← Chapters

မင်းတို့က မကျေနပ်ဘူးလား

Vol. 8 Ch. 777

မင်းတို့က မကျေနပ်ဘူးလား

Vol. 8 Ch. 777

“မြောက်ပိုင်းချုံး ဂိုဏ်းမှာ မြေကမ္ဘာအဆင့် တစ်ယောက် ဘယ်တုန်းက ထပ်တိုးလာ တာလဲ …”

များစွာသော လူများသည် ပါးစပ် အဟောင်းသားဖြင့် ကောင်းကင်တွင် ရပ်နေသော ချန်းဖန်အား ငေးကြည့်မိကြသည်။

“သူက မြောက်ပိုင်းချုံးက မဟုတ်လောက်ဘူး ထင်တယ်နော်…မြောက်ပိုင်းချုံးမှာ ဆံပင်ဖြူ စီနီယာ တစ်ယောက် ရှိနေတယ်လို့ ငါ တစ်ခါမှ မကြားဖူးဘူး”

“ဘာပဲဖြစ်ဖြစ် ... အဲဒီ ဆံပင်ဖြူ အကြီးအကဲ ထပ်တိုးလာရုံနဲ့ မြောက်ပိုင်းချုံးအတွက် ထူးလာမှာ မဟုတ်ဘူး ... လျှို့ဝှက် ဂိုဏ်းကြီးတွေဆို အနည်းဆုံး မြေကမ္ဘာ အဆင့် ခုနစ်ယောက် ရှိကြတယ် ... အဲဒီ အကြီးအကဲက နဂါးအိုကြီးနဲ့ ခရစ်ယာန် ပုပ်ရဟန်းမင်းလောက်မှ အစွမ်းထက်မှပဲ မြောက်ပိုင်းချုံးက လျှို့ဝှက် ဂိုဏ်းတွေကို ယှဉ်ပြိုင်နိုင်လိမ့်မယ် …”

တန်ခိုးရှင် အဆင့်များက သူတို့၏ ခေါင်းများအား လေးပင်စွာဖြင့် ခါလိုက် ကြသည်။

“ဘုန်း ... ဘုန်း ... ဘုန်း …”

ချောင်ချူးတင်၊ အမူးယူမီနှင့် ကျန်းမိသားစု၏ တန်ခိုးရှင်များသည် သူတို့၏ အရှိန်အဝါများကို ထုတ်ဖော်ရင်း ကောင်းကင်သို့ ပျံတက်လာကြသည်။ သူတို့၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ဝင်းဝင်းတောက် နေ၏။

“အရူးကောင် ... မင်းက ဆရာရှုကို သတ်ရဲရအောင် ကျန်းမိသားစုကို မျက်လုံးထဲ မထည့်ဘူးလား”

ကျန်းမိသားစု၏ တန်ခိုးရှင်က ဒေါသတကြီး အော်ဟစ် လိုက်သည်။

ချောင်ချူးတင်ကလည်း မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။

“မင်းက မြေကမ္ဘာ နတ်ဘုရား ဖြစ်တာနဲ့ပဲ လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေတာလား ... အခုဆိုရင် မြေကမ္ဘာ အဆင့်တွေ ယင်ဖုန်း မျှော်စင်ကို လာနေကြပြီ ... မင်း ဘာသာမင်း ဘယ်လောက်ပဲ အစွမ်းထက်ထက် နဂါးရေကန်နဲ့ ကျန်းမိသားစုကို စော်ကားမိရင် သေလူပဲ”

ချန်းပေ့၏ နဂါးအိုကြီးသည် နှစ်တစ်ထောင်ခန့် ရှင်သန်ခဲ့ပြီး ကမ္ဘာ၏ သက်တမ်း အရင့်ဆုံး မွန်းစတားအိုကြီး ဖြစ်သည်။ သူကား မွန်းစတား အားလုံး၏ ဘိုးဘေး ဟုပင် လူသိ များ၏။

“ဟုတ်တယ် ... နဂါးအိုကြီးက နျူကလိယ ဗုံးနဲ့တောင် သတ်လို့ မသေနိုင်တဲ့ သတ္တဝါပဲ ... ဆံပင်ဖြူ အကြီးအကဲက အစွမ်းထက်တယ် ဆိုပေမဲ့ နဂါးအိုကြီးကိုတော့ ဘယ်လိုမှာ ယှဉ်နိုင်မှာ မဟုတ်ဘူ”

