတ်လောက် ပြောလိုက်ရုံနှင့် ပြီးစီးသည်အထိ ကိုယ့်ဖာသာကိုယ် ဆောင်ရွက်နိုင်လာ၏။
လူတိုင်းလိုလိုသည် စုချန်း၏ တိုးတက်မှုကိုကြည့်ရင်း အံ့သြနေကြလေသည်။ ကျန့်ဟန်ဖန်းကတော့ ပါးစပ်မှပင် ထုတ်ဖော်ချီးကျူးလိုက်၏။
"တတိယအစ်ကိုကြီးကတော့ တကယ့်ပါရမီရှင်ပဲ အချိန်ပေးပြီးသာ လေ့လာလိုက်ရင် မူလစွမ်းအင်ပုံစံပညာရှင်တပါးတောင် ဖြစ်နေလောက်ပြီ"
"အသက်မဲ့အောင်လုပ်ရတာဟာ မူလပုံစံတခု တည်ဆောက်ရတာထက် အများကြီး ပိုလွယ်တာပေါ့ကွာ ဘာပဲဖြစ်ဖြစ် ငါလုပ်တာ အကျိုးရှိတဲ့အတွက် ဝမ်းသာပါတယ်"
စုချန်းက ရယ်မောရင်း နောက်ထပ် မူလပုံစံတခုကို အသက်မဲ့အောင် ပြုလုပ်လိုက်ပြန်သည်။
အချိန်သည် မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။ နေဝင်သွားခဲ့လေပြီ။ ထိုအခါ သူတို့အဖွဲ့သည် သင့်လျော်သော တနေရာတွင် စခန်းချလိုက်ကြ၏။ ညရောက်သည်နှင့် ကျောင်းသားအများစုမှာ အနားယူနေကြပြီး တချို့ကတော့ ကင်းစောင့်နေကြ၏။ သို့သော် အနားယူနေသော ကျောင်းသားများမှာလည်း အိပ်မပျော်နိုင်ပဲ ဖြစ်နေကြလေသည်။
နောက်တနေ့မိုးလင်းသည်နှင့် သူတို့သည် တောင်အတွင်းပိုင်းဆီသို့ ဆက်လက်ထိုးဖောက်ဝင်ရောက်ခဲ့ကြလေသည်။ ကြည့်ရသည်မှာ အာကင်နာသုတေသနဌာနသည် ယခင်က မိုးကုပ်စက်ဝိုင်းလောက် ဝေးနေရာမှ ယခုတွင် လက်နှင့်တို့ထိ၍ ရပုံပေါ်သည်အထိ နီးကပ်လာ၏။
ဤလေဟာနယ်မှာကား လျှို့ဝှက်ဆန်းကြယ်လှ၏။ မည်သူမှ မရောက်သည်မှာ နှစ်ပေါင်း ၃၆၀၀၀၀လောက်ပင် ရှိနေဟန်ပေါ်သည်။ ထို့ကြောင့် သုတေသနအခန်းထဲဝယ် ဘာတွေများ ရှိနေမည်နည်းဟု စဉ်းစားကာ ကျောင်းသားတိုင်းလိုလိုသည် အထူးပင် စိတ်လှုပ်ရှားနေကြလေသည်။
ဤနည်းအတိုင်း သူတို့ သုံးရက်လုံးလုံး ခရီးဆက်ခဲ့ပြီး ဖြစ်သည်။ ယခုတော့ ကျိယွာယု၏ အကူအညီနှင့် သုတေသနအခန်းသည် သိပ်မဝေးလှတော့ကြောင်း သူတို့အားလုံး သိရှိထားပြီးဖြစ်သည်။
ဤအတောအတွင်းဝယ် သားရဲသတ္တဝါဆိုးများကလည်း အကြိမ်ရေအတော်များများ သူတို့အား ဝင်ရောက်တိုက်ခိုက်ကြသေး၏။ သို့သော် သူတို့၏ စုပေါင်းလုပ်ဆောင်နိင်စွမ်းမှာ အလွန်ပင် ကောင်းမွန်နေခဲ့လေရာ မည်သူမှ အထိအခိုက်မရှိခဲ့။
တောင်ထိပ်သို့ လှမ်းကြည့်လျင် သုတေသနဓာတ်ခွဲခန်းကိုပင် ရှင်းရှင်းလင်းလင်း မြင်တွေ့နေခဲ့ရလေပြီ။
