← Chapters

အဖွဲ့လိုက်တိုက်ပွဲ ၂

Vol. 33 Ch. 323

အဖွဲ့လိုက်တိုက်ပွဲ ၂

Vol. 33 Ch. 323

တိမ်တိုက်ကျားသစ်သည် ကြောက်စရာကောင်းလောက်သည့် အမြန်နှုန်းနှင့် လှံတံ ကိုင်တွယ်သုံးစွဲသည့် နန်းဆောင်သူရဲကောင်း သတ်ဖြတ်သူထံသို့ ခုန်ဝင်လိုက်၏။ တိမ်တိုက်ကျားသစ်၏ လှုပ်ရှားမှုကို မြင်သည်နှင့် နန်းဆောင်သူရဲကောင်းက လှံနှင့်လှမ်းထိုးလိုက်လေသည်။

တိမ်တိုက်ကျားသစ်သည် လမ်းခုလတ်မှာပင် ဦးတည်ချက်ကို ပြောင်းလဲလိုက်၏။ သူ့လှုပ်ရှားမှုမှာ မြန်ဆန်လွန်း၍ နောက်ကျောတွင် အရိပ်များပင် ကျန်ရစ်ခဲ့သယောင် ထင်မြင်ရသည်။ လမ်းကြောင်းပြောင်းလဲပြီးသည်နှင့် တိမ်တိုက်ကျားသစ်သည် နန်းဆောင်သူရဲကောင်းအား လက်ဝါးနှင့် ၁၂၈ချက်တိတိ ရိုက်ချလိုက်၏။ အဆင့်မြင့်စိတ်ကြွဆေး၏ အစွမ်းကြောင့်သာ ဤတိုက်ကွက်မျိုးကို တိမ်တိုက်ကျားသစ် ဖော်ထုတ်နိုင်ခြင်း ဖြစ်သည်။ တချိန်တည်းမှာပင် သူသည် အဆင့်မြင့်အားတိုးဆေးကိုပါ သောက်သုံးထားလေရာ လက်ဝါးရိုက်တချက် တချက်စီတိုင်း၏ အင်အားသည် ကြောက်စရာကောင်းလှ၏။

နန်းဆောင်သူရဲကောင်း သတ်ဖြတ်သူသည် သူ ဒုက္ခရောက်ပြီမှန်း ကောင်းစွာ သဘောပေါက်လိုက်၏။ အဆက်မပြတ် ဝင်ရောက်လာသော လက်သီးချက်များကို သူ့အနေနှင့် ခုခံနေရန် အချိန်မရှိတော့။ အတတ်နိုင်ဆုံး ရှောင်တိမ်းရပေတော့မည်။

တိမ်တိုက်ကျားသစ်၏ လက်ဝါးရိုက်ချက်များသည် လေထဲတွင် စုဖွဲ့ပြီးသည်နှင့် အသေးစားပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်လာ၏။ ပင်လယ်ပြင်တွင် လှိုင်းတံပိုးများ ထပ်ခါထပ်ခါ ရိုက်ခတ်နေသည်နှင့် အလားတူပေသည်။

သတ်ဖြတ်သူမျိုးဆက်သစ်သည် အလွန်ပင် မြန်ဆန်သူဖြစ်သည်။ သို့သော် သူ့လှုပ်ရှားမှုထက် တိမ်တိုက်ကျားသစ်က ပိုမြန်နေ၏။ တိမ်တိုက်ကျားသစ်သည် သူ့နောက်မှ ထပ်ချပ်မကွာ ကပ်လိုက်ပြီး အဆက်မပြတ် တိုက်ခိုက်လျက်ရှိလေသည်။ ထို့ကြောင့် အဆက်မပြတ် နောက်ဆုတ်ပေးနေသည့်တိုင် သူသည် လက်ဝါးရိုက်ချက် အတော်များများ၏ ထိမှန်ခြင်းကို ခံလိုက်ရ၏။

