← Chapters

မဟူရာသတ္တုရုပ်သေးများ

Vol. 33 Ch. 327

မဟူရာသတ္တုရုပ်သေးများ

Vol. 33 Ch. 327

အချိန်လုနေရသည့်တိုင်အောင် စုချန်းအနေနှင့် စာအုပ်များကို တပါတည်းသယ်လာရန်တော့ မမေ့ချေ။

စုချန်း လမ်းလျှောက်လိုက်သည်နှင့် သူ့ပတ်ပတ်လည်တွင် လေလှိုင်းရေဘဝဲလက်တံနှစ်ချောင်း ပေါ်လာ၏။ ၎င်းတို့သည် အမြီးနှင့်ပင် တူနေသေးသည်။ ၎င်းလက်တံများသည် စုချန်း ဖြတ်သန်းသွားရာ လမ်းတလျှောက်ရှိ စာအုပ်များကို သိမ်းကျုံးယူငင်ကာ မျက်လုံးပါသကဲ့သို့ လက်စွပ်အတွင်း ဆွဲထည့်နေတော့သည်။ ယုတ်စွအဆုံး ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော စာရွက်များပင် မကျန်စေရပေ။

စုချန်း၏ အသိပညာကို ခုံမင်သော စိတ်ကိုကြည့်ရင်း လူတိုင်းလိုလိုသည် ဘာပြောရမှန်းပင် မသိပဲ ဖြစ်ကုန်ကြသည်။ တကယ်တော့ သူတို့ကိုယ်တိုင်လည်း သိပ်တော့မထူးလှပေ။ အဖိုးတန်ဆေးပင်များ၊ သတ္တုကြမ်းများ၊ ရှေးဟောင်းအာကင်နာနည်းစနစ်များ စသည်စသည်တို့ကို အဖိုးတန်သည် မတန်သည် ထည့်မတွက်တော့ပဲ သိမ်းကျုံးယူငင်နေကြသည်သာ။

ကျိယွာဟုသည် တွေ့သမျှ ပစ္စည်းများကို သိမ်းကျုံးယူငင်နေ၏။ ပါးစပ်မှလည်း တတွတ်တွတ်နှင့် ရေရွတ်နေလေသည်။

"ပွပြီ ကျုပ်တို့တော့ ချမ်းသာပြီဗျို့"

ထိုပစ္စည်းများကို သူမပိုင်မှန်း သိရှိထားသည့်တိုင်အောင် ပြန်ရောက်လျင် ဆုချီးမြှင့်ခံရမည့်အရေးကို တွေးတောရင်း ကျိယွာယုခမျာ အထူးပင် စိတ်လှုပ်ရှားနေ၏။

မည်သို့ဆိုစေ ထိုအချိန်တွင် သူတို့အားလုံး အလုပ်ရှုပ်နေကြသည်ကတော့ အမှန်ပင်။ ထိုစဉ် ကျိယွာယုက တနေရာကို လက်ညိုးထိုးပြပြီး ပြောလိုက်သည်။

"ကြည့်စမ်းပါအုံးဗျ"

သူတို့ရှေ့တွင် နောက်ထပ် ကြီးမားသော ဥယျဉ်ကြီးတခု တည်ရှိနေ၏။ ထိုဥယျဉ်မှာ သူတို့ ပထမတခေါက်တွေ့ခဲ့သည့် ဥယျဉ်ထက် အဆပေါင်းများစွာ ကြီးမားသည့်အပြင် ယခင်ဆေးပင်များထက် အဆပေါင်းများစွာ တန်ဖိုးကြီးမားသည့် ဆေးပင်များပင် ပေါက်နေ၏။ ဒဏ္ဍာရီအဆင့် ဆေးပင်များပင် ဤဥယျဉ်ကြီးအတွင်းဝယ် ရှင်သန်ပေါက်ရောက်နေကြောင်း စုချန်း တွေ့နေရ၏။

ထိုဆေးပင်များသည် အလောင်းကောင်ဝိညာဉ်ပန်းများကဲ့သို့ပင် အလွန်ရှားပါး၏။ သို့သော် ဤနေရာတွင်တော့ အမြောက်အများ ပေါက်ရောက်နေကြောင်း တွေ့ရှိရသည်။

