ဇီဝဗေဒဆိုင်ရာ စမ်းသပ်ချက်များ
Vol. 33 Ch. 328
ဇီဝအဆင့် ပေါင်းစည်းခြင်းဟူသည်မှာ အဘယ်နည်း။
သတ္တုများနှင့် ပြုလုပ်ထားသော အရာတခုသည် အဘယ်ကြောင့် ဒဏ်ရာပြန်ကောင်းနိုင်သည့် စွမ်းရည်ရှိနေသနည်း။
ဟာသဆန်လှချေသည်တကား။
သို့သော် တကယ့်အမှန်တရားကား သူတို့ရှေ့မှောက်တွင်ပင် ရှိနေ၏။ မဟူရာသတ္တုရုပ်နှစ်ကောင်သည် တဟုန်ထိုး ခုန်ဝင်လာခဲ့ပြန်ပြီ ဖြစ်သည်။ သူတို့၏ ဓားသဏ္ဍာန်လက်ချောင်းများမှာ လရောင်အောက်တွင် တလက်လက်တောက်ပနေ၏။
သူတို့၏ တိုက်ခိုက်မှုမှာ မြန်ဆန်၏။ အားမာန်ပါ၏။ ခွန်အားနှင့် လျင်မြန်မှုအရာတွင် ထိပ်တန်းအဆင့်၌ ရှိနေကြလေသည်။ သူတို့တွင် တခုတည်းသော အားနည်းချက်ဟူ၍ ဓားပုံသဏ္ဍာန်လက်ချောင်းများကို သုံး၍ ရန်သူကို ပုံစံတမျိုးတည်းနှင့်သာ ထိုးနှက်တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။ လွဲချော်သွားလျင် နောက်ထပ်ပုံစံတမျိုးနှင့် တိုက်ခိုက်နိုင်စွမ်းမရှိပေ။
တွန့်ကျန့်ချန်းသည် တောင်ခွဲဓားနှင့် လေးကြိမ်တိုင်တိုင် ပြန်လည်တိုက်ခိုက်လိုက်၏။ မဟူရာသတ္တုရုပ်များသည် မြေကြီးပေါ်သို့ လေးကြိမ်လေးခါတိုင်အောင် လဲကျသွားလေသည်။ သို့သော် အချိန်မီ ပြန်ထလာနိုင်ကြ၏။
"သေစမ်း ဒီကောင်တွေကို သတ်လို့မရတော့ဘူးလား"
တွန့်ကျန့်ချန်းက ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။
"လောကကြီးပေါ်မှာ သတ်လို့မရတဲ့အရာဆိုလို့ ဘယ်ဟာမှမရှိဘူးကွ"
စုချန်းကလည်း ပြန်အော်လိုက်သည်။
"ဒါပေမဲ့ သူတို့ကိုယ်ထဲက နူကလိယ အကောင်းပကတိ ရှိနေသ၍ ဒီကောင်တွေ ပြန်ကောင်းလာမှာပဲ"
"မင်းပြောတော့ ဒီကောင်တွေမှာ ဒဏ်ရာပြန်ကောင်းနိုင်တဲ့ စွမ်းရည်ရှိနေတယ်ဆို သူတို့ကို စွမ်းအင်ပေးဖို့ နူကလိယတွေ လိုတယ်လို့ ဘာကြောင့် စကတည်းက မပြောတာလဲ"
တွန့်ကျန့်ချန်းက အော်ဟစ်လိုက်သည်။
"ဒီကောင်တွေက သတ္တုရုပ်သေးရုပ်တွေလေကွာ ဒီတော့ စွမ်းအင်ပေးဖို့ နူကလိယတော့ ပါမှာပေါ့"
စုချန်းကလည်း ပြန်အော်လိုက်၏။
တွန့်ကျန့်ချန်း ပို၍ ဒေါသထွက်လာ၏။ သူက တောင်ခွဲဓားကို ဖော်ထုတ်ကာ ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။ ထိုအချိန်တွင် ယွဲ့လောင်ရှနှင့် ယုမင်းနန်တို့က ကြားဝင်နှောင့်ယှက်ခြင်းမပြုပဲ ဘေးသို့ ဖယ်ပေးလိုက်ကြ၏။
နောက်ဆုံးတွင် ကျိယွာယုက မနေနိုင်တော့ဟန်ဖြင့် အော်ဟစ်လိုက်သည်။
"အစ်ကိုကြီး မြန်မြန်လုပ်မှရမယ် လေဟာနယ်ပြိုကွဲဖို့က တဖြည်းဖြည်း နီးလာပြီ"
စုချန်းက ခေါင်းညိတ်ပြလိုက်သည်။