များစွာသော လူများက သက်ပြင်းချ ကြသည်။

သို့သော်လည်း ချန်းဖန်ကမူ မည်သူ့ကိုမျှ ဂရုစိုက်ခြင်း မရှိချေ။ ထိုတန်ခိုးရှင် အဆင့်များမှာ သူ့အတွက် သေးငယ်သော ပုရွက်ဆိတ်များသာ ဖြစ်သည်။

“ကလန့် …”

ချန်းဖန်က လက်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင် ဓားစွမ်းအားတစ်ခု ပေါ်ထွက် လာသည်။

“ဘုန်း …”

မျက်စိတစ်မှိတ်စာ အတွင်းမှာပင် ထိုဓားစွမ်းအားက ချောင်ချူးတင် ရှိရာသို့ တိုးဝင် ခုတ်ဖြတ် လိုက်၏။ ဓားစွမ်းအား၏ ကျရောက်မှုတွင် ချောင်ချူးတင်၏ ခန္ဓာကိုယ်မှာ သွေးမြူအဖြစ် ပြောင်းလဲကာ ပေါက်ကွဲရ၏။

သို့သော်လည်း ထိုအရာကား အစမျှသာ ဖြစ်သည်။

“ဘုန်း ... ဘုန်း ... ဘုန်း …”

ချန်းဖန်က လက်အား ထပ်မံ ဝှေ့ယမ်းလိုက်ရာ သူ့အား ဝန်းရံနေသော တန်ခိုးရှင် အဆင့် ငါးယောက် ပေါက်ကွဲသွား၏။ ထိုနေရာ၌ အမူးယူမီ တစ်ယောက်သာ ကျန်ရစ်တော့သည်။

“မင်း …”

အမူးယူမီက အံကို တင်းတင်းကြိတ် လိုက်သည်။

ထိုဆံပင်ဖြူကောင်မှာ နဂါးအိုကြီးနှင့် ယှဉ်နိုင်သည် ဖြစ်စေ၊ မယှဉ်နိုင်သည်ဖြစ်စေ သူကဲ့သို့ တန်ခိုးရှင် အဆင့်ကို အလွယ်တကူ သတ်ပစ်နိုင်စွမ်း ရှိသူ ဖြစ်သည်။

“ကောင်းကင်အရှင် တစ်ယောက်ကို မစော်ကားသင့်ဘူး …”

ထိုအတွေးက အမူးယူမီ အပါအဝင် လူတိုင်း၏ အတွေး၌ ပေါ်လာခဲ့၏။

“ငါက မရဏသခင်ရဲ့ အစေခံ တစ်ယောက်ပဲ ... ငါ့သခင်က မြေကမ္ဘာ သတ်မှတ်ချက် နံပါတ် ၂၃ နေရာမှာ ရှိတယ် ... ငါ့ကို သတ်ရင် မရဏသခင်နဲ့ အမူး မိသားစုက မင်းကို ဘယ်တော့မှာ အလွတ်ပေးမှာ မဟုတ်ဘူး”

အမူးယူမီက ပြောပြီးသည်နှင့် ထွက်ပြေးရန် ကြိုးစား၏။ အနက်ရောင် တောင်ပံတစ်စုံ သူ၏ နောက်ကျော၌ ပေါ်လာကာ သူ၏ ခန္ဓာအား သယ်ဆောင်သည်။

“ဝှစ် …”

တစ်စက္ကန့် အတွင်းမှာပင် အမူးယူမီသည် မီတာထောင်ဂဏန်း အကွာသို့ ရောက်ရှိ သွားသည်။

အမူးမိသားစုသည် နတ်ဘုရား၏ အစေခံအဖြစ် ကျော်ကြားကာ မရဏသခင်၏ နည်းစနစ်များကို တတ်ကျွမ်းသည်။ သူတို့သည် တမန်တော်များကဲ့သို့ အတောင်ပံများကို ထုတ်ဖော် နိုင်ကြ၏။

“ရပ်စမ်း …”

ရုတ်တရက် အဝေးမှ မိုးကြိုးပစ်သံကဲ့သို့ အသံတစ်ခု ထွက်ပေါ် လာသည်။

သို့သော်လည်း နောက်ကျစွာပင် ချန်းဖန်သည် သူ၏ လက်ချောင်းများကို ဖျစ်ညှစ်ခဲ့ပြီး ဖြစ်၏။

