အဖွဲ့လိုက်တိုက်ပွဲ ၁
Vol. 33 Ch. 322
"တိုက်ပွဲအတွက် ပြင်ဆင်ကြစမ်းဟေ့"
ဟေးယွန်တုံး၏ အော်ဟစ်အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် ကျောင်းသားများသည် အဖွဲ့လိုက်တိုက်ခိုက်ရေးပုံစံကို ခင်းကျင်းလိုက်ကြ၏။
နဂိုမူလ စိတ်လက်ပေါ့ပါးသော အခြေအနေမှသည် ဖိအားများသောအခြေအနေသို့ ရုတ်တရက် ကျရောက်သွားခဲ့လေပြီ။
အာဝူး!!!!
သတ်ဖြတ်သူမျိုးဆက်သစ်များသည် ဒေါသတကြီးနှင့် အော်ဟစ်လိုက်ကြ၏။ သူတို့အနေနှင့် စေ့စပ်ညှိုနှိုင်းခြင်းဖြင့် အချိန်ဖြုန်းချင်ပုံမရ။
ထိုအခါ နှစ်ဖက်စလုံးသည် တွေ့လိုက်ပြီဆိုသည်နှင့် တိုက်ခိုက်ရန်သာ စိုင်းပြင်းကြတော့သည်။
သတ်ဖြတ်သူမျိုးဆက်သစ်များသည် သူတို့၏ ရန်သူများရှိရာသို့ တဟုန်ထိုး ပြေးဝင်လာကြ၏။ ရှေ့တိုးလာသည်နှင့်အမျှ သူတို့ကိုယ်ပေါ်ရှိ ဆေးမင်များမှာ ဝင်းလက်တောက်ပလာလေသည်။
ပထမဆုံး သတ်ဖြတ်သူအသုတ် ရောက်ရှိလာသည်နှင့် ကြီးမားသော စွမ်းအင်လှိုင်းကြီးများ ထွက်ပေါ်လာ၏။ စွမ်းအင်များသည် ပင်လယ်မှ လှိုင်းလုံးကြီးများပမာ တလုံးပြီးတလုံး ရိုက်ခတ်လာလေရာ ကြာက်မက်ဖွယ် ဖိအားကြီးကို ဖြစ်ပေါ်စေတော့သည်။
ရိုင်းစိုင်းသော စစ်ပွဲဟစ်ကြွေးသံများကား မဟာပထဝီမြေထုကြီးကိုပင် တသိမ့်သိမ့်တုန်ခါသွားစေ၏။ ချက်ချင်းဆိုသလိုပင် နောက်ထပ် သတ်ဖြတ်သူတသုတ် တောအုပ်အတွင်းမှ ပေါ်ပေါက်လာပြီး လူသားများအား မဆုတ်မနစ်သော ပုံစံနှင့် တိုက်ခိုက်လာကြပြန်သည်။
သူတို့၏ တိုက်ခိုက်ရေးပုံစံမှာ မည်သည့် ပရိယာ၊ မည်သည့် ဗျူဟာမှမပါ။ ရိုးရှင်း၏။ ပစ်မှတ်ကိုသာ ဦးတည်ထား၏။ အင်အားပြင်းထန်၏။ ရိုင်းစိုင်း၏။ ရက်စက်ကြမ်းတမ်း၏။ သူတို့၏ အင်အားမှာလည်း ထိတ်လန့်စရာကောင်းလှ၏။ မုန်တိုင်းကြီးတခုကို အတူတကွ သယ်ဆောင်လာသကဲ့သို့ ထင်ရပြီး သေခြင်းတရား၏ လှိုင်းလုံးများက နေရာအနှံ့ကို ရိုက်ခတ်လာသကဲ့သို့ ရှိလေသည်။ သူတို့၏ အင်အားမှာ ဆယ်ယောက်ကျော်သာ ဖြစ်ပေါ်လည်း တပ်မဟာကြီးတခုလုံး ချီတက်လာသည်နှင့်ပင် တူနေ၏။
"စိတ်ကို ငြိမ်ငြိမ်ထား စိတ်ကိုငြိမ်ငြိမ်ထား ရှေ့ဆုံးတန်းကလူတွေ ခုခံ နောက်တန်းက လူတွေ ပြန်တိုက်"
