← Chapters

ရိပ်သိမ်းခြင်း ၂

Vol. 33 Ch. 326

ရိပ်သိမ်းခြင်း ၂

Vol. 33 Ch. 326

စုချန်းသည် နေ့စဉ်မှတ်တမ်းစာအုပ်ကို သိမ်းဆည်းလိုက်ပြီး ထိုအခန်းမှထွက်ကာ နောက်ထပ်အခန်းတခန်းသို့ ဝင်လိုက်ပြန်သည်။

သုတေသနအဆောင်ကြီးသည် ကြီးမားလှပြီး အခန်းပေါင်းများစွာနှင့် ဖွဲ့စည်းထား၏။ စုချန်းကတော့ တွေ့ရှိသမျှ စာအုပ်များအားလုံးကို အသုံးဝင်သည်ဖြစ်စေ၊ အသုံးမဝင်သည်ဖြစ်စေ သိမ်းဆည်းထားလိုက်၏။

တခန်းဝင်တခန်းထွက်နှင့် လိုက်လံရှာဖွေပြီး တခုသော အခန်းသို့အရောက်တွင်တော့ စုချန်း အလွန်ဝမ်းသာသွားတော့သည်။ အကြောင်းမှာ ထိုအခန်းသည် စာအုပ်များနှင့် ပြည့်နှက်နေသည့် စာကြည့်တိုက် ဖြစ်နေသောကြောင့်ပင်။

ယနေ့ခေတ်ကာလဝယ် ဤစာကြည့်တိုက်အတွင်းရှိ စာအုပ်များကဲ့သို့ စနစ်တကျ ထိမ်းသိမ်းခံထားရသည့် ရှေးဟောင်းအာကင်နာမှတ်တမ်းမှတ်ရာများ တွေ့ရှိဖို့ဟူသည်မှာ အလွန်ပင် ခဲယဉ်းသွားခဲ့လေပြီ။

စာအုပ်များကို တအုပ်ပြီးတအုပ် လှန်လှောဖတ်ရှုပြီးနောက် စာအုပ်အများစုမှာ မူလစွမ်းအင်၏ အခြေခံသဘောတရားများနှင့် သက်ဆိုင်နေကြောင်း စုချန်း တွေ့လိုက်ရသည်။

ထိုအခြေခံသဘောတရားများဟူသည် မူလစွမ်းရည်များနှင့် မတူ။ တစုံတယောက်၏ အင်အားကိုလည်း တိုးမြှင့်ပေးနိုင်သည်မဟုတ်။ သို့သော် သဘာဝလောကကြီးနှင့် မူလစွမ်းအင်ကို ခွဲခြမ်းစိတ်ဖြာနိုင်ရန်တော့ များစွာ အကူအညီ ပေးနိုင်၏။ တနည်းအားဖြင့် ဤစာအုပ်များသည် တစုံတယောက်အား မူလစွမ်းအင်နှင့် နောက်ထပ် ဖြစ်လာနိုင်ဖွယ်ရာ အပြောင်းအလဲများအား နက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်ရန် ကူညီပေးပေလိမ့်မည်။

တခြားလူများအတွက် ဤစာအုပ်များသည် အသုံးမဝင်။ သို့သော် စုချန်းအတွက်ကတော့ ဤစာအုပ်များသည် တန်ဖိုးမဖြတ်နိုင်သည့် ရတနာများပင် ဖြစ်သည်။

ဤနေရာတွင် လူသားများနှင့် အာကင်နာများအကြားတွင် မူလစွမ်းအင်နှင့်ပတ်သက်၍ ကွဲပြားခြားနားချက်တခုတော့ ရှိနေ၏။ ၎င်းမှာ မူလစွမ်းအင်နှင့် ပတ်သက်လျင် လူသားများသည် လက်တွေ့ပိုင်းကို ဦးစားပေး၍ အာကင်နာများကတော့ သဘောတရားပိုင်းကို ဦးစားပေးခြင်းပင်။