သို့သော်ငြားလည်း ဥယျဉ်အတွင်း၌ သူတို့ထက် ကြိုရောက်နေသော လူများလည်း ရှိနေ၏။

ထိုလူများမှာ ဟေးယွန်တုံး၊ ချီဝေယန်၊ ရှန်းအမွှာနှင့် တခြားကျောင်းသားများ ဖြစ်သည်။ ထိုမျှသာမကသေး သတ်ဖြတ်သူ ၈ယောက်ခန့်လည်း ရောက်ရှိနေကြောင်း တွေ့နေရသည်။ သူတို့သည် တိုက်ပွဲကြီးစတင်ရန် တဖက်နှင့်တဖက် ရန်စောင်နေကြ၏။

ထိုအခြေအနေကို မြင်သည်နှင့် ကျိယွာယုက စိတ်လှုပ်ရှားစွာနှင့် အော်ဟစ်လိုက်သည်။

"သိပ်ကောင်းတယ် အစ်ကိုကြီး ဟေးတို့ကိုတော့ ပြန်တွေ့ပြီ သူတို့ိကို သွားပြီး ကူညီရအောင်"

ပြောပြောဆိုဆို သူက ပြေးလွှားသွားရန် ဟန်ပြင်လိုက်သည်။ သို့သော် စုချန်းက ဟန့်တားလိုက်၏။

"ကျုပ်တို့ မသွားဘူးကွ"

"ဗျာ"

လူတိုင်း အံ့သြသင့်ကုန်ကြ၏။ စုချန်းက ရှင်းပြလိုက်သည်။

"ကျုပ်တို့ အချိန်မရတော့ဘူး ခုချိန်မှာ ပိုပြီး အရေးကြီးတာက ဒီအထဲက တန်ဖိုးကြီးပစ္စည်းမှန်သမျှကို ယူနိုင်သမျှ ယူသွားဖို့ပဲ ခုချိန်မှာ သတ်ဖြတ်သူတွေကို သတ်နေရင် ဒီအခွင့်အရေးကို ကျုပ်တို့ လွဲချော်သွားလိမ့်မယ်"

"ဒါပေမဲ အစ်ကိုကြီးဟေးနဲ့ တခြားလူတွေ...."

"ခေါင်းဆောင်ဟေးတို့ မရှုံးပါဘူးကွ"

စုချန်းက ထပ်မံ ရှင်းပြရပြန်သည်။

"မင်းတို့ မျက်လုံးကိုဖွင့်ပြီး သေသေချာချာ ကြည့်ပါအုံးကွ အသာစီးရနေတာ ကျုပ်တို့ဖက်ကပါ ပြီးခဲ့တဲ့ တိုက်ပွဲမှာ သတ်ဖြတ်သူတဝက်လောက်ဟာ သေသူသေ ဒဏ်ရာရသူရ ဖြစ်ကုန်ကြတယ် ခုကျန်နေတဲ့ သတ်ဖြတ်သူတွေဟာ ကျုပ်တို့ထက် အားနည်းတဲ့ကောင်တွေချည်းပဲ"

ပြီးခဲ့သည့်တိုက်ပွဲတွင် လူသားများသည် နန်းဆောင်သူရဲကောင်းနှစ်ယောက်အပါအဝင် သတ်ဖြတ်သူ အတော်များများ သတ်ပစ်နိုင်ခဲ့၏။ ထိုအတွက် စုချန်းတို့ဘက်မှ ပေးဆပ်လိုက်ရသည့်တန်ဖိုးမှာ ဖန်းယီကုတယောက်သာ ရှိလေသည်။ ဤအနေအထားတွင် စုချန်းမပြောသည့်တိုင် ဟေးယွန်တုံးတို့ကိုယ်တိုင်လည်း တိုက်ပွဲကို သေချာပေါက်အနိုင်ရလိမ့်မည်ဟု ယုံကြည်ထားကြ၏။

"ဒါပေမဲ့......"

