← Chapters

ရိပ်သိမ်းခြင်း ၁

Vol. 33 Ch. 325

ရိပ်သိမ်းခြင်း ၁

Vol. 33 Ch. 325

ကျိယွာယုသည် ယိယွန့်ဟုန်ကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး မြေကြီးပေါ်သို့ လွင့်စင်ကျသွား၏။

မြေပေါ်တွင် ခုနှစ်ပတ် ရှစ်ပတ်ခန့် လိမ့်နေပြီးမှ သူ့ကို ပုဆိန်ကြီးနှင့် တိုက်ခိုက်လိုက်သူမှာ သတ္တုရုပ်သေးရုပ်တရုပ်မှန်း ကျိယွာယု သိရှိလိုက်သည်။

သတ္တုရုပ်၏ ပထမဆုံးတိုက်ခိုက်မှုကား လွဲချော်သွားခဲ့ပြီ ဖြစ်သည်။ ထိုအခါ ၎င်းက စုချန်းဘက်သို့ လှည့်ကာ တိုက်ခိုက်လိုက်ပြန်သည်။ စုချန်းကလည်း လျင်မြန်သွက်လက်စွာ ရှောင်တိမ်းပေးလိုက်၏။ သတ္တုရုပ်၏ လက်သီးကြီးများသည် သတ္တုနံရံကိုသာ အုန်းခနဲ ထိမှန်သွားတော့သည်။

စုချန်းသည် ၎င်းကို အခွင့်ကောင်းယူပြီး ခံစစ်မှ တိုက်စစ်သို့ လျင်မြန်စွာ ပြောင်းလဲလိုက်၏။ သူ့လက်အစုံမှ မီးလျံသိမ်းငှက်တကောင် ထွက်ပေါ်လာပြီး သတ္တုရုပ်ဆီသို့ ပျံသန်းသွားလေသည်။ ဝုန်းခနဲ အသံနက်ကြီး ထွက်ပေါ်လာပြီး သတ္တုရုပ်မှာ နောက်ဘက်သို့ လွင့်စင်သွား၏။ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် မီးတောက်မီးလျံများသည် သတ္တုရုပ်အား လွှမ်းခြုံသွားတော့သည်။

တကယ်တော့ သတ္တုရုပ်သေးရုပ်သည် အားနည်းလှသည်တော့မဟုတ်ပေ။ ခွန်အားအရာတွင် သွေးဆူပွက်ခြင်းနယ်ပယ် ပညာရှင်တယောက်နှင့်ပင် ယေဘုယျအားဖြင့် နှိုင်းယှဉ်နိုင်၏။ သို့သော် စုချန်း၏ ပြင်းထန်လှသော တချက်လွှတ်တိုက်ခိုက်မှုကိုတော့ ရုပ်သေးရုပ်ခမျာ ခံနိုင်ရည်ရှိပုံမရတော့။ ဟုန်းဟုန်းတောက်လောင်နေသော မီးတောက်မီးလျံများအောက်ဝယ် တဖြည်းဖြည်း ယိမ်းယိုင်လာပြီး မြေကြီးပေါ်သို့ ဝုန်းခနဲ လဲပြိုကျသွားတော့သည်။

တိုက်ပွဲ အစမှ အဆုံးတိုင်အောင် သတ္တုရုပ်အနေနှင့် စုချန်းကို ထိခိုက်စေရန် မဆိုထားနှင့် လက်ဖျားနှင့်ပင် မတို့နိုင်ခဲ့။

ကျိယွာယုသည် စုချန်း၏ စွမ်းရည်ကိုကြည့်ရင်း မျက်လုံးကြီးပြူးကာ အံ့သြနေ၏။ အတန်ကြာမှ သူက လက်မထောင်ပြရင်း ပြောလိုက်သည်။

"အစ်ကိုကြီးစု သိပ်တော်တာပဲဗျို့"

တကယ်တော့ အနှီ သတ္တုရုပ်သေးရုပ်သည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားတွင်သာ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်တယောက်နှင့် တူညီသော်လည်း ၎င်း၏ တိုက်ပွဲအခြေအနေကို ဖတ်နိုင်စွမ်းမှာကား သာမာန်လူတယောက်နှင့် သိပ်မကွာခြားလှ။ ထို့ကြောင့် စုချန်းအနေနှင့် အနှီ သတ္တုရုပ်သေးရုပ်ကို အလွယ်တကူ အနိုင်ရလိုက်ခြင်း ဖြစ်သည်။

"နှစ်ပေါင်း သုံးသိန်း ကြာမြင့်ခဲ့ပြီ ဒါပေမဲ့ ဒီသတ္တုရုပ်ကြီးက လှုပ်ရှားနိုင်တုန်းပဲ ဒါ အတော်ကို ထူးဆန်းနေတယ်"

စုချန်းက သတ္တုရုပ်ကြီး၏ အတွင်းပိုင်းတွင် တပ်ဆင်ထားသော စက်ပစ္စည်းများကို စူးစမ်းကြည့်ရှုရင်း ပြောလိုက်သည်။

"ဘာများ ထူးခြားတာ တွေ့သေးတုန်း အစ်ကိုကြီးစု"

ကျိယွာယုက စုချန်း၏ ဘေးနားသို့ လျှောက်လာပြီး မေးလိုက်သည်။

ထိုအခါ စုချန်းက သတ္တုရုပ်အတွင်း လက်နှိုက်ပြီး တစုံတခုကို ဆွဲထုတ်ကာ ပြောလိုက်သည်။

"ဒီမှာကြည့် ဒါ မူလနူကလိယ ပုံစံဟောင်းပဲ ဘာမှ ထူးခြားတာမဟုတ်ဘူး ကြည့်လိုက်ရင် နှစ်ပေါင်း သုံးသိန်းမပြောနဲ့ သုံးနှစ်တောင် ခံမဲ့ပုံမပေါ်ဘူး"

"ဒါဆိုရင် ဘာဖြစ်လို့ ဒါကြီးက လှုပ်ရှားနိုင်ရတာတုန်း"

ကျိယွာယုက အံ့သြတကြီးနှင့် မေးလိုက်သည်။

စုချန်းက မူလနူကလိယအား ခပ်လှမ်းလှမ်းသို့ လွှင့်ကစ်လိုက်၏။ ဤပစ္စည်းသည် သာမာန်ပစ္စည်းတမျိုးသာ ဖြစ်သည်။ ဘာတန်ဖိုးမှ မရှိ။

"ဘာဖြစ်လို့လဲဆိုတော့ ဒါက အသစ်ဖြစ်နေလို့ပေါ့ကွာ"

ပြောပြောဆိုဆို စုချန်းက မတ်တပ်ရပ်လိုက်သည်။

"ဗျာ အသစ် ဟုတ်လား"

ကျိယွာယု ပါးစပ်ပြဲသွား၏။

"ဟုတ်တယ်ကွ အသစ်"

ပြောပြောဆိုဆို စုချန်းက အခန်းတွင်းသို့ လှမ်းဝင်လိုက်၏။

သာမာန်အခြေအနေတွင်ဆိုလျင် နှစ်ပေါင်း သုံးသိန်းကြာပြီးနောက် တန်ဖိုးရှိ ရတနာများပင် ပုပ်သိုးဆွေးမြေ့သွားနိုင်၏။ နတ်ဘုရားအဆင့် အရာဝတ္တုများသာလျင် ဤမျှ ကြာမြင့်သောအချိန်ကို အံ့တုလျက် တည်တံ့နိုင်မည် ဖြစ်သည်။

သို့သော် ဤနေရာကတော့ ထူးခြားလှ၏။ အချိန်ကာလ၏ ပွတ်တိုက်မှုကို အနည်းငယ်မှ ခံစားရဟန်မတူ။ အရာအားလုံးသည် မနေ့တနေ့ကအတိုင်း သစ်လွင်လျက် ရှိနေ၏။ အလုပ်စားပွဲပေါ်ရှိ ကုန်ကြမ်းပစ္စည်းများမှာ တဝက်တပျက်သာ အသုံးပြုထားရသေးဟန်ရှိသည်။ ကြမ်းပြင်ပေါ်တွင်တော့ အမျိုးမျိုး အဖုံဖုံသော ပစ္စည်းပစ္စယများမှာ ပကတိအတိုင်း ပြန့်ကျဲလျက်ရှိနေ၏။

ထို့ကြောင့် အားကောင်းသော မူလပုံစံတခုက ဤနေရာကြီးအား လွှမ်းခြုံထားပြီး ပျက်စီးခြင်းမှ ကာကွယ်လျက်ရှိနေကြောင်း စုချန်း သဘောပေါက်လိုက်၏။ ဤသည်မှာ အရာဝတ္တုများကို ထိမ်းသိမ်းရန် အာကင်နာများ အသုံးပြုလေ့ရှိသည့် နည်းလမ်းတမျိုး ဖြစ်သည်။ ဤနည်းလမ်းကို အသုံးပြု၍ အာကင်နာများသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို နောင်နှစ်ပေါင်းများစွာကြာအောင် မပျက်စီးစေပဲ ထိမ်းသိမ်းထားနိုင်လေသည်။ ထိုအတွက်ကြောင့်ပင် အာကင်နာအပျက်အစီးသိုက်များအတွင်း ရတနာပစ္စည်းအမျိုးမျိုးကို နှောင်းလူတို့ ရှာဖွေတွေ့ရှိနိုင်ကြခြင်း ဖြစ်သည်။

သို့သော်ငြားလည်း အနှီ မူလပုံစံများ၏ သက်ရောက်မှုကလည်း အကန့်အသတ်ရှိ၏။ အချိန်ကြာလာသည်နှင့်အမျှ ထိုပုံစံများ၏ သက်ရောက်မှုသည် လျော့နည်းလာတတ်လေရာ ထိမ်းသိမ်းထားသည့် ပစ္စည်းများ၏ အစိတ်အပိုင်းတချို့သည် ရံဖန်ရံခါတွင် ပျက်စီးကုန်ကြ၏။ အလွန်အားကောင်းသည့် ပစ္စည်းကိရိယာများသာလျင် အချိန်ကာလ၏ တိုက်စားမှုကို လွန်မြောက်ပြီး တည်တံ့နိုင်ကြကုန်၏။

သို့သော် ယခု စုချန်းတို့ ရောက်ရှိနေသည့် အပျက်အစီးသိုက်အတွင်းတွင်တော့ ဤအဖြစ်မျိုး မရှိကြောင်း သိသာနေ၏။ နှစ်ပေါင်း သိန်းနှင့်ချီပြီး ကြာမြင့်သည့်တိုင်အောင် မူလပုံစံသည် ကောင်းမွန်စွာ အလုပ်လုပ်နေသေးပြီး ဓာတ်ခွဲခန်းအတွင်းရှိ ပစ္စည်းများကို အသစ်အတိုင်း ထိန်းသိမ်းထားနိုင်ဟန် ရှိသည်။

သို့သော် အစွမ်းအထက်ဆုံးဟူသည့် မူလပုံစံမျိုးနှင့် ထိမ်းသိမ်းထားစေကာမူ မည်သည့်အသက်ဓာတ်မှ နှစ်ပေါင်းသုံးသိန်းကြာအောင် မတည်တံ့နိုင်။ ဆိုလိုသည်မှာ အလုပ်စားပွဲပေါ်တွင်တင်ထားသည့် ကုန်ကြမ်းများသည် အကောင်းတိုင်း ကျန်ရှိနေသည့်တိုင်အောင် ၎င်းတို့၏ အာနိသင်များကတော့ တစက်မှပင် မကျန်အောင် လျော့ပါးကုန်ကြပြီ ဖြစ်သည်။

စုချန်းအနေနှင့်ကလည်း နှစ်တထောင်သွေးကြာပန်းကဲ့သို့ ရတနာမျိုးကို စိတ်မဝင်စားလှ။ သူ တကယ်တမ်းလိုချင်သည်မှာ အသိပညာ ဗဟုသုတများသာလျင် ဖြစ်သည်။

ထို့နောက် သူသည် စားပွဲပေါ်ရှိ စာအုပ်တအုပ်ကိုယူက ခပ်သော့သော့ ဖတ်ကြည့်လိုက်၏။ ဤစာအုပ်မှာ စမ်းသပ်ချက်မှတ်တမ်းစာအုပ်သာ ဖြစ်သည်။ သူ ယခင်ရရှိဖူးသည့် ရှေးဟောင်းအာကင်နာစာလိပ်ကို လေ့လာထား၍ စုချန်းအနေနှင့် အာကင်နာစာပေအား အတော်အတန် လေ့လာဖတ်ရှုနိုင်၏။ စာအုပ်တအုပ်လုံးတွင် စမ်းသပ်ချက်နှင့်ပတ်သက်၍ မှတ်စုများ ရေးသားထားကြောင်း စုချန်း တွေ့မြင်ရလေသည်။

စုချန်းသည် စာအုပ်အား ပစ်ချပြီး အခန်းတခုလုံးကို မွှေနှောက်ရှာဖွေလိုက်ပြန်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၍ ကုန်ကြမ်းပစ္စည်းများမှာ အာနိသင်ပျောက်ဆုံးကုန်လေပြီ။ ဘာတန်ဖိုးမှမရှိတော့။

ကျိယွာယုက စိတ်ပျက်လက်ပျက်နှင့် ငြီးတွားလိုက်သည်။

"စိတ်ပျက်စရာပဲ တခန်းလုံးလည်း ဘာရတနာမှ မရှိဘူး အမှိုက်တွေချည်းပါပဲလား"

"အာကင်နာအပျက်အစီးသိုက်ထဲ ရတနာရှာဖွေတယ်ဆိုတာ ကံကောင်းဖို့လည်း လိုတယ်ကွ ဒီတော့ သိပ်မလောပါနဲ့"

စုချန်းက ရယ်မောရင်း ကျိယွာယုကို နှစ်သိမ့်လိုက်သည်။ သူ့အတွက်တော့ အသိပညာနှင့်စာလျင် ရတနာပစ္စည်းများသည် ကျောက်တုံးကျောက်ခဲမျှသာ။ ပညာရွှေအိုး လူမခိုးပင် မဟုတ်ပါလား။

ထို့ကြောင့် စုချန်းအတွက် မည်သည့်ရတနာပစ္စည်းမှ မတွေ့သည်တိုင် အကျိုးမယုတ်။ အခန်းထဲတွင် စာအုပ်စာတမ်းများ ပြန့်ကျဲနေလေရာ ရေးထားချွတ်ထားသည့် စာအုပ်မှန်သမျှကို စုချန်းက သိမ်းယူလိုက်လေသည်။

အခန်းတခုလုံးကို လှည့်ပတ်ကြည့်ရှုပြီး ပြန်လည်ထွက်ခွာရန် ဟန်ပြင်နေစဉ်မှာပင် ကြမ်းပြင်တနေရာတွင် နောက်ထပ် စာအုပ်တအုပ်ကို စုချန်း တွေ့လိုက်ရသည်။ စာအုပ်ကို လှန်လှောကြည့်ရှုလိုက်ရာ ထိုစာအုပ်မှာ နေ့စဉ်မှတ်တမ်းစာအုပ်တအုပ် ဖြစ်နေ၏။ စာအုပ်မှာ အခြေအနေဆိုးလှ၏။ တချို့နေရာများတွင် ဖတ်၍ မရလောက်အောင် ပျက်စီးလျက်ရှိသည်။

စုချန်းက စာအုပ်ကို လှန်လှောဖတ်ရှုလိုက်ရာ အောက်ပါအတိုင်း တွေ့ရ၏။

"နောက်ဆုံးတော့ ပိတ်လော့ရဲ့ ဓာတ်ခွဲခန်းကို ရောက်လာခဲ့ပြီ ငါ သိပ်ပြီး စိတ်လှုပ်ရှားနေတယ် ဒီနေရာမှာ အောင်မြင်မှုဆီကို သွားရမဲ့ခရီးရဲ့ အစဖြစ်လိမ့်မယ်လို့ ငါ ယုံကြည်ထားတယ်"

"ဒါ...ဒါ...ဆရာသခင်ရဲ့ အစီအစဉ်တဲ့လား ဒီအစီအစဉ်ဟာ သိပ်ကို ဆန်းကြယ်လွန်းတယ် ဆရာသခင်ဟာ တကယ် အံ့သြစရာကောင်းတာပဲ ငါဟာလည်း သူ့ခြေရာကို တထပ်တည်း နင်းနိုင်အောင် ကြိုးစားရမယ်"

"စမ်းသပ်မှုတွေက အဆင်မပြေဘူး ဒါပေမဲ့ ပြသနာမရှိပါဘူး ငါတို့ အနှေးနဲ့အမြန်ဆိုသလို အောင်မြင်မှာပဲ"

"ကြည့်ရတာ ငါတို့ကုသိုလ်ကံ သိပ်မကောင်းသေးဘူးနဲ့တူတယ်"

"ခုတလော ငါ အိပ်မပျော်ဘူး ခေါင်းထဲမှာ အသံတွေ ကြားနေရတယ် ဒီအသံတွေဟာ တယောက်ယောက်က ငိုယိုပြီး တောင်းပန်နေသလိုပဲ"

"ကျွန်တကောင် ထပ်သေသွားပြန်ပြီ ဒီလူမိုက်တွေဟာ အသုံးကိုမကျဘူး ငါလုပ်လိုက်တာ နည်းနည်းလက်လွန်သွားတယ်နဲ့ တူတယ် နောက်တကြိမ်ကျရင် ဒီကျွန်တွေ ပိုပြီး ခံနိုင်ရည်ရှိဖို့ မျှော်လင့်ရတာပဲ"

"ကံဆိုးလိုက်တာ ဒီတခါ ရလာတဲ့ကျွန်က အမတဲ့"

"ဒီကျွန်မရဲ့ နာမည်က ယီလို့ခေါ်တယ် သူ့မျက်လုံးတွေကတော့ အတော်ကို လှတာပဲ"

"စမ်းသပ်မှုတွေက တခုမှအဆင်မပြေဘူး ပြသနာတွေ တခုပြီးတခု တက်နေတယ် အကြီးအကဲတွေက ငါတို့စီမံကိန်း သုံးစားမရဘူးလို့ ယူဆပြီး ဖျက်သိမ်းဖို့ လုပ်နေကြပြီ ဆရာသခင်တော့ အကြီးအကျယ် ဒေါသထွက်နေလေရဲ့"

"ယီ နေမကောင်းဘူး ငါ စိတ်ပူလွန်းလို့ အိပ်လို့တောင်မရဘူး ငါ ဘာတွေဖြစ်နေတာလဲ လူသားတယောက်အတွက် ငါ ဒီလောက် စိတ်မပူသင့်ဘူး"

"ဒါ ကပ်ဆိုးကြီးပါကလား...."

"...ကြည့်ရတာ ကမ္ဘာကြီးရဲ့အဆုံးသတ်က နီးလာပြီနဲ့တူတယ်"

"နောက်ဆုံးမှာတော့ ဒီကမ္ဘာကြီးပေါ်က သက်ရှိတွေအကုန်လုံး ဘာခြွင်းချက်မှမရှိပဲ သေကုန်ကြလိမ့်မယ် ငါတို့ ကြိုးစားခဲ့တာ ဘာအဓိပ္ပါယ်မှ မရှိပါလား"

"ငါ့ခေါင်းထဲမှာ ယီရဲ့ငိုသံကို ကြားနေရပြန်ပြီ ကြောက်စရာပဲ ဒီနေရာကြီးတခုလုံးဟာ နတ်ဆိုးတွေနဲ့ ပြည့်နှက်နေပြီ...နတ်ဆိုးတွေ...ငါတို့ ဖန်တီးခဲ့တဲ့ နတ်ဆိုးတွေ..."

"စမ်းသပ်မှုတွေက မအောင်မြင်ပြန်ဘူး ဆရာသခင်လည်း ဒေါသထွက်ထွက်နဲ့ ကျွန်၁၂ယောက်ကို တခါတည်း သတ်ပစ်လိုက်တယ် ငါတို့အကုန်လုံး အရမ်းကြောက်သွားတယ် ဘာလုပ်ရမှန်းလည်း မသိကြတော့ဘူး"

"ဆရာသခင် တနေ့တခြား ပိုပြီးရူးလာတယ် မိန်းကတော့ ဆရာသခင် အဲဒီအရာတွေကို သူကိုယ်တိုင် လျှို့ဝှက်သုံးစွဲနေတယ်လို့ ထင်နေတယ် ဒီအတွေးက ငါ့ကို ထိတ်လန့်စေတယ်"

"ငါ ဒီကို စရောက်တုန်းကတော့ မျှော်လင့်ချက်တွေ အပြည့်နဲ့ပေါ့ ကြီးကျယ်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မယ်လို့ ထင်နေခဲ့တယ် ဒါပေမဲ့ ခုကျတော့ ငါဟာ ငရဲကျနေသလို ခံစားနေရတယ် ဟုတ်တယ် ဒီနေရာတခုလုံးဟာ ငရဲနဲ့တူတယ်"

"မိန်း သေပြီ ဆရာသခင် သူ့ကို သတ်ပစ်လိုက်ပြီ"

စုချန်းသည် နေ့စဉ်မှတ်တမ်း၏ နောက်ဆုံး စာမျက်နှာကို လှန်လိုက်၏။

"ဒီနေ့ အရာအားလုံး အဆုံးသတ်ပြီ"

All Chapters