← Chapters

ဘက်စုံမြင် ဝင်ရောက်နှောက်ယှက်ခြင်း

Vol. 33 Ch. 324

ဘက်စုံမြင် ဝင်ရောက်နှောက်ယှက်ခြင်း

Vol. 33 Ch. 324

ဘုန်း!!!

ပြင်းထန်လှသော စွမ်းအင်ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီး အရောင်အသွေးစုံလင်လှသည့် အလင်းရောင်တန်းများ ထွက်ပေါ်လာ၏။

ကောင်းကင်ပေါ်တွင်တော့ သက်တန့်ကြီးပမာ အရောင်အသွေးစုံလင်လှသည့် အလင်းရောင်များနှင့် ပြည့်နှက်နေတော့သည်။

ထိုအခိုက်မှာပင် ကမ္ဘာမြေကြီးနှင့် ကောင်းကင်ကြီးတခုလုံး ချာချာလည်နေကြောင်း စုချန်း မြင်တွေ့လိုက်ရ၏။

ကြည့်ရသည်မှာ ကမ္ဘာကြီးတခုလုံး အဆက်မပြတ် ပြောင်းလဲနေပုံရ၏။ တစုံတခုသည် ဆွဲဆန့်ခြင်း၊ ပြန့်ကားခြင်းတို့ အဆက်မပြတ် ဖြစ်ပေါ်နေသည်နှင့်လည်း တူနေသည်။

ဤသည်မှာပင် လေဟာနယ်ဆွဲဆန့်ခြင်းနှင့် တောင်ကြီး ပြားကပ်ခြင်း တပြိုင်နက်တည်း ဖြစ်ပေါ်နေသည့် သဘောပင်။ မြင်ကွင်းမှာ အိပ်မက်ဆန်လှ၏။ ကျောင်းသားများအဖို့ နောင်နှစ်ပေါင်းများစွာထိ မေ့ပျောက်၍ မရနိုင်တော့မည့် မြင်ကွင်းမျိုးပင်တည်း။

ဆီချီမင်သည် သူ့ရန်သူ သတ်ဖြတ်သူ မျိုးဆက်သစ်၏ မျက်နှာကို လက်သီးနှင့် လှမ်းထိုးလိုက်၏။ သို့သော် သူ့လက်သီးချက်သည် ပစ်မှတ်သို့ မရောက်ပဲ အတော်ပင် ကွာဝေးနေကြောင်း သူ မြင်တွေ့လိုက်ရသည်။ တကယ့်တော့ သူတို့နှစ်ယောက်သည် နီးနီးလေးဖြစ်သော်လည်း ပင်လယ်သမုဒ္ဒရာကြီးတခုလုံးပင် ကွာခြားနေသလို ဆီချီမင် ခံစားလိုက်ရ၏။

တိမ်တိုက်ကျားသစ်သည် လှံကိုင်နန်းဆောင်သူရဲကောင်းနှင့် အနီးကပ်တိုက်ခိုက်နေ၏။ သူသည် တဖက်ရန်သူထက် မြန်ဆန်သော်လည်း ယခုအခါတွင်တော့ ဘယ်လောက်ပင် ကြိုးစားစေကာမူ သူတို့နှစ်ယောက်မှာ ယခင်ထက် ပို၍သာ ဝေးကွာလာ၏။ ရန်သူသည် သူ့ထက် နှေးကွေး၏။ သို့သော် သူတို့ကြား အကွာအဝေးမှာကား ပို၍ ကျယ်ပြန့်လာလေသည်။

ထန်းမင်သည် ရေခဲနဂါးတကောင်ကို ဖော်ထုတ်တိုက်ခိုက်လိုက်၏။ နဂါးသည် ရန်သူဆီသို့ ပျံသန်းသွားပြီးနောက် ထန်းမင်၏ဘေးနားသို့ ပြန်ရောက်မလာတော့ချေ။ တနည်းအားဖြင့် နဂါးကို ထန်းမင် ထိန်းချုပ်နိုင်စွမ်းမရှိတော့။

ကျန်လူတိုင်းသည်လည်း ပြင်းအားကြီးမားသည့် သက်ရောက်မှုများကြောင့် ဆန်ကောထဲ ဇီးဖြူသီးထည့်လှိမ့်လိုက်သည့်ပမာ ခံစားနေရလေသည်။ တောင်ကြီးနှင့် လေဟာနယ်တခုလုံးသည် ပြင်းထန်သော စွမ်းအင်လှိုင်းကြီးများကြောင့် သွက်သွက်ခါအောင် တုန်လှုပ်နေ၏။