သို့တိုင်အောင် လူတိုင်းလိုလိုသည် တုန့်ဆိုင်းနေကြ၏။ မိမိတို့ ရဲဘော်ရဲဘက်များ တိုက်ပွဲဝင်နေမည့်အချိန်တွင် အရင်းအမြစ်များ လိုက်လံရှာဖွေရမည်မှာ သူတို့အတွက် လိပ်ပြာမသန့်စရာ ဖြစ်နေလေသည်။

နောက်ဆုံးတွင်တော့ ယိယွန့်ဟုန်က ထုတ်ဖော်ပြောဆိုလိုက်သည်။

"စုချန်းပြောတာ မှန်တယ် ကျုပ်တို့ရဲ့ အဓိကရည်ရွယ်ချက်ကိုက အပျက်အစီးသိုက်ထဲက ရတနာတွေကို ရနိုင်သမျှ စုဆောင်းနိုင်ဖို့ပဲ အစ်ကိုကြီးဟေးနဲ့ကျန်လူတွေက အင်အားသာနေတယ် ဒီတော့ ဒီနေရာမှာ ကောင်းကောင်းကိုင်တွယ်နိုင်လိမ့်မယ် ကျုပ်တို့ကတော့ ဒီနေရာရဲ့ အလယ်ဗဟိုမှာ ရှိနေတဲ့ ပင်မဓာတ်ခွဲခန်းကိုပဲ အာရုံစိုက်သင့်တယ်"

ယိယွန့်ဟုန်ကိုယ်တိုင်က ထောက်ခံလိုက်ပြီဖြစ်၍ ကျန်လူများလည်း ငြင်းဆန်ခြင်း မရှိတော့။ စုချန်း၏ နောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာခဲ့ကြလေသည်။

သူတို့အားလုံးသည် မြေပုံအတိုင်း ပြေးလာခဲ့ကြ၏။ အတန်ကြာသော် ကြီးမားသော အခန်းတခန်းရှေ့သို့ ရောက်ရှိလာခဲ့ကြလေသည်။ အခန်းတံခါးမှာလည်း ပွင့်လျက်ရှိနေ၏။ မြေပုံအရ ထိုအခန်း၏ တဖက်ခြမ်းတွင် ပင်မ ဓာတ်ခွဲခန်း ရှိနေပေသည်။

အခန်းကို ဖြတ်သန်းရန် သူတို့ ဟန်ပြင်လိုက်ကြ၏။ ထိုအချိန်မှာပင် သူတို့ရှေ့တွင် မဲနက်နေသော သတ္တုရုပ်သေးရုပ်နှစ်ရုပ် ရုတ်တရက် ပေါ်ပေါက်လာ၏။

အနှီ သတ္တုရုပ်များမှာ သူတို့ ပထမတွေ့ခဲ့သည့် သတ္တုရုပ်ထက် များစွာ အင်အားကောင်းပေသည်။ သူတို့၏ လက်များမှ ချွန်ထက်နေသော ဓားသွားများ တိုးထွက်နေပြီး သူတို့၏ ကျောပေါ်တွင်လည်း ချွန်ထက်နေသည့် ဆူးချွန်များ အပြိုင်းအရိုင်း တိုးထွက်နေ၏။ သူတို့ကို ကြည့်ရသည်မှာ သတ္တုရုပ်သေးရုပ်နှင့်ပင် မတူလှ။ နတ်ဆိုးပုံစံတမျိုးနှင့်သာ တူနေတော့သည်။

ဤအနေအထားတွင် စကားပြောဆိုနေခြင်းသည် အချိန်ဖြုန်းသည်နှင့် အတူတူသာ။

စုချန်း၊ ယွဲ့လောင်ရှ၊ ယုမင်းနန်နှင့်် တွန့်ကျန့်ချန်းတို့သည် ရှေ့သို့ခုန်ဝင်ကာ သတ္တုရုပ်များကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။ ကျိယွာယုကတော့ ယိယွန့်ဟုန်ကို ကာကွယ်ရန် နောက်တွင်ကျန်ခဲ့လေသည်။

ဘုန်း!!! ဘုန်း!!! ဘုန်း!!!

မီးလျံသိမ်းငှက်များ တကောင်ပြီးတကောင် ပေါ်ပေါက်လာကာ သတ္တုရုပ်တရုပ်ကို အဆက်မပြတ် ထိမှန်သွား၏။

မီးလျံသိမ်းငှက်သည် စုချန်း၏ အမှတ်အသား လက္ခဏာဟုပင် ဆိုနိုင်ပြီး သူ၏ ပြင်းအားကလည်း သတ်ဖြတ်သူများပင် အထင်ကြီးလောက်စရာ ဖြစ်သည်။ သို့သော် အနှီ မဟူရာသတ္တုရုပ်နှင့် ကျတော့ သတ္တုရုပ်သည် အနည်းငယ်မျှသာ ယိမ်းယိုင်သွားပြီး စုချန်းဆီသို့ ဆက်လက်ခုန်ဝင်လာခဲ့လေသည်။ ထို့နောက် ၎င်းသည် စုချန်းကို လက်ချောင်းများဖြင့် လှမ်းထိုးလိုက်၏။ တောက်ပသောအလင်းရောင်များ ထွက်ပေါ်လာပြီး အားလှိုင်းများက စုချန်းဆီသို့ တိုးဝင်လာတော့သည်။

ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုကိုတော့ စုချန်း ရင်မဆိုင်ရဲ။ မြွေခြေလှမ်းကွက်များကို အသုံးပြုကာ ရှောင်တိမ်းပေးလိုက်၏။ ထို့နောက် သူက မူလစွမ်းအင်အလင်းမြားများဖြင့် ပြန်လည်တိုက်ခိုက်လိုက်လေသည်။

သို့သော် အလင်းမြားများမှာ အသုံးဝင်ဟန်မတူ။ သဲထဲရေသွန်သာ ဖြစ်သွားကုန်၏။ ထိုအချိန်မှာပင် ယွဲ့လောင်ရှကလည်း လမင်းစန္ဒာကျောက်တုံးနှင့် လှမ်းပေါက်လိုက်၏။ သူမ၏ ကြိုးပမ်းအားထုတ်မှုမှာလည်း အဟောသိကံသာ ဖြစ်သွားလေသည်။

ဘုန်းခနဲ အသံနက်ကြီးနှစ်ချက် ထွက်ပေါ်လာပြီးနောက် စုချန်းနှင့် သတ္တုရုပ်တို့သည် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်မိကြ၏။ သတ္တုရုပ်၏ အားလှိုင်းကြောင့် စုချန်း နောက်ဘက်သို့ လွင့်စင်သွားလေသည်။ သို့သော် မိုးကြိုးဓားနှင့်တော့ ပြန်လည်တိုက်ခိုက်လိုက်နိုင်၏။ စုချန်း၏ မိုးကြိုးဓားသည် သတ္တုရုပ်၏ ကိုယ်ထည်ကို ထိမှန်သွားလေရာ အစင်းကြောင်းများ ပေါ်ပေါက်လာလေသည်။

၎င်းကို ကြည့်ရင်း စုချန်းက အော်ဟစ်လိုက်သည်။

"သတိထားကြဗျို့ ဒီကောင်ကြီးက မူလစွမ်းအင်ကို အတော်ခံနိုင်ရည်ရှိတယ် အနီးကပ်တိုက်မှာပဲ ရတော့မယ်"

၎င်းကိုကြားသည်နှင့် တွန့်ကျန့်ချန်းက ရယ်မောလိုက်သည်။

"ဒါမျိုးသာဆိုရင်တော့ ကျုပ်နဲ့ အသင့်တော်ဆုံးပဲဗျို့"

စကားဆုံးသည်နှင့် တောင်ခွဲဓားသည် ဝုန်းခနဲ ပေါ်ပေါက်လာတော့သည်။ တွန့်ကျန့်ချန်း၏ တောင်ခွဲဓားသည် အပြင်အားသုံးကာ တိုက်ခိုက်ရသည့် လက်နက်မျိုး ဖြစ်ပြီး ကြောက်စရာကောင်းလှ၏။ တောင်ခွဲဓားသည် ပစ်မှတ်ကို တည့်တည့်မတ်မတ်ပင် ထိမှန်သွားပြီး သတ္တုရုပ်၏ ကိုယ်ပေါ်တွင် နက်ရှိုင်းသော ဓားရာကြီး ပေါ်ပေါက်လာလေသည်။

ဤတချက်ကိုကြည့်လျင် မဟူရာသတ္တုရုပ်များ၏ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကတော့ သာမာန်မျှသာ ရှိမှန်း သိသာနေ၏။

ထိုအချိန်တွင် တွန့်ကျန့်ချန်းက ထပ်မံတိုက်ခိုက်လိုက်ပြန်၏။ တောင်ခွဲဓားသည် ကြောက်စရာအရှိန်အဟုန်နှင့် သတ္တုရုပ်ဆီသို့ ပြေးဝင်လာခဲ့ပြန်ချေပြီ။

တွန့်ကျန့်ချန်း၏ ဓားချက်ကို သတ္တုရုပ်ကြီးက လက်ဖြင့် ခံဆောင်ပေးလိုက်လေသည်။ သို့သော် တွန့်ကျန့်ချန်း၏ ဤတကွက်ကတော့ ကြောက်စရာကောင်းလှ၏။ ဓားချက်သည် သတ္တုရုပ်၏ သတ္တုကိုယ်ထည်ကြီးတခုလုံးကိုပါ ထက်ခြမ်းကွဲသွားစေလေသည်။