“ဘုန်း …”

ရုတ်တရက် အမူးယူမီ၏ ဦးခေါင်း အထက်၌ လက်ငါးချောင်းသဏ္ဌာန် အဖြူရောင် စွမ်းအင်တစ်ခု ဖြစ်ပေါ်လာကာ သူ့အား ဖျစ်ညှစ်သည်။

ထိုအရာက အစစ်အမှန် အမတေ မဟုတ်သလို နတ်ဘုရား စွမ်းအားလည်း မဟုတ်ချေ။ ထိုအရာက ချန်းဖန်၏ ခန္ဓာကိုယ် အရှိန်အဝါ သက်သက်သာ ဖြစ်သည်။

ထိုတိုက်ခိုက်မှုကား အလွန် လျင်မြန်လှရာ တန်ခိုးရှင် အဆင့်ပင်လျှင် သေချာ မမြင်လိုက်ရချေ။

“သူက ... နတ်ဘုရား …”

အမူးယူမီက ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။

“ဘုန်း …”

သို့သော်လည်း စကား မဆုံးခင်မှာပင် သူ၏ ခန္ဓာက အပိုင်းပိုင်းအစစအဖြစ် ပေါက်ကွဲ ပျက်စီး၏။ ထိုပေါက်ကွဲမှု၌ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ပင်လျှင် လွတ်မြောက်ခြင်း မရှိခဲ့ချေ။

“အဲဒါက …”

လူများ၏ မျက်လုံးများက ကောင်းကင်သို့ ကြည့်ရင်း ပြူးကျယ် သွားကြ၏။

တစ်ခဏ အတွင်းမှာပင် ချန်းဖန်သည် တန်ခိုးရှင်အဆင့် ရှစ်ယောက်အား သတ်ဖြတ်ကာ မြေကမ္ဘာ အဆင့်၏ ပြိုင်ဘက်ကင်း စွမ်းအားကို ပြသခဲ့ပြီ ဖြစ်လေသည်။

“ဘုန်း …”

ထိုအချိန်မှာပင် ယင်ဖုန်း မျှော်စင် အထက် လေဟာနယ်မှာ တုန်ခါလာကာ လူရိပ် တစ်ခု ထွက်ပေါ်လာ၏။ ထိုလူရိပ် ထွက်ပေါ် လာသည်နှင့် လူတိုင်းမှာ နတ်ဆိုး တစ်ပါးနှင့် တူသည့် ကြောက်မက်ဖွယ် ဖိအားကို ခံစားကြရသည်။

“နောက်ထပ် မြေကမ္ဘာ အဆင့် …”

လူတိုင်းက ခေါင်းကို မော့၍ ကြည့်လိုက် ကြ၏။

အထက် ကောင်းကင်တွင်မူ …

“ဟူး ... ဟူး …”

အဆုံးမဲ့ အဝါရောင် မြစ်တစ်စင်းသည် လူရိပ်ကို ဗဟိုပြု၍ စီးဆင်းနေ၏။ ထိုမြစ်အတွင်း၌ ကမ္ဘာ၏ အညစ်ညမ်းဆုံး ချီများက ပျော်ဝင်နေကာ မရေမတွက်နိုင်သော ဝိညာဉ် တစ္ဆေများမှာလည်း ကူးခပ် နေကြ၏။

လူများသည် မြစ်၏ ဗဟိုမှ လူရိပ်အား အကဲခတ်သော်လည်း ကြောက်မက်ဖွယ် မျက်လုံးများမှ လွဲ၍ မည်သည့် အရာကိုမျှ မြင်နိုင်စွမ်း မရှိကြချေ။

“သင် ငါ့ရဲ့ လူကို သတ်တယ် …”

လူရိပ်က သီးသန့်ဆန်သော စကားဖြင့် ချန်းဖန်အား ပြောလိုက်သည်။ ထိုအသံက ငရဲပြည်မှ လာသော အသံအလား လူတိုင်း၏ စိတ်နှလုံးကို ချောက်ချားသွားစေ၏။

“မရဏ သခင် …”

ပါးကျီဂိုဏ်း၏ ဘိုးဘေးက နောက်သို့ တစ်လှမ်း ဆုတ်ရင်း သွေးပျက်စွာ ရေရွတ်လိုက်သည်။

“မရဏ သခင်” ဆိုသော နာမည်အား ကြားသည်နှင့် လူတိုင်း၏ မျက်နှာများကား ဖြူရော် သွားကြ၏။