ထိုအခိုက်အတန့်ဝယ် လေဟာနယ်သည် ရုပ်ပိုင်းဆိုင်ရာ ကိုင်တွယ်၍ရနိုင်သော ပစ္စည်းတခုကဲ့သို့ ချုံ့တွလာ၏။ ပြိုကွဲစပြုလာ၏။ တောင်ထိပ်ရှိ ရဲတိုက်ကြီးမှာလည်း မယုံနိုင်စရာကောင်းလောက်အောင် ကြီးမားလာပြီး သတ္တဝါကြီးတကောင်သဖွယ် သူတို့အားလုံးအား ဝါးမြိုစားသောက်တော့မည်ကဲ့သို့ ရှိလေသည်။ လူတိုင်းသည် ကြက်သေသေလျက်ရှိကြကုန်၏။

၎င်းသည် တဖြည်းဖြည်းကြီးမားကျယ်ပြန့်လာပြီး တိုက်ပွဲဖြစ်နေသော နေရာအပါအဝင် လေဟာနယ်၏ ကျန်သော ကြားကွက်လပ်များကို နေရာဝင်ယူလိုက်တော့သည်။ တချိန်တည်းမှာပင် သုတေသနဓာတ်ခွဲခန်း၏ အဝင်တံခါးကြီး ဟောင်းလောင်းပွင့်လာကြောင်း သူတို့အားလုံး မြင်တွေ့လိုက်ရသည်။ အဆုံးမရှိ နက်ရှိုင်းသော အမှောင်ထုကြီးသည် သားရဲတကောင်သဖွယ် သူတို့အား ဝါးမြိုလိုက်၏။

အား!!!!

လူတိုင်းသည် ကြောက်လန့်တကြား အော်ဟစ်ကာ ထိုနေရာမှ လွတ်မြောက်ရန် အစွမ်းကုန် ကြိုးစားနေကြ၏။ သို့သော် လေဟာနယ်၏ ကြောင်မက်ဖွယ်ရာ ကျယ်ပြန့်နှုန်းကို သူတို့ တွန်းလှန်နိုင်စွမ်းမရှိကြပေ။ အူသည်းလှိုက်သည်း အော်ဟစ်ရင်းနှင့်ပင် နက်ရှိုင်းသော တွင်းပေါက်ကြီးထဲသို့ ပြုတ်ကျကုန်ကြလေသည်။

ကုချိန်းလွှာ!!!

စုချန်းက စိုးရိမ်တကြီးနှင့် အော်ခေါ်လိုက်သည်။ ကုချိန်းလွှာကလည်း စုချန်းကို လှမ်းကြည့်ရင်း တစုံတရာ ပြောရန်ဟန်ပြင်လိုက်သည်။ သို့သော် ဘာမှမပြောနိုင်ပဲ အမှောင်ထုအတွင်း ပြုတ်ကျပျောက်ကွယ်သွား၏။

စုချန်းအနေနှင့် ကုချိန်းလွှာနောက်သို့ လိုက်ပါသွားလိုစိတ်များ ပေါ်ပေါက်လာ၏။ သို့သော် သူ ဘာမှမတတ်နိုင်။ သူသည် ယိယွန့်ဟုန်ကို ဖေးမထားရသည်မဟုတ်ပါလား။

ထိုအချိန်မှာပင် သူ့ဘေးနားရှိ ကျိယွာယု၏ အော်သံကို စုချန်း ကြားလိုက်ရသည်။

"အစ်ကိုကြီး စုချန်း ကျုပ်ကို ကယ်ပါ"

စုချန်းက လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ လေလှိုင်းရေဘဝဲလက်တံတခု ပေါ်ပေါက်လာပြီး ကျိယွာယုကို သူ့ဘေးနားသို့ ဆွဲယူလိုက်၏။ ထို့နောက် သူတို့သုံးယောက်သည် တွင်းနက်ကြီးထဲသို့ ပြိုင်တူပြုတ်ကျသွားတော့သည်။

____________×××______________×××__________

စုချန်း၊ ယိယွန့်ုဟုန်နှင့် ကျိယွာယုတို့သည် အနီးရှိ နံရံတခုပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားလေသည်။

အား!!!