ဟေးယွန်တုံးက အသံများအက်ကွဲမတတ် အော်ဟစ်အမိန့်ပေးလိုက်၏။
ဟေးယွန်တုံး၊ ယိယွန့်ဟုန်၊ ဖန်းယီကု၊ ဝန်ရှုအန်၊ ဆီချီမင်၊ တွန့်ကျန့်ချန်း၊ ထန်းမင်၊ တိမ်တိုက်ကျားသစ်နှင့် ရှန်းအမွှာတို့မှာ သံမဏိတံတိုင်းကြီးများပမာ ရှေ့ဆုံးမှ ခုခံထားလေသည်။ သူတို့သည် သတ်ဖြတ်သူများ၏ တဟုန်ထိုးရှေ့တိုးလာမှုကို ခုခံရန်၊ ခံစစစ်ဆင်ရန်သာ အာရုံစိုက်ထားကြ၏။
ဝမ်တောက်ရှန်းသည် ပုံမှန်ဆိုလျင် ရှေ့ဆုံးမှ ခုခံသင့်သူဖြစ်သည်။ သို့သော် အဆီများဆုံးရှုံးသွားကတည်းက သူ၏ ခုခံနိုင်စွမ်းမှာ အလွန်လျော့နည်းသွားပြီဖြစ်လေရာ ရှေ့ဆုံးမှခုခံရန် မသင့်လျော်တော့ပေ။ စုချန်းသည်လည်း အနီးကပ်တိုက်ပွဲများနှင့် မသင့်လျော်လေရာ သူနှင့်တိမ်တိုက်ကျားသစ်တို့က နေရာလဲလိုက်လေသည်။
တချိန်တည်းမှာပင် စုချန်း၊ ကုချိန်းလွှာ၊ ဂျီဟန်းယင်၊ ဟေးနီလျူနှင့် တခြားလူများသည် ရှိသမျှအင်အားကိုသုံးကာ ပြန်လည်တိုက်စစ်ဆင်ကြ၏။
စုချန်း၏ ပေါက်ကွဲနေသော မီးလျံသိမ်းငှက်၊ ကုချိန်းလွှာ၏ ရေကြယ်အေးခဲခြင်းနည်းစနစ်၊ ဂျီဟန်းယင်၏ နှင်းငှက်အဖြူရောင်ရေခဲလက်သီးတို့သည် သူတို့၏ အင်အားကို အစွမ်းကုန် ဖော်ထုတ်ပြသနေ၏။ ပြင်းထန်သော မူလစွမ်းအင်လှိုင်းများကြောင့် နေရအနှံ့တွင် အလင်းရောင်များ တဖြတ်ဖြတ်ဝင်းလက်နေပြီး လေထုထဲတွင် ပျက်စီးခြင်းနှင့် သေခြင်းတရား၏ အငွေ့အသက်တို့ ပျံ့နှံ့နေလေသည်။
တိုက်ပွဲသည် ပြင်းထန်လှသည်နှင့်အညီ လေထဲတွင် သွေးများ ဖြာခနဲ ဖြာခနဲ ဖြစ်နေ၏။ မြေကြီးပေါ်တွင်တော့ သွေးချောင်းစီးစ ပြုလာခဲ့ပြီ ဖြစ်သည်။ တချို့သွေးများမှာ သတ်ဖြတ်သူများထံမှ ထွက်လာသော သွေးများဖြစ်ပြီး တချို့မှာကား လူသွေးများ ဖြစ်သည်။
တိုက်ပွဲသည် တဆင့်ပြီးတဆင့် အရှိန်မြင့်လာသော ပုံစံမဟုတ်။ တိုက်ပွဲစကတည်းက တဖက်နှင့်တဖက် မီးကုန်ယမ်းကုန် အပြိုင်ကြဲနေကြခြင်း ဖြစ်သည်။ သူတို့သည် ရန်သူကို စတွေ့သည်နှင့် ရှိသမျှအင်အားကို ထုတ်ဖော်ကာ အချိန်တိုအတွင်း အနိုင်ရရှိစေရန် အားကုန် တိုက်ခိုက်နေကြခြင်းပင်။