"ဒီကောင်တွေ စွမ်းအင်ကုန်ခန်းသွားတဲ့အထိ စောင့်နေဖို့ ကျုပ်တို့မှာ အချိန်မရှိတော့ဘူးနဲ့ တူတယ် ဘာပြောပြော ဒီကောင်တွေဟာ အာကင်နာသမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ကောင်တွေပဲ တနည်းအားဖြင့် ထုတ်ကုန်အသစ်တွေပေါ့ ထုတ်ကုန်အသစ်တိုင်းမှာတော့ အားနည်းချက်ကိုယ်စီ ရှိနေတတ်တယ် ဒီကောင်တွေမှာလည်း အားနည်းချက်တွေ ရှိနေမှာ မလွဲဘူး"
စုချန်းက သတ္တုရုပ်များနှင့် ဆက်လက်တိုက်ခိုက်နေရင်း ရေရွတ်လိုက်သည်။
"ဒီကောင်တွေသာ တကယ်တမ်း အသုံးဝင်မယ်ဆိုရင် အာကင်နာတွေဟာ ဒီလိုနေမယ်မဟုတ်ဘူး အကောင်ရေများများ ထုတ်လုပ်မှာပဲ ခုတော့ ဒီကောင်တွေ ပြင်ပကမ္ဘာကိုတောင် ရောက်မလာခဲ့ဘူးဆိုတာ အားနည်းချက်ကြီးကြီးမားမား ရှိနေပုံပဲ ကဲ နည်းအသစ်နဲ့ စမ်းသပ်ကြည့်ရတာပေါ့လေ"
စကားဆုံးသည်နှင့် စုချန်း၏ မျက်လုံးများသည် ထူးခြားစွာ ဝင်းလက်တောက်ပလာ၏။ သူသည် မဟူရာသတ္တုရုပ်တကောင်ကို စူးရှစွာ စိုက်ကြည့်နေလေသည်။ စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်မှုကို အသုံးပြုလိုက်ခြင်းပင်။
စုချန်းသည် သာမာန် ရိုးရှင်းသော တိုက်ခိုက်မှုပုံစံကိုသာ အသုံးပြု၍ စမ်းသပ်လိုက်ခြင်း ဖြစ်သည်။ ဤတိုက်ကွက်မျိုးကို သာမာန် စိတ်စွမ်းအင်ရှိသူများပင် တုံ့ပြန်နိုင်၏။ စုချန်း၏ တိုက်ကွက် ပေါ်ထွက်လာသည်နှင့် သတ္တုရုပ်သည် ဒယိမ်းဒယိုင် ဖြစ်လာပြီး မြေကြီးပေါ်သို့ ဝုန်းခနဲ လဲပြိုသွားတော့သည်။ ဤတကြိမ်တွင်တော့ သူ ပြန်ထမလာနိုင်တော့။
"ဟာ ဘာဖြစ်သွားတာတုန်း"
တွန့်ကျန့်ချန်း ထအော်လိုက်၏။
ထိုအချိန်တွင် ယုမင်းနန်ကလည်း စိတ်ဝိညာဉ်တိုက်ခိုက်မှုကို အသုံးပြုလိုက်လေရာ နောက်ထပ် သတ္တုရုပ်မှာလည်း သူ့အဖော်ကဲ့သို့ပင် မြေကြီးပေါ်သို့ လဲကျသွားတော့သည်။
"ဒီတော့ ဒီကောင်တွေ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိဘူးပေါ့လေ"
စုချန်းက မှတ်ချက်ချလိုက်၏။ ထိုအချိန်တွင် တွန့်ကျန့်ချန်းက မေးလိုက်သည်။
"ဒီကောင်တွေ ဘာဖြစ်လို့ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ကြောက်တာတုန်း"
သတ္တုရုပ်များဟူသည် စက်ပစ္စည်းများနှင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် သက်ရှိများကဲ့သို့ စိတ်ဝိညာဉ်တိုက်ကွက်ကို ကြောက်ရွံ့နေသည်မှာ အဓိပ္ပါယ်တော့မရှိလှ။
"ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သတ္တုရုပ်သက်သက်မဟုတ်ပဲ အသက်ရှိနေတဲ့ သတ္တုရုပ်တွေ မို့လို့ပေါ့ကွာ"