နောက်ဆုံးတွင်တော့ တိမ်တိုက်ကျားသစ်၏ သဲကြီးမဲကြီး တိုက်ခိုက်မှုကြောင့် နန်းဆောင်သူရဲကောင်း သတ်ဖြတ်သူသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး နောက်သို့လွင့်စင်သွားတော့သည်။ သူ့ကိုယ်ပေါ်ရှိ ဆေးမင်များသည် ဝင်းလက်တောက်ပနေ၏။ သို့သော် တိမ်တိုက်ကျားသစ်၏ မိုးသီးမိုးပေါက်ပမာ ကျရောက်လာသော အဆက်မပြတ် တိုက်ခိုက်မှုများကိုတော့ တောင့်ခံနိုင်စွမ်း ရှိတော့ပုံမရ။ သူ့ပါးစပ်မှလည်း သွေးများပွက်ခနဲ အန်ထုတ်လိုက်လေသည်။

သို့တိုင်အောင် သူ၏ အမြန်နှုန်းနှင့်အင်အားသည် တဖက်လူထက် နိမ့်ကျသည်ဟု နန်းဆောင်သူရဲကောင်း သတ်ဖြတ်သူ မထင်မိချေ။ ထိုအခါ သူက လေထဲသို့ လွင့်စင်သွားရင်းနှင့်ပင် တိမ်တိုက်ကျားသစ်ဆီသို့ လက်နှစ်ဖက်ဖြင့် ရိုက်ချလိုက်၏။ ထောင်ပေါင်းများစွာသော လက်ဝါးများ တိမ်တိုက်ကျားသစ်ဆီသို့ ဝင်ရောက်သွား၏။

ဤတကြိမ်တွင်တော့ နှစ်ယောက်စလုံး နောက်ဘက်သို့ ပြိုင်တူလွင့်စင်သွားပြီး ဒဏ်ရာကိုယ်စီ ရရှိသွားကြ၏။

မြေကြီးပေါ်သို့ ခြေစုံရပ်မိသည်နှင့် တိမ်တိုက်ကျားသစ်သည် သတ္တုဆေးရည်နှင့် အဆင့်မြင့် ဒဏ်ရာပျောက်ကင်းစေသည့် ဆေးရည်တို့ကို သောက်ချပြီး သူ၏ ခံစစ်နှင့် ဒဏ်ရာပျောက်ကင်းစေသည့် စွမ်းရည်တို့ကို မြှင့်တင်လိုက်သည်။ ထို့နောက် သူသည် နန်းဆောင်သူရဲကောင်းသတ်ဖြတ်သူထံသို့ ရက်စက်ကြမ်းကြုတ်စွာ ခုန်ဝင်တိုက်ခိုက်လိုက်ပြန်သည်။

ထိုအခါကျမှ တစုံတခု မှားယွင်းနေပြီမှန်း နန်းဆောက်သူရဲကောင်းသတ်ဖြတ်သူ သဘောပေါက်သွား၏။ သူပါးစပ်မှလည်း သွေးများနောက်တကြိမ် အန်ထုတ်လိုက်ရပြန်သည်။

တိမ်တိုက်ကျားသစ်သည် နန်းဆောင်သူရဲကောင်းသတ်ဖြတ်သူနောက်သို့ အစွမ်းကုန်လိုက်လံတိုက်ခိုက်နေ၏။ ဤအချိန်တွင် အဖွဲ့လိုက်တိုက်ခိုက်သော ပုံစံ ပျက်ယွင်းသွားပြီဖြစ်ပြီး လူတိုင်းလိုလိုသည် ကိုယ့်ပြိုင်ဘက်နှင့်ကိုယ် တိုက်ခိုက်ကုန်ကြပြီ ဖြစ်သည်။ တိမ်တိုက်ကျားသစ်ကား ခုခံရန်စိတ်ကူးကို လုံးဝစွန့်လွှတ်လိုက်ပုံရသည်။ သူသည် ရန်သူကို သတ်ဖြတ်ရန်သာ အဓိက အာရုံစိုက်ထား၏။