သတ်ဖြတ်သူများသည် အရူးများပမာ ကျယ်လောင်စွာ ဟစ်ကြွေးကာ ရိုင်းစိုင်းစွာ တိုက်ခိုက်နေကြ၏။
လူသားများဘက်မှတော့ စုချန်း၏ တိုက်ခိုက်မှုမှာ အထက်မြက်ဆုံးဟု ဆိုနိုင်၏။ သတ်ဖြတ်သူမျိုးဆက်သစ်များ ဝင်လာသောအခါတိုင်းတွင် စုချန်းသည် သူ၏ အားအကောင်းဆုံးသော တိုက်ကွက်ကို ဖော်ထုတ်တိုက်ခိုက်လိုက်လေသည်။ ထူထည်းလှသော မူလစွမ်းအင်များ ရစ်ပတ်ထားသည့် အလွန်ကြီးမားလှသော မီးလျံသိမ်းငှက်သည် ဝုန်းခနဲ ပေါ်ပေါက်လာပြီး သတ်ဖြတ်သူများကို ထိမှန်သွား၏။ မီးလျံသိမ်းငှက် တကောင်ပေါက်ကွဲသွားတိုင်း သတ်ဖြတ်သူ သုံးယောက်ခန့် လွင့်စင်သွားကြ၏။ ထိုသတ်ဖြတ်သူများသည် တခါတည်း မသေသည့်တိုင်အောင် ပြာကျသည်အထိ မီးလောင်ခံရလေသည်။ ပေါက်ကွဲမှုသည် တကြိမ်ပြီးတကြိမ် အုန်းအုန်းမြည်၍ ဖြစ်ပေါ်နေ၏။ သတ်ဖြတ်သူများသည် ဘာမှမတတ်နိုင်ပဲ စုချန်းကိုသာ ဒေါသတကြီးနှင့် စိုက်ကြည့်နေကြလေသည်။
လူသားများဘက်မှ တိုက်ခိုက်မှုသည် အလွန်အားကောင်းလှ၏။ သို့သော် သတ်ဖြတ်သူများဘက်မှလည်း ရုပ်ပိုင်းဆိုင်ရာ အားသာချက်ကတော့ ရှိနေခဲ့သည်မှာ အမှန်ပင်။
တကြိမ်တွင်တော့ အရပ်အလွန်ရှည်ပြီး ရက်စက်ကြမ်းကြုတ်ဟန်တူသော သတ်ဖြတ်သူတယောက်သည် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး ရှေ့သို့ခုန်ဝင်လိုက်၏။ သူ့တကိုယ်လုံးရှိ ဆေးမင်များမှာ ဝင်းလက်တောက်ပလာပြီး အလွန်သန်မာအားကောင်းသော အရှိန်အဝါတမျိုးကို ဖြစ်ပေါ်စေလေသည်။ လူသားများဘက်မှာ ပြင်းထန်သော တိုက်ခိုက်မှုမျိုးစုံသည် သူ့ကိုယ်ပေါ်သို့ ကျရောက်လာ၏။ သို့သော် အနှီ သတ်ဖြတ်သူကား ထိုတိုက်ခိုက်မှုများကို လုံးဝလစ်လျူထားကာ ရှေ့သို့သာ ဆက်လက်ခုန်ဝင်လာ၏။
ထိုအခိုက်မှာပင် စုချန်းက သူ၏ အလွန်ကြီးမားလှသော မီးလျံသိမ်းငှက်ကို ဖော်ထုတ်လိုက်၏။ မီးလျံသိမ်းငှက်သည် လေထဲတွင် သက်တန့်ကြီးပမာ ပျံသန်းသွားပြီး အနှီ သတ်ဖြတ်သူ၏ ကိုယ်ခန္ဓာကို ဘုန်းခနဲ ထိမှန်သွား၏။
ကြီးမားလှသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး သတ်ဖြတ်သူ၏ ကိုယ်ခန္ဓာသည် ယိမ်းယိုင်သွား၏။ သူက ခေါင်းကိုငုံ့ကြည့်လိုက်ရာ ရင်ဘက်တွင် ကြီးမားလှသော အပေါက်ကြီးတပေါက် ဖြစ်ပေါ်လာကြောင်း မြင်တွေ့လိုက်ရသည်။ သို့သော် ထိုအပေါ်သည် အချိန်အနည်းငယ်အတွင်းမှာပင် ပြန်လည်ပျောက်ကင်းသွား၏။ သူသည် စုချန်းရှိရာသို့ လှမ်းကြည့်ကာ ဟိန်းဟောက်လိုက်ပြီး ရှေးနည်းအတိုင်း ဆက်လက်ခုန်ဝင်လာပြန်၏။
"သတိထားဟေ့ ဒီကောင်ဟာ ခံစစ်ကျွမ်းကျင်တဲ့ နန်းဆောင်သူရဲကောင်းပဲ"
ဟေးယွန်တုံးက အော်ဟစ်သတိပေးလိုက်သည်။ ထိုအချိန်တွင် အနှီသတ်ဖြတ်သူသည် ကျွဲရိုင်းကြီးတကောင်ပမာ ရှေ့သို့ခုန်ဝင်လာပြီး စုချန်းကို တိုက်ခိုက်လိုက်တော့သည်။ သို့သော် ၎င်းတိုက်ခိုက်မှုကို ဖန်းယီကုက ကြားဖြတ်ဟန့်တားလိုက်၏။
သတ်ဖြတ်သူ၏ လက်သီးချက်သည် ဖန်းယီကု၏ လိပ်ခုံးအကာအကွယ်ကို အုန်းခနဲ ထိမှန်သွား၏။ ဖန်းယီကုသည် ခံစစ်အလွန်ကျွမ်းကျင်သူဖြစ်သည်။ သို့သော် သတ်ဖြတ်သူလက်သီးချက်ကိုတော့ အပြည့်အဝ မခုခံနိုင်။ သူ၏ လိပ်ခုံးအကာအကွယ်သည် ကျိုးကြေသွားပြီး သူကိုယ်တိုင်မှာလည်း နောက်ဘက်သို့ လွင့်စင်သွား၏။
"သေစမ်း ဒီကောင်ဟာ ခံစစ်သာကောင်းတာမဟုတ်ဘူး တိုက်စစ်ကလည်း ကြောက်စရာပဲဟေ့"
ဖန်းယီကုက အူသည်းလှိုက်သည်း အော်ဟစ်လိုက်ပြီး နောက်ထပ် လိပ်ခုံးအကာအကွယ်ကို ထုတ်ဖော်လိုက်ပြန်၏။
ထိုအချိန်တွင် ရှန်းအမွှာနှစ်ယောက်ကလည်း နန်းဆောင်သူရဲကောင်းသတ်ဖြတ်သူကို ဘေးတဖက်တချက်စီမှ ဝင်တိုက်လိုက်၏။ ရှန်းအမွှာများ၏ လက်သီးချက်ကြောင့် သူ၏ ကိုယ်ခန္ဓာ ယိမ်းယိုင်သွား၏။ ထိုအခါ သူသည် ခေါင်းတချက်မော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ့ကိုယ်ပေါ်ရှိ ဆေးမင်များ တောက်ပဝင်းလက်လာပြီး ပြင်းထန်သော အားလှိုင်းများ ထွက်ပေါ်လာလေရာ ရှန်းအမွှာများမှာ နောက်ဖက်သို့ လွင့်စင်သွားလေသည်။
ထိုအခါ ကျောင်းသားများ၏ ခံစစ်စည်းဝိုင်းနေရာတွင် အပေါက်တပေါက် ဖြစ်ပေါ်လာ၏။ သတ်ဖြတ်သူမျိုးဆက်သစ်သည် ထပ်မံခုန်ဝင်လာပြန်၏။ ထိုအခါ စုချန်းက ဖြတ်ခနဲ ကြားဝင်လာပြီး သူ့ကို လက်သီးနှင့် လှမ်းထိုးလိုက်၏။
သတ်ဖြတ်သူသည် ဟင့်ခနဲ တချက်မဲ့လိုက်ပြီး စုချန်း၏ လက်သီးချက်ကို ဂရုမစိုက်ဟန်ဖြင့် လက်သီးနှင့်ပင် ပြန်ထိုးလိုက်၏။
အား!!!!