မူလစွမ်းအင်ကို အသုံးချရာတွင် လူသားများသည် ရှေးဟောင်းအာကင်နာနည်းစနစ်များထက် သာလွန်သည့် ခေတ်ပေါ်နည်းစနစ်များကို တီထွင်နိုင်ခဲ့ကြ၏။ သို့သော် ညဏ်ရည်မြင့်မျိုးစိတ်များ၏ မူလစွမ်းအင်အပေါ် နားလည်နိုင်စွမ်းမှာကား လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကထက်စာလျင် ပို၍ တိုးတက်လာသည်မျိုး မရှိသေး။ တိုးတက်လာရမည့်အစား ပို၍ပင် ဆုတ်ယုတ်သွားသေးသည်ဟု ဆိုနိုင်၏။

မည်သို့ဆိုစေ ဤစာအုပ်များသည် စုချန်းအား များစွာ အကူအညီပေးနိုင်မည်မှာ ယုံမှားသံသယဖြစ်နေစရာ မလိုတော့။ စုချန်း၏ မျက်လုံးထဲတွင်တော့ နှစ်ပေါင်းသုံးသိန်းကြာ ဆေးပင်များ၊ မူလကိရိယများ၊ ကျင့်ကြံခြင်းနည်းစနစ်များသည် ဤအခြေခံသဘောရားများနှင့်စာလျင် ဘာတန်ဖိုးမှမရှိချေ။ ၎င်းတို့သည် ဘရုခ်ပုံသေနည်းနှင့် မူလအဆောင်လက်ဖွဲ့စွမ်းအင်ပုံစံကဲ့သို့ပင် စုချန်းကို ဖန်တီးနိုင်သောစွမ်းရည်ကို ပေးစွမ်းပေလိမ့်မည်။

ညဏ်ပညာဘဏ္ဍာတိုက်ကြီးကို ဖွင့်လှစ်မိသည်နှင့်တပြိုင်နက် ဖြစ်နိုင်ချေများမှာ အကန့်အသတ်မရှိတော့ပေ။

ထို့ကြောင့် များပြားလှသော စာအုပ်များကို တွေ့လိုက်ရ၍ စုချန်း အလွန်ပျော်သွား၏။ မျက်စေ့တမှိတ်အတွင်းမှာပင် လေလှိုင်းရေဘဝဲလက်တံများ ထွက်ပေါ်လာပြီး စာအုပ်များကို လက်စွပ်အတွင်းသို့ ဆွဲထည့်လိုက်လေသည်။ အခန်းတခန်းလုံးမှာလည်း ချက်ချင်းဆိုသလို ရှင်းလင်းသွားလေသည်။

နောက်ဆုံးတွင်တော့ ကျိယွာယုကလည်း တစုံတရာကို ရှာဖွေတွေ့ရှိခဲ့ဟန်ပေါ်သည်။ သူက ထိုပစ္စည်းကို ကောက်ယူပြီး အလောတကြီးနှင့် အော်ဟစ်လိုက်သည်။

"အာကာသ သံမဏိဗျို့ အာကာက သံမဏိ ကြည့်ပါအုံး"

သူကိုင်ထားသည်မှာ အမဲရောင်သတ္တုချောင်းတချောင်း ဖြစ်သည်။ အကယ်၍ သူ့အနေနှင့် အာကာသသံမဏိအကြောင်းကို ရေရေရာရာ သိမထားပါက ဤသတ္တုချောင်းသည် အာကာသံသံမဏိဟု တထစ်ချပြောနိုင်ရန် အတော်လေး ခဲယဉ်းပေလိမ့်မည်။

အာကာသံသံမဏိဟူသည် မူလစွမ်းအင် ပါဝင်သည့် ပစ္စည်းမျိုးမဟုတ်။ ၎င်းသည် လျှပ်ကာပစ္စည်းသာ ဖြစ်သည်။ ထို့ကြောင့် ၎င်းကို မူလကိရိယာများ ဖန်တီးရာတွင် အသုံးပြု၍မရ။ သို့သော် သံချပ်ကာဝတ်စုံများ ဖန်တီးရာတွင်တော့ အလွန်အသုံးဝင်သော သတ္တုတမျိုးပင် ဖြစ်သည်။ လက်ရှိ ဈေးကွက်တွင် အာကာသသံမဏိတတုံးလျင် မူလကျောက်တုံး သိန်းနှင့်ချီ၍ တန်လေသည်။ ထို့ကြောင့် အာကာသသံမဏိသည်လည်း တန်ဖိုးကြီးမားသော ရတနာတမျိုးပင်။

"မဆိုးဘူး"