သူနှင့် တိုက်ခိုက်နေသော သတ်ဖြတ်သူမှာ ကနဦးက ထန်းမင်နှင့် တိုက်ခိုက်နေသည့် နန်းဆောင်သူရဲကောင်းသတ်ဖြတ်သူမှန်း ဟေးယွန်တုံး သတိထားမိလိုက်၏။

ထန်းမင်သည် အနှီ နန်းဆောင်သူရဲကောင်းနှင့် တယောက်ချင်း တိုက်ခိုက်ခဲ့ရ၍ အတော်ပင် ဖိအားများသွားခဲ့၏။ ဟေးယွန်တုံး ချိန်သားကိုက် ဝင်ရောက်လာ၍သာ သူ့အတွက် အသက်ရှုချိန်ရသွားခြင်း ဖြစ်သည်။

ဟေးယွန်တုံးသည် သူ၏ အဝေးရောက်မီးလျံလက်သီးကို ထုတ်ဖော်လိုက်၏။ လက်သီးချက်တိုင်းတွင် တဟုန်းဟုန်းထနေသော မီးတောက်မီးလျံများ ပါဝင်လာသည်။ သူ၏ အင်အားမှာကား အတော်လေး အထင်ကြီးစရာပင်။

ဟေးယွန်တုံး၏ တိုက်ကွက်ကို မြင်တွေ့ရသောအခါ တဖက်မှ သတ်ဖြတ်သူ၏ မျက်နှာပေါ်တွင် မလိုမုန်းထားဖြစ်နေသော အမူအရာ ပေါ်ပေါက်လာ၏။ ထို့နောက် သူက ခေါင်းကိုမော့ပြီး မိုးကြိုးပစ်ချသည့်ပမာ အော်ဟစ်လိုက်တော့သည်။ အော်သံဆုံးသည်နှင့် သူ့ကိုယ်ခန္ဓာပတ်ပတ်လည်ရှိ လေထုသည် ထူထပ်သိပ်သည်းလာ၏။

အနှီးနန်းဆောင်သူရဲကောင်းသတ်ဖြတ်သူသည် ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များကို စုစည်းပြီး ကြောက်စရာကောင်းသည့် အားလှိုင်းများကို ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။ တချိန်တည်းမှာပင် သူ့ဘယ်ဖက်လက်တွင် အလွန်တောက်ပသော အဝိုင်းအဝန်းတခု စုဝေးလာ၏။ ၎င်းသည် ဟေးယွန်တုံး၏ ညာဖက်လည်ပင်းဆီသို့ ဝင်ရောက်လာ၏။

မျက်စေ့ကျိန်းစပ်မတတ် အလင်းရောင်တန်းများ ထွက်ပေါ်လာ၏။

ထိုအခါ ဟေးယွန်တုံးသည် လက်နှစ်ဖက်ကို ရှေ့သို့ဆန့်တန်းပြီး ဒေါသငရဲမီးလျံသားရဲသွေးဗီဇကို နှိုးဆွလိုက်၏။ သူ့တကိုယ်လုံးမှာလည်း နေလုံးကြီးကဲ့သို့ ရဲရဲနီလာ၏။ သတ်ဖြတ်သူ၏ တောက်ပသည့် အဝိုင်းအဝန်းမှာ ထိုအခိုက်အတန့်ဝယ် ဟေးယွန်တုံးကို ထိုးဖောက်နိုင်စွမ်းမရှိပဲ ဖြစ်နေ၏။

ထိုအချိန်မှာပင် တဖက်မှ သတ်ဖြတ်သူသည် အလွန်ပါးလွှာသည့် စက္ကူကဲ့သို့ ဓားတမျိုးကို ကိုင်ဆောင်ထားကြောင်း ဟေးယွန်တုံး တွေ့ရှိလိုက်ရသည်။ ဟေးယွန်တုံးအနေနှင့် ထိုကဲ့သို့ အလွန်ရိုင်းစိုင်းသည့် မျိုးစိတ်များက လျှို့ဝှက်လက်နက် ကိုင်ဆောင်တိုက်ခိုက်တတ်လိမ့်မည်ဟု လုံးဝမျှော်လင့်ထားသည်မဟုတ်။