နန်းဆောင်သူရဲကောင်းသတ်ဖြတ်သူ၏ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။
အနှီ နန်းဆောင်သူရဲကောင်း၏ သံမဏိလက်သီးသည် ဖန်းယီကု၏ အကာအကွယ်ကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသော်လည်း စုချန်း၏ သံချပ်ကာဖောက်ထွင်းရေးဆူးချွန်ကိုတော့ ခံနိုင်ပုံမရ။ သူ့လက်ပေါ်တွင် အပေါက်ကြီးတပေါက် ဖြစ်၍ ကျန်ခဲ့လေသည်။ စုချန်း၏ လက်သီးသည် သူ၏ လက်မောင်းရင်းတိုင်အောင် ထိုးဖောက်ဝင်ရောက်သွားလေရာ အသားစများ၊ သွေးများမှာ လေထဲသို့ ဖြာခနဲစီးကျလာ၏။
သို့သော်ငြားလည်း စုချန်းကိုယ်တိုင်လည်း နောက်သို့ ဆုတ်ပေးလိုက်ရပြီး နာကျင်မှုကို ခံစားလိုက်ရ၏။ သူ့ညာဖက်လက်မှာလည်း ပုံသဏ္ဍာန်အနည်းငယ် ပျက်ယွင်းသွားလေသည်။ ရန်သူ၏ လက်သီးကြောင့် စုချန်းကိုယ်တိုင်လည်း ဒဏ်ရာရရှိသွားခြင်းပင်။
ထိုအချိန်တွင် စုချန်းသည် ရန်သူ၏ အခြေအနေကို အခွင့်ကောင်းယူ၍ ပြန်လည်တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် အနက်ရောင်အလင်းတန်းတခုက သူ၏ လည်မြိုဆီသို့ တိုးဝင်လာ၏။
သွားပြီ။ စုချန်းအနေနှင့် ရှောင်တိမ်းရန် အချိန်မရှိတော့။ သို့သော် ထိုအချိန်မှာပင် ယိယွန့်ဟုန်က ခုန်ဝင်လာပြီး ထိုတိုက်ခိုက်မှုကို ကြားဝင်ခံပေးလိုက်၏။ အနက်ရောင်လှံတိုသည် ယိယွန့်ဟုန်၏ ကိုယ်ခန္ဓာကို ဖောက်ထွင်းသွား၏။
"ယိယွန့်ဟုန်"
ဟေးယွန်တုံးက အူသည်းလှိုက်သည်း အော်ဟစ်လိုက်ပြီး ကြားဖြတ်တိုက်ခိုက်လာသော နောက်ထပ် သတ်ဖြတ်သူမျိုးဆက်သစ်၏ နောက်စေ့ကို အဝေးရောက်မီးလျံလက်သီးနှင့် လှမ်းထိုးလိုက်၏။
နောက်ထပ်ရောက်လာသော သတ်ဖြတ်သူသည် ပထမတယောက်နှင့်မတူချေ။ အရပ်ပုပြီး တစ္ဆေသူရဲပမာ သွက်လက်မြန်ဆန်လှ၏။ ဟေးယွန်တုံး၏ လက်သီးချက်ဝင်လာသည်နှင့် နောက်သို့လျင်မြန်စွာ နောက်ဆုတ်သွားပြီး သူနှင့်အတူ အရပ်ရှည်ရှည်သတ်ဖြတ်သူကိုပါ တပါတည်းသယ်ဆောင်သွားတော့သည်။
ဤတယောက်မှာကား လျင်မြန်မှုအရာတွင် ကျွမ်းကျင်သော နန်းဆောင်သူရဲကောင်းမှန်း သေချာနေ၏။
တချိန်တည်းမှာပင် တတိယမြောက် နန်းဆောင်သူရဲကောင်း ထပ်မံပေါ်ပေါက်လာပြီး နတ်ဆိုးဧကရာဇ်သွေးဗီဇကို ဖော်ထုတ်ကာ တိုက်ခိုက်နေသော ထန်းမင်ကို ဝင်ရောက်တိုက်ခိုက်တော့သည်။တကယ်တော့ ထန်းမင်၏ စစ်မှန်သော စွမ်းရည်က ရေအပေါ်တွင် အမှီသဟဲပြုနေခြင်းပင်။ များပြားလှသော ရေနဂါးကြီးများသည် တကောင်ပြီးတကောင် ပေါ်ပေါက်လာပြီး တတိယမြောက် နန်းဆောင်သူရဲကောင်းဆီသို့ တိုးဝင်သွား၏။