မရဏ သခင်ကား ရှေးဟောင်း ဂျပန် အရှင်သခင် တစ်ယောက် ဖြစ်သည်။ ဒဏ္ဍာရီများအရ ဆိုလျှင် မရဏသခင်သည် ဂျပန်၏ သေခြင်းတရားကို ထိန်းချုပ်သည် ဟူ၏။

“မရဏသခင် ရောက်လာပြီ ... ဟိုကောင်လေးတော့ မလွယ်တော့ဘူး ထင်တယ်”

များစွာသော လူများက ချန်းဖန်အတွက် စိုးရိမ် စွားမိကြသည်။

သို့သော်လည်း မရဏ သခင်၏ ရောက်ရှိ လာမှုကား အစမျှသာ ဖြစ်လေသည်။

“ဘုန်း ... ဘုန်း ... ဘုန်း …”

မကြာခင်မှာပင် ပိုမိုများပြားသော အလင်းများနှင့်အတူ မြေကမ္ဘာ အဆင့်များ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာကြ၏။

“တစ် …”

“နှစ် …”

“သုံး …”

“ ... ”

“မြေကမ္ဘာ နတ်ဘုရား ဆယ့်လေးယောက် …”

နင်ရှင်းက ပင့်သက်ရှိုက်ရင်း ရေတွက် လိုက်သည်။ သူမ၏ မျက်နှာက စက္ကူတစ်စအလား ဖြူရော် နေ၏။

ရှုယုံဖေးမှာမူ စိတ်ပူနေပုံရပြီး တစ်ချိန်တည်း၌ အခြားသော ပရိသတ်များကား ဆွံ့အ နေကြသည်။ TV စခရင်များ၊ ကွန်ပြူတာများ အရှေ့၌ ရပ်နေသော လူများမှာလည်း စကားတစ်ခွန်းပင် မဆိုနိုင်ကြချေ။

“မြေကမ္ဘာ နတ်ဘုရား ဆယ့်လေးယောက် …”

ထိုအရာက မည်မျှတိုင်အောင် များပြားသနည်း။ လွန်ခဲ့သည့် သုံးနှစ်တွင် ဆိုပါက ထိုအင်အားမှာ ကမ္ဘာကိုပင် စိုးမိုးရန်ပင် လုံလောက်သော အင်အား ဖြစ်သည်။

“ကူနတ်ဘုရား …”

“ပေ့မန် သခင်ကြီး …”

“သွေးမြွေ နတ်ဘုရား …”

“ကျန်းမိသားစု ခေါင်းဆောင် …”

“ ... ”

“မရဏ သခင်ပါ ထည့်ပေါင်းရင် စုစုပေါင်း မြေကမ္ဘာ နတ်ဘုရား ဆယ့်ငါးယောက် ဒီနေရာကို ရောက်နေပြီ”

တစ်ယောက်က ဖြူရော်စွာ ဆို၏။

“အရှေ့တိုင်းရဲ့ မြေကမ္ဘာ နတ်ဘုရားတွေ စုံသလောက် ဖြစ်နေပြီ ... ကြည့်ရတာ ယင်ဖုန်း မျှော်စင် တွေ့ဆုံပွဲက ခွန်းလွန်နဲ့ မြောက်ပိုင်းချုံးတို့ကို ထောင်ချောင်ဆင်ရုံ သက်သက် ထင်တယ်”

ပါးကျီဂိုဏ်း ဘိုးဘေးက မျက်နှာပျက်စွာ ရေရွတ်သည်။

အခြားသော တန်ခိုးရှင်များကလည်း ဖြူရော်စွာ ပြုံးကြ၏။ မည်သူက ထိုအင်အားကို ဆန့်ကျင်နိုင်မည်နည်း။ ရဲ့ချင်စန်းပင်လျှင် တတ်နိုင်မည် မဟုတ်ချေ။ သို့တိုင်အောင် နဂါးအိုကြီးမှာ ယခုထိ ရောက်လာခြင်း မရှိသေးချေ။

“ဟဟ …”