ဓားသွားသည် ခေတ္တမျှ ရပ်တန့်နေ၏။ အတန်ကြာမှ မီးတောက်မီးလျံများကို ထိုးဖောက်ပြီး ဟေးယွန်တုံးထံသို့ ဆက်လက်တိုးဝင်လာလေသည်။

နန်းဆောင်သူရဲကောင်းသတ်ဖြတ်သူသည် ဟေးယွန်တုံးအား အေးစက်သော မျက်လုံးအစုံနှင့် စိုက်ကြည့်နေ၏။ သူ့မျက်နှာပေါ်တွင်တော့ သွေးဆာသော အရိပ်အယောင်များ ယှက်သန်းနေလေသည်။ ဤတကြိမ်တွင်တော့ ဓားဦးသည် ဟေးယွန်တုံး၏ နှလုံးသားဆီသို့ ဦးတည်နေ၏။ ဓားသွားသည် မီးတောက်မီးလျံများကြားမှ ကွေ့ဝိုက်ကာ အလွန်မြန်ဆန်သော အရှိန်အဟုန်နှင့် တိုးဝင်လာခြင်း ဖြစ်လေရာ ဟေးယွန်တုံးအနေနှင့် ရှောင်တိမ်းနေရန် အချိန်မရှိတော့။

ဟေးယွန်တုံးလည်း ဓားသွားကို လက်နှစ်ဖက်ဖြင့် ဖမ်းညှပ်ထားလိုက်၏။ ဓားဦးသည် ဟေးယွန်တုံး၏ ရင်ဘတ်နှင့် တစ် ဆင်တီမီတာသာ ကွာဝေးတော့သည်။ ထိုအချိန်တွင် သတ်ဖြတ်သူ၏ ကိုယ်ပေါ်ရှိ ဆေးမင်များ နောက်တကြိမ် ဝင်းလက်တောက်ပလာပြီး စွမ်းအင်လှိုင်းများက ၎င်း၏ ဓားကိုင်လက်ဆီသို့ စုဝေးလာ၏။

တဖက်ရန်သူ၏ တိုးပွားလာသော အင်အားကို ရင်ဆိုင်ရန် ဟေးယွန်တုံး မတွေးထားမိ။ ထိုအခါ သတ်ဖြတ်သူ၏ ဓားက သူ့ကိုယ်ပေါ်သို့ စိုက်ဝင်သွားတောာသည်။

"အား"

ဟေးယွန်တုံး နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ့တကိုယ်လုံးရှိ အင်အားများကိုလည်း လက်မောင်းများဆီသို့ တွန်းပို့လိုက်၏။ သို့သော်ငြားလည်း ဓားသွားသည် တဖြည်းဖြည်းနှင့် သူ့ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာ၏။ ဓားဦးမှာကား နှလုံးသားဆီသို့ ဦးတည်နေလေသည်။

"မင်းကတော့ သေဖို့သေချာနေပြီကွ"

နန်းဆောင်သူရဲကောင်းက စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်သည်။

ထိုအချိန်မှာပင် ဖြူဖွေးသော နှင်းနဂါးကြီးတကောင်က နန်းဆောင်သူရဲကောင်း၏ မျက်နှာကို ဝင်ရောက်တိုက်ခိုက်လိုက်၏။ နဂါးကြီး၏ တိုက်ခိုက်မှုမှာ ရက်စက်ကြမ်းကြုတ်လှသည်။ နန်းဆောင်သူရဲကောင်း၏ မျက်နှာ တခုလုံးလိုလိုပင် ကြေမွသွားလေသည်။