စုချန်းက ကျိယွာယုက်ို ချီးကျူးလိုက်သည်။ ထို့နောက် သူက စာကြည့်တိုက်မှ အပြင်ကို ထွက်လိုက်၏။

အာကာသသံမဏိကို စုချန်း စိတ်မဝင်စားကြောင်း မြင်လိုက်ရသည့်အခါ ကျိယွာယုစိတ်ပျက်သွား၏။ ထို့နောက် သူက ရေရွတ်လိုက်သည်။

"အစ်ကိုကြီးစုကတော့ တကယ့်လူပဲ ဒီလို ရတနာမျိုးကို သူ့စာအုပ်တွေလောက်တောင် စိတ်မဝင်စားဘူး ထားလိုက်တော့ ခင်ဗျားမယူရင် ကျုပ်ပဲ ယူလိုက်မယ်"

ပြောပြောဆိုဆို ကျိယွာယုက အာကာသသံမဏိကို သူ့လက်စွပ်အတွင်း ထည့်ကာ သိမ်းဆည်းလိုက်၏။

အတန်ကြာသော် သူတို့သုံးယောက်သည် လေများတဟူးဟူးတိုက်ခတ်နေသည့် ဝင်းတခုသို့ ရောက်ရှိလာကြ၏။ ထိုနေရာသို့အရောက် ကျိယွာယုက စိတ်လှုပ်ရှားစွာနှင့် ထအော်လိုက်သည်။

"ဟာ ဒီနေရာမှာ ဝိညဉ်ဆေးပင်တွေ အများကြီးပဲဗျို့"

ဝင်းမှာ သိပ်မကြီးလှ။ သို့သော် နေရာအနှံ့အပြားတွင် ဆေးပင်များ အပြိုင်းအရိုင်း ပေါက်ရောက်နေကြ၏။ ပို၍ အရေးကြီးသည်မှာ မည်သည့်မူလပုံစံမှ ဤနေရာတွင် မရှိချေ။ ထို့ကြောင့် ဆေးပင်များသည် အကောင်းဆုံးပုံစံဖြင့် ရှင်သန်ပေါက်ရောက်နေကြလေသည်။ အရည်အသွေးမှာလည်း ပြင်ပကမ္ဘာရှိ ဆေးပင်များထက် များစွာ သာလွန်၏။

ကျိယွာယုမှာ ဆေးပင်များကိုကြည့်ရင်း အလွန်စိတ်လှုပ်ရှားနေလေသည်။ တန်ဖိုးကြီးမားလှသည့် ဆေးပင်များကိုကြည့်ရင်း စုချန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"မဆိုးဘူး ဘာပဲပြောပြော ကျုပ်တို့အနေနဲ့ တာဝန်ရှိသူတွေ အကြီးအကဲတွေကို ပြစရာရှိလာပြီပေါ့ ယွာယု မင်း ဒါတွေအကုန်လုံးကို ခူးပြီးသိမ်းစမ်းကွာ"

"ကောင်းပြီ"

ကျိယွာယုက ခေါင်းကိုအားရပါးရ ညိတ်ပြလိုက်ပြီး ရှိသမျှ ဆေးပင်များအားလုံးကို ဂရုတစိုက်နှင့် ရိပ်သိမ်းလိုက်တော့သည်။ ဆေးပင်များကို ခူးဆွတ်ရင်း ကျိယွာယုက မနေနိုင်တော့ဟန်ဖြင့် မေးလိုက်သည်။

"အစ်ကိုကြီးစု ခင်ဗျား ကိုယ့်အတွက် တပင်တလေများ မယူထားတော့ဘူးလား"

"နောက်ဆုံးတော့ အကုန်လုံး ပြန်ပေးရမှာပဲကွ ဒီတော့ ဘာလို့သိမ်းနေတော့မှာလဲ"

စုချန်း၏ စကားမှာ မှန်ကန်နေ၏။ ဤနေရာတွင် ဆေးပင်တချို့ကို လိုအပ်၍ အသုံးပြုလိုက်ခြင်းကို လောင်စန်းနိုင်ငံအနေနှင့် လက်သင့်ခံနိုင်သော်လည်း ကိုယ်ကျိုးအတွက် အသုံးပြုခြင်းကိုတော့ လက်သင့်ခံလိမ့်မည်မဟုတ်။