"အောင်ပြီကွ"

တွန့်ကျန့်ချန်း ဝမ်းသာအားရနှင့် အော်ဟစ်ပြီး နောက်ကိုလှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် စုချန်း၏ သံချပ်ကာဖောက်ထွင်းရေးဆူးချွန်ကလည်း နောက်ထပ် သတ္တုရုပ်ကြီး၏ ရင်ဘတ်ကို စိုက်ဝင်သွားကြောင်း သူ မြင်တွေ့လိုက်ရ၏။

တွန့်ကျန့်ချန်း ပြုံးလိုက်၏။ သူ့စိတ်ထဲတွင်လည်း သူ၏ လှုပ်ရှားမှုက စုချန်းထက် မြန်ကြောင်း တွေးမိနေလေသည်။ တချိန်တည်းမှာပင် စုချန်းသည် အနီးကပ်တိုက်ပွဲများတွင် သိပ်မကျွမ်းကျင်ကြောင်း၊ ဆေးပညာကိုသာ ကျွမ်းကျင်ကြောင်း၊ တဖန် မဟူရာသတ္တုရုပ်များမှာ အားနည်းလှကြောင်း၊ ယခုထက်သာ အင်အားကောင်းပါက သူ့အနေနှင့် ပို၍ အစွမ်းပြနိုင်ဖွယ်ရှိကြောင်း စသည်ဖြင့် တောင်စဉ်ရေမရ တွေးတောနေလေသည်။

တွန့်ကျန့်ချန်း၏ စိတ်ကူးမှာ ကြာကြာမခံလိုက်။ အကြောင်းမှာ မြေကြီးပေါ်တွင် လဲကျနေသော မဟူရာသတ္တုရုပ်နှစ်ရုပ်သည် တဖြည်းဖြည်းနှင့် ပြန်ထလာသောကြောင့်ပင်။ ထိုမျှသာမကသေး ၎င်းတို့ ကိုယ်ပေါ်ရှိ ဒဏ်ရာများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

ပို၍ စိတ်ခြောက်ခြားစရာကောင်းနေသည်မှာ အဆိုပါ အနာကျက်သည့် ဖြစ်စဉ်သည် လူသားများ အနာကျက်သည်နှင့် တထပ်တည်း တူညီနေသောကြောင့်ပင်။

တွန့်ကျန့်ချန်း ထိတ်လန့်သွား၏။

"ဘာတွေဖြစ်နေတာလဲ"

သူကြည့်နေသည့်အချိန်မှာပင် ကိုယ်နှစ်ခြမ်းကွဲနေသည့် သတ္တုရုပ်ကြီးသည် ပကတိအတိုင်း ပြန်ကောင်းသွားလေ၏။

"ဒီကောင်တွေဟာ သာမာန်သတ္တုရုပ်တွေ မဟုတ်ဘူးဗျ"

စုချန်းက မျက်မှောင်ကုတ်ရင်း ပြောလိုက်သည်။ တွန့်ကျန့်ချန်းကလည်း ပြန်အော်လိုက်၏။

"သေစမ်း သာမာန်သတ္တုရုပ်တွေ ဘယ်ဟုတ်ပါ့မလဲ ကိုယ်ထက်ခြမ်းကွဲနေတဲ့ သတ္တုရုပ်တွေ သူ့အလိုလို ပြန်လည်ဖွဲ့စည်းသွားတာမျိုးက ထုံးစံမှ မဟုတ်တာ"

စုချန်း ခေါင်းခါလိုက်၏။

"မဟုတ်သေးဘူး ဒါ ပြန်လည်ဖွဲ့စည်းတယ် မခေါ်ဘူး"

"ဘယ်လို"

တွန့်ကျန့်ချန်း ကြောင်အန်းအန်း ဖြစ်သွား၏။

စုချန်းက ရှင်းပြလိုက်သည်။

"ဒါကို ပေါင်းစည်းခြင်းဖြစ်စဉ်လို့ ခေါ်ရမယ်.....ဇီဝအဆင့်မှာ ပေါင်းစည်းခြင်းဖြစ်စဉ်ဆိုရင် ပိုပြီး တိကျမှန်ကန်မယ်"

All Chapters