ကျိယွာယုတယောက် ခေါင်းကိုပွတ်ရင်း နာကျင်စွာ အော်ဟစ်လိုက်သည်။ ပြီးမှ သူသည် သတ္တုနှင့်ပြုလုပ်ထားသော နံရံတခုနှင့် ဝင်တိုက်မိကြောင်း တွေ့ရှိလိုက်ရ၏။

သူတို့ ရောက်ရှိနေသော နေရာမှာ အလွန်ရှည်လျားသော စြင်္ကန်လမ်းတလမ်း ဖြစ်သည်။ စုချန်းသည် ယိယွန့်ဟုန်ကို ကြမ်းပြင်ပေါ် ခနချပြီး ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်လိုက်၏။ ထို့နောက် သူက မျက်နှာကြက်ကို မော့ကြည့်ပြီး ပြောလိုက်သည်။

"ကြည့်ရတာတော့ ကျုပ်တို့အားလုံး သုတေသနအခန်းထဲ ရောက်နေကြပြီနဲ့တူတယ် ဒါပေမဲ့ ရှေ့တံခါးကနေ ဝင်လာပြီး ဘယ်လိုလုပ်ဒီကိုရောက်လာသလဲ ယွာယု ဒါကို မင်းရှင်းပြပေးလို့ရမလား"

"ကျုပ်အထင်တော့ ဒါ ဘက်စုံမြင် ဝင်ရောက်နှောင့်ယှက်ခြင်းကြောင့်ပဲ ဖြစ်ရမယ်ဗျ"

"ဘက်စုံမြင် ဝင်ရောက်နှောင့်ယှက်ခြင်း ဟုတ်လား"

စုချန်းက တစုံတရာကို နားလည်သွားဟန်ဖြင့် ရေရွတ်လိုက်သည်။

ဘက်စုံမြင် ဝင်ရောက်နှောင့်ယှက်ခြင်း သဘောတရားဟူသည်မှာ သုံးဘက်မြင်လေဟာနယ်နှင့် သက်ဆိုင်သည့် သဘောတရားတခုသာ ဖြစ်သည်။ အာကင်နာတိုင်းပြည်ကြီး ကောင်းစားခဲ့စဉ်က အာကင်နာပညာရှင်များသည် ကမ္ဘာကြီးနှင့်ပတ်သက်၍ သုံးဘက်မြင်သဘောတရားကို လေ့လာဖော်ထုတ်ခဲ့ကြ၏။ ထိုသဘောတရားကို စုချန်း ယခင်ကတည်းက ကြားဖူး၏။ နှစ်ဖက်မြင်အရာဝတ္တုများသည် အလျားနှင့်အနံသာရှိပြီး သုံးဘက်မြင်အရာဝတ္တုများက အလျား၊အနံ၊ အမြင့်ဟူ၍ ရှိနေသဖြင့် အရာဝတ္တုတခု၏ ပုံသဏ္ဍာန် တိတိကျကျ ပေါ်လွင်လေသည်။ သုံးဘက်မြင်လေဟာနယ်မှ နှစ်ဘက်မြင်လေဟာနယ်ကို လှမ်းကြည့်ခြင်းသည် လူတယောက်က စက္ကူအပိုင်းအစတခုကို ကြည့်လိုက်သည်နှင့် တူ၏။ ထို့ကြောင့် စာရွက်ပေါ်ရှိ အရာအားလုံးကို ပီပီပြင်ပြင် တိတိကျကျ မြင်နေရသော သဘောတွင် ရှိလေသည်။ ဥပမာအားဖြင့် ပုရွက်ဆိတ်တကောင်သည် စာရွက်၏ တဖက်မှ အခြားတဖက်ခြမ်းကို ရောက်ရှိရန် တွား၍သွားသော နည်းလမ်းတလမ်းသာ ရှိသော်လည်း လူတယောက်အတွက်ကတော့ ထိုအကွာအဝေးကို ရောက်ရှိရန် အကြည့်တချက်သာ လိုသည်။

ကျိယွာယုဆိုလိုသည့် ဘက်စုံမြင် ဝင်ရောက်နှောင့်ယှက်ခြင်းဟူသည်မှာလည်း ဤသဘောတရားကိုပင် ရည်ညွှန်းခြင်း ဖြစ်သည်။

ဘက်စုံမြင် ဝင်ရောက်နှောင့်ယှက်ခြင်းကြောင့်သာဆိုလျင် သူတို့သုံးယောက် ဓာတ်ခွဲခန်းတနေရာတွင် ပေါ်ပေါက်လာခြင်းကို စုချန်း နားလည်ပေးနိုင်၏။

