← Chapters

သလင်းစက်လုံး

Vol. 33 Ch. 329

သလင်းစက်လုံး

Vol. 33 Ch. 329

ဖန်ပေါင်းချောင်နမူနာများကို ဖြတ်ကျော်ပြီးသည်နှင့် ကြီးမားလှသော အလုပ်စားပွဲကြီးကို သူတို့ မြင်တွေ့လိုက်ရသည်။

အလုပ်စားပွဲပေါ်တွင်တော့ များပြားလှသော သုတေသန ကိရိယာများနှင့် ပြည့်နှက်နေ၏။ ထိုကိရိယာများ၏ အရည်အသွေးကို ကြည့်လျင် ၎င်းမှာ အာကင်နာအရှင်သခင်၏ ကိရိယာများဖြစ်ကြောင်း သိသာနေသည်။

"ဒီဂရီတထောင် မီတာ၊ ရှစ်မိနစ်ပေတံ၊ မူလစွမ်းအင်မှန်....ဟာ သိပ်ကောင်းတဲ့ ပစ္စည်းတွေပါလား"

စုချန်းက အလုပ်စားပွဲပေါ်ရှိ ကိရိယာများကို ကြည့်ရင်း စိတ်လှုပ်ရှားစွာနှင့် ရေရွတ်လိုက်သည်။

ထိုကိရိယာများသည် စုချန်း အမြဲတစေ လိုချင်ခဲ့သည့် ကိရိယာများ ဖြစ်သည်။ သို့သော် သူ့အလိုဆန္ဒကား ဘယ်တော့မှ ပြည့်ဝခဲ့သည်မဟုတ်။ အကြောင်းမှာ ၎င်းကိရိယာများသည် အာကင်နာနိုင်ငံတော်ကြီး ပြိုကွဲသွားကတည်းက ပျောက်ဆုံးသွားသောကြောင့်ပင်။

စုချန်း၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ရင်း ကျိယွာယုက တအံ့တသြနှင့် ရေရွတ်လိုက်၏။

"ကျုပ်ကတော့ အစ်ကိုကြီးသုံးရဲ့ စိတ်နေစိတ်ထားကို ဘယ်လိုမှ နားမလည်နိုင်တော့ဘူး နှစ်တသောင်း ဆေးပင်တွေ ရှေးဟောင်း အာကင်နာ ရတနာတွေ ဒါတွေအကုန်လုံး သူ့ကို စိတ်လှုပ်ရှားလာအောင် မလုပ်နိုင်ခဲ့ဘူး ခုလို ဘာတန်ဖိုးမှ မရှိတဲ့ ပစ္စည်းကိရိယာတွေကျမှ သူက စိတ်လှုပ်ရှားနေသတဲ့ အံရော အံ့ရော"

ထိုအခါ ယွဲ့လောင်ရှက ရှင်းပြလိုက်သည်။

"ဘာကြောင့်လဲဆိုတော့ ဆေးပင်တွေ ရတနာတွေ ဆိုတာက လူတယောက်တည်းအတွက်ပဲ အကျိုးရှိစေတာလေ ဒါပေမဲ့ ဒီကိရိယာတွေကတော့ လူသန်းပေါင်းများစွာကို အကျိုးရှိစေနိုင်တယ်"

ယွဲ့လောင်ရှကား စုချန်း၏ ခံစားချက်များကို အတော်အသင့် နားလည်သဘောပေါက်နေခဲ့ပြီ ဖြစ်သည်။ သို့သော် မမျှော်လင့််ပဲ စုချန်းက အောက်ပါအတိုင်း ပြန်ပြောလာ၏။