ဟေးယွန်တုံးကလည်း ထိုအချိန်မှာပင် လက်နှစ်ဖက်ကို ရှေ့သို့တွန်းထုတ်လိုက်ရာ လေထဲတွင် သွေးများ ရဲခနဲ ဖြစ်သွားပြီး သတ်ဖြတ်သူ၏ ဓားသည်လည်း လေထဲသို့ လွင့်စင်သွား၏။ ဟေးယွန်တုံးသည် လေထဲရှိဓားကို ဖမ်းဆွဲပြီး အောက်သို့ခုတ်ချလိုက်တော့သည်။

ရွှီခနဲ မြည်သံနှင့်အတူ နန်းဆောင်သူရဲကောင်း သတ်ဖြတ်သူ၏ ကိုယ်ခန္ဓာအတ္တဘောကြီးမှာ ထက်ခြမ်းကွဲသွား၏။

ဟေးယွန်တုံး နောက်ကို လှည့်ကြည့်လိုက်လေရာ သူ့ကို စိုက်ကြည့်နေသော ထန်းမင်ကို တွေ့လိုက်ရသည်။

ထန်းမင်က မာနကြီးသော အမူအရာနှင့် ပြောလိုက်သည်။

"ကျုပ်ကို ကျေးဇူးတင်နေစရာ မလိုပါဘူး"

ဟေးယွန်တုံးခေါင်းခါလိုက်သည်။

"မင်းကတော့လေ တကယ့်ကို ရွံစရာကောင်ပဲ"

ထိုအချိန်တွင် ရှန်းအမွှာများမှာ နန်းဆောင်သူရဲကောင်းများနှင့် ရင်ဆိုင်နေရသည့် ဟေးယွန်တုံး၊ ဖန်းယီကု၊ တိမ်တိုက်ကျားသစ်တို့၏ အခြေအနေနှင့် များစွာ ကွဲပြားခြားနားလှသည်။

သူတို့သည် တိုက်ပွဲစည်းဝိုင်းအတွင်းရှိ အင်အားနည်းပြီး သီးခြားစီဖြစ်နေသော သတ်ဖြတ်သူများကို ရွေးချယ်ကာ လိုက်လံတိုက်ခိုက်နေကြ၏။ ထိုနည်းဗျူဟာမှာ အတော်ပင် ကောင်းမွန်သော နည်းဗျူဟာ ဖြစ်သည်။

သတ်ဖြတ်သူမျိုးဆက်သစ်၏ မျက်လုံးအစုံသည် ပြာခနဲ ဖြစ်သွားပြီး လူရိပ်နှစ်ရိပ်က သူ့ရှေ့သို့ ရောက်လာ၏။ တစုံတခု တုံ့ပြန်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ့တကိုယ်လုံး လေထဲသို့ လွင့်စင်သွားပြီ ဖြစ်သည်။ ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် လူရိပ်နှစ်ရိပ်၏ လက်ချက်ကြောင့် သူ အသက်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

ထိုအခါ လူရိပ်နှစ်ရိပ်သည် နောက်ထပ် အားနည်းသော ပစ်မှတ်ကို ရှာဖွေရန် ဆက်လက်ထွက်ခွာသွားကြပြန်သည်။

ဤနည်းဗျူဟာမှာ ရှက်စရာကောင်းသည်ဟု ယူဆဖွယ်ရာရှိသည်။ သို့သော် အသုံးဝင်သည်မှာကား သေချာနေ၏။ ထိုအချက်ကို အချိန်အနည်းငယ်အတွင်း အသက်ပျောက်သွားသော သတ်ဖြတ်သူလေးယောက်က သက်သေခံနေ၏။