"ခု ကျုပ်တို့ ဘာလုပ်ကြမှာလဲ"

ကျိယွာယုက မေးလိုက်၏။

"ကျုပ်တို့ ဘာလုပ်ကြမလဲ ဟုတ်လား"

စုချန်းက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ပြောလိုက်သည်။

"လွယ်ပါတယ် ဒီအထဲကို ရောက်လာမှာတော့ လုပ်စရာရှိတာကို ဆက်လုပ်ကြတာပေါ့ သတ်ဖို့လိုအပ်တဲ့လူကို သတ်မယ် ကယ်ဖို့ လိုအပ်တဲ့လူကို ကယ်မယ် ယူစရာရှိတာကို ယူမယ်"

"ကောင်းတယ်ဗျို့"

ကျိယွာယုက ခေါင်းကိုသွက်သွက်ကြီး ညိတ်ပြလိုက်၏။

"ဒါပေမဲ့ ကျုပ်တို့ မြန်မြန်တော့လုပ်မှရမယ် လေဟာနယ်ပြိုကွဲခြင်းဟာ အတော်ကို မြန်လာပြီ ကျုပ်တို့အတွက် အချိန်အများကြီးမရတော့ဘူး"

"အချိန်ဘယ်လောက်ရအုံးမလဲ"

"နဂိုက ရက်ပေါင်း၃၀လောက်တော့ ရအုံးမယ်လို့ ကျုပ် ယူဆထားခဲ့တယ် ဒါပေမဲ့ ဒီနှုန်းထားအတိုင်းသာ ပြိုကွဲနေရင် ရက်ပေါင်း၃၀ကနေပြီး သုံးနာရီ ဖြစ်သွားလိမ့်မယ်"

"သေစမ်း ကျုပ်တို့ ဘာကိုစောင့်နေတာလဲ"

ပြောပြောဆိုဆို စုချန်းသည် ယိယွန့်ဟုန်ကို ဆွဲထူကာ စတင်ခြေလှမ်းလိုက်၏။ ထို့နောက် သူတို့သုံးယာက်သည် အခန်းတခန်းပြီးတခန်း ဖြတ်ကျော်လာခဲ့ကြလေသည်။

အခန်းများသည် သိပ်မကြီးလှပေ။ အခန်းတိုင်းတွင်လည်း အိပ်ယာကိုယ်စီ ရှိနေ၏။ အိပ်ယာများ၏ အရွယ်အစားအရ အာကင်နာအိပ်ယာများတော့ ဟုတ်ပုံမရ။ လူသားများ အသုံးပြုသည့် အိပ်ယာများပင် ဖြစ်ပုံရသည်။

လူသားများမှာ အသိညဏ်ရှိသူများ ဖြစ်ကြလေရာ အာကင်နာပညာရှင်များသည် လူသားများကို ကျေးကျွန်များအဖြစ် အသုံးပြုခဲ့ပုံပေါ်နေ၏။ ထို့ကြောင့် စုချန်းတို့ ရောက်နေသောနေရာကို အစေခံတန်းလျားဟုပင် ယူဆရလေသည်။ ဤနေရာတွင် မည်သည့်တန်ဖိုးကြီးရတနာမှ မရှိသည်မှာ သေချာနေ၏။ ထို့ကြောင့် စုချန်းက ကြည့်ရုံသာကြည့်ပြီး ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။

အချိန်မှာ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးနေ၏။ စုချန်းတို့အနေနှင့် အခန်းတိုင်းကို စေ့စေ့စပ်စပ် ရှာဖွေနေရန် အချိန်မရတော့။

ရှည်လျားသော ဟောလမ်းမကြီးအတိုင်း လျှောက်လာပြီး လမ်းသည် အောက်ဘက်သို့ အနည်းငယ် နိမ့်ဆင်းသွား၏။ တနေရာအရောက်တွင် စုချန်း၏ မျက်လုံးများမှာ ပြူးကျယ်ဝိုင်းစက်သွားတော့သည်။

အကြောင်းမှာ သူတို့သည် အလွန်တောက်ပပြီး ကျယ်ဝန်းသော အခန်းတခန်းရှေ့သို့ ရောက်ရှိလာသောကြောင့်ပင်။ သလင်းဖန်သားများနှင့် ပြုလုပ်ထားသည့် ပြတင်းပေါက်များကိုဖြတ်၍ သူတို့သည် ထူးဆန်းသော ဆေးပုလင်းများ၊ အမျိုးအမည်မသိနိုင်သည့် ပစ္စည်းများကို ထည့်ထားသော ငရားများကို မြင်တွေ့နေရလေသည်။