ပြောပြောဆိုဆို သူက သတ္တုရုပ်၏ ကိုယ်ကို ဓားနှင့် ခွဲချလိုက်၏။ အတွင်းတွင် ထူးဆန်းသော စက်အစိတ်အပိုင်းတချို့အပြင် ကိုယ်တွင်းအင်္ဂါတချို့ပါ ရှိနေကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ ဤအခိုက်အတန့်ဝယ် မဟူရာသတ္တုရုပ်များသည် သက်ရှိ သို့မဟုတ် စက်ပစ္စည်းများဟု အတိအကျ ပြောနိုင်ရန်ပင် ခဲယဉ်းနေတော့သည်။
သူတို့ ကြည့်ရှုနေစဉ်မှာပင် သတ္တုကိုယ်ထည်များသည် အဝါရောင်ရေများအဖြစ် ပြောင်းလဲသွား၏။ အတွင်းရှိ စက်အစိတ်အပိုင်းများနှင့် စွမ်းအင်အရင်းအမြစ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မူလသလင်းသာလျင် ထိုနေရာတွင် ကျန်ရစ်ခဲ့၏။
စုချန်းက ထို မူလသလင်းကို လေ့လာလိုက်ရာ အရှင်သခင်အဆင့်ရှိ သားရဲများတွင်သာ တွေ့ရလေ့ရှိသော ထိပ်တန်း မူလသလင်းမှန်း တွေ့လိုက်ရသည်။ ထို့ကြောင့် မဟူရာသတ္တုရုပ်များကို ဖန်တီးရသည့် တန်ဖိုးမှာ မနည်းလှကြောင်း သိသာနေ၏။
သတ္တုရုပ်များသည် တန်ဖိုးကြီးလှ၏။ သို့သော် ကြီးမားသော အားနည်းချက်ကိုယ်စီလည်း ရှိနေ၏။ ဤသတ္တုရုပ်များ အပြင်လောကသို့ ရောက်မလာသည်မှာ အံ့သြစရာ မရှိတော့။
စုချန်းက မူလသလင်းအား ကျိယွာယုထံသို့ ပစ်ပေးလိုက်သည်။
"ဒါကို မင်း သိမ်းထားလိုက် ကျန်တဲ့ သတ္တုအပိုင်းအစတွေကိုတော့ သုတေသနလုပ်ဖို့ ကျုပ် ယူထားလိုက်မယ်"
သူတို့ကို နှောင့်ယှက်မည့် သတ္တုရုပ်များ မရှိတော့၍ စုချန်းတို့သည် အခန်းကျယ်ကြီးအတွင်းသို့ ဝင်လာခဲ့ကြ၏။ အခန်း၏ တဖက်ခြမ်းတွင်တော့ ကျယ်ပြန့်သော နေရာကွက်လပ်ကြီး ရှိနေလေသည်။
ပင်မဓာတ်ခွဲခန်းပေတည်း။
နေရာအနှံ့တွင် ဖန်ပေါင်းချောင်များ၊ ဖန်အိုးများ ပြန့်ကျဲလျက်ရှိကြောင်း သူတို့ မြင်တွေ့လိုက်ရသည်။ ဖန်ပေါင်းချောင်များအတွင်းတွင်တော့ အမျိုးမျိုးအဖုံဖုံသော ဇီဝရုပ်နမူနာများကို သိမ်းဆည်းထား၏။ ၎င်းနမူနာများမှာ နွားခေါင်းများ၊ မြင်းကိုယ်ခန္ဓာအစိတ်အပိုင်းများ၊ လူတဝက် ဝံပုလွေတဝက် နမူနာများ၊ ရွှေလင်းတများနှင့် အခြား ထူးဆန်းသည့် စက်ဆုပ်ရွံရှာဖွယ်ရာ နမူနာများပင် ဖြစ်ကြ၏။
တခုသော ဖန်ပေါင်းချောင်ထဲတွင်တော့ လူတယောက်ကို စုချန်းတို့ မြင်တွေ့လိုက်ရသည်။ ထိုလူ၏ အစာအိမ်ထဲတွင် လူသားမဟုတ်ပဲ လက်တံများနှင့် ထူးဆန်းသော သက်ရှိပုံစံ ရှစ်မျိုးကိုပါ သူတို့ တွေ့လိုက်ရ၏။