စုချန်း တီထွင်ထားသော ဆေးဝါးများကတော့ လူသားများကို အကြီးအကျယ် ကျေးဇူးပြုနေခဲ့ပြီ ဖြစ်သည်။ နန်းဆောင်သူရဲကောင်းသုံးယောက် အသက်ပျောက်သွားပြီ ဖြစ်သည့်အပြင် ရှန်းအမွှာများကလည်း အားနည်းသော သတ်ဖြတ်သူများကို ကောက်သင်းကောက်နေကြ၏။ တိုက်ပွဲ၏ ချိန်ခွင်လျှာမှာလည်း လူသားများဘက်မှ အလေးသာနေခဲ့ပြီ ဖြစ်သည်။ လူသားများအနေနှင့် ထိုအလေးသာမှုကို အကြွင်းမဲ့အောင်မြင်မှုအဖြစ် ပြောင်းလဲပစ်ရန်သာ လိုတော့သည်။

သို့သော် စုချန်း၏ ပုံစံမှာ ဝမ်းသာသော အရိပ်အယောင်သော်လည်းကောင်း၊ အောင်ပွဲခံနိုင်တော့မည့် အရိပ်အယောင်သော်လည်းကောင်း အနည်းငယ်မျှ မတွေ့ရ။

သူသည် တိုက်ပွဲတခုလုံးကို စိုးရိမ်ပူပန်စွာဖြင့် အကဲခတ်လျက်ရှိသည်။ သူ့မျက်လုံးအစုံမှာ ဟိုမှသည်မှ ရွေ့လျားလျက်ရှိလေရာ တစုံတယောက်ကို လိုက်ရှာနေဟန် တူလှသည်။

ဒန်ဘာ...

သူ ဘယ်ရောက်နေသနည်း။

သတ်ဖြတ်သူမျိုးဆက်သစ်များသည် တဟုန်ထိုး တိုက်ခိုက်နေကြ၏။ သို့သော် ထိုအထဲတွင် ဒန်ဘာတော့ မပါချေ။

အနှီ သတ်ဖြတ်သူ နန်းဆောင်သူရဲကောင်းသည် စုချန်းကို တကြိမ် လှည့်စားသွားဖူး၏။

စုချန်း၏ အမူအရာမှာကား ပကတိ တည်ငြိမ်နေလေသည်။ သို့သော် သူ့ရင်ခုန်သံမှာကား မြန်နေ၏။

ဒန်ဘာ ဘာကိုစောင့်နေမှန်း စုချန်း မသိ။ သို့သော် အချိန်အတော်ကြာသည်အထိ ဒန်ဘာကား ပေါ်မလာ။ ထိုအခါ စုချန်းအနေနှင့်လည်း အောင်ပွဲခံနိုင်မည်ဟု မယုံရဲပဲ ဖြစ်နေလေသည်။

ထိုအချိန်မှာပင် စုချန်း၏ ကျောပြင်၌ စိမ့်ခနဲ ခံစားလိုက်ရသည်။

စုချန်း နောက်ကို ဖြတ်ခနဲ လှည့်ကြည့်လိုက်၏။ ထိုအခါ သုတေသနဓာတ်ခွဲခန်း၏ ရှေ့တွင် မတ်တပ်ရပ်လျက် သူ့ကို အေးစက်သော မျက်လုံးအစုံဖြင့် စိုက်ကြည့်နေသော သတ်ဖြတ်သူတယောက်ကို စုချန်း မြင်တွေ့လိုက်ရသည်။

ထိုသတ်ဖြတ်သူမှာကား ဒန်ဘာပေတည်း။

ဒန်ဘာ၏ အကြည့်မှာ မုန်းတီးခြင်းများ ပြည့်နှက်နေလေသည်။

စုချန်း တစုံတရာကို ရုတ်ချည်းပင် နားလည်သဘောပေါက်သွား၏။ ထို့နောက် သူက ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်လေသည်။

"မလုပ်နဲ့"

သို့သော် ဒန်ဘာကတော့ စုချန်းကို ဂရုမစိုက်တော့ပဲ သုတေသနဓာတ်ခွဲခန်းကို လက်သီးဖြင့် အားရပါးရ ထိုးချလိုက်တော့သည်။

All Chapters