"ကျုပ်က ခင်ဗျားထင်သလောက်တော့ ကိုယ်ကျိုးမငဲ့တဲ့ လူစားမျိုး မဟုတ်သေးဘူး လောင်ရှ ခင်ဗျားတို့ပြောတဲ့ ရတနာတွေကို ကျုပ်လည်း စိတ်ဝင်စားတာပေါ့ ဒါပေမဲ့ အဲဒီရတနာတွေက ကျုပ်တို့ရဲ့ ပြင်ပကမ္ဘာကြီးမှာ တွေ့နိုင်တယ် ငွေရှိရင် အတိုင်းအတာတခုထိ ဝယ်လို့ရတယ် ခု ကိရိယာတွေကတော့ ပြင်ပကမ္ဘာကြီးမှာ အစားထိုးမရှိဘူးဗျ ပြီးတော့ ခင်ဗျားတို့ ပြောတဲ့ ရတနာတွေ ဆေးပင်တွေဟာ အသုံးပြုလိုက်ရင် တချိန်ချိန်မှာ ကုန်ခန်းသွားမှာပဲ ဒါပေမဲ့ ကျုပ်ရဲ့ ကိရိယာတွေကတော့ ရတနာအသစ်တွေကို ဖန်တီးပေးနိုင်လိမ့်မယ် အရေးအကြီးဆုံးကတော့ဗျာ ဒီရတနာတွေ ဆေးပင်တွေကို အပြင်ရောက်တာနဲ့ ကျုပ်တို့ရဲ့ အကြီးအကဲတွေက သိမ်းယူသွားမှာပဲ သူတို့အနေနဲ့ အမှိုက်လို့ ယူဆထားတဲ့ ပစ္စည်းမျိုးတွေကိုပဲ ကျုပ်တို့ ကိုယ်ကျိုးအတွက် အသုံးပြုနိုင်လိမ့်မယ်"

ထိုစကားလုံးများကို ပြောဆိုနေသည့်အချိန်တွင် စုချန်း၏ မျက်နှာပေါ်၌ အပြုံးခပ်ယဲ့ယဲ့ ပေါ်ပေါက်နေ၏။

ကိုင်းဟွမ်ကောင်းကင်ဘုံ၏ ဝက်ဝက်ကွဲရောင်းအားကြောင့် စုချန်းအနေနှင့် အတိုင်းအတာတခုထိ ကြွယ်ဝချမ်းသာလာခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ့အမြင်သည်လည်း ပို၍ ကျယ်ပြန့်လာ၏။ ထိုအချိန်တွင် အရာရာတိုင်းကို ငွေကြေးနှင့် တိုင်းတာခြင်းသည် မသင့်မှန်း စုချန်း သဘောပေါက်နေခဲ့ပြီ ဖြစ်သည်။

ရှင်သန်ခြင်းကျောင်းတော်သည် အလောင်းကောင်ဝိညာဉ်ပန်းများအား ရရှိနိုင်ရန် လူအားငွေအား များစွာ စိုက်ထုတ်ခဲ့ရ၏။ နောက်ဆုံးတွင်တော့ သူတို့အနေနှင့် မူလကျောက်တုံး သန်း၁၀၀သာလျင် ပြန်ရနိုင်ခဲ့လေသည်။ တနည်းအားဖြင့် စုချန်းသည် မူလကျောက်တုံး သန်း၁၀၀နှင့် ရှင်သန်ခြင်းကျောင်းတော်အား သူ့ရှေ့တွင် ဦးညွတ်လာစေရန် တွန်းအားပေးနိုင်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။

ယခုလည်း လောင်စန်းနိုင်ငံနှင့် ကျောက်တုံးပုတ်သင်အသိုက်ကြား ယခုပူးပေါင်းဆောင်ရွက်မှုအတွက် ငွေကြေးမည်မျှ ကုန်ကျခဲ့သနည်းဟု မေးရန် ရှိလာ၏။ စုချန်း၏ ခန့်မှန်းချက်အရ မူလကျောက်တုံး သန်း၂၀၀ သို့မဟုတ် သန်း၃၀၀ခန့်တော့ ကုန်ကျပေလိမ့်မည်။

၎င်းငွေပမာဏနှင့် နှိုင်းယှဉ်လျင် အသိပညာဗဟုသုတ ဟူသည်မှာကား အကန့်အသတ် မရှိပေ။ တော်တည့်မှန်ကန်စွာ အသုံးပြုနိုင်ခဲ့လျင် တန်ဖိုးဖြတ်၍ပင် မရ။

ဤသည်မှာ စုချန်း၏ အကြောင်းပြချက်ပင် ဖြစ်သည်။ တဖက်တွင်လည်း ယွဲ့လောင်ရှ၏ စကားက မှားတော့မမှား။