"ဒါ ဓာတ်ခွဲခန်းပဲကွ"

စုချန်းက စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်သည်။ ထို့နောက် သူသည် ယိယွန့်ဟုန်ကို တွဲကာ အခန်းတွင်းသို့ ဝင်ရန်ဟန်ပြင်လိုက်သည်။ ထိုအချိန်ပင်အထဲမှ သတ်ဖြတ်သူတယောက် ပြေးထွက်လာကြောင်း စုချန်း မြင်တွေ့လိုက်ရ၏။ ၎င်း၏ တကိုယ်လုံးတွင် သွေးများပေကျံနေလေရာ ဒဏ်ရာအပြင်းအထန်ရထားကြောင်း သိသာနေ၏။ သို့သော် ကြောက်လန့်ဟန်ကားမရှိ။ စုချန်းကို မြင်သည်နှင့် စတင်တိုက်ခိုက်လာတော့သည်။

ရန်သူ စတင်တိုက်ခိုက်လာသည်ကို မြင်သည်နှင့် စုျန်းသည် ယိယွန့်ဟုန်က ကျိယွာယုလက်ထဲ ထည့်ပေးလိုက်ပြီး ပြန်လည်ရင်ဆိုင်လိုက်၏။

သတ်ဖြတ်သူမျိုးဆက်သစ်သည် ကျယ်လောင်စွာ အော်ဟစ်ပြီး စုချန်းထံသို့ ခုန်ဝင်လာ၏။ စုချန်းကလည်း ရန်သူ၏ လက်မောင်းကို ဖမ်းဆွဲလိုက်လေသည်။ သူတို့နှစ်ယောက်သည် အပြင်အားချင်း ယှဉ်ပြိုင်လိုက်ကြသည့် သဘောပင်။ နောက်ဆုံးတော့ စုချန်းပင် အနိုင်ရသွား၏။ စုချန်းသည် သတ်ဖြတ်သူ၏ လက်မောင်းကို ဂျွတ်ခနဲမြည်အောင်ပင် ချိုးပစ်လိုက်လေသည်။ တဆက်တည်းမှာပင် စုချန်းသည် ၎င်း၏ ဒူးခေါင်းကို ဖနောင့်နှင့် ကန်ထည့်လိုက်၏။

သတ်ဖြတ်သူမျိုးဆက်သစ်ခမျာကား ဆေးမင်များကိုပင် နှိုးဆွခွင့်မရလိုက်ရှာ။ ဒူးခေါင်းတခုလုံး ကျိုးကြေသွားလေရာ မြေကြီးပေါ်သို့ လဲပြိုကျသွား၏။ စုချန်းက ၎င်းကို အခွင့်ကောင်းယူကာ သတ်ဖြတ်သူ၏ ခေါင်းကို တံတောင်နှင့် ထောင်းချလိုက်လေသည်။ အရိုးအက်ကွဲသံသဲ့သဲ့ ထွက်ပေါ်လာပြီး သတ်ဖြတ်သူမျိုးဆက်သစ်၏ ဦးခေါင်းတခုလုံး ဖရဲသီး ထက်ခြမ်းခွဲခံလိုက်ရသည့်ပမာ ဖြစ်သွား၏။

"သိပ်ကောင်းတဲ့အကွက်ပဲ"

ကျိယွာယုက ချီးကျူးလိုက်သည်။

"ရန်သူက ဒဏ်ရာရထားတာကွ ဒါမျိုး အနိုင်ရတယ်လို့ မခေါ်ဘူး"

စုချန်းက ကျိယွာယုကို လှည့်ကြည့်ကာ ပြန်ပြောလိုက်၏။

ထိုအချိန်မှာပင် သူက ကျိယွာယုကို ကန်ထည့်လိုက်လေရာ ကျိယွာယု၏ ကိုယ်ခန္ဓာမှာ နောက်ဘက်သို့ လွင့်စင်သွားတော့သည်။

လျင်မြန်စွာ ပျံသန်းလာသော ပုဆိန်ကြီးတလက်သည် ကျိယွာယု မတ်တပ်ရပ်နေသည့် မြေပြင်ကို စိုက်ဝင်သွား၏။

All Chapters