ထိုအချိန်တွင် စုချန်းက ယိယွန့်ဟုန်ကို တိုက်ပွဲနောက်ဘက်သို့ သယ်ဆောင်လာပြီး အဆင့်မြင့်အသက်ကယ်ဆေး တိုက်ကျွေးလိုက်၏။
ထိုအချိန်မှာပင် ဖန်းယီကုက အော်ဟစ်လိုက်သည်။
"မင်းတို့ ဘာတွေစောင့်နေတာလဲ အားတိုးဆေးတွေသောက်ပြီး ဒီကောင်တွေကို ရှင်းပစ်ပါတော့လား"
လုံလောက်သော ကုန်ကြမ်းပစ္စည်းများကို စုဆောင်းမိပြီးနောက် စုချန်းသည် အဆင့်မြင့်အားတိုးဆေး ခြောက်သုတ်စာထိ ဖော်စပ်နိုင်ခဲ့၏။ သူ့တွင် နဂိုစုဆောင်းထားသော ကုန်ကြမ်းနှင့် ပေါင်းလိုက်လျင်တော့ ဆေးခုနှစ်သုတ်စာအထိ ဖော်စပ်ထားပြီးဖြစ်သည်။ ဆေးတသုတ်ကို တကြိမ်သောက်ရုံနှင့် ထိုသူ၏ အင်အားကို သုံးကြိမ်တိုင်တိုင် ဆတိုးနှင့် ပွားများလာမည် ဖြစ်သည်။
စုချန်းသည် သူကိုယ်တိုင်အတွက် ဆေးတသုတ်စာကိုယ်သာ သိမ်းဆည်းထားပြီး ကျန်ခြောက်သုတ်စာကို အနီးကပ်တိုက်ပွဲဝင်မည့်သူများဖြစ်သည့် ဟေးယွန်တုံး၊ ယိယွန့်ဟုန်၊ ရှန်းအမွှာများ၊ တိမ်တိုက်ကျားသစ်နှင့် ဖန်းယီကုတို့အား ပေးအပ်ထား၏။ ဖန်းယိကု၏အော်ဟစ်သံကို ကြားလိုက်ရသောအခါ ယိယွန့်ဟုန်အပါအဝင် လူတိုင်းသည် နောက်သို့ အနည်းငယ် ခုန်ဆုတ်လိုက်ကြပြီး မိမိတို့၏ ဆေးအသီးသီးကို သောက်ချလိုက်ကြတော့သည်။
ဆေးဝင်သွားသည်နှင့် ၎င်းတို့၏ ကိုယ်ခန္ဓာများသည် အနီရောင်အစုအဝေးများသဖွယ် ဖြစ်ပေါ်လာ၏။ ပြင်းထန်သော ပေါက်ကွဲအားများ စုဝေးလာ၍ ၎င်းတို့၏ မျက်လုံးများပင် ရဲရဲနီကုန်ကြသည်။
"သေပေတော့"
ဖန်းယီကုသည် ကျယ်လောင်စွာ အော်ဟစ်ပြီး အရပ်ရှည်ရှည် သတ်ဖြတ်သူထံသို့ ခုန်ဝင်လိုက်၏။ သူ၏ လိပ်ခုံးအကာအကွယ်မှာ နောက်တကြိမ် ထပ်မံ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ အရပ်ရှည်ရှည် သတ်ဖြတ်သူမှာလည်း စုချန်း၏ လက်ချက်ကြောင့် ဒဏ်ရာရသွားသည့်တိုင် ကြောက်စရာကောင်းနေသေး၏။ သူ၏ လက်တဖက်ကို ဝေ့ယမ်းပြီး ဆေးမင်များကို တောက်ပစေကာ ဖန်းယီကုအား ရင်ဆိုင်လိုက်လေသည်။