တနေရာတွင်တော့ ခေါင်းနှင့်ကိုယ် တခြားစီဖြစ်နေသော သတ်ဖြတ်သူတယောက်ကိုပင် သူတို့ မြင်တွေ့ရသည်။ ၎င်း၏ ကိုယ်ထဲမှ ထူးဆန်းသော ပိုက်အမျိုးမျိုးလည်း တိုးထွက်လျက်ရှိနေ၏။ ကြည့်ရသည်မှာ အနှီ သတ်ဖြတ်သူသည် အရှင်လတ်လတ် ပိုက်များထိုးသွင်းကာ အစမ်းသပ်ခံထားရဟန် ပေါ်သည်။ အကြောင်းမှာ သူ့မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့မဲ့လျက် ရှိနေသောကြောင့်ပင်။
ယုတ်စွအဆုံး သူတို့သည် လက်မှုပညာသည်မျိုးစိတ် နမူနာများကိုပင် တွေ့ရှိနေရ၏။ ထိုမျိုးစိတ်များသည် အာကင်နာများထက်ပင် ရုပ်ပိုင်းဆိုင်ရာအရ အားနည်းသူများ ဖြစ်သည်။ သို့သော် သူတို့၏ လက်ချောင်းများကတော့ တန်ဖိုးကြီးမားလှ၏။ သူတို့သည် မွေးကတည်းက လက်ခြောက်ချောင်းပါပြီး လက်တချောင်းစီတိုင်းကလည်း မဖြစ်နိုင်သော ထောင့်ချိုးများကို လှုပ်ရှားနိုင်စွမ်း ရှိကြသည်။ ယခုတော့ လက်မှုပညာသည်မျိုးစိတ်များ၏ သေးငယ်သော ကိုယ်ခန္ဓာပေါ်တွင် လူပျံတော်များကဲ့သို့ အတောင်များ တပ်ပေးထား၏။ မြင်ကွင်းမှာကား အံ့သြသင့်စရာကောင်းလှပေသည်။
မည်သို့ဆိုစေ ဓာတ်ခွဲခန်းအတွင်းရှိ သက်ရှိပုံစံများအားလုံး သေဆုံးနေကြသည်ကိုတော့ မေးခွန်းထုတ်နေစရာမလိုတော့။ တိတိကျကျ ပြောရလျင် သူတို့ သေဆုံးသွားသည်မှာ နှစ်ပေါင်း သုံးသိန်းတိုင်အောင် ကြာမြင့်သွားပြီ ဖြစ်သည်။ သို့သော် သူတို့၏ အလောင်းများမှာကား မူလပုံစံကြောင့် ယခုတိုင် အကောင်းပကတိအတိုင်း ထိမ်းသိမ်းခံထားရလေသည်။
"ဒါ...ဒါတွေက ဘာတွေလဲ"
ယွဲ့လောင်ရှနှင့် ယုမင်းနန်တို့မှာ ထိတ်လန့်နေကြ၏။ အမျိုးသမီးများဟူသည် မည်မျှ သတ္တိကောင်းစေကာမူ အမျိုးသမီးသာလျင် ဖြစ်သည်။
"ကြည့်ရတာ စမ်းသပ်မှုတွေ လုပ်ထားတာ ဖြစ်လိမ့်မယ်"
စုချန်းက ရှင်းပြလိုက်သည်။ သူသည် သက်ရှိနမူနာများနှင့် စမ်းသပ်ရာတွင် အတွေ့အကြုံ ရှိသူဖြစ်သည်။ သို့သော် အာကင်နာစမ်းသပ်မှုများက ရက်စက်ကြမ်းကြုတ်လှကြောင်းကိုတော့ စုချန်း ကိုယ်တိုင်ပင် ဝန်ခံရတော့သည်။
"ဘာစမ်းသပ်မှုတွေမို့လို့ ဒီလောက်ထိ ရက်ရက်စက်စက် လုပ်ထားရတာလဲ"
တွန့်ကျန့်ချန်း၏ မေးခွန်း ဖြစ်သည်။
"စမ်းသပ်မှုတွေရဲ့ မူလရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ဒီနေရာရဲ့ အရှင်သခင်ဟာ ဒါကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ဟန် မပေါ်ဘူး"
စုချန်းက မှတ်ချက်ချလိုက်၏။
"မင်းက ဘယ်လိုလုပ်သိနေတာတုန်း"