ဤကိရိယာများကို အသုံးချ၍ စုချန်းအနေနှင့် လူသန်းပေါင်းများစွာအတွက် အကျိုးရှိအောင် စွမ်းဆောင်လိုလှသည်။ လူမိစ္ဆာတယောက်သာမဟုတ်လျင် စုချန်းမှမဟုတ်။ လူတိုင်းလိုလိုသည် ထိုစိတ်ကူးမျိုး ရှိကြမည်မှာ ဧကန်ပင်။

သို့သော် ၎င်းသည် စုချန်း၏ လုပ်ရပ်များအတွက် အဓိကအကြောင်းပြချက်တော့ မဟုတ်ပေ။ စုချန်းသည် အမြဲတစေ လူအများအတွက် စဉ်းစားလေ့မရှိ။ ကျွဲကူးရေပါဆိုသလို ကိုယ်ကျိုးအတွက် ဆောင်ရွက်ရင်းနှင့် လူအများအတွက် အကျိုးရှိစေခြင်းသည်သာလျင် ပို၍ လက်တွေ့ကျနေသည် မဟုတ်ပါလား။

ပို၍ အရေးကြီးသည်မှာ စုချန်းအနေနှင့် လူအများ၏ အာရုံစိုက်ခံရခြင်းကို မကြိုက်။ လူတိုင်းက သူ့ကို သူတော်စင်တယောက်သဖွယ် ထင်မြင်နေပါက သူ့လုပ်ရပ်တိုင်းတွင် လူတိုင်းအတွက် ထည့်သွင်းစဉ်းစားပေးနေရတော့မည် ဖြစ်သည်။ ဤသို့ဆိုလျင် ရှေ့ဆက်ရမည့် အစီအစဉ်များအားလုံး ကမောက်ကမ ဖြစ်သွားနိုင်၏။

ထို့ကြောင့် စုချန်းက ယွဲ့လောင်ရှ၏ စကားလုံးတိုင်းကို ငြင်းပယ်ခြင်းမရှိသော်လည်း သူသည် ကိုယ်ကျိုးတော့ ကြည့်တတ်သူဖြစ်ကြောင်း အရေးတယူလုပ်၍ ရှင်းပြနေခြင်းပင်။

စုချန်း၏ စကားကြောင့် ယွဲ့လောင်ရှ အံ့သြသင့်သွား၏။

"လက်စသတ်တော့ ရှင်က အဲဒီလို စဉ်းစားနေတာလား"

"ဘာလဲ ခင်ဗျားက စိတ်ပျက်သွားတာလား"

စုချန်းက ရယ်မောရင်း မေးလိုက်၏။

ယွဲ့လောင်ရှ၏ အဖြေမှာကား ပို၍ အံ့သြစရာ ကောင်းနေလေသည်။

"မဟုတ်ဘူး ဝမ်းသာသွားတာရှင့်"

"ဝမ်းသာသွားတာ ဟုတ်လား"

ဤတကြိမ်ကတော့ စုချန်း အံ့သြသင့်ရမည့် အလှည့် ဖြစ်သည်။

"ဟုတ်တယ် ဝမ်းသာသွားတာ အစတုန်းက ကျွန်မထင်တာက ရှင်ဟာ ကမ္ဘာကြီးတခုလုံးရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရတယ်ပေါ့ ဒီတော့ ရှင့်ဘေးနားမှာ ရပ်နေရတိုင်း ကျွန်မအဖို့ သိပ်ပြီး သိမ်ငယ်ရတာပဲ ဒါပေမဲ့ ခုတော့ ရှင်ဟာလည်း အတ္တရှိတဲ့ သာမာန် လူတယောက်ပဲဆိုတာ ကျွန်မ သဘောပေါက်သွားပြီ ဒီအတွေးက ကျွန်မကို စိတ်သက်သာရစေတယ် ဒါကမှ ရှင့်ကို ကျွန်မ မြင်တွေ့ချင်တဲ့ ပုံစံပဲ"

ယွဲ့လောင်ရှက တလုံးချင်း ပြောလိုက်သည်။ သူမ၏ လေသံမှာ နူးညံ့၏။ စကားလုံးများမှာ ရိုးရှင်း၏။ သို့သော် နောက်ကွယ်ရှိ အဓိပ္ပါယ်များမှာကား လေးနက်လှသည်။ တိကျသော အနှစ်သာရတမျိုးကို ဖော်ဆောင်နေသလို ရှိသည်။