အုန်းခနဲ အသံကြီး ထွက်ပေါ်လာပြီး သူတို့နှစ်ယောက်မှာ လူချင်း ပူးလိုက်ကပ်လိုက်နှင့် လုံးထွေးသတ်ပုတ်နေကြ၏။ အတန်ကြာသော် သူတို့နှစ်ယောက် လူချင်းကွဲသွားပြန်သည်။ ဖန်းယီကုကား ပါးစပ်မှသွေးများကို ပွက်ခနဲအန်ထုတ်လိုက်၏။ သို့သော် သူသည် အကာအကွယ်ကို နောက်တကြိမ်ဖော်ထုတ်ကာ အရပ်ရှည်ရှည်နှင့် သတ်ဖြတ်သူထံသို့ နောက်တကြိမ် ကြောက်ဖွယ်ရာအရှိန်အဟုန်ဖြင့် ခုန်ဝင်သွားပြန်သည်။
အရပ်ရှည်ရှည်နှင့် သတ်ဖြတ်သူကား လက်တဖက်ြတ်နေပြီးသားဖြစ်လေရာ ဖန်းယီကု၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်စွမ်းမရှိတော့။ သို့သော် သူကလည်း ဆုံးဖြတ်ချက် ပြတ်သားလှသည်။ မိမိအနေနှင့် ကာကွယ်နိုင်စွမ်းရှိပုံမပေါ်သည်နှင့် ခုခံမည့်အစီအစဉ်ကို လုံးဝ စွန့်လွှတ်လိုက်တော့သည်။
သူသည် ခေါင်းကိုမော့ရင်ကိုကော့ပြီး ဖန်းယီကု၏ တိုက်ကွက်ကို သူ့လက်ပြတ်ကြီးနှင့် ခံဆောင်လိုက်၏။ ထို့နောက် ညာဖက်လက်နှင့် ဖန်းယီကု၏ လည်ပင်းကို ဖမ်းချုပ်ထားလိုက်တော့သည်။
ဖန်းယီကု၏ လက်သီး၊ လက်ဝါးများသည် အရပ်ရှည်ရှည်သတ်ဖြတ်သူ၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာ၏။ သတ်ဖြတ်သူ၏ အရိုးများ သွင်သွင်ကျိုးကုန်ပြီ ဖြစ်သည်။ သို့သော် သူသည် ဖန်းယီကု၏ လည်ပင်းကို ဖမ်းချုပ်ထားသော လက်ကိုတော့ လွှတ်ပေးခြင်းမရှိ။ ကြည့်ရသည်မှာ ဖန်းယီကုကိုပါ သူနှင့်အတူ သေရွာကို ခေါ်သွားမည့်ပုံပင်။
ဖန်းယီကု ကြောက်လန့်လာ၏။ သူသည် အားကုန်သုံးက အရပ်ရှည်ရှည် သတ်ဖြတ်သူ၏ လက်မှ လွတ်မြောက်ရန် ကြိုးစားနေလေသည်။ တကြိမ်တွင်တော့ သူသည် အကာအကွယ်ကို နှိုးဆွလိုက်ပြီး လက်နှစ်ချောင်းကို ဆန့်ထုတ်ကာ သတ်ဖြတ်သူ၏ မျက်လုံးကို လှမ်းထိုးလိုက်၏။ တကွက်တည်းနှင့် သတ်ဖြတ်သူ မျက်ကန်းဘဝသို့ ရောက်သွားခဲ့ရလေပြီ။
အရပ်ရှည်ရှည် သတ်ဖြတ်သူသည် နာကျင်လွန်း၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သို့သော် လက်ကိုကား မလွှတ်ချေ။ ထိုအချိန်တွင် သူ့ကိုယ်ပေါ်ရှိ ဆေးမင်များသည် နောက်တကြိမ် ဝင်းလက်တောက်ပလာပြီး ပြင်းထန်သော အားလှိုင်းများထွက်ပေါ်လာ၏။ ဖန်းယီကု၏ လည်ပင်းမှာလည်း ကျွတ်ခနဲ ကျိုးသွားတော့သည်။
တချိန်တည်းမှာပင် ဖန်းယီကု၏ ပြင်းထန်လှသော လက်သီးကလည်း သတ်ဖြတ်သူ၏ လည်မြိုပေါ်သို့ ကျရောက်လာကာ ၎င်းအား မရဏရှင်သေမင်းထံသို့ ပို့ဆောင်လိုက်တော့သည်။
ထို့နောက် အသည်းအသန် တိုက်ခိုက်နေသူနှစ်ဦးသည် မြေကြီးပေါ်သို့ ပြိုင်တူလဲပြိုကျသွားတော့သည်။