"ခုမြင်နေရတာတွေဟာ အင်မတန်ရက်စက်ကြမ်းကြုတ်တာတော့ အမှန်ပဲ ဒါပေမဲ့ ဒီဟာတွေရဲ့ နောက်ကွယ်မှာ ကြီးမြတ်တဲ့ ရည်မှန်းချက် ရှိနေတာကတော့ သေချာတယ် ဖန်းပေါင်းချောင်တွေထဲက နမူနာတွေအရ ဒီနေရာရဲ့ အရှင်သခင်ဟာ သက်ရှိပုံစံတွေကို ပေါင်းစပ်ဖို့ ကြိုးစားနေဟန်ရှိတယ် တနည်းအားဖြင့် မျိုးစိတ်အသစ်တခု ဖန်တီးဖို့ ကြိုးစားနေတာပေါ့ သူတို့ ဘာပဲကြိုးစားခဲ့ ကြိုးစားခဲ့ ကျုပ်တို့ပြင်ပ ကမ္ဘာကြီးကို ဒီရလဒ်တွေ ရောက်မလာခဲ့တာကတော့ သေချာနေတယ်လေ ဒါကြောင့် သူတို့ ကြိုးစားခဲ့တာ မအောင်မြင်ဘူးလို့ ကျုပ်က သေချာပေါက် ပြောနိုင်တာပေါ့"
ယွဲ့လောင်ရှ အပါအဝင် ကျန်လူများသည် နမူနာများ၏ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းများအပေါ်တွင်သာ အာရုံရှိနေသော်လည်း ကိုယ်တိုင် အဂ္ဂိရတ်ပညာရှင်တယောက် ဖြစ်နေသော စုချန်းကတော့ ပြသနာ၏ အရင်းအမြစ်ကို ချက်ချင်း တွေးတောနိုင်ခဲ့လေသည်။
"ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့ အရာတွေရဲ့ နောက်မှာတောင် ကြီးမြတ်တဲ့ ရည်မှန်းချက်တွေ ရှိနေတယ် ဟုတ်လား...ဒီစကားက အရူးအဂ္ဂိရပ်ပညာရှင်တယောင်ရဲ့ အတွေးနဲ့ တူလိုက်တာ"
ယွဲ့လောင်ရှက စုချန်းကို ဖြတ်ခနဲ လှမ်းကြည့်ကာ ပြောလိုက်၏။
ကျောက်တောင်အတွင်းရှိ စုချန်း၏ ဓာတ်ခွဲခန်းအတွင်းဝယ် သတ်ဖြတ်သူမျိုးဆက်သစ်အပေါ် ပြုလုပ်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုသည် လူတိုင်းကို ထိတ်လန့်စေခဲ့၏။ ထိုအခိုက်အတန့်ဝယ် စုချန်းသည်လည်း ရူးသွပ်နေသော အဂ္ဂိရပ်ပညာရှင်တယောက်နှင့် အတူတူသာ မဟုတ်ပါလား။
ထိုအခိုက်ဝယ် ယွဲ့လောင်ရှသည် စုချန်း၏ စိတ်နေသဘောထားကို အနည်းငယ် သဘောပေါက်သလို ရှိသွား၏။
စုချန်းက ပြန်ပြောလိုက်သည်။
"ခင်ဗျား ပြောတာလည်း မှားတယ်လို့တော့ မဆိုနိုင်ဘူး ဒါပေမဲ့ ကျုပ်ရဲ့ အစမ်းသပ်ခံတွေက ကျုပ်ကို သတ်ဖို့ကြိုးစားတဲ့ လူတွေချည်းပဲ ရန်သူတွေကိုတော့ ကျုပ်အနေနဲ့ ငဲ့ညှာမသနားနိုင်ပေါင်ဗျာ"
"ရှင့်စကားကို ရှင်မှတ်ထားနော် ရှင့်ရဲ့ အစမ်းသပ်ခံစက်ဝိုင်းကို ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဒီကန့်သက်ချက်ထက် ကျော်လွန်ပြီး မချဲ့မိပါစေနဲ့"
ယွဲ့လောင်ရှက ပွင့်ပွင့်လင်းလင်းပင် သတိပေးလိုက်၏။
စုချန်းက ရယ်မောလိုက်သည်။
"စိတ်မပူပါနဲ့ဗျာ ဘာပဲဖြစ်ဖြစ် ဒီကန့်သတ်ချက်ကို ကျုပ် မကျော်ပါဘူး တကယ်တော့ ဒီကန့်သတ်ချက်တွေဟာ ကျုပ်ရဲ့ အကာအကွယ်တမျိုးလို့တောင် ပြောလို့ရသေးတယ်ဗျ"
ထို့နောက် သူက ခေတ္တစဉ်းစားဟန်ပြုကာ စကားဆက်လိုက်သည်။
"တကယ်တော့ ဒီကမ္ဘာကြီးမှာ တခြားအရာတွေသာ ပြတ်လပ်ရင် ပြတ်လပ်သွားမယ် ရန်သူတွေကတော့ အမြဲတမ်း ရှိနေမှာပါဗျာ"