စုချန်း၏ နှလုံးသားသည် ဆတ်ခနဲ တုန်ခါသွား၏။

တွန့်ကျန့်ချန်းနှင့် ယိယွန့်ဟုန်တို့မှာကား ယွဲ့လောင်ရှ၏ စကားနောက်ကွယ်ရှိ အဓိပ္ပါယ်ကို နားလည်ဟန်မရှိ။ သူတို့က အော်ဟစ်ထောက်ခံလိုက်ကြသည်။

"မှန်တယ်ဟေ့ သိပ်မှန်တယ် ဒီလိုမှ စုချန်းဟာ သာမာန်လူတယောက်နဲ့ တူမှာပေါ့ ဒီလိုမှ ကျုပ်တို့က သူနဲ့ ဆက်ဆံရတာ အဆင်ပြေမှာပေါ့"

ယုမင်းနန်ကတော့ တစုံတရာကို စဉ်းစားမိဟန်ပေါ်သည်။ သို့သော် သူမက တခွန်းမှ ဝင်မပြောပဲ ရေငုံနှုတ်ပိတ်နေ၏။

သို့သော် ကျိယွာယု၏ နှုတ်ဖျားမှ လွှတ်ခနဲ ထွက်လာသော စကားတခွန်းက အခြေအနေတခုလုံး၏ အမှန်တရားကို တိတိကျကျ ထောက်ပြလိုက်သလို ရှိလေသည်။

"ဟုတ်တယ်ဗျ အစ်ကိုကြီးသုံးရဲ့ ခေါင်းထဲမှာ တချိန်လုံး သုတေသနအကြောင်းပဲ စဉ်းစားနေတာ ဒါကြောင့် အစတုန်းက ကျုပ်စိတ်ထဲမှာ သူ့ကို ကိုယ်ကျိုးလုံးဝ မကြည့်တဲ့ လူစားမျိုးလို့ ထင်နေတာ ဒါပေမဲ့ တကယ့်အမှန်တရားကတော့ သူ့မှာလည်း ကိုယ်ပိုင်အတ္တ ကိုယ်ပိုင် လိုလားချက်တွေ ရှိနေတာပဲ ဒီတော့ ဘာဖြစ်သလဲ ဘာမှမဖြစ်ဘူး သူတွေးတာ အမှန်ပဲလေ တကယ်ဆိုရင် ကျုပ်တို့အားလုံးဟာ အသက်ငယ်ကြသေးတယ် ဒီလိုအချိန်မှာ မိန်းကလေးမိတ်ဆွေ နည်းနည်းပါးပါး ထားမယ် ပန်းပွင့်ပျော်တော်ဆက်ကိုသွားပြီး မိန်းကလေးတွေနဲ့ ပျော်မြူးမယ် ဒါ ဘာမှားသလဲ ကျုပ်တို့အားလုံးဟာ လူငယ်တွေလေဗျာ လူငယ်ဘဝမှာ နည်းနည်းပါးပါးတော့ အပျော်ရှာအုံးမှပေါ့ ဒါမှ ကျုပ်တို့ရဲ့ လူငယ်ဘဝတွေက တန်ဖိုးရှိမှာပေါ့"

စုချန်း၏ ကိုယ်ခန္ဓာသည် ဆတ်ခနဲ တုန်ယင်သွား၏။ တချိန်တည်းမှာပင် သူသည် တစုံတရာကို နားလည်သဘောပေါက်လာသလို ရှိလေသည်။

ထိုစဉ် ယိယွန့်ဟုန်က ကျိယွာယု၏ ကျောပြင်ကို ဗြန်းခနဲ ပုတ်ကာ ပြောလိုက်၏။

"မင်း ဦးနှောက်က သေးသေးလေးပါကွာ ဘာတွေ လျှောက်ပြောနေတာလဲ"

ထိုအချိန်တွင် ယိယွန့်ဟုန်၏ ဒဏ်ရာသည် သက်သာလာခဲ့ပြီ ဖြစ်၍ အင်အားကလည်း ပြန်လည် ပြည့်ဝနေခဲ့ပေပြီ။ ကျိယွာယု နာကျင်စွာ အော်ဟစ်လိုက်၏။