ကျိယွာယုသည် စုချန်း၏ စကားကို ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။ သူ၏ ဆေးပင်များကို ရိပ်သိမ်းနေသော နှုန်းထားမှာလည်း အတော်ပင် လျော့နည်းသွားလေသည်။

ကျိယွာယု၏ ပုံစံကိုကြည့်ရင်း စုချန်း ရယ်မောလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

"ဒီလောက်လည်း စိတ်ပျက်မသွားပါနဲ့ကွာ ကျုပ်က မင်းကို နောက်နေတာပါကွ ကျုပ်တို့ ဒီမှာ ရှာတွေ့လာတဲ့ ရတနာတွေ စွမ်းဆောင်ရည်တွေအပေါ် မူတည်ပြီး အကြီးအကဲတွေက ကျုပ်တို့ကို ဆုပြန်ချလိမ့်မယ် ကျုပ်က သတ်ဖြတ်သူတချို့ကို သတ်ဖြတ်ခဲ့သလို ဆေးဖော်စပ်တဲ့နေရာမှာလည်း ပါဝင်ခဲ့တယ် ဒါကြောင့် ကျုပ်ရဲ့ စွမ်းဆောင်ရည်က မှတ်ကျောက်တင်ခံပြီးပြီ ဒီတော့ မင်းအတွက် အမှတ်ရမဲ့ကိစ္စကိုတော့ လက်လွတ်မခံနဲ့ကွ ဆေးပင်တွေသာ သေချာခူး"

စုချန်းသည် အဆင့်မြင့်အားတိုးဆေးများကို ဖော်စပ်နိုင်ခဲ့၏။ သတ်ဖြတ်သူများကိုလည်း တဦးချင်း ရင်ဆိုင် သတ်ဖြတ်နိုင်ခဲ့သေးသည်။ အဖွဲ့ဝင်အတော်များများကိုလည်း ကယ်တင်နိုင်ခဲ့၏။ ဖာရာရိုနှင့် မင်ဒီယာနို သေဆုံးသွားခြင်းမှာလည်း သူ့အကြံပင် ဖြစ်သည်။ ထို့ပြင် ဌာနချုပ်နေရာကို တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ကျောင်းသားများအားလုံးကို ၂ရက်အတွင်း စုစည်းနိုင်ခဲ့သည့်အပြင် သတ်ဖြတ်သူ ၁၀ယောက်ကျော်ကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့လေသည်။ ထို့ကြောင့် စွမ်းဆောင်နိုင်စွမ်းတွင် စုချန်းသည် တခြားကျောင်းသားများထက် ခေါင်းတလုံးမက သာလွန်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူအနေနှင့် ဤဆေးပင်များကို အထူးတလည် မက်မောနေရန် အကြောင်းမရှိတော့။

သို့သော် ကျိယွာယုအတွက်ကတော့ ဤဆေးပင်များကို ယူဆောင်လာနိုင်ခြင်းသည် များစွာ အဓိပ္ပါယ်ရှိနေ၏။ စုချန်း စကားကြောင့် ကျိယွာယု ဝမ်းသာသွားသည်။ ထို့နောက် သူက ခေါင်းတညိတ်ညိတ်နှင့် ဆေးပင်များကို အားကြိုးမာန်တက် ရိပ်သိမ်းလိုက်၏။

ဤသို့ ကျိယွာယုတယောက် အလုပ်ရှုပ်နေစဉ်မှာပင် စုချန်းသည် ပတ်ဝန်းကျင်ကို လေ့လာအကဲခတ်နေ၏။ ထိုအခါ ရှေးဟောင်းအာကင်နာစာလုံးများ ရေးထိုးထားသည့် ကျောက်ပြားတချပ်ကို သူတွေ့ရှိလိုက်ရသည်။ ရေးထိုးထားသော စာလုံး၏ အဓိပ္ပါယ်မှာကား ကာဖီလော့၏ ဥယျာဉ် ဟူ၏။

၎င်းကို မြင်သည်နှင့် စုချန်း ရယ်မောရင်း ပြောလိုက်သည်။

"ဟေ့ မင်း မြန်မြန်လုပ်တာကောင်းမယ်ကွ ဒီနေရာဟာ လက်ထောက်ရဲ့ သီးသန့်ဥယျာဉ်နဲ့ တူတယ် ဆရာသခင်ရဲ့ နေရာမဟုတ်ဘူး ဆိုလိုတာက ငါတို့ ထပ်ပြီးရှာစရာနေရာတွေ ရှိနေသေးတယ်ဆိုတာပဲ"