သူတို့ကသာ သုတေသနအခန်းဟု သမုတ်နေကြသော်လည်း ထိုအဆောက်အအုံမှာကား အခန်းတခန်းထက်စာလျင် တောင်ထိပ်တွင် တည်ဆောက်ထားသည့် ရဲတိုက်နှင့်ပို၍ တူနေ၏။ အဆောက်အအုံအတွင်းမှ ထူထည်းသိပ်သည်းသော မူလစွမ်းအင်လှိုင်းများက တရှိန်းရှိန်း တိုးထွက်နေလေသည်။
ထိုနေရာသို့အရောက်တွင် မည်သည့်ကန့်သတ်ချက်မှ မရှိတော့လေရာ သူတို့အားလုံး တောင်ထိပ်သို့ မြန်မြန်ဆန်ဆန်ပင် ရောက်ရှိလာခဲ့ကြ၏။ ရည်မှန်းချက်နေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက်တော့ ရောက်ရှိလာခဲ့ပေပြီ။
ထိုအခါ ဝမ်တောက်ရှန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
"နောက်ဆုံးတော့ ရောက်လာခဲ့ပြီ အထဲမှာ ဘာတွေရှိသလဲဆိုတာ သိချင်နေပြီဗျို့"
"အားလုံးသတိထားကြဗျို့"
ထိုစဉ် ကျိယွာယုက အော်ဟစ်သတ်ပေးလိုက်သည်။
"သုတေသနအခန်းကို အားကောင်းတဲ့ လေဟာနယ်ဖိနှိပ်အားတွေ ဝန်းရံထားတယ်လို့ ကျုပ် ခံစားမိတယ် အထဲကို ကျုပ်တို့ လွယ်လွယ်နဲ့ ဝင်နိုင်မဲ့ပုံမပေါ်ဘူး"
"အထဲကို ဒီအတိုင်းဝင်သွားလိုက်တော့ ဘာဖြစ်လာမှာမို့လို့လဲ"
ဟေးယွန်တုံးက မေးလိုက်၏။
"အဲဒါကြီး နိုးထလာမှာပေါ့ဗျ"
နိုးထလာမယ်...
ဘာနိုးထလာမှာမို့လို့လဲ...
ကျောင်းသားများအားလုံး တယောက်မျက်နှာကို တယာက် စိုက်ကြည့်လိုက်ကြ၏။
"ဒီလိုဗျာ ခင်ဗျားတို့အားလုံး ဒီတောင်ကြီးကို စာရွက်အပိုင်းအစလေးအဖြစ် မြင်ကြည့် ခုဆိုရင် ဒီစာရွက်အပိုင်းအစလေးဟာ အထဲကို တဖြည်းဖြည်းနဲ့ ကျုံဝင်နေတယ် ဒီဖိအားကို ခင်ဗျားတို့က ဖျက်ဆီးလိုက်ရင် အထဲကိုကျုံ့ဝင်နေတဲ့ စာရွက်ဟာ ရုတ်တရက်ဆိုသလို ဆန့်ထွက်သွားမှာပဲ ဒါဆိုရင် ဘာတွေဖြစ်လာမလဲ ခင်ဗျားတို့ မြင်ယောင်ကြည့်ကြစမ်း"
ကျိယွာယု၏ အမေးကို ချီဝေယန်က ပြန်ဖြေလိုက်သည်။
"ကျုံဝင်တဲ့နေရာကနေ ဆန့်ထွက်သွားတော့ ပိုပြီး ကြီးလာမှာပေါ့ ဟုတ်တယ်မလား"
"ဟုတ်တယ်"
ကျိယွာယုက ခေါင်းညိတ်ပြလိုက်သည်။
သို့သော် ကျောင်းသားများမှာ မည်သို့မှ နားမလည်နိုင်ပဲ ဖြစ်နေကြ၏။ ကြီးလာလျင် ကြီးလာသည်ပဲပေါ့။ ဘာကြောင့် ကျိယွာယုက အလေးအနက်ထား၍ ပြောနေရသနည်း။
ထိုအခါ စုချန်းက မေးလိုက်၏။
"သက်ရောက်မှုတွေက သိပ်ပြီး သေးမှာတော့ မဟုတ်ဘူး ဟုတ်တယ်မလား"
ကျိယွာယုက ရယ်မောလိုက်သည်။
"တောင်ကြီးတတောင်လုံး ကစဉ့်ကလျား ဖြစ်သွားမှတော့ သက်ရောက်မှုတွေက ဘယ်သေးပါ့မလဲဗျာ"