ထိုအခါ စုချန်းက အခြေအနေကို ဝင်ထိန်းလိုက်သည်။

"ကျုပ် ဒီနေရာမှာ နေခဲ့မယ် မင်းတို့က ဒီနေရာတခုလုံးကို လှည့်ပတ်ပြီး အဖိုးတန်ပစ္စည်းတွေ ရှိနိုင်မလား လိုက်ကြည့်ကြ"

စကားဆုံးသည်နှင့် သူသည် အလုပ်စားပွဲပေါ်ရှိ စမ်းသပ်ချက်မှတ်တမ်းများနှင့် စမ်းသပ်ကိရိယာများကို ဂရုတစိုက်နှင့် စတင် သိမ်းဆည်းတော့သည်။

စုချန်း၏ ကျောပြင်ကိုကြည့်ပြီး ယွဲ့လောင်ရှက သက်ပြင်းတချက်ကို တိတ်ဆိတ်စွာ ချလိုက်၏။ ထို့နောက် သူမသည် စုချန်း၏ အမိန့်အတိုင်း စတင်ဆောင်ရွက်တော့သည်။

အာကင်နာအရှင်သခင်၏ ဓာတ်ခွဲခန်း ဖြစ်သည့်အတိုင်း နေရာအနှံ့တွင် အဖိုးတန်ပစ္စည်းများနှင့်သာ ပြည့်နှက်နေ၏။

"ကြယ်သတ္တု အအေးကျောက်တုံးတွေ ကြယ်မှုန်တွေ....ဟား ဟား ဟား ဒီနေရာတခုလုံးမှာ တန်ဖိုးဘကီး ရတနာတွေချည်းပါပဲလားကွ"

တွန့်ကျန့်ချန်းနှင့် ယိယွန့်ဟုန်တို့နှစ်ယောက်မှာ ဝမ်းသာအားရနှင့် အော်ဟစ်လိုက်ကြသည်။

ထိုအချိန်တွင် ယွဲ့လောင်ရှသည် ထူးဆန်းသော အရေပြားတချပ်ကို တွေ့လိုက်၏။ အရေပြားတခုလုံးသည် သွေးရောင်များ ဖုံးလွှမ်းလျက်ရှိပြီး ထူးဆန်းသော ဆေးမင်များလည်း နေရာအနှံ ထိုးထား၏။ ယွဲ့လောင်ရှသည် စိတ်ဝင်တစားနှင့် ၎င်းကို ကိုင်ကြည့်လိုက်လေရာ ထူးခြားသော အငွေ့အသက်တချို့ လက်ဖဝါးကို လာထိသယောင် ခံစားလိုက်ရ၏။

လက်စသတ်တော့ အရေပြားသည် အသက်ရှိနေသေးချေသည်တကား။ နှစ်ပေါင်းသန်းနှင့်ချီ၍ ကြာမြင့်သည့်တိုင် အသက်ရှိနေသေးသည်မှာကား အံ့သြစရာပင်။

ထိုအရေပြားသည် အလွန်ရှားပါးကြောင်း ယွဲ့လောင်ရှ သဘောပေါက်လိုက်၏

ကျိယွာယုကား အခန်း၏ ထောင့်တခုတွင် တစုံတခုကို တွေ့လိုက်သည်။ သူ တွေ့လိုက်သော အရာမှာ သလင်းစက်လုံး တလုံး ဖြစ်နေ၏။

ရှေးဟောင်းအာကင်နာပညာရှင်များသည် ထိုကဲ့သို့ သလင်းစက်လုံးများကို မကြာခန အသုံးပြုလေ့ရှိကြ၏။ ထိုစက်လုံးများသည် မူလစွမ်းအင်ကို ဆက်သွယ်ပေးရာတွင် အလွန်ကောင်းမွန်သည့်အပြင် မူလစွမ်းအားကိုလည်း ပြန်လည်ခေါ်ယူနိုင်၏။

ဤစက်လုံးကား ရှေးဟောင်းအာကင်နာ သလင်းသက်လုံး ဖြစ်ဖို့ ရာနှုန်းပြည့် သေချာနေ၏။

စုချန်းက ထိုစက်လုံးကို လှမ်းယူရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်မှာပင် အသံတသံ ထွက်ပေါ်လာ၏။

"ငါသာ မင်းနေရာမှာဆိုရင် ဒါကို ထိဖို့ကြိုးစားမှာ မဟုတ်ဘူးကွ"

All Chapters