ထိုအခါ ကျိယွာယု၏ လှုပ်ရှားမှုများသည် ပို၍ မြန်ဆန်လာ၏။ ဆေးပင်များအားလုံးကို ရိပ်သိမ်းပြီးသည်နှင့် သူတို့သုံးယောက်သည် ဆက်လက်ထွက်ခွာလာခဲ့ကြပြန်သည်။ သိပ်မကြာမီပင် သူတို့သည် နောက်ထပ်ကျောင်းသားသုံးယောက်နှင့် ထပ်မံတွေ့ဆုံမိကြ၏။ ၎င်းတို့မှာ ယုမင်းနန်၊ တွန့်ကျန့်ချန်းနှင့်် ယွဲ့လောင်ရှတို့ပင် ဖြစ်သည်။

အချင်းချင်း ပြန်လည်ဆုံတွေ့လိုက်ရ၍ သူတို့အကုန်လုံး ဝမ်းသာပျော်ရွှင်သွားကြ၏။ စုချန်းက စတင်နှုတ်ဆက်လိုက်သည်။

"ဟေ့ လောင်ရှ ခင်ဗျား ဟန်လင်းရှကို တွေ့ခဲ့သေးလားဗျ"

ယွဲ့လောင်ရှ ရယ်မောလိုက်သည်။

"ရှင် ကုချိန်းလွှာကို အရင်ဆုံး မေးလိမ့်မယ်လို့ ကျွန်မ ထင်နေတာ"

စုချန်းက ပြုံးရုံမျှသာ ပြုံးလိုက်သည်။

"ကုချိန်းလွှာက သန်မာတယ် မြန်တယ် ဒီတော့ သိပ်ပြီး စိတ်ပူစရာမလိုလှဘူး ဒီလိုဗျ ကျုပ်တို့ ဆေးပင်တချို့ တွေ့တာတယ် ဟန်လင်းရှသာ ရှိနေရင် ဒီဆေးပင်တွေရဲ့ ဆေးဘက်ဝင်အစွမ်းတွေကို ဆွဲထုတ်ပေးနိုင်မှာပဲ ဒါဆိုရင် ယွန့်ဟုန်လည်း အမြန်ဆုံး သက်သာလာလိမ့်မယ်"

"ကျွန်မတို့ ပြုတ်ကျသွားတုန်းကတော့ လင်းရှ၊ ဝေယန်နဲ့ ဟန်ဖန်းတို့ကို အတူ မြင်လိုက်တယ်ရှင့်"

တိုက်ပွဲပြင်းထန်နေစဉ် သူတို့သုံးယောက်သည် ခံစစ်ပုံစံ၏ အလယ်ဗဟိုတွင် ရှိနေခဲ့၏။ ထို့ကြောင့် ပြုတ်ကျသောအခါတွင်လည်း အတူတကွ ပြုတ်ကျသွားဟန်ပေါ်သည်။

သူတို့သုံးယောက် အတူရှိနေသည်ဟု ကြားလိုက်ရ၍ စုချန်း စိတ်သက်သာရသွား၏။

"ဒါဆို တော်သေးတာပေါ့"

ဒန်ဘာ၏ တိုက်ခိုက်မှုသည် သူတို့အားလုံးကို ခေါင်းကိုက်စေခဲ့ကြောင်းကိုတော့ စုချန်း မဖြစ်မနေ ဝန်ခံရပေလိမ့်မည်။ တကယ်တော့ လူသားများသည် အဖွဲ့လိုက်တိုက်ခိုက်ရာတွင် ထူးချွန်၏။ သတ်ဖြတ်သူများကတော့ တဦးချင်းတိုက်ခိုက်ရာတွင် ထူးချွန်ုကြလေသည်။ ဆိုလိုသည်မှာ လူသားများအနေနှင့် တဦးချင်းစီ ကွဲပြားနေပါက သတ်ဖြတ်သူများအနေနှင့် အလွယ်တကူ အနိုင်ယူသွားမည်သာ။ ယခုတော့ ဟန်လင်းရှတို့သုံးယောက် အတူရှိနေသည်မှာ တဦးချင်းစီကွဲပြားနေသည်ထက်တော့ များစွာတော်သေးသည်ဟု ဆိုနိုင်ပေသည်။ သုံးယောက်ပေါင်း လောင်းကျော်ပင် မဟုတ်ပါလား။