ချန်းဖန်က မြေကမ္ဘာ နတ်ဘုရားများကို ကြည့်ရင်း တစ်ချက် ပြုံးလိုက်၏။

“ငါ ပုရွက်ဆိတ် တစ်ကောင်ကို သတ်လိုက်တာ မင်းတို့က မကျေနပ်ဘူးလား”

“မင်း …”

မရဏသခင်က ချန်းဖန်မား ဒေါသတကြီး ကြည့်လိုက်သည်။ ထို့နောက် သူက ကောင်းကင်သို့ ဖြန့်ကျက် ကြည့်ရင်း ကျယ်လောင်စွာ ဆိုလိုက်၏။

“မြောက်ပိုင်းချုံးနဲ့ ခွန်းလွန်မှာ အခြားလူတွေ မရှိတော့ဘူးလား ... ဒီအသစ်လေးကပဲ ငါတို့ကို တားဖို့ လာတာလား ... ရဲ့ချင်စန်း ဘယ်မှာလဲ ... မြောက်ပိုင်းချုံး ဘယ်မှာလဲ ... ငါတို့ကို ကြောက်နေတာလား”

လူတိုင်းသည် တိတ်ဆိတ်စွာပင် ကောင်းကင်သို့ မော့ကြည့်နေကြ၏။

ရဲ့ချင်စန်းနှင့် ချန်းဟွိုက်အန်းတို့ကား သူတို့ ရင်ထဲမှ သူရဲကောင်းများ ဖြစ်သည်။ သို့သော်လည်း ထိုနှစ်ယောက်မှာ ယခုအထိ ပေါ်မလာသေးချေ။ ကြည့်ရသည်က မရဏသခင် ပြောသလို သူတို့ နှစ်ယောက်မှာ ပုန်းနေပုံရ၏။

“သူတို့က ကြောက်နေတာလား …”

များစွာသော လူများမှာ စိတ်ပျက်လက်ပျက် ဖြစ်လာကြ၏။

သူတို့သည် အနိုင်မရလျှင်ပင် အဆုံးထိ တိုက်ခိုက်လိုသော လူများဖြစ်သည်။ ယခုကဲ့သို့ သရဲဘောကြောင်ကာ ပုန်းကွယ် နေခြင်းမျိုးကိုမူ အမှန်ပင် မနှစ်သက်ချေ။

“ငါတို့ မလာဘူးလို့ ဘယ်သူ ပြောလဲ …”

ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် အဖြူရောင် အလင်းတစ်ခု အဝေးမှ တောက်ပလာကာ သန်မာ ထွားကျိုင်းသော လူတစ်ယောက် ပေါ်လာ၏။ သူကား ခွန်းလွန်၏ ကျောရိုး ရဲ့ချင်စန်းပင် ဖြစ်လေသည်။

“ဝှစ် ... ဝှစ် ... ဝှစ် …”

ရဲ့ချင်စန်းနှင့် အတူ ချန်းဟွိုက်အန်း၊ ရှဲ့ရန်နှင့် ဟွာရန်ဖန်းတို့လည်း ရောက်ရှိလာကြ၏။ ထိုမြေကမ္ဘာ အဆင့် လေးယောက်သည် ချန်းဖန်၏ ဘေးတွင် ရပ်ကြကာ မြေကမ္ဘာ နတ်ဘုရား ဆယ့်ငါးယောက်အား ရင်ဆိုင်သည်။

ငါးယောက်နှင့် ဆယ့်ငါးယောက် …

အရှေ့တိုင်း၏ လူသားများနှင့် မွန်းစတား နတ်ဘုရားများ …

နတ်ဘုရား အဖွဲ့၏ တရားဝင် တွေ့ဆုံပွဲကား စတင်ခဲ့ချေပြီ ဖြစ်သည်။

မရေမတွက်နိုင်သော TV လိုင်းများသည် ကောင်းကင်သို့ ကင်မရာများဖြင့် ထိုးချိန်၍ တိုက်ရိုက် ထုတ်လွှင့် ကြသည်။ တစ်ချိန်တည်း၌ သန်းပေါင်းများစွာသော လူများသည် ရုပ်မြင်သံကြားများ၊ ကွန်ပြူတာများမှ တစ်ဆင့် ထိုမြင်ကွင်းအား ကြည့်ကြသည်။

အရှေ့တိုင်း၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမည့် အခိုက်အတန့်ကား ရောက်ရှိ လာချေပြီ ဖြစ်သည်။

***

All Chapters