"ဒီအတိုင်းဆိုရင် မလွယ်ဘူးပဲ"
စုချန်းက မှတ်ချက်ချလိုက်၏။
"ပိုဆိုးတာက သက်ရောက်မှုပမာဏကြီးမားရင် အပျက်အစီးသိုက်ရဲ့ ဖြစ်တည်မှုကိုပါ ထိခိုက်လာနိုင်တာပဲ"
ထိုအခါကျမှ လူတိုင်းသည် ကျိယွာယု၏ ဆိုလိုရင်းကို နားလည်ကုန်ကြ၏။ ဤအတိုင်းသာဆိုရင် အပျက်အစီးသိုက်အတွင်း သူတို့ နေထိုင်နိုင်မည့်အချိန်ကာလသည် များစွာ တိုတောင်းသွားနိုင်သည် မဟုတ်ပါလား။
ဟေးယွန်တုံးက အမိန့်ပေးလိုက်၏။
"ဒီအတိုင်းဆိုရင် ငါတို့ ဒီအတိုင်း ဝင်သွားလို့မရဘူး ယွာယု မင်းက ဝေယန် ဟန်ဖန်း တခြားလူတွေနဲ့ အတူသွားပြီး ဖိအားအလွှာကို ထိုးဖောက်နိုင်မဲ့ နည်းလမ်းကို ရှာဖွေစမ်း"
ကျိယွာယုက ခေါင်းညိတ်ပြလိုက်၏။
ထိုစဉ် စုချန်းက
"ခနလေးစောင့်ကြပါအုံးဗျ ဝေယန်မှာ လုပ်စရာတခုရှိသေးတယ်"
ပြောပြာဆိုဆို သူက ဝေယန်ကို လှည့်ကြည့်လိုက်ရာ ဝေယန်ကလည်း နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြပြီး ထိုနေရာမှ ထွက်ခွာသွားလေသည်။ လူတိုင်း အံ့သြသင့်ကုန်ကြ၏။ စုချန်းနှင့် ဝေယန် ဘာတွေလုပ်နေကြသနည်း။
ဟေးယွန်တုံးက ခေါင်းဆောင်ပီပီ မနေသာတော့ပဲ မေးလိုက်သည်။
"ကျုပ်တို့အားလုံး ဖိအားအလွှာကို ထိုးဖောက်နိုင်ဖို့ အာရုံစိုက်နေတယ်ဆိုတာတော့ မင်းသဘောပေါက်ပါတယ်နော်"
စုချန်းက ခေါင်းညိတ်ပြလိုက်သည်။
"ကျုပ်သိပါတယ် ဒါပေမဲ့ ကျုပ် သူ့ကို အကြာကြီး မလိုပါဘူး ကြိုတင်ကာကွယ်ရေး အစီအမံတချို့ ဆောင်ရွက်ဖို့ အချိန်နည်းနည်းလောက်ပဲ လိုတာပါ"
ဟေးယွန်တုံး ဘာမှဆက်မပြောတော့။ သူသည် စုချန်းကို ယခင်က ယုံကြည်ခဲ့သလိုပင် ယခုလည်း ဆက်လက်ယုံကြည်ထား၏။
နေ့ဝက်အကြာတွင် ဝေယန်ပြန်ရောက်လာ၏။ ထို့နောက် သူသည် ကျန့်ဟန်ဖန်းတို့ လေဟာနယ်ဖိအားပုံစံ ဖြေရှင်းနေသည့်နေရာတွင် ဝင်ရောက်ကူညီလေ၏။
လေဟာနယ်ဖိအားပုံစံမှာ အလွန်ရှုပ်ထွေးလှပြီး အသက်မဲ့အောင် ပြုလုပ်ရန်မှာ မလွယ်။ ကျိယွာယု၏ အကူအညီသာ မပါလျင် ကျန့်ဟန်ဖန်းတို့လေးယောက်ကား အထူးပင် ဒုက္ခများဖွယ်ရာရှိသည်။ ယခုလည်း သူတို့သည် အဆင့်တိုင်းကို ဂရုတစိုက်နှင့် ဆောင်ရွက်နေရ၏။
နောက်ဆုံးတော့ ကျန့်ဟန်ဖန်းက ပြောလိုက်သည်။
"ဒီနှုန်းထားအတိုင်းသာဆိုရင် နောက်ထပ် နေ့တဝက်လောက်ဆိုရင် ကျုပ်တို့ အောင်မြင်ပြီ"
ထိုအချိန်မှာပင်
ဘုန်း!!!
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။
သူတို့အောက်ရှိတောအုပ်တနေရာမှ မီးတောက်မီးလျံများ တိုးထွက်လာပြီး ပြင်းထန်လှသော အားလှိုင်းများ ပတ်ဝန်းကျင်တခုလုံးသို့ ရိုက်ခတ်လာ၏။ သစ်ပင်အတော်များများ မီးလောင်ကျွမ်းကုန်ကြောင်း သူတို့ မြင်တွေ့နေရလေသည်။
"ဘာတွေဖြစ်နေတာလဲ"
လူတိုင်း အံ့သြသင့်နေကြ၏။ ဝေယန်က ရှင်းပြလိုက်သည်။
"ဘာမှစိတ်မပူကြပါနဲ့ ကျုပ် ခုနက တပ်ဆင်ခဲ့တဲ့ ငရဲမီးလျံပုံစံကွက် ပေါက်ကွဲတာပါ"
ငရဲမီးလျံပုံစံဆိုပါကလား...
"စုချန်း လုပ်ခိုင်းတာလား"
ဟေးယွန်တုံးက မေးလိုက်၏။
"ဟုတ်တယ် ပြီးခဲ့တဲ့ သုံးရက်ကတည်းက အစ်ကိုကြီးသုံးဟာ ရနိုင်သမျှ ကုန်ကြမ်းတွေကို စုစည်းပြီး ဒီပုံစံကွက် တည်ဆောက်စေခဲ့တယ် အဲဒီတုန်းကတောင် ကျုပ်က သူ အစိုးရိမ်ကြီးလှချည်ရဲ့လို့ ထင်မိခဲ့သေးတယ် ခုလိုကျတော့ သူစိုးရိမ်တာ မမှားဘူးပဲ"
"ဘယ်သူတွေကြောင့် ပေါက်ကွဲတာလဲ"
မေးမြန်းသံ ပေါ်လာ၏။
"မေးနေစရာလိုလို့လားကွာ သတ်ဖြတ်သူတွေကြောင့်ပဲ နေမှာပေါ့"
ဝမ်တောက်ရှန်းက အေးစက်သောလေသံနှင့် ရယ်မောပြီး ပြောလိုက်သည်။
တကယ်လည်း သူပြောသည်က မမှားချေ။
အကြောင်းမှာ တောအုပ်အတွင်းမှ သတ်ဖြတ်သူမျိုးဆက်သစ် အုပ်လိုက်ကြီး ထွက်ပေါ်လာသောကြောင့်ပင်။ မီးတောက်များကို ဖြတ်လျှောက်လာစဉ် သူတို့၏ ဆေးမင်စာများသည် ဝင်းလက်တောက်ပနေ၏။ သူတို့သည် အပေါ်ကိုမော့ကြည့်ရင်း ရိုင်းစိုင်းကြမ်းတမ်းသော အမူအရာဖြင့် တဟေးဟေးတဟားဟား အော်ဟစ်နေကြလေသည်။ သူတို့၏ မျက်နှာပေါ်တွင်တော့ သတ်ဖြတ်လိုသော အရိပ်အယောင်များ ယှက်သန်းနေလေသည်။