ထိုအချိန်မှာပင် လူသားတယောက်၏ နာကျင်စွာ အော်ဟစ်သံကို သူတို့ ကြားလိုက်ရ၏။

"ဒါ ရွှီတုံးရဲ့ အသံပဲ"

ယွဲ့လောင်ရှက အသံကို ကျက်မိဟန်ဖြင့် ပြောလိုက်သည်။

"သူ အဲဒီဘက်မှာပဲ"

စုချန်းက ချက်ချင်းဆိုသလိုပင် နောက်သို့လှည့်ပြီး စြင်္ကန်လမ်းအတိုင်း ပြေးဝင်လိုက်၏။ လမ်းအဆုံးတွင်တော့ ရွှီတုံးတယောက် တကိုယ်လုံး သွေးများပေကျံပြီး လဲကျလျက်ရှိသည်။ သူ့ပါးစပ်မှလည်း သွေးများ တစီစီ ထွက်နေ၏။ သူ့ရင်ဘတ်တွင်လည်း ကြီးမားသော အပေါက်ကြီးတပေါက် ဖြစ်ပေါ်လျက်ရှိသည်။

"ရွှီတုံး"

တွန့်ကျန့်ချန်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"စုချန်း သူ့ကို ကယ်ပါ"

စုချန်း ခေါင်းခါပြလိုက်သည်။

"ကျုပ် ဘာမှမတတ်နိုင်တော့ဘူး"

တကယ်လည်း ရွှီတုံး၏ နှလုံးသားသည် ကွဲကြေပျက်စီးသွားလေပြီဖြစ်လေရာ အသက်ရှင်နိုင်ရန်အခွင့်အလန်းမရှိတော့။

ရွှီတုံးသည် ပါးစပ်ကိုဟကာ တစုံတခု ပြောပြရန် ကြိုးစားနေ၏။ သို့သော် တခွန်းမှ မဟနိုင်ရှာပဲ အသက်ပျောက်သွားလေသည်။ ရွှီတုံး သေဆုံးသွားသည်ကို ကြည့်ရင်း လူတိုင်း၏ ရင်ထဲတွင် နာကျင်စွာ ခံစားလိုက်ရ၏။

သို့သော် ကျိယွာယု၏ စကားက သူတို့အားလုံးကို တပ်လှန့်လိုက်သကဲ့သို့ ရှိလေသည်။

"ကျုပ်တို့ အချိန်သိပ်မရတော့ဘူး လေဟာနယ် ပျက်စီးနှုန်းက သိပ်ကို မြန်နေတယ်"

"သွားကြမယ်ဟေ့"

စုချန်းက တပ်လှန့်လိုက်၏။

"ကျုပ်တို့ ဘယ်ကိုသွားကြမှာလဲ"

ကျိယွာယုက မေးမြန်းလိုက်သည်။

"ဒီဝင်္ကပါရဲ့ နှလုံးသားနေရာမှာ ရှိနေတဲ့ သုတေသန ဓာတ်ခွဲခန်းကို သွားကြမယ်"

"ဒါပေမဲ့ ဝင်္ကပါရဲ့ နှလုံးသာက ဘယ်နေရာမှာလဲဆိုတာ ကျုပ်တို့မှ မသိတာ"

"ကျုပ်သိတယ်"

စုချန်းက ပြန်ဖြေလိုက်၏။

"ဘယ်လိုလုပ်သိနေတာလဲ"

လူတိုင်း အံ့သြသွား၏။

"ဒီမှာလေ"

စုချန်းက မြေပုံကို ထုတ်ပြရင်း ပြောလိုက်သည်။ ထိုမြေပုံမှာ ဝင်္ကပါ၏ မြေပုံဖြစ်သည်။ ကျိယွာယု အာကာသသတ္တုနှင့် အလုပ်ရှုပ်နေစဉ် စုချန်းက ထိုမြေပုံကို ရှာတွေ့ထားခြင်းပင